ပဋိပက္ခ ကောင်းကင်လမ်း ကွဲကြေခြင်း
Vol. 80 Ch. 848
ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ရဲ့ ညွှန်ကြားချက်အတိုင်း တာအိုပညာရှိတွေကို အသံလွှင့်ပြီး ဆင့်ခေါ်လိုက်ပါတယ်။ မကြာခင်မှာပဲ တာအိုပညာရှိတွေ တစ်ပါးပြီး တစ်ပါး ရောက်လာကြပါတယ်။ တစ်ယောက်မှ မလျော့ဘဲ အကုန်ရောက်လာကြတာပါ။
ဒီလိုအချိန်မှာ တာအိုပညာရှိတွေဟာ ကောင်းကင်တာအိုကနေ ထွက်မသွားရဲပါဘူး။ နတ်အာဏာရှင် စစ်သူကြီးတွေနဲ့ တိုးမှာကို ကြောက်လို့ပါ။ ကောင်းကင်တာအိုထဲမှာ နေပြန်တော့လည်း နတ်အာဏာရှင် စစ်သူကြီးတွေကို တွေးမိပြီး တာအိုပညာရှိတွေဟာ အေးအေးချမ်းချမ်း မကျင့်ကြံနိုင်ကြပါဘူး။
တာအိုပညာရှိတွေဟာ နေရာမှာထိုင်ပြီး ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ကို မြင်လိုက်ရတဲ့အခါ တာအိုပညာရှိတွေရဲ့ ရင်ထဲက လေးလံမှုတွေဟာ ချက်ချင်း ပျောက်ကွယ်သွားပါတယ်။ ဟန်ကျွယ် ဒီမှာ ရှိနေသေးတဲ့အတွက် သူတို့ အသက်ရှင်ဖို့ မျှော်လင့်ချက်ကလည်း ရှိနေပါသေးတယ်။
တာအိုပညာရှိတွေဟာ ဟန်ကျွယ်က ပဋိပက္ခ နတ်ဘီလူးတွေရဲ့ အဆုံးသတ်ကို သိပြီးပြီလို့ ယုံကြည်ထားကြပါတယ်။ ဒီလိုအခြေအနေမှာ ကောင်းကင်တာအိုကို ဟန်ကျွယ် စောင့်ကြပ်ရဲတာက ယုံကြည်မှုရှိတာလွဲပြီး တခြားဘာဖြစ်နိုင်ဦးမှာလဲ။
ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဘာမှ မပြောပါဘူး။
စကြဝဠာခန်းမရဲ့ လေထုဟာ ဖိအားများနေတဲ့အတွက် ဘယ်သူမှ စကားမပြောရဲကြပါဘူး။ ကောင်းကင်အရှင်ရွှမ်တုလည်း အတူတူပါပဲ။
မဟာဟင်းလင်းပြင်ဝိညာဉ်ဟာ ခန်းမထဲက တာအိုပညာရှိတွေကို အကဲခတ်ပြီး စိတ်ထဲမှာ အထင်အမြင် သေးသွားပါတယ် ‘မင်းတို့တွေ ဘာလို့ ဒီလောက် ကြောက်နေကြတာလဲ၊ တိုက်ခိုက်မှာက မင်းတို့လည်း မဟုတ်ဘဲနဲ့’
ကောင်းကင်တာအိုပညာရှိနဲ့ လွတ်လပ် တာအိုပညာရှိတွေက ဒီတိုက်ပွဲမှာ ဝင်ပါဖို့ အရည်အချင်း မရှိပါဘူး။ နတ်အာဏာရှင် စစ်သူကြီးတစ်ပါးရဲ့ အကြည့်တစ်ချက်နဲ့ သူတို့တွေ အမှုန့်ဖြစ်ကုန်မှာပါ။
“ကြောက်စရာ မလိုဘူး၊ မင်းတို့အချင်းချင်း စကားပြောလို့ရတယ်၊ ငါတို့တွေ နတ်အာဏာရှင် စစ်သူကြီးတွေ ရောက်လာတာကို အတူတူ စောင့်ကြမယ်”
ဟန်ကျွယ်ရဲ့ အသံကို ကြားတာနဲ့ တာအိုပညာရှိတွေဟာ ချက်ချင်း သက်သာရာ ရသွားကြပါတယ်။
လုံဟောင်၊ တာအိုအရှင်သခင်နဲ့ တခြားတိတ်ဆိတ်ဂိုဏ်း တပည့်တွေဟာ စိတ်ပြေလက်ပျောက် အဖြစ်ဆုံးပါ။ သူတို့က ပထမဆုံး စကားပြောဆိုကြတဲ့အတွက် စကြဝဠာခန်းမဟာ မကြာခင်မှာပဲ ပြန်စည်ကားလာပါတယ်။
“နတ်အာဏာရှင် စစ်သူကြီးတွေလာတော့ ဘာဖြစ်လဲ၊ လာသလောက် သတ်ပစ်တာပေါ့”
“ဟုတ်တယ်၊ ပဋိပက္ခ နတ်ဘီလူးတွေက တကယ်ကို အသုံးမကျဘူး၊ ခဏလေးနဲ့ ရှုံးသွားတယ်”
“အကုန်လုံး ငါ့ဆရာသခင်အပေါ် မူတည်တယ်”
“ကြောက်စရာ မလိုဘူး၊ ငါဆို စောစောတုန်းက တာအိုဟောကြားနေတာ”
“မဟာရှေးဟောင်းနယ်မြေက ကောင်းကင်တာအိုရဲ့ အရမ်းဝေးတဲ့ဟာကို၊ နတ်အာဏာရှင် စစ်သူကြီးတွေက ဒီလောက်မြန်မြန်တော့ မလာလောက်ပါဘူး၊ ဟုတ်တယ်မလား...”
“မဟုတ်ဘူး၊ သူတို့တွေ ကောင်းကင်တာအိုကို ရောက်ခါနီးနေပြီ၊ နတ်အာဏာရှင် စစ်သူကြီးတွေက နိယာမတွေလို ရိုးရှင်းတာ မဟုတ်ဘူး၊ သူတို့တွေ ကောင်းကင်တာအိုကို လာဖို့ အမိန့်ရထားတာ အသိသာကြီး၊ ဒီကောင်တွေ ထပ်ပြီး မစောင့်နိုင်တော့ဘူး၊ ကောင်းကင်တာအို ထောက်လှမ်းတယ်ဆိုတာက အကြောင်းပြချက်ကောင်းပေးတာ၊ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က ပဋိပက္ခ နတ်ဘီလူးတွေနဲ့ ကောင်းကင်တာအိုကို ဖျက်ဆီးပစ်ဖို့ပဲ”
တာအိုပညာရှိတွေဟာ ထင်ရာမြင်ရာ ဆွေးနွေးကြတဲ့အတွက် စကြဝဠာခန်းမရဲ့ လေထုဟာ ပြေလျော့သွားပါတယ်။
ဟန်ကျွယ်ဟာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပါတယ်။
[ဓားရူးတာအိုပညာရှိသည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]
မြင်ကွင်းထဲမှာ ရုတ်တရက် ပေါ်လာတဲ့ စာကြောင်းကြောင့် ဟန်ကျွယ်ဟာ ထူးဆန်းသွားပါတယ် ‘ဒီကောင် ငါ့ကို အသံလွှင့်ပြီး စကားပြောလို့ ရတာပဲ၊ ဘာဖြစ်လို့ အိပ်မက်ပေးရတာလဲ’
ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိက ဧည့်ကြိုနန်းတော်ထဲမှာ ရှိနေသေးတာကို ခံစားမိပါတယ်။
ဟန်ကျွယ်ဟာ တစ်ခဏ တုံ့ဆိုင်းသွားပေမဲ့ ဓားရူးတာအိုပညာရှိရဲ့ အိပ်မက်ကို လက်ခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အိပ်မက်နယ်မြေက ဧည့်ကြိုနန်းတော်ပါ။
ဓားရူးတာအိုပညာရှိဟာ ထူးဆန်းတဲ့မျက်နှာနဲ့ ပြောလိုက်ပါတယ် “တာအိုရောင်းရင်းဟန်... နတ်အာဏာရှင် စစ်သူကြီးတွေ လာနေပြီ”
“ငါ သိတယ်”
“မင်း...”
“ခင်ဗျား ကြောက်နေတာလား”
“မဖြစ်နိုင်တာ... ငါက ဘာလို့ ကြောက်ရမှာလဲ”
“တာအိုရောင်းရင်း ဟုန်စဲ့မင်ယွင်က ငါ့ဆီကို အိပ်မက်ထဲကနေ လာမလည်ဘူး”
“ငါက မင်းကို သတိပေးရုံပါ၊ သတိပေးတာနဲ့ ကြောက်တာနဲ့က တခြားစီ...” ဓားရူးတာအိုပညာရှိဟာ နှာမှုတ်ပြီး အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီးနောက် စိတ်ဝင်စားဖို့ ကောင်းတယ်လို့ တွေးလိုက်ပါတယ်။ ဓားရူးတာအိုပညာရှိမှာ ဒီလိုမျိုးအခြမ်း ရှိနေလိမ့်မယ်လို့ ဟန်ကျွယ် ထင်မထားခဲ့ပါဘူး။
ဒါပေမဲ့ ဒါကလည်း အဓိပ္ပာယ်ရှိပါတယ်။ ပန်ကူးတောင် သေသွားတဲ့အတွက် ဓားရူးတာအိုပညာရှိက ဘယ်လိုလုပ်ပြီး မကြောက်ဘဲ နေနိုင်မှာလဲ။
အချိန်ဟာ တရွေ့ရွေ့ ကုန်ဆုံးသွားပါတယ်။
နတ်အာဏာရှင် စစ်သူကြီးတွေ ဘယ်လောက်မြန်မြန် ကောင်းကင်တာအိုကို နှစ်အနည်းငယ်အတွင်း ရောက်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မကြာခင်မှာပဲ စကြဝဠာခန်းမဟာ အပ်ကျသံ ကြားရလောက်တဲ့အထိ တိတ်ဆိတ်သွားပြီး တာအိုပညာရှိတွေဟာ အသီးသီး ကျင့်ကြံအားထုတ်ကြပါတယ်။
အမှောင်တားမြစ်နယ်မြေမှာ တောက်ပတဲ့ အလင်းရောင်ဟာ အမှောင်ထုထဲကနေ ထွက်ပေါ်လာပါတယ်။ ဒီအားကောင်းတဲ့ အလင်းရောင်ဟာ လျင်မြန်စွာ ကျယ်ပြန့်ပြီး အလင်းတန်းတစ်ခု ဖြစ်သွားပါတယ်။
အနီးကပ်ကြည့်မယ်ဆိုရင် ဒီအလင်းတန်းထဲမှာ ပေဆယ်သန်းကျော် မြင့်မားတဲ့ ကြောက်မယ်ဖွယ် ရုပ်သွင်တွေကို တွေ့မြင်နိုင်ပါတယ်။ ဒီရုပ်သွင် အကုန်လုံးကို ခန့်ညားထည်ဝါပြီး ဗိုလ်ကျစိုးမိုးလွန်းပါတယ်။ ဒီရုပ်သွင်ဟာ ရင်ဘောင်တန်း လျှောက်လှမ်းလာကြပြီး တားမနိုင်ဆီးမနိုင် အရှိန်အဟုန် ရှိပါတယ်။
ဒီရုပ်သွင်တွေက နတ်အာဏာရှင် စစ်သူကြီးတွေပါ။
ပဋိပက္ခ ကောင်းကင်လမ်းက သူတို့ရှေ့မှာပါ။
ပဋိပက္ခကောင်းကင်လမ်းဟာ ဟင်းလင်းပြင်ကို ဖြတ်သန်းတည်ရှိနေပြီး မြင်ကွင်းထဲမှာ အဆုံးမရှိပါဘူး။
ဒီအချိန်မှာ ကျင့်ကြံသူတချို့ဟာ ပဋိပက္ခ ကောင်းကင်လမ်းတစ်လျှောက် အလျင်အမြန် ခရီးနှင်နေပါတယ်။ သူတို့တွေဟာ အဝေးက တောက်ပတဲ့အလင်းရောင်ကို အလိုလို မျက်လုံးကျဉ်းပြီး ကြည့်မိလိုက်ကြပါတယ်။
“အဲဒါ ဘာကြီးလဲ” အမျိုးသမီးတစ်ယောက် မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ်။
အမျိုးသမီးဘေးက ဝတ်ရုံစိမ်း တာအိုကျင့်ကြံသူဟာ အကြီးအကျယ် မျက်နှာ ပျက်သွားပါတယ် “အို... မကောင်းတော့ဘူး၊ အဲဒါ နတ်အာဏာရှင် စစ်သူကြီးတွေပဲ၊ ပြေးကြ... ကောင်းကင်တာအို အမြန်ပြန်ကြ”
စကားဆုံးတာနဲ့ ဝတ်ရုံစိမ်း တာအိုကျင့်ကြံဟာ ပထမဆုံး ရှေ့ခုန်တက်ပြီး ပဋိပက္ခ ကောင်းကင်လမ်းတစ်လျှောက် လျင်မြန်စွာ ခရီးနှင်ပါတယ်။ တခြား ကျင့်ကြံသူတွေလည်း သတိဝင်လာပြီး နောက်ကနေ ချက်ချင်း လိုက်ကြပါတယ်။
သူတို့တွေဟာ ပဋိပက္ခ ကောင်းကင်လမ်းကနေ ထွက်မသွားရဲကြပါဘူး။ နတ်အာဏာရှင် စစ်သူကြီးတွေက ကောင်းကင်တာအို သက်ရှိတွေကို သတ်ပစ်မှာလို့ ကောလဟာလတွေ ပျံ့နှံ့နေတယ် မဟုတ်ပါလား။
ဒါပေမဲ့ သူတို့တွေဟာ ဘယ်လောက်ပဲ မြန်အောင် ခရီးနှင်ပါစေ နတ်အာဏာရှင် စစ်သူကြီးတွေကို မယှဉ်နိုင်ပါဘူး။
နတ်အာဏာရှင် စစ်သူကြီးတွေဟာ ခြေဆယ်လှမ်းတောင် မလှမ်းလိုက်ရဘဲ ပဋိပက္ခ ကောင်းကင်လမ်းရှ့ကို ရောက်လာကြပါတယ်။ ပေတစ်သောင်း ကျယ်တဲ့ ပဋိက္ခ ကောင်းကင်လမ်းက သူတို့ရှေ့မှာ မျဉ်းပါးလေးတစ်ကြောင်းလိုပါပဲ။
နတ်အာဏာရှင် စစ်သူကြီးတွေဟာ ပဋိပက္ခ ကောင်းကင်လမ်းကို အတူတူ တက်နင်းလိုက်တဲ့အတွက် ပဋိပက္ခ ကောင်းကင်လမ်းဟာ ချက်ချင်း ကွဲကြေသွားပြီး လမ်းပေါ်က သက်ရှိတွေလည်း သေကြေ ပျက်စီးသွားရပါတယ်။
ကျင့်ကြံသူ တော်တော်များများဟာ နတ်အာဏာရှင် စစ်သူကြီးတွေကို မြင်တောင် မမြင်လိုက်ရပါဘူး။ သူတို့ရဲ့ သေဆုံးမှုက မြန်ဆန်လွန်းလှပါတယ်။
ကောင်းကင်တာအို အစွန်းနားမှာရှိတဲ့ ပဋိပက္ခမြို့ဟာ ပဋိပက္ခ ကောင်းကင်လမ်း ပြိုလဲမှုကြောင့် သွက်သွက်ခါအောင် လှုပ်ယမ်းပြီး မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေကို အလန့်တကြား ဖြစ်သွားစေပါတယ်။ တာအိုပညာရှိတွေတောင် လန့်သွားကြပါတယ်။
“ခွေးကောင်...”
