အပြစ်ဒဏ်နှင့် နောက်ခြေလှမ်းများ
Vol. 78 Ch. 1083
ဝမ်ဝေ့က အသင်္ချေအင်ပါယာကမ္ဘာမှ ကိုယ်စားလှယ်အားလုံး ရောက်သည့်အထိ စောင့်ဆိုင်းနေခဲ့သည်။ သူက သိုင်းပညာအုပ်စိုးသူကမ္ဘာမှ အသက်ရှင်ကျန်သူများကို ပြောင်းရွေ့ပေးခဲ့၏။ ချင်းဟိန်ကို လက်နောက်ပြန် ကြိုးတုပ်လျက် အစည်းအဝေးအခန်းအတွင်း ခေါ်ဆောင်လာသည်။
“ဒါတွေအားလုံး ခင်ဗျားအမှားပဲ” ဘဝငြိမ်းချမ်းရေးနန်းဆောင်မှ ကိုယ်စားလှယ်တစ်ယောက်က အော်ပြောလိုက်သည်။ သူတို့၏ အစီအရင်ကြောင့် စစ်ပွဲအဆုံးသတ်အထိ ရှင်ကျန်ခဲ့ကြသည်။ ကံဆိုးစွာဖြင့် တာအိုဆရာ ငြိမ်းချမ်းရေးက အသတ်ခံလိုက်ရသောကြောင့် ဒီအစည်းအဝေးအတွက် တာအိုဆရာ တည်ငြိမ်ခြင်းကို ပို့လိုက်ကြသည်။
“ မင်းတို့ရဲ့ သစ္စာဖောက်မှုကြောင့် မဟုတ်ရင် ငါတို့တွေ အခွင့်အရေးရလာနိုင်တယ်”
တာအိုဆရာ တည်ငြိမ်ခြင်းက တည်ငြိမ်လျက်ရှိနေပြီး ဘာမှမပြောပေ။ မည်သူကမှ သူ့အတွေးနှင့် စိတ်ခံစားချက်များကို မပြောနိုင်ကြသော်လည်း သူ့တိတ်ဆိတ်နေမှုက လူများစွာကို ဒေါသထွက်လာစေသည်။
“တိတ်ကြ” ချင်းဟိန်က ပြောလိုက်သည်။
“ကိုယ့်နေရာကို သိကြဦး”
အရာအားလုံးက တိတ်ဆိတ်သွား၍ ဝမ်ဝေ့က အစည်းအဝေးကို စတင်ခဲ့သည်။
“ယုံချင်ယုံ မယုံချင်နေ … ငါက မင်းတို့အပေါ် သက်ညှာပေးဖို့ ပြင်ခဲ့တာ။ ဒါပေမဲ့ မင်းတို့က ငါ့အလုပ်ကို ပိုခက်ခဲအောင် လုပ်ခဲ့တာကိုး။ မင်းတို့က သေမျိုးအများအပြားနဲ့ နတ်ဆိုးမျိုးနွယ်ကိုတောင် ရှင်းထုတ်ခဲ့ကြတယ်။ မင်းတို့ရဲ့ အပြုအမူက ငါ့အကျိုးမြတ်အပေါ် သက်ရောက်မှုရှိလာတော့ အပြစ်ပေးခံရမယ်”
သိုင်းပညာရှင်များက ထိုအရာကို ကြားသည့်အခါ အမူအရာ ပျက်ယွင်းသွားကြသည်။ အထူးသဖြင့် ရွှေလက်သီး ဖြစ်၏။ ဤသည်က သူ့အစီအစဉ် ဖြစ်နေခဲ့သည်။ သူတို့က သူ့အား လှည့်ကြည့်လာကြသော်လည်း မည်သူကမှ မတုံ့ပြန်နိုင်ခင် ချင်းဟိန်က ပြောလိုက်သည်။
“တစ်ယောက်နဲ့ တစ်ယောက် လှည့်ပြီး အပြစ်တင်နေတဲ့ ကစားပွဲ လုပ်နေဖို့ မလိုဘူး။ ငါတို့က ရှုံးနိမ့်မှုကို လက်ခံပြီး ခေါင်းကို မော့ထားကြမယ်”
လူများက သူ့အား စိတ်ခံစားချက်ရောပြွန်းစွာ ကြည့်လာကြပြီး တချို့က သနားနေကြသလို၊ တချို့က သူ့ကို အပြစ်တင်နေကြပြီး တချို့ကတော့ ကျိန်ဆဲကာ အများစုကတော့ သူ့စိတ်ဓာတ်ကို လေးစားနေကြသည်။
“ မင်းတို့ရဲ့ ပထမဆုံး အပြစ်ဒဏ်အတွက် ဒီစစ်ပွဲမှာ အသုံးပြုခဲ့ရတဲ့ အရင်းအမြစ်အားလုံးကို နှစ်ဆ ပြန်ပေးရမယ်။ ဆုံးရှုံးသွားရတဲ့ အသက်တွေ အပါအဝင်ပဲ” ဝမ်ဝေ့က နယ်ခြားရေးရာဌာနမှ တစ်ယောက်ကို လက်ညိုးထိုးလိုက်၏။
“သူ့ဆီမှာ မင်းတို့ ထောက်ပံ့ပေးထားတဲ့ အရင်းအမြစ်တွေ ရှိတယ်။ သူနဲ့ စစ်ဆေးကြည့်လိုက်ကြ”
နောက်ဆုံးတွင် လူများစွာက အရင်းအမြစ်များကို စစ်ပွဲဆုလာဘ်အနေနှင့် ထည့်မတွက်သည့် အကြောင်းအရင်းကို နားလည်သွားကြ၏။ သို့သော်လည်း သူတို့က ဤရလဒ်ကို ပိုကျေနပ်နေကြသည်။
“ဒုတိယအပြစ်ဒဏ်က နောက်ထပ် မျိုးဆက် ၅၀ တိုင် အလွှာနိမ့်ရဲ့ နတ်ရာထူးအားလုံးက အသင်္ချေအင်ပါယာကမ္ဘာရဲ့ စီရင်မှုအောက်မှာ ရှိလိမ့်မယ်။ မင်းတို့တွေက မွေးရပ်မြေရဲ့ ခုံရုံးကို ကွပ်ကဲနိုင်ပေမဲ့ အလွှာနိမ့်ကတော့ ငါတို့ထိန်းချုပ်မှုအောက် ရောက်လာလိမ့်မယ်”
ဤသည်က သိုင်းပညာအုပ်စိုးသူကမ္ဘာအတွက် သတင်းဆိုး ဖြစ်၏။ အလွှာနိမ့်သည် ကျယ်ပြန့်လွန်းပြီး အကျိုးမြတ်များစွာ ဆောင်ကျဉ်းပေးနိုင်သည်။ သို့သော် နောက်ထပ် မျိုးဆက် ၅၀ စာအထိ သူတို့က တခြားကမ္ဘာ့အသိုက်အဝန်းက သူတို့ကိုယ်သူတို့ အားဖြည့်ဖို့ ထိုအရင်းအမြစ်များ သုံးစွဲသည်ကို ထိုင်ကြည့်နေရမည်။
“မျိုးဆက် ၅၀ စာက နည်းနည်း … ”
“ ဒါက ညှိနှိုင်းလို့ မရဘူး” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“ ခင်ဗျားရဲ့ ဆက်ခံသူတွေက စကားတည်ပါ့မယ်လို့ ဘယ်လိုအာမခံမှာလဲ” ချင်းဟိန်က ပြောလိုက်သည်။
“ပြင်းထန်တဲ့ အပြစ်ပေးမှုနဲ့ စာချုပ် ရေးသားပေးခဲ့ဖို့ ပြဿနာ မရှိဘူး။ ငါက ရက်ရောပြီး မင်းတို့ဆီ အလွှာနိမ့် ထိန်းချုပ်ခွင့် ပြန်ပေးပြီးတဲ့နောက် မျိုးဆက်ငါးခုအထိ မင်းတို့ကို မတိုက်ခိုက်ပါဘူးလို့လည်း ထပ်ထည့်ပေးခဲ့မယ်”
“အဲလို ပိုကောင်းတယ်” ချင်းဟိန်က ပြောလိုက်သည်။
“ကောင်းပြီ။ အခု နောက်ဆုံးအပြစ်ဒဏ်က လိပ်ဘုရင်ကလွဲပြီး မသေမျိုးပုဂ္ဂိုလ်အားလုံး သုတ်သင်ခံရမယ်။ ”
“ဘယ်လို”
“ ကျေးဇူးပြုပြီး မလုပ်ပါနဲ့ ”
“ကျုပ်တို့က မသေမျိုးပုဂ္ဂိုလ်တွေ အများကြီး ဆုံးရှုံးပြီးသွားပြီ။ ထပ်ပြီး အဆုံးအရှုံးမခံနိုင်တော့ဘူး”
“ပြီးတော့ လူသားတွေနဲ့ နတ်ဆိုးတွေက အတူတကွ တည်ရှိလို့ မဖြစ်နိုင်ဘူး ”
“အထူးသဖြင့် ကျုပ်တို့လုပ်ခဲ့တဲ့ ကိစ္စတွေကြောင့် သူတို့ရဲ့ အမုန်းတရားတွေနဲ့ပေါ့ … ”
“ဒါကလည်း ညှိနှိုင်းလို့ မရဘူး” ဝမ်ဝေ့က ပြောလိုက်သည်။
“မင်းတို့က ခုခံမဲ့ တခြားကမ္ဘာအတွက် သတိပေးချက်တစ်ခုပဲ။ သူတို့သာ ငါတို့ကို ခုခံမယ်ဆိုရင် အနိမ့်ဆုံးအနေအထားအထိ ရောက်ရှိဖို့ ပြင်ဆင်ထားရမယ် ”
“ ကျုပ်တို့ကို မသေမျိုး ကျင့်ကြံသူမပါဘဲ ထားခဲ့ရင် နယ်ခြားကမ္ဘာအတွက် ကျူးကျော်ဖို့ ပိုလွယ်သွားလိမ့်မယ်။ အထူးသဖြင့် နတ်ဘုရားသဟဇာတကမ္ဘာက ပြန်ရောက်လာပြီး အုပ်စိုးသွားနိုင်တယ်” ချင်းဟိန်က ပြောလိုက်သည်။
“ငါတို့က ဒီကမ္ဘာမှာ အကျိုးမြတ်အတွက် ရင်းနှီးမြှပ်နှံထားတာဆိုတော့ ပြောချင်တာက ငါတို့ရဲ့ အကျိုးမြတ်ကို နှောင့်ယှက်ဖို့ ကြိုးစားမဲ့လူတိုင်းဆီကနေ ကာကွယ်ပေးမယ်” ဝမ်ဝေ့က ပြောလိုက်သည်။
သိုင်းပညာရှင်များက ကျိန်ဆဲကာ အော်ဟစ်ကြလိုသော်လည်း မလုပ်ရဲကြပေ။ တချို့လူများက တာအိုဘာသာ ကမ္ဘာအုပ်စိုးစဉ်အခါကတည်းက အသက်ရှင်လာကြသူ ဖြစ်ပြီး ဒုတိယအကြိမ်မြောက် သိမ်းပိုက်ခြင်းနှင့် တွေ့ကြုံနေရသည်။
“အခု ဒီကမ္ဘာ ဘာဖြစ်မလဲဆိုတာ ပြောရအောင်” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။
“တကယ်လို့ မင်းတို့သာ ငါ့အပေးအယူကို လက်ခံခဲ့ရင် ငါတို့က မင်းတို့နဲ့အတူ နတ်ဆိုးစာသင်ကျောင်းနဲ့ သေမျိုးလူ့အဖွဲ့အစည်းအတွက် ကုသိုလ်တွေ မျှဝေပေးမှာ။ ဒါပေမဲ့ အခုတော့ အဲဒါ မရနိုင်တော့ဘူး။ တစ်ခုတည်းသော ခြွင်းချက်က ငါတို့ဆီ သစ္စာခံလာတဲ့ ပင်လယ်မျိုးနွယ်ပဲ”
လိပ်ဘုရင်၏ ပုံရိပ်ယောင်က နှစ်မီတာရှည်လျားသည့် ဧရာမလိပ်တစ်ကောင် ဖြစ်၏။ ထိုလိပ်ကြီးက လက်ခံကာ ဦးညွှတ်လိုက်သည်။
“နဂါးက အလွှာနိမ့် ချဲ့ထွင်မှုအတွက် ဝေစုအကြောင်း ကတိပေးထားပါတယ်။ ကတိစကားကို တည်မှာလား ”
“ဒါပေါ့ ဒါပေမဲ့ ဒီစစ်ပွဲမှာ ခင်ဗျားရဲ့ အကျိုးပြုမှုက ပိုင်နက်အကြီးကြီး ရလောက်အောင်တော့ မလုံလောက်ဘူးဆိုတာ နားလည်သင့်တယ်”
“ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ကျုပ်က နတ်ဆိုးဦးရေ များပြားတဲ့ ကမ္ဘာတချို့ပဲ လိုချင်တာပါ။ သူတို့ကို ဒီနေရာ ပြောင်းရွေ့စေချင်တယ်”
“အဲလိုလုပ်ပါ” ဝမ်ဝေ့က လက်ဆစ်ချိုးကာ အဆောင်တစ်ခုအား မွေးရပ်မြေမှ ကိုယ်စားလှယ်အားလုံးဆီ ပို့ပေးလိုက်သည်။
“ အလွှာနိမ့်ကို ခွဲဝေပြီးသွားပြီ။ ဒါက ပထမဆုံးအကြိမ် မဟုတ်ဘူးဆိုတော့ ဘာလုပ်ရမယ်ဆိုတာ သိမှာပါ”
အားလုံးက သူတို့ပိုင်နက် နယ်မြေကို အလျှင်အမြန် စစ်ဆေးကြည့်လိုက်ကြပြီး တုံ့ပြန်မှုများက ရောထွေးနေ၏။ တချို့လူများက ဟို့ဖုန်းဟွမ်လိုမျိုး ယခင်ကဲ့သို့ နယ်မြေကြီးကြီး ရရှိကြသည်။ တခြားသူများကမူ သေးငယ်သည့် နေရာ သို့မဟုတ် ပိုသေးသည့် နေရာတို့ကို ရကြသည်။
“ စစ်ပွဲခန်းမက ဒီကမ္ဘာရဲ့ တုံ့ပြန်မှုပေါ် မူတည်ပြီး အလွှာနိမ့်ကလည်း ခုခံလိမ့်မယ်လို့ မှန်းထားကြတယ်။ အဲဒါဆိုတော့ သူတို့ကို ချည်းကပ်မှုအသစ် သုံးမယ်။ ငါတို့တွေ ချင်းဟိန်ကို သတိပေးချက်အနေနဲ့ မသုတ်သင်ခင် တိုက်ပွဲအကြောင်း မှတ်တမ်းကို အလွှာနိမ့်ဆီ ထုတ်လွှင့်မယ်။ အဲလိုဆို ပိုလွယ်ကူသွားမှာပဲ” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။
ချင်းဟိန်က လက်သီးဆုပ်ထားလိုက်သော်လည်း အသက်ချမ်းသာပေးဖို့ တောင်းဆိုခြင်း မရှိပေ။ သူက အရှက်ကွဲသည်ဟု ခံစားရသော်လည်း သူ ဘယ်လိုပဲဖြစ်ဖြစ် ခုခံဖို့ ဆုံးဖြတ်လိုက်ကတည်းက ရှောင်လွဲမရနိုင်မှန်း နားလည်ထားသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။
“အရှင်” ရွှေလက်သီးက ပြောလိုက်သည်။
“ ဒါက သေဆုံးခြင်းလား ဒါမှမဟုတ် …”
“အစစ်အမှန် သေဆုံးခြင်းပေါ့” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“ ငါတို့က ခုခံမဲ့လူတွေကို အကျိုးဆက် မြင်စေချင်တာလေ”
ချင်းဟိန်က ထိုရလဒ်ကို မှန်းဆထားပြီးသား ဖြစ်သည့်အတွက် တည်ငြိမ်နေဆဲ ဖြစ်၏။ သူ့တစ်ခုတည်းသော နောင်တက သိုင်းပညာရှင်အနေနှင့် ဧကရာဇ်အဆင့်ထက် ကျော်လွန်အောင် မလုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူက တာအိုကို သက်သေပြကာ သူ့ဧကရာဇ်အဆင့် ပုဆိန်တာအိုကို သူ့ဆရာဖြစ်သူထံ ပြသခဲ့ရ၍ ကျေနပ်နေပြီ ဖြစ်၏။
ဝမ်ဝေ့က လက်ကိုမြောက်ကာ ရွှေလက်သီးအား ထပ်မပြောအောင် တားလိုက်သည်။
“ကောင်းကင်ဧကရာဇ်ရာထူးကို ခေါင်းဆောင် မရှိဘဲ ထားလို့ မဖြစ်ဘူးဆိုတော့ လိပ်ဘုရင်ကပဲ ဒီနေရာကို ယူလိုက်ပါ” ဝမ်ဝေ့က ကြေညာလိုက်သည်။ ထိုစကားများက ရုတ်ရုတ်သည်းသည်း ဖြစ်သွားစေသည်။ လိပ်ဘုရင်က ထိုကဏ္ဍကို လက်မခံခင် မျက်မှောင်ကျုံ့ကာ စဉ်းစားလိုက်သည်။ ထိုအာဏာဖြင့် သူ့မျိုးနွယ်ကို ကာကွယ်ပေးပြီး နတ်ဆိုးမျိုးနွယ် ပြန်လည်အားဖြည့်ဖို့ ပိုလွယ်ကူသွားလိမ့်မည်။
“ အသေးစိတ် ဆွေးနွေးကြတာပေါ့။ နောက်ထပ် မေးစရာရှိသေးလား” ဝမ်ဝေ့က ထိုလူများ ဒေါသကြောင့် မျက်နှာနီရဲနေသည်ကို လျစ်လျူရှုကာ မေးလိုက်သည်။ သူတို့က ခေါင်းကြောမမာပါက ညှိနှိုင်းသည့် ဖြစ်စဉ်က ဤမျှ ကြမ်းတမ်းမည် မဟုတ်ပေ။
“ကျုပ်ဆီမှာ မေးခွန်း အဲလေ တောင်းဆိုစရာတစ်ခု ရှိပါတယ် ”
ဝမ်ဝေ့က ပြောသည့်သူအား ကြည့်လိုက်သော်လည်း ထိုလူကို မမှတ်မိသလို သိအောင်လည်း သူ့စွမ်းအား ထုတ်သုံးလောက်အောင် ဂရုမစိုက်ပေ။
“ဘာများလဲ”
ထိုအမျိုးသားက အသက်ပြင်းပြင်းရှုကာ သတ္တိစုစည်းလိုက်ပြီး ပြောလိုက်သည်။
“ဒီကမ္ဘာရဲ့ အသက်ရှင်ကျန်သူတွေ ကိုယ်စား ဘဝငြိမ်းချမ်းရေးနန်းဆောင်ကို သုတ်သင်ပစ်ဖို့ တောင်းဆိုချင်ပါတယ်”
အခန်းက တိတ်ဆိတ်သွားပြီး လူများစွာက ထိုအကြောင်းကို တွေးနေကြသည်။ ထို့နောက် တစ်ယောက်က သဘောတူလိုက်၍ တခြားလူများလည်း လိုက်ပါလာကြသည်။
“ဟုတ်ပါတယ်။ အဲဒီသစ္စာဖောက်တွေကို သတ်ပစ်လိုက်ပါ”
“ဟုတ်တယ်”
“ပိုကောင်းတာက ကမ္ဘာထဲ တာအိုဘာသာကို တားမြစ်လိုက်ဖို့ပဲ ”
တာအိုဆရာ တည်ငြိမ်ခြင်းက စကားတစ်ခွန်းမှ မပြောသော်လည်း သူ့ခန္ဓာကိုယ်မှ ဝမ်းနည်းသည့် လေထုမျိုး ထွက်ပေါ်နေသည်ကို ခံစားမိကြသည်။
“အဲလိုလုပ်ဖို့ မလိုဘူး” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။
“ဘာလို့လဲ။ ဒါက တောင်းဆိုချက်တစ်ခုပဲ မဟုတ်ဘူးလား။ ကျုပ်တို့က တခြားဘာမှ မလိုချင်ဘူး။ အဲဒီသစ္စာဖောက်တွေကိုပဲ သုတ်သင်ပစ်ချင်ရုံပါ”
“ သူတို့က အပြစ်ကင်းလို့ မရဘူးလို့ ပြောနေတာ” ဝမ်ဝေ့က ပြောလိုက်သည်။
“အဲဒါက ဘာကိုပြောတာလဲ”
“ သူတို့က နတ်ဘုရားသဟဇာတ ကမ္ဘာနဲ့ အဆက်အသွယ် မရှိဘူး”
“ဒါ… ဒါပေမဲ့ အရှင် ပြောခဲ့တာက …”
“မင်းတို့ကမ္ဘာက မစည်းလုံးဘူးဆိုတော့ အားနည်းချက်ကို ထုတ်ပြောလိုက်တာလေ” ဝမ်ဝေ့က ပခုံးတွန့်ကာ ပြောလိုက်သည်။ သိုင်းပညာရှင်များက တိတ်ဆိတ်သွားကြပြီး ပြိုလဲလုမတတ် ခံစားနေကြရသည်။
သူတို့က ဘဝငြိမ်းချမ်းရေးနန်းဆောင်ကို မယုံသည်မှာ ထိုစကားများကြောင့်ဖြစ်ပြီး သူတို့လူအများစုကို သတ်ပစ်ခဲ့ကြသည်။ သူတို့အား အစီအရင်မှ လုပ်ပိုင်ခွင့်ကို ဖယ်ရှားပစ်ခဲ့ကြသည်။ ယခု သူတို့သည် အလိမ်အညာတစ်ခုပေါ် အခြေခံ၍ လုပ်ဆောင်ခဲ့ကြောင်း သိလိုက်ရသည်။
တာအိုဆရာ တည်ငြိမ်ခြင်းက မျက်လုံးမှိတ်ထားလိုက်ပြီး ကျမ်းဂန်များသာ ရွတ်ဖတ်နေသည်။ သူတို့ဂိုဏ်းက ကမ္ဘာကြီးအား သူတို့သည် အပြင်လူ မဟုတ်ဘဲ ကမ္ဘာကို သူတို့လောက် ချစ်မြတ်နိုးကြောင်း နှစ်များစွာ သက်သေပြခဲ့သည်။ သို့သော်လည်း ထိုအရာများက အသုံးမဝင်ခဲ့ပေ။
“ နတ်ဘုရားနတ်ဆိုးဂိုဏ်းကရော” ရွှေလက်သီးက သူ့ကိုယ်သူ ထိန်းချုပ်ထားရင်း မေးလိုက်သည်။ သူက သဘာဝအရ တည်ငြိမ်သူ ဖြစ်ပြီး ထိုအလိမ်အညာနောက်မှ ပြောင်မြောက်သည့် လှုပ်ရှားမှုကို နားလည်ထားသောကြောင့် ထိုသတင်းကို လက်မခံနိုင်ပေ။
“သူတို့ဘိုးဘေးက တခြားကမ္ဘာ့အသိုက်အဝန်းကပဲ။ သူတို့က ဆက်နွယ်မှုတချို့ရှိပေမဲ့ ဒီလောက်ပဲ”
ဂိုဏ်းခေါင်းဆောင်အသစ်က ဘဝငြိမ်းချမ်းရေး နန်းဆောင်လိုမျိုး တူညီသည့်အရာကို မတွေ့ကြုံခဲ့ရသည့်အတွက် တည်ငြိမ်နေသည်။ ထိုသိုင်းပညာရှင်များက ဉာဏ်ကောင်းကာ စစ်ပွဲအတွက် သူတို့ဘက်မှ အင်အားကို လိုနေကြောင်း သိထားကြသည်။ ထို့ကြောင့် သူတို့က ရန်မမူခဲ့ကြပေ။
နတ်ဆိုးကြယ်စင်မျက်လုံး ဧကရာဇ်အပေါ် အကြောက်တရားကလည်း အကြောင်းအရင်းတစ်ချက်အနေနှင့် ပါဝင်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဂိုဏ်းခေါင်းဆောင်အသစ်က စစ်ပွဲအပြီး ပြဿနာများကို လျော့ချရန် သူတို့နာမည်ကို ရှင်းလင်းနိုင်ခဲ့၍ ဝမ်းသာနေမိသည်။