လွှမ်းမိုးခြင်း
Vol. 78 Ch. 1082
ချင်းဟိန်၏ အကြည့်တို့က မယိုင်လဲတတ်သည့် ဆုံးဖြတ်ချက်နှင့် ရူးသွပ်မှုတို့ ဖြတ်ပြေးသွားသည်။ သူက သိုင်းပညာကို ချစ်မြတ်နိုးသည့်အတွက် သူ့ကမ္ဘာ၏ လူ့အဖွဲ့အစည်းအား တခြားတစ်ခုနှင့် ရောနှောခွင့်မပြုနိုင်ပေ။
သူ့ဆုံးဖြတ်ချက်က တစ်ကိုယ်ကောင်းဆန်နေလား …
ဟုတ်ပေသည်။ သို့သော် သူ ဂရုမစိုက်ပေ။ သူက ဧကရာဇ်တစ်ယောက် ဖြစ်သည့်အတွက် တခြားလူများအပေါ် သူ့ဆန္ဒနှင့် အတွေးအခေါ်များကို သတ်မှတ်ပိုင်ခွင့် ရှိထားသည်။
နောက်ဆုံးတော့ ငါက သူနဲ့ မကွာဘူးပဲ …
ချင်းဟိန်က အောင်းရှန်နှင့် ထိပ်တိုက် မရင်ဆိုင်ခင် တွေးလိုက်ကာ သက်ပြင်းချလိုက်သည်။ နှစ်ဦးသား တိုက်ခိုက်နေရင်း ဟို့ဖုန်းဟွမ်က သူမတိုက်ပွဲကို အနိုင်ရလာပြီ ဖြစ်၏။ သူမက သူတို့ကို ကြည့်ကာ ပြောလာသည်။
“ သူ့ကို ကျွန်မဆီ အပ်ပြီး ရှင် နားလိုက်ပါ့လား”
“ထွက်သွား” အောင်းရှန်က ပြန်ဖြေလိုက်သည်။
“ကောင်းပြီလေ။ ဒီလိုဆိုရင် နဂါးမြင့်တက်ရေးဂိုဏ်းဆီ သွားပြီး ဖျက်ဆီးပစ်လိုက်မယ်”
“မင်း လုပ်ရဲလား” သူက လက်စားချေဖို့ အကြာကြီး စောင့်ဆိုင်းခဲ့ရသည်။ သို့သော် ယခုတွင် သူမက သူ့အား ဟန့်တားနေသည်။
ဝုန်း
ချင်းဟိန်က သူ့အာရုံများနေမှုကို အခွင့်ကောင်းယူကာ အနည်းငယ် ဒဏ်ရာပေးနိုင်ခဲ့သည်။
အဲဒီကောင်မ ဘာလုပ်ခဲ့လဲ ကြည့်စမ်းပါဦး …
အောင်းရှန်က တွေးလိုက်သည်။
“ကျွန်မက ဘာလို့ မလုပ်ရဲရမှာလဲ” ဟို့ဖုန်းဟွမ်က ပြန်ဖြေလိုက်၍ အောင်းရှန်က အံ့ကြိတ်လိုက်သည်။
“ဘာဖြစ်ဖြစ် သူတို့ဝိညာဉ်ကို ဆင့်ခေါ်ပြီး လက်စားချေဖို့ နှိပ်စက်လို့ ရတယ်”
“သူတို့ဝိညာဉ်ကိုပါ ဖျက်ဆီးပစ်မှာ”
“ တိုက်ပွဲစချင်တာလား။ ငါတို့နတ်ဆိုးမျိုးနွယ်က ရှေးဟောင်းမျိုးနွယ်နဲ့ သေတဲ့အထိ တိုက်ခိုက်ဖို့ ပြဿနာမရှိဘူး”
“ဘယ်သူက ကြောက်လို့လဲ။ ရှင့်ကို ရှင်းပစ်နိုင်တဲ့ အခွင့်အရေးရတာ ပိုတောင်ကောင်းသေး”
“တော်တော့” ဝမ်ဝေ့၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။
“ချင်းဟိန်ကို လူသိရှင်ကြား ကွပ်မျက်ဖို့ စည်းပိတ်ထားလိုက်”
“ဘာ … ဒါပေမဲ့ သူက ကျုပ် သားကောင်လေ” အောင်းရှန်က ပြောလိုက်သည်။
“သူက ခန္ဓာကိုယ်၊ ဝိညာဉ်နဲ့ စိတ်ဆန္ဒကို လောင်ကျွမ်းပစ်ပြီး အခြေအနေရှုပ်ထွေးအောင် လုပ်တော့မှာဆိုတော့ မြန်မြန်ကိုင်တွယ်ကြ” ဝမ်ဝေ့က ရှင်းပြလိုက်သည်။
“ မင်းတို့တွေ ၇၀-၃၀ ခွဲယူကြ။ နဂါးအတွက် ၇၀ ”
“ကောင်းပြီလေ” ဟို့ဖုန်းဟွမ်က ချက်ချင်း ဝင်ပါလာကာ ပြောလိုက်သည်။
ချင်းဟိန်က သူ့အစီအစဉ်သည် ထိုးဖောက်မြင်နေရမှန်း သိသွားသည့်အခါ အလျှင်လိုလာမိသော်လည်း လေးဆတိုက်ခိုက်ရေးအဆင့် ထာဝရဧကရာဇ် နှစ်ယောက်ဖြင့် အားစိုက်ထုတ်စရာမလိုဘဲ သူ့ကို စည်းပိတ်နိုင်သွားသည်။
“ငါ့ကို အခုသတ်လိုက်” ချင်းဟိန်က ပြောလိုက်သည်။
“ ထာဝရဧကရာဇ်တစ်ယောက်အနေနဲ့ ငါက ဂုဏ်သိက္ခာရှိရှိ သေခွင့်ရှိတယ်”
သူက အများရှေ့ ကွပ်မျက်ခြင်း မခံလိုပေ။
“ ရှင် ခေါင်းမာဖို့ ရွေးချယ်လိုက်ကတည်းက အဲဒီအခွင့်အရေး ဆုံးရှုံးသွားပြီးပြီ” ဟို့ဖုန်းဟွမ်က ပြောလိုက်သည်။
ချင်းဟိန်က အောင်းရှန် သိမ်းထားသည့် စကျင်ကျောက်လေးထဲ ပိတ်မိနေသည်။ ထို့နောက် သူတို့နှစ်ယောက်က အချင်းချင်းကြည့်ကာ တည်နေရာအသီးသီး ထွက်သွားကြ၏။ ဟို့ဖုန်းဟွမ်က သူမ၏ ဆုလာဘ်ကို ရယူဖို့ နတ်ဘုရားနတ်ဆိုးဂိုဏ်းဆီ သွားခဲ့စဉ် အောင်းရှန်ကမူ ခရမ်းရောင်နဂါး၏ ဦးခေါင်းကို ခါးအထက် ချိတ်ဆွဲရင်း နဂါးမြင့်တက်ရေးဂိုဏ်းဆီ ပျံသန်းသွားခဲ့သည်။
“ အဲလိုလုပ်စရာမလိုပါဘူး” ခရမ်းရောင်နဂါးက ပြောလိုက်သည်။
“ငါတို့လုပ်ခဲ့တာက မှားပါတယ်။ ဒါပေမဲ့ အဲဒီမှာ အပြစ်ကင်းတဲ့ ကလေးတွေနဲ့ အမျိုးသမီးတွေ ရှိတယ်။ သူတို့ကို လွှတ်ပေးဖို့ တောင်းဆိုနေတာပါ”
“ ဒီကမ္ဘာက ငြိမ်းငြိမ်းချမ်းချမ်း ပူးပေါင်းမဲ့အစား တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့တုန်းက ငါတို့တွေ စည်းမျဉ်းအသစ်တွေ ထပ်ထည့်လိုက်ရတယ်ဆိုတာ သိလား။ အဲဒီစည်းမျဉ်းတွေက မင်းတို့လို တူညီတဲ့ လမ်းစဉ်ကို ရွေးချယ်မဲ့ အနာဂတ်ကမ္ဘာတွေကို ဘယ်လိုဆက်ဆံမလဲဆိုတာ ပြဖို့ပဲ။ အဲဒီအကြောင်း ကြားချင်လား”
အောင်းရှန်က နဂါးမြင့်တက်ရေးဂိုဏ်း၏ ကာကွယ်ရေး အစီအရင်အထက် ဧရာမလက်ဝါးချက်ကြီး ရိုက်ချလိုက်သည်။ ထိုလူထံမှ တုံ့ပြန်မှုမရှိသေးသော်လည်း အောင်းရှန်က ဆက်လက် ပြောလိုက်သည်။
“ ထာဝရတန်းစား ပုဂ္ဂိုလ်တွေအားလုံးကို ဖြေရှင်းပြီးတာနဲ့ အားလုံးက သူတို့လိုချင်တာယူဖို့ ကန့်သတ်ထားတဲ့ အချိန် ပေးထားတယ်”
“မင်းတို့ မကောင်းဆိုးဝါးတွေ ” ခရမ်းရောင်နဂါးက အော်ပြောလိုက်သည်။
“ အကျင့်သိက္ခာမြင့်မားတဲ့ မကောင်းဆိုးဝါးတွေပေါ့” အောင်းရှန်က အမှန်ပြင်ပေးလိုက်သည်။
“ ခုံရုံးက သေမျိုး ဒါမှမဟုတ် အမျိုးသမီး စော်ကားတာတွေကို တားဆီးထားတယ်။ ဒါပေမဲ့ ကလေးတွေနဲ့ အမျိုးသမီးတွေက ကျင့်ကြံရေးလောကနဲ့ ပတ်သက်နေရင်တော့ သတ်ပစ်နိုင်တယ် ”
“အသိစိတ် မရှိတဲ့ ခွေးကောင်တွေ”
“မဟုတ်ဘူး။ ဒါက အဓိပ္ပါယ် ရှိတယ်လေ။ ဘာဖြစ်ဖြစ် ငါတို့တွေ အနာဂတ် ပါရမီထူးကဲတဲ့ မျိုးဆက်တွေက လက်စားလာချေတာကို တားဆီးဖို့ အမြစ်ကနေ အကုန်ရှင်းထုတ်ပစ်ရမှာပဲလေ” အောင်းရှန်က အစီအရင်ကို ချိုးဖောက်နိုင်သွားပြီ ဖြစ်၏။
ဤသည်က ကျင့်ကြံရေးလောက လုပ်ဆောင်ပုံ ဖြစ်ပေသည်။
သူက ခရမ်းရောင်နဂါးကို ကြည့်လိုက်သည်။
“ မင်းတို့ သမာသမတ်ကျတဲ့ ပုံစံက ရွံ့ဖို့ကောင်းတယ်။ မင်းလက်ထဲမှာ အပြစ်ကင်းတဲ့လူ ဘယ်လောက်သေခဲ့ရလဲ သိလား။ မင်း အမျိုးသမီးနဲ့ ကလေးတွေရော ဘယ်လောက်သတ်ပစ်ခဲ့လဲ။ အခုမှ မင်း ဂိုဏ်းကို ထိလာတော့ ရုတ်တရက် မှားတယ် ခံစားနေရတာလား” သူက နှာခေါင်းရှုံကာ ပြောလိုက်ပြီး စိတ်လွတ်လက်လွတ် သတ်ဖြတ်မှုကို စတင်လိုက်သည်။
…………..
တောင်တန်းထဲ တစ်နေရာရာ
လီကျွင်းက အနီရောင်လှံတစ်ချောင်းကို ရှေ့တွင် ထားလျက် တင်ပျဉ်ခွေထိုင်နေသည်။ လှံထဲ အနီရောင်အငွေ့အသက် တစ်ခု စီးဝင်သွားပြီး ပတ်ဝန်းကျင်က ကြက်သီးထဖွယ်ကောင်းနေသည်။ သူက ဖရိုဖရဲဖြစ်မှုအားလုံးကို လှမ်းကြည့်လိုက်၏။
“စစ်ပွဲ၊ သေဆုံးမှု၊ အပျက်အစီးနဲ့ သတ်ဖြတ်ခြင်းတွေက တကယ်ကို ဆိုးရွားတဲ့အရာတွေပဲ” သူက ထာဝရအရှင်နှင့် တာအိုဘိုးဘေးများစွာကို သတ်ဖြတ်ခြင်းဖြင့် သူ့ကဏ္ဍ ပြီးဆုံးသွားပြီ ဖြစ်၏။ သူ့အနေနှင့် သူတို့၏ အစီအရင်သည် အသေးစိတ်မကျ၍ ကံကောင်းသွားပြီး သူ့အား တာအိုဘိုးဘေးများကိုသာ တိုက်ခိုက်နိုင်အောင် စည်းမျဉ်းများ မချမှတ်နိုင်ခဲ့ပေ။
“ဒီသတ်ဖြတ်ပွဲပြီးတဲ့နောက်မှာ စိတ်ဝိညာဉ်ကို အနားပေးဖို့ လိုလာပြီ” လီကျွင်းက ရေရွတ်လိုက်ပြီး သူ့ဇနီးသည်၏ ချောမောလှသည့် မျက်နှာလေး စိတ်ထဲ မြင်ယောင်လာမိသည်။ သူက အိပ်မက်လောကမှတဆင့် တွေ့လိုသော်လည်း သူမက ဆေးလုံးများ မရပ်မနား ဖော်စပ်ရင်း အလုပ်ရှုပ်နေမည်မှန်း သိလိုက်သည်။ သူက မျက်လုံးကို အသာမှိတ်ထားကာ ကိုယ့်ကိစ္စကိုသာ အာရုံစိုက်ထားလိုက်သည်။
တိကျားယင်က သူမ ဖျက်ဆီးထားသည့် ထာဝရမျိုးဆက်တစ်ခု၏ စာကြည့်တိုက်အတွင်း ရောက်ကာ သိုင်းစာအုပ်များကို ဖတ်ကြည့်နေသည်။ သူမက ဤကမ္ဘာ၏ ကျင့်ကြံရေးမှ လှုံ့ဆော်မှုတချို့ ရနိုင်မလား သိချင်နေမိသည်။ သူမက ကိစ္စနည်းနည်း သင်ယူလို့ရလျှင်ပင် ကျေနပ်နေပြီ ဖြစ်၏။
သူမက စာအုပ်ကို ပိတ်လိုက်ပြီးနောက် အဝေးတစ်နေရာကို လှမ်းကြည့်လိုက်သည်။ ဤစစ်ပွဲအပြီးတွင် သူမက ဆုလာဘ်ရလောက်အောင် ကောင်းကင်ရွေးချယ်ခံစာရင်းထဲ ရှိနေလောက်လေပြီ။ ကံဆေးကြောရေစင်ဖြင့် သူမ စိတ်ကြိုက် မျိုးဆက်ကို ရွေးချယ်ကာ တာအိုသက်သေပြနိုင်လိမ့်မည်။ တိကျားယင်က သူမအပေါ်သာ မူတည်ပါက နောက်မျိုးဆက်ကို ရွေးမိလိမ့်မည်။ ပြောရလျှင် တတ်နိုင်သမျှ မြန်မြန် တာအိုသက်သေပြကာ ပလ္လင်ပေါ်တွင် ထိုင်သည်က မကောင်းပေဘူးလား။
သို့သော်လည်း သူမ၏ အကြီးအကဲများက ဝမ်ထျန်း၏ တည်ရှိမှုအကြောင်း သတိပေးခဲ့ကာ နောက်မျိုးဆက် ငါးခုစာအထိ စိတ်ထဲမထည့်သင့်ကြောင်း အကြံပေးခဲ့သည်။ တာအိုအခွင့်အလမ်းဂိုဏ်းက ထိုအရာများကို ဆုံးဖြတ်ပြီးလောက်လေပြီ။
သူမ သေချာသိထားသည့် အရာတစ်ခုကား တိမျိုးနွယ်ဘက်မှ တိထျန်း၏ ပြန်လည်ဝင်စားလာသည့် လူကို ရှာမတွေ့ခင် တာအိုသက်သေပြရမည်။ မဟုတ်ပါက သူမအတွက် စောင့်ကြိုနေမည့် တစ်ခုတည်းသော ကံကြမ္မာက သေခြင်းတရား ဖြစ်သွားလိမ့်မည်။
…………....
ချိုက်ရန်ရှုက ကုသရေးအဖွဲ့ဆီ ပြန်ရောက်လာကာ ဆေးလုံးအနည်းငယ် သောက်သုံးပြီး ပြန်လည်အားဖြည့်ဖို့ တရားထိုင်လိုက်သည်။ ဤစစ်ပွဲက ရက်စက်လှသည်။ သူက အကြိမ်ရေအနည်းငယ် သေလုမတတ် ဖြစ်ခဲ့ရသည်။ မည်သို့ပင်ဆိုစေကာမူ သူက ပါဝင်ဆင်နွဲနိုင်၍ ပျော်ရွင်နေမိသည်။ ဤစစ်ပွဲအပြီး သူက သူ့ကန့်သတ်ချက်ကို ကျော်လွန်ကာ အဆင့်တက်လှမ်းသွားနိုင်ကြောင်း ခံစားမိနေသည်။
...................
ရှုရှစ်က လေထဲတွင် ရှိနေပြီး ကိုယ်ဖျောက်ထားသည်။ ချင်းဟိန် ဖမ်းဆီးခံလိုက်ရသည်နှင့် ဤစစ်ပွဲသည် အဆုံးသတ်သွားကြောင်း သိလိုက်ကာ အကြောင်းအရင်းတချို့ကြောင့် ပြန်လည်ရောက်ရှိလာခြင်း ဖြစ်၏။ ပထမတစ်ချက်က ယန်ဘက်အခြမ်းသည် အတင်းကြပ် အချိန်မြင့်တင်ထားမှုကြောင့် ပြဿနာများ ရှိနေ၍ သူမ ဖြေရှင်းပေးဖို့ လိုလိမ့်မည်။
ဒုတိယအနေနှင့် သူမ ဤကမ္ဘာတွင် နေထိုင်သည့် အချိန်အတွင်း သူမကို ကောင်းမွန်စွာ ဆက်ဆံပေးခဲ့သည့် ဂိုဏ်း၊ လူတချို့ သို့မဟုတ် မိသားစုများကို ကာကွယ်ပေးလိုသည်။
“ ရှင်တို့သာ ဒီလောက်ခေါင်းမမာရင် ဒီကိစ္စ ဖြစ်လာမှာ မဟုတ်ဘူး” သူမက သက်ပြင်းချလိုက်ပြီးနောက် ထွက်သွားခဲ့သည်။
နောက်ဆုံးတွင် ထျဲ့ကန်က အနားယူဖို့ အခွင့်အရေး ရလာခဲ့သည်။ နောက်ဆုံး ထာဝရဧကရာဇ်ကို ဖြေရှင်းပြီးသည်နှင့် သူက ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်သည့် သိုင်းပညာရှင်များထံ ကြေညာပေးခဲ့ပြီး သူတို့စိတ်ဓာတ်ကို ရိုက်ချိုးပစ်ခဲ့သည်။ ထို့နောက် သူ့တပ်ဖွဲ့အား ထိုသိုင်းပညာရှင်များကို တတ်နိုင်သမျှ များများ သတ်ဖို့ ဦးဆောင်ခဲ့၏။ သူတို့ ထွက်ပြေးသွားသည့် အချက်က တပ်ဖွဲ့အနေနှင့် ရန်သူကို သုတ်သင်ဖို့ ပိုလွယ်ကူသွားစေသည်။
ထိုအရာပြီးဆုံးသွားသည့်အခါ ထျဲ့ကန်က ဤတပ်ဖွဲ့၏ ခေါင်းဆောင်အဖြစ်မှ ရပ်စဲလိုက်သည်။ ထိုတပ်ဖွဲ့များက အရင်းအမြစ်များယူဖို့ သူတို့အင်အားစုများ၏ ထိန်းချုပ်မှုအောက်သို့ ပြန်လည်ရောက်ရှိသွားကြသည်။ ခုံရုံး၏ စည်းမျဉ်းအရ ဤစစ်ပွဲမှာ အသုံးပြုခဲ့သည့် အရင်းအမြစ်အားလုံးကို သိုင်းပညာအုပ်စိုးသူကမ္ဘာ၏ အရင်းအမြစ်များဖြင့် ပြန်လည် ဖြည့်တင်းပေးမည် ဖြစ်ကာ လုယူသည့် ကဏ္ဍမပါဝင်ပေ။
ထျဲ့ကန်က သူ့ဝတ်ရုံကို ဖယ်ရှားလိုက်ပြီး ဒဏ်ရာများ ထုတ်ပြလာခဲ့သည်။ ထိုသိုင်းပညာရှင်များက ရက်စက်ပြီး သူ့အား အဖြစ်အပျက်များ၏ အကြောင်းအရင်းဟု မှတ်ယူကာ သတ်လိုကြသည်။ သူက သိုလှောင်လက်စွပ်ထဲမှ တာအိုစည်းချက် ထုတ်လွှင့်နေသည့် ဆေးအနှစ်ကို ထုတ်ကာ ခန္ဓာကိုယ် ပွတ်လိမ်းလိုက်သည်။
ဘန်း
ကောင်းကင်မှ လျှပ်စီးချက် ကျဆင်းလာ၍ ထျဲ့ကန်က အာရုံစိုက်လိုက်မိသည်။ သူက အကြောင်းအရင်းကို သိလိုက်၍ နှာခေါင်းရှုံ့လိုက်မိသည်။ တစ်စုံတစ်ယောက်က ခုံရုံး၏ စည်းမျဉ်းကို ချိုးဖောက်ဖို့ ကြိုးစားကာ လွတ်လိမ့်မည်ဟု ထင်နေဟန်ပေါ်သည်။
ထျဲ့ကန်က ကောင်းကင်ဧကရာဇ်၏ အကြည့်အောက်မှ လွတ်မြောက်လိမ့်မည်ဟု ထင်ထားသည့် ငတုံးက ဘယ်သူလဲဟု တွေးမိသွားသည်။ သူက ဆက်လက် ကုစားနေရင်း နားနေလိုက်၏။ သူက ဤစစ်ပွဲအတွက် စစ်မက်ရေးရာ အမှတ်များစွာ ရယူထားခဲ့၍ မည်သို့အသုံးပြုရမလဲ စဉ်းစားဖို့ လိုနေသည်။ အကောင်းဆုံး အသုံးပြုမှုက သူ ပြန်လည်ဝင်စားပြီးသည့်နောက် သူ့တိုင်းပြည်အတွက် ပြင်ဆင်မှုများ ပြုလုပ်ထားရန် ဖြစ်သည်။
“အချိန်ပြည့်ပြီ ” အသံတစ်သံ ထွက်ပေါ်လာပြီး အားလုံးက ကြားလိုက်ကြသည်။ အားလုံးက ဝမ်ဝေ့ရှိရာ ဝေဟင်အထက် မော့ကြည့်လိုက်ကြသည်။ သူက အားလုံး အလျှင်အမြန် အားဖြည့်ကာ ကိုယ့်နေရာကို ပြန်ယူလိုက်ကြသည်ကို အေးအေးဆေးဆေး ကြည့်နေလိုက်သည်။
ဝမ်ဝေ့က လိပ်ဘုရင်ကို ကြည့်ကာ ပြောလိုက်သည်။
“အစည်းအဝေးမှာ ပါဖို့ ခင်ဗျား အသွင်ပြောင်းမလား ဒါမှမဟုတ် ခန္ဓာကိုယ် ကျုံ့လိုက်မလား ”
“ဘာမှမလုပ်ချင်ဘူး။ ငါ ပုံရိပ်ယောင် ပို့လိုက်မယ်” လိပ်ကြီးက ပြန်ဖြေလိုက်သည်။
“ကောင်းပြီလေ”
ဝမ်ဝေ့က ဤကမ္ဘာ၏ ခုံရုံးကို အာရုံစိုက်လိုက်သည်။ ခေါင်းဆောင်ဟောင်းအများစုက သူတို့အမွေအနှစ်ကို ကာကွယ်ဖို့ အင်အားစုထံ ချန်ထားခဲ့ကြသော်ငြား ခုံရုံး၏ အစီအရင်ကို နောက်ဆုံးခုခံမှုအဖြစ် အသုံးပြုရင်း လူတချို့သာ ကျန်နေသည်။
ဝမ်ဝေ့က လက်ဆုပ်လိုက်သည့်ဟန်ပန် ပြုလုပ်လိုက်သည့်အခါ ခုံရုံးက အစီအရင်အားလုံး ကြေမွလျက် လေဟာနယ်ထဲ ပေါ်ထွက်လာခဲ့သည်။
သူက ပလ္လင်အခန်းအတွင်း ရောက်ရှိလာပြီး ကြောက်ကြောက်လန့်လန့် ဖြစ်နေသည့် လူများကို ကြည့်လိုက်သည်။ သူက တုံ့ဆိုင်းခြင်း မရှိဘဲ ပလ္လင်ဆီ သွားကာ ထိုင်ချလိုက်၍ ထိုလူများက အံ့ကြိတ်ထားလိုက်ကြသည်။