ပန်ရှင်းဟာ အံကြိတ်ပြီး ပဋိပက္ခ ကောင်းကင်လမ်းကို ဘယ်သူ တိုက်ခိုက်လဲဆိုတာ တွက်ချက်လိုက်ပါတယ်။ ပန်ရှင်းဟာ ဆဲသာဆဲပေမဲ့ မတ်တတ်တော့ ထမရပ်ပါဘူး။ ပန်ရှင်းဟာ သူ့အကြောင်း သူသိတာမလို့ သူ့စွမ်းအားက နတ်အာဏာရှင် စစ်သူကြီးတစ်ပါးကို မယှဉ်နိုင်မှန်း သိပါတယ်။
ပဋိပက္ခ ကောင်းကင်လမ်း ပြိုလဲမှုက ပန်ရှင်းရဲ့ ကျင့်ကြံမှုကို မတည်မငြိမ် ဖြစ်သွားစေပါတယ်။
ဟန်ကျွယ်ဟာ ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ အေးစက်နေပြီး သတ်ဖြတ်ငွေ့ အပြည့်ပါပဲ ‘နောက်ဆုံးတော့ ရောက်လာပြီပဲ’
နတ်အာဏာရှင် စစ်သူကြီးတွေရဲ့ လုပ်ဆောင်မှုက ဟန်ကျွယ်ကို တော်တော်လေး မကျေမချမ်း ဖြစ်သွားစေပါတယ်။ ဒါက တမင် ရည်ရွယ်ချက်ရှိရှိ လုပ်တာလား၊ မတော်တဆလားဆိုတာ ဟန်ကျွယ် မသိပါဘူး။
ဒါပေမဲ့ နှစ်ပေါင်း နှစ်သန်းကျော်အောင် တည်ဆောက်ခဲ့ရတဲ့ ပဋိပက္ခ ကောင်းကင်လမ်းက အခုလိုမျိုး ပျက်စီးသွားတာကို ဘယ်ကောင်းကင်တာအိုသက်ရှိမှ လက်ခံနိုင်မှာ မဟုတ်ပါဘူး။
တခြားတာအိုပညာရှိတွေဟာ သူတို့ရဲ့ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်လိုက်တဲ့အခါ အခြေအနေကို နားလည်သွားပြီး ဒေါသထွက်သွားကြပါတယ်။
“မောက်မာလွန်းတယ်” ကျိုးဖန်က ဒေါသတကြီး ပြောလိုက်ပါတယ်။ နတ်အာဏာရှင် စစ်သူကြီးတွေက ပဋိပက္ခ ကောင်းကင်လမ်းကို တက်နင်းလိုက်တာ မဟုတ်ပါဘူး။ ကောင်းကင်တာအိုရဲ့ ဂုဏ်သိက္ခာကို ချနင်းလိုက်တာပါ။
တခြားတာအိုပညာရှိတွေဟာလည်း ဒီကိစ္စကို လက်မခံနိုင်ကြပါဘူး။
ဟန်ကျွယ်ဟာ ပဋိပက္ခကို လှမ်းကြည့်လိုက်ပါတယ် ‘ဒီကောင်တွေ မြန်လှချည်လား...’
နတ်အာဏာရှင် စစ်သူကြီးတွေဟာ ရန်စခံရလို့ ရုတ်တရက် ပြေးလိုက်သလိုပါပဲ။ နတ်အာဏာရှင် စစ်သူကြီးတွေရဲ့ ခြေလှမ်းတိုင်းဟာ အမှောင်တားမြစ်နယ်မြေကို တုန်လှုပ်သွားစေပါတယ်။ အမှောင်ထု အာကာသဟာ အချိန်မရွေး ကွဲကြေနိုင်သလိုမျိုး ရှုံ့တွသွားပါတယ်။
ကောင်းကင်တာအိုပညာရှိတွေဟာ အချိန်ဆယ်မိနစ် မပြည့်ခင်မှာပဲ နတ်အာဏာရှင် စစ်သူကြီးတွေရဲ့ ရောင်ဝါကို အာရုံခံမိလိုက်ပါတယ်။
[ပန်ကူးသည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီအချိန်မှလား...’
ဟန်ကျွယ်ဟာ ပန်ကူး ဘာပြောမလဲဆိုတာကို သိချင်တဲ့အတွက် အိပ်မက်ကို ချက်ချင်း လက်ခံလိုက်ပါတယ်။
အိပ်မက်နယ်မြေက ပုကျိုးနတ်တောင်ပါ။
ပန်ကူးဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး ပြောလိုက်ပါတယ် “နတ်အာဏာရှင် စစ်သူကြီးတွေ လာနေပြီ၊ ကောင်းကင်တာအိုက မင်းအပေါ်မှာ မူတည်တယ်၊ အရေးကြီးအချိန်ရောက်ရင် ငါ မင်းကို ပံ့ပိုးပေးမယ်၊ ကောင်းကင်တာအိုကို ကာကွယ်ဖို့ အကောင်းဆုံးသာ ကြိုးစားပေတော့”
ဟန်ကျွယ်က ပြန်မေးလိုက်ပါတယ် “နတ်အာဏာရှင် စစ်သူကြီးတွေရဲ့ နောက်ကွယ်ကလူ ရောက်လာရင်ရော...”
“မင်း နတ်အာဏာရှင် စစ်သူကြီးတွေကို ရင်ဆိုင်ပြီး ဒီကပ်ဘေးကိုသာ အရင်ကျော်ဖြတ်ပါ၊ ကျန်တာကို စိတ်ပူစရာ မလိုဘူး”
“ကောင်းပါပြီ”
ဟန်ကျွယ်ဟာ ဘာမှမပြောတော့ဘဲ အိပ်မက်ကို တစ်ခါတည်း အဆုံးသတ်လိုက်ပါတယ်။ နတ်အာဏာရှင် စစ်သူကြီးတွေက သူဂရုမစိုက်တုန်း ကောင်းကင်တာအိုကို ဖျက်ဆီးလိုက်မှာစိုးတဲ့အတွက် ဟန်ကျွယ်ဟာ အိပ်မက်ကို ခပ်မြန်မြန် အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။
ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ တာအိုပညာရှိ အကုန်လုံးက သူ့ကို စိုက်ကြည့်နေတာ တွေ့လိုက်ရပါတယ်။
ဓားရူးတာအိုပညာရှိနဲ့ ဟုန်စဲ့မင်ယွင်လည်း ကောင်းကင်တာအို အပြင်ဘက်မှာ ပေါ်လာပြီး အမှောင်ထုထဲကို လှမ်းကြည့်လိုက်ပါတယ်။
“တာအိုရောင်းရင်း ဟုန်စဲ့မင်ယွင်... နင် ကြောက်လား...” ဓားရူးတာအိုပညာရှိဟာ ဘာမှမဖြစ်သလိုမျိုး အပြုံးနဲ့ မေးလိုက်ပါတယ်။
ဟုန်စဲ့မင်ယွင်က ပြန်ဖြေပါတယ် “ဘာကြောက်စရာရှိလို့လဲ၊ အများဆုံး သေရုံပေါ့”
ဓားရူးတာအိုပညာရှိဟာ ခေါင်းညိတ်လိုက်ပေမဲ့ ရင်ထဲမှာတော့ ခိုးလုခုလု ဖြစ်သွားပါတယ် ‘ဒီမိန်းမက သေရမှာ ကြောက်တယ်လို့ ကျော်ကြားတာ မဟုတ်ဘူးလား၊ အခု ဘာဖြစ်လို့ ဒီလောက်တောင် ပြတ်သားနေရတာလဲ’
ဓားရူးတာအိုပညာရှိဟာ ဟန်ကျွယ်က ဟုန်စဲ့မင်ယွင်ကို ဘာလုပ်လိုက်လဲဆိုတာ သိချင်သွားပါတယ်။ ဒီအချိန်မှာပဲ ဟန်ကျွယ်ရဲ့အသံက သူတို့နားထဲကို ဝင်လာပါတယ် “နောက်ကျရင် မတိုက်နဲ့၊ တိုက်ပွဲကိုသာ ထိုင်ကြည့်ချည်”
ဓားရူးတာအိုပညာရှိဟာ မှင်တက်သွားပါတယ် ‘တိုက်ပွဲကို ထိုင်ကြည့်ရမယ်... ဘာကိုဆိုလိုတာလဲ... ငါက ဒီတိုက်ပွဲကို တိုက်ခိုက်ဖို့အတွက် နှစ်သိန်းချီ ပြင်ဆင်ထားခဲ့တာ... နောက်ဆုံးကျတော့ ဘာမှမလုပ်ဘဲ ဒီအတိုင်း ထိုင်ကြည့်နေရမှာလား...’
ဓားရူးတာအိုပညာရှိဟာ ပဟေဠိဖြစ်သွားပေမဲ့ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ တကယ်တော့ ဓားရူးတာအိုပညာရှိဟာ ဒီတိုက်ပွဲကို တိုက်ခိုက်ဖို့ ယုံကြည်ချက် မရှိပါဘူး။ သူ ကြောက်တဲ့ ပန်ကူးကို နတ်အာဏာရှင် စစ်သူကြီးတွေက သတ်ပစ်လိုက်တာပါ။ ဒီလိုအခြေအနေမှာ ဓားရူးတာအိုပညာရှိက နတ်အာဏာရှင် စစ်သူကြီးတွေကို ဘယ်လိုလုပ်ပြီး မကြောက်ဘဲနေမှာလဲ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။