အစောင့်အရှောက်
Vol. 78 Ch. 1086
“မြေကမ္ဘာဧကရာဇ် ဖြစ်လာဖို့ အလိုအပ်ဆုံး အရာကို သိထားလား” ယမမင်းက မေးလိုက်သည်။
“အင်အားလား” လီကျွင်းက ပြန်ဖြေလိုက်၏။
“မင်း အဲ့လိုတွေးနိုင်ပေမဲ့ မဟုတ်ဘူး။ မြေကမ္ဘာတစ်ယောက်အတွက် အရေးကြီးဆုံးအရာက စိတ်ရှည်မှုနဲ့ ရည်မှန်းချက် ကင်းမဲ့နေမှုပဲ။ အုပ်ချုပ်သူတစ်ယောက်နဲ့ ဆက်နွယ်နေတဲ့ အရည်အချင်း မဟုတ်ပေမဲ့ သံသရာရဲ့ မျှခြေကို ထိန်းထားဖို့ မရှိမဖြစ် အလိုအပ်ဆုံးအရာတွေပဲ”
“ဘာလို့များလဲ”
“သက်ရှိလောကကြီးက သေလူတွေရဲ့ ကမ္ဘာနဲ့ ကွဲပြားတယ်” ယမမင်းက ရှင်းပြလိုက်သည်။
“သက်ရှိလောကက ဖရိုဖရဲဖြစ်တာက အဆင်ပြေပေမဲ့ သေလူလောကမှာတော့ အဲဒီအချက်ကို လက်ခံလို့မရဘူး။ အစစ်အမှန်ကောင်းကင်တာအိုက သက်ရှိလောကကို အုပ်စိုးဖို့ သက်ညှာပေးကောင်း သက်ညှာပေးနိုင်တယ်။ အထူးသဖြင့် ဒိုင်မေးရှင်းအမြင့်ပေါ့။ ဒါပေမဲ့ ငါတို့က တင်းကြပ်ပြီးတော့ အစီအစဉ်တကျ လုပ်ဆောင်ရတယ်။
မြေကမ္ဘာ ဧကရာဇ်တစ်ယောက်အနေနဲ့ မင်းရဲ့ အဓိက တာဝန်ယူမှုက သံသရာရဲ့ လုပ်ဆောင်ချက်တွေကို ချောမွေ့စေဖို့ပဲ။ အဲဒါက နဂိုကတည်းက ပြီးပြည့်စုံစွာ ဖွဲ့စည်းထားပြီးသား။
မင်းရဲ့ တာဝန်က တစ်စုံတစ်ခု မမှားယွင်းသရွေ့ ဝင်ရောက်မစွက်ဖက်ဖို့ပဲ။ မင်းက သံသရာကို ကိုယ်ပိုင်ရည်မှန်းချက်တွေ၊ ရည်ရွယ်ချက်တွေအတွက် အသုံးမပြုရဘူး။ မင်းရဲ့ တာဝန်က သံသရာရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ပံ့ကူညီပေးဖို့ပဲ အသုံးပြုရမယ်။
မင်းက အချိန်အဆုံးသတ်တဲ့အထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရမယ်။ မင်းအနေအထားမှာဆိုရင်တော့ တစ်စုံတစ်ယောက်က မင်းရဲ့ အနေအထားကို မယူခင်အချိန်အထိပေါ့။ အဲဒါက မြေကမ္ဘာ ဧကရာဇ်တစ်ယောက်ရဲ့ အနှစ်သာရပဲ။ မင်း အဲ့လိုတွေလုပ်နိုင်မယ် ထင်လား”
လီကျွင်းက ချက်ချင်း ပြန်မဖြေသေးဘဲ မိနစ်ပိုင်းကြာ စဉ်းစားလိုက်သည်။
“ကျွန်တော် လုပ်နိုင်တယ်လို့ သေချာတယ်”
“မှန်လားဆိုတာ စောင့်ကြည့်ရတာပေါ့”
လီကျွင်းက သူ့ဝန်းကျင်ရှိ ကမ္ဘာသည် ပြောင်းလဲသွားကြောင်း ခံစားမိလိုက်ပြီး သူက ဝိညာဉ်၊ သေခြင်းရှင်ခြင်းတို့ဖြင့် ပုံစံရေးထွင်းထားသည့် အနက်ရောင်ပလ္လင်ပေါ်တွင် ထိုင်နေသည်။ ဆိတ်ချိုရှိထားပြီး အနီရောင် အရေပြားရှိထားသည့် ထူးထူးဆန်းဆန်း နတ်ဆိုးက သူ့ကဏ္ဍကို စတင်ရှင်းပြနေကာ လီကျွင်းက အလျင်အမြန် နေသားကျလာခဲ့သည်။
ထို့နောက် အချိန်ကုန်ဆုံးသွားပြီး သံသရာထဲ ပြဿနာများစွာ ဖြစ်လာခဲ့ပြီး သူက အားလုံးကို ဖြေရှင်းပေးရသည်။ ထိုဖြစ်စဉ်က သူ့အား အတွေ့အကြုံနှင့် ဗဟုသုတတို့ကို ရရှိလာစေပြီး လူများ သို့မဟုတ် သူ့အဖွဲ့က သူ့အပေါ် ပိုမိုယုံကြည်လာစေသည်။
တစ်ရက်ကျ သူနှင့် ရင်းနှီးထားပြီး သိထားသည့်သူတစ်ယောက်က သေလူတစ်ယောက်ကို အသက်ပြန်သွင်းဖို့ ကြိုးစားနေသည်။ သူက ခေါင်းခဲသည့် အနေအထားတစ်ခုသို့ ကျရောက်နေကြောင်း မြင်လိုက်ရ၏။
သံသရာက တင်းကြပ်သည့် စည်းမျဉ်းများရှိသော်လည်း အင်အားကြီး ပုဂ္ဂိုလ်များအတွက် သူတို့သာ စည်းမျဉ်းတချို့ကို မချိုးဖောက်သရွေ့ သေလူကို အသက်ပြန်သွင်းဖို့ ခွင့်ပြုပေးထားသည်ဟု ယူဆနိုင်သည်။ ကံဆိုးစွာဖြင့် သူ့မိတ်ဆွေ၏ ပြန်လည်အသက်သွင်းခြင်းက အဓိကစည်းမျဉ်းကို ချိုးဖောက်နေသည့်အတွက် သူက လီကျွင်းကို လာရောက်အကူအညီ တောင်းခံခဲ့သည်။
လီကျွင်းက ခေတ္တမျှစဉ်းစားပြီးသည့်နောက်တွင် ငြင်းဆန်ခဲ့သည့်အတွက် သူ့မိတ်ဆွေရင်းနှင့် ဆက်ဆံရေး ပျက်ပြားသွားခဲ့ရသည်။ သူနှင့် နီးကပ်သည့်သူ တစ်စုံတစ်ယောက် ဆုံးရှုံးလိုက်ရခြင်းကို ခံစားနေရသော်လည်း ဆုံးဖြတ်ချက်ကို နောင်တမရပေ။ သူက သူ့တာဝန်၏ အရေးကြီးပုံကို နားလည်သဘောပေါက်ထား၏။
အချိန်က စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများကို ကုစားနိုင်သည်။ လီကျွင်းက သူ့တာဝန်ကို နေသားတကျ ဖြစ်လာခဲ့၏။ သူက မည်မျှကြာမြင့်မှန်းပင် မသိတော့ပေ။ သို့သော် အချိန်အတော်ကြာမြင့်နေပြီ ဖြစ်၏။ အများစုက ပျင်းရိကာ စိတ်ကုန်ဖို့ ကောင်းသည်ဟု ထင်ကောင်းထင်နိုင်သော်လည်း တစ်ခါတစ်ရံတွင် သူ့အသွေးအသားများက တိုက်ပွဲအတွက် ဆာလောင်လာသည့် အချိန်များပင် ရှိခဲ့ဖူးသည်။ သို့သော် သူက ရာထူးကို ခုံမင်လာသည့်အခါ ကပ်ဘေးတစ်ခုကို တွေ့ကြုံခံစားခဲ့ရသည်။ သူ့ဘဝ၏ အချစ် ယန်းလီလင်းက သေဆုံးသွားခဲ့ပြီး အစစ်အမှန် သေဆုံးခြင်း ဖြစ်၏။ သို့သော်လည်း မြေကမ္ဘာ ဧကရာဇ်တစ်ယောက်အနေဖြင့် သူမကို အသက်ပြန်သွင်းဖို့ နည်းလမ်းရှိကြောင်း သိထားသည်။
သို့သော် စည်းမျဉ်းရာချီကို ချိုးဖောက်ရလိမ့်မည်။ သူ့ခန္ဓာကိုယ်ရှိ တည်ရှိမှုတိုင်းက အကျိုးဆက်ကို သိထားသော်လည်း သူမကို အသက်ပြန်သွင်းဖို့ အော်ဟစ်နေကြသည်။ သူ့အတိတ်မှ လူများက အကူအညီလာရောက်တောင်းခံသည့်အခါ လီကျွင်းက ပြိုလဲလုနီးပါး ဖြစ်ခဲ့ရ၏။
သူက တာဝန်ဝတ္တရားကြောင့် ခုခံခဲ့ခြင်း မဟုတ်ဘဲ အကျိုးအကြောင်းကြောင့် ခုခံခဲ့ခြင်း ဖြစ်၏။ အကယ်၍ သူသာ စည်းမျဉ်းများကို ချိုးဖောက်ပြီး သူမကို အသက်ပြန်သွင်းလိုက်ပါက သံသရာ၏ အထက်ပိုင်းများက သူတို့ကို အမဲလိုက်ကြလိမ့်မည်။ ယန်းလီလင်း၏ ကံကြမ္မာက အတူတူသာ ဖြစ်နေလိမ့်မည်။ ထို့ကြောင့် သူက နောက်နည်းလမ်းတစ်ခုကို ရွေးချယ်ခဲ့ခြင်း ဖြစ်၏။ သူက အကောင်းဆုံး မြေကမ္ဘာဧကရာဇ်ဖြစ်လာပြီး အထက်ပိုင်းက သူ့အား စည်းမျဉ်းများကို ချိုးဖောက်ဖို့ အခွင့်အရေး ချီးမြှင့်လာဖို့ မျှော်လင့်နေမိသည်။
ယနေ့မှစ၍ လီကျွင်းသည် စံပြ မြေကမ္ဘာဧကရာဇ်တစ်ယောက် ဖြစ်လာခဲ့သည်။ သူက လုပ်ဆောင်ရမည့် အရာအားလုံးကို သေသေချာချာလုပ်ဆောင်ခဲ့ပြီး ယမမင်းများစွာက သူသည် ဤမျှကြာကြာ စောင့်ဆိုင်းစရာမလိုဘဲ သူမကို ထပ်မံ မြင်တွေ့နိုင်ကြောင်း ဆွဲဆောင်ခဲ့စဉ်အခါကပင် ခုခံခဲ့သည်။
သူက အစစ်အမှန်ကောင်းကင်တာအိုသည် ပိုင်းခြားခံလိုက်ရစဉ် စည်းမျဉ်းများကို ချိုးဖောက်ဖို့ရာ အခွင့်အရေးဖြစ်ကြောင်း သိသည့်အခါကပင် ခုခံနိုင်ခဲ့သည်။
လီကျွင်းက မျက်လုံးကို ဖွင့်လိုက်၏။
“ကျွန်တော် ဘယ်ရောက်နေတာလဲ”
သူက အသိပြန်ဝင်လာဖို့ ခေတ္တမျှ အချိန်ယူခဲ့ရသည်။
“စိတ်ဝင်စားစရာပဲ” ယမမင်းက ပြောလိုက်၏။ ဤစမ်းသပ်ချက်က စည်းမျဉ်းများကို ချိုးဖောက်ဖို့ ခွင့်ပြုချက် တောင်းဆိုသည့် လမ်းစဉ်ကို လျှောက်လှမ်းသည့်သူဟူ၍ မရှိသည့် စမ်းသပ်ချက်မျိုး ဖြစ်သည်။ သူတို့က ဆွဲဆောင်မှုထဲ ပါသွားခြင်း၊ ဉာဏ်ရှိအောင် ကြိုးစားကြခြင်း သို့မဟုတ် ချစ်မြတ်နိုးရသူတို့ကို အာဏာအတွက် စွန့်ပစ်ခြင်းတို့ ဖြစ်လာတတ်ကြသည်။
“အရှင်ယမမင်း ကျွန်တော် စမ်းသပ်ချက်ကို အောင်မြင်သွားလား”
“အင်း အမှတ်ကောင်းကောင်းနဲ့ အောင်တယ်” ယမမင်းက ခေါင်းညိတ်လိုက်သည်။ သူက လီကျွင်း၏ အင်အားကို မစမ်းသပ်ခဲ့သည်မှာ သူက လက်ခံ၍ ရကြောင်း သိထား၍ ဖြစ်သည်။
နဂါးငယ် တံဆိပ်တုံးနှင့် အနက်ရောင် စာရင်းတို့က လီကျွင်းရှေ့မှ ရောက်ရှိလာသည်။
“ဒါက သံသရာခုံရုံးအတွက်ကံကောင်းမှု စုစည်းရေးအသုံးအဆောင်ပဲ။ ပြီးတော့ ဒါက နတ်ဘုရားရွေးချယ်ခံ စာရင်း။ ဒီစာရင်းမှာရှိတဲ့သူတွေက စမ်းသပ်ချက်ကို ဖြတ်ကျော်ရမယ်။ စမ်းသပ်ချက် ကျရှုံးတဲ့သူတွေက ဒီခုံရုံးမှာ ဘယ်နေရာမှ ယူနိုင်မှာ မဟုတ်ဘူး”
“ကျွန်တော် သိပါပြီ” လီကျွင်းက ပြန်ဖြေကာ ဦးညွှတ်လိုက်သည်။ ထို့နောက် သူက သတိထားခြင်း မရှိဘဲ ယခင် တာအိုသက်သေပြခဲ့သည့် နေရာသို့ ပြန်လည်ရောက်ရှိလာ၏။
“မင်း အဆင်ပြေရဲ့လား” ဝမ်ဝေ့နှင့် ယန်းလီလင်းတို့က ဆက်တိုက်မေးလိုက်ကြသည်။
“အဆင်ပြေပါတယ်”
“စမ်းသပ်ချက်က ဘယ်လိုလဲ”
လီကျွင်းက အခြေအနေတစ်ခုလုံးကို ရှင်းပြစဉ် ဝမ်ဝေ့က အတွေးနက်နေမိသည်။
“မြေကမ္ဘာဧကရာဇ် ရာထူးက ကောင်းကင်ဧကရာဇ်လိုမျိုး နာမည်ကြီးမှာကို စိုးရိမ်နေတာ။ ဒါပေမဲ့ ငါ့ရဲ့ စိုးရိမ်မှုတွေက မလိုအပ်ခဲ့ဘူးပဲ”
သူက လူများစွာက မြေကမ္ဘာဧကရာဇ်၏ ရာထူးအကြောင်း ကြားသည့်အခါ ရယူဖို့ ကြိုးစားရင်း သံသရာက ဖရိုဖရဲဖြစ်သွားမည်ကို စိုးရိမ်နေခဲ့သည်။ ယမမင်းများက အစစ်အမှန် ကောင်းကင်တာအိုထက်ပင် ပိုမိုတင်းကြပ်ကြောင်း နားလည်လိုက်ရ၏။
“မင်းရဲ့ တည်ရှိမှုကို အခုကြေညာချင်လား။ ဒါမှမဟုတ် အတူတူလုပ်ချင်လား” သူက မေးလိုက်သည်။
“အတူတူလုပ်မယ်”
“ကောင်းပြီလေ”
ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီး တစ်စုံတစ်ယောက်က သူတို့ရှေ့ ပေါ်ထွက်လာခဲ့သည်။ ထိုသူက လူအိုကြီးထျန်းကျိ ဖြစ်၏။ သူက အဖွဲ့ကို အေးစက်စက်အကြည့်ဖြင့် ကြည့်လိုက်သည်။
“မင်း ဘာလိုချင်တာလဲ” သူက တဲ့တိုးသာ မေးလိုက်သည်။
“အပေးအယူပေါ့” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။
“မင်းကို ကောင်းကင်အလိုဆန္ဒပေးဖို့ ငါ့ကို ဖိအားပေးလို့ မရဘူး” လူအိုကြီး ထျန်းကျိ ပြောလိုက်သည်။ ပြောရလျှင် ကောင်းကင်တာအိုက ပြောလိုက်ခြင်း ဖြစ်၏။
“ဘာနဲ့ လဲလှယ်ချင်တာလဲ”
“ကျမ်းသစ္စာ” ဝမ်ဝေ့က ပြောလိုက်သည်။
“သူမက အသင်္ချေအင်ပါယာကမ္ဘာရဲ့ အစောင့်အရှောက်ဖြစ်လာပြီးတော့ ကမ္ဘာကို ကာကွယ်ပေးလိမ့်မယ်။ တာအိုအခွင့်အလမ်းဂိုဏ်းနဲ့ သူမ မိသားစု၊ ဒါမှမဟုတ် မျိုးနွယ်အပါအဝင် အရာအားလုံးထက် ကာကွယ်မှုကိုပဲ အလေးထားလိမ့်မယ်”
“အင်း” လူအိုကြီးထျန်းကျိက ရေရွတ်လိုက်သည်။ သို့သော် နှစ်မိခန့်ကြာမြင့်ပြီးသည့်နောက်တွင် ဘာမှပြန်မပြောခဲ့ပေ။
“နှစ် ၂သောင်းကျော်ကြာမြင့်ပြီးတဲ့နောက်မှာ ကမ္ဘာ့အရင်းအမြစ်ကို လုံလုံလောက်လောက် ခြွေတာထားမှန်း သိတယ်။” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။
“အင်အားကြီးပုဂ္ဂိုလ် တစ်ယောက်က ကမ္ဘာကို အချိန်ပြည့်ကာကွယ်ပေးနေတဲ့ အရေးပါမှုကို သိသင့်တယ်။ အထူးသဖြင့် ကျုပ်တို့က ဒိုင်မေးရှင်းအနိမ့်မှာ လုပ်ခဲ့တဲ့ အရာပြီးရင်ပေါ့”
“မင်း ပြောတာ ဟုတ်တာပဲ” လူအိုကြီးထျန်းကျိက ခေါင်းညိတ်လိုက်ပြီး လက်ဝှေ့ကာ ကောင်းကင်အလိုဆန္ဒကို ထုတ်ဖော်ခဲ့သည်။
“ကျမ်းသစ္စာ ကျိန်ဆို”
ယန်းလီလင်းက ရှေ့တိုးလာကာ ကျမ်းသစ္စာကျိန်ဆိုလိုက်ပြီး ကောင်းကင်အလိုဆန္ဒဝန်းကျင်တွင် သံကြိုးတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူမက ထိုအရာကို စုပ်ယူလိုက်သည့်အခါ လူအိုကြီးထျန်းကျိက ပျောက်ကွယ်သွား၏။
လီကျွင်းနှင့် ဝမ်ဝေ့တို့က သူမအတွက် နေရာဖယ်ပေးလိုက်ကြသည်။
သူတို့က သူမ၏ ဦးခေါင်းအနောက်တွင် ရွှေကြာသုံးပွင့်ကို မြင်သည့်အခါ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။ ထိုစဉ် ဝမ်ဝေ့က တစ်စုံတစ်ခုကို သတိထားမိခဲ့၏။ ယန်းလီလင်း၏ စွမ်းအားသည် ရှုရှစ်ကဲ့သို့ အထွတ်အထိပ် လေးဆတိုက်ခိုက်ရေးအဆင့် ရှိထားသည်။ သို့သော် သူမ၏ ဝိညာဉ်က မဟာတာအိုအားဖြည့်မှု ငါးရာခိုင်နှုန်း ကန့်သတ်ချက်ကို ချိုးဖောက်ဖို့ အလားအလာ ရှိ၏။ သူ မှန်းဆထားသလောက် ထိုအရာသည် လေ့ကျင့်မှုအနည်းငယ် ပြီးသည့်နောက်တွင် ၇ ရာခိုင်နှုန်းအထိ ရောက်ရှိသွားနိုင်သည်။
ဒီအစောင့်အရှောက်ရာထူးက တကယ်တမ်းတော့ စာချုပ်ချုပ်ဆိုထားတဲ့ လူသားဧကရာဇ် လိုမျိုးပဲ…
ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ တွေးလိုက်မိ၏။ ယန်းလီလင်း၏ တာဝန်က အသင်္ချေအင်ပါယာကမ္ဘာအား ကပ်ဘေးရောက်လာသည့်အခါ ကာကွယ်ပေးဖို့ ဖြစ်သည်။
အခု ဒီရာထူးသုံးခုလုံးက ဒိုင်မေးရှင်းအနိမ့်မှာ ပေါ်ထွက်လာခဲ့ပြီဆိုတော့ ယင်ကျန်း ခင်ဗျား ဘာလုပ်မှာလဲ…
လီကျွင်းက သူ့ဇနီးဆီ သွားရောက်ဖက်ကာ နမ်းရှိုက်လိုက်ကြသည်။ အကယ်၍ ဝမ်ဝေ့၏ ချောင်းဟန့်သံကြောင့်သာ မဟုတ်လျှင် ထိုနှစ်ဦးက မည်မျှပင် ချစ်ကြည်နူးနေမှန်း မည်သူကများ သိမည်နည်း။
“လိုရင်းကို လုပ်ရအောင်” ဝမ်ဝေ့က ပြောလိုက်စဉ် နှစ်ဦးသားက ခေါင်းညိတ်လိုက်ကြသည်။
“ငါ ယန်းလီလင်းက ဒီနေ့မှာ ဆေးလုံးဝိဇ္ဇာဧကရီဘွဲ့ကို ယူပြီး အသင်္ချေအင်ပါယာကမ္ဘာရဲ့ အစောင့်အရှောက် ဖြစ်လာခဲ့ပြီ။ ငါ့ရဲ့ မွေးရပ်မြေကို ကာကွယ်ပေးပြီး စည်ပင်ကြွယ်ဝမှုကို ကြာရှည်ခံဖို့ အသက်နှင့်လဲပြီး ကာကွယ်ပေးမယ်”
“ငါ လီကျွင်းကို သွေးရောင်သတ်ဖြတ်သူ ဧကရာဇ်နဲ့ သံသရာခုံရုံးရဲ့ အုပ်ချုပ်သူ မြေကမ္ဘာဧကရာဇ်လို့ သိကြတယ်။ စိတ်ဝင်စားတဲ့သူတိုင်းက နောက်ဘဝကို ကာကွယ်ဖို့ ထိုက်တန်တယ်ဆိုတာကို သိချင်ရင် စစ်ဆေးမှုကို လာရောက်ဖြေဆိုလို့ရတယ်”
သူတို့၏ အသံက အသင်္ချေအင်ပါယာကမ္ဘာ အသိုက်အဝန်းတစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။ ထိုထက် ပျံ့နှံ့မသွားခြင်းမှာ ဝမ်ဝေ့က တားဆီးထား၍ ဖြစ်၏။ အကြည့်အားလုံးက အမြင်ရုပ်လွှာများအပေါ် ရောက်ရှိလာပြီး ကမ္ဘာကြီးက အဓိကအင်အားစုများထံ ထပ်မံပြောင်းလဲတော့မည် ဖြစ်ကြောင်း တွေးနေကြသည်။
တချို့သူများက ထိုသတင်းကြောင့် အံ့အားသင့်ခြင်း မရှိပေ။ အထူးသဖြင့် သူတို့က ယုယန် တာအိုသက်သေပြပြီးသည်ကို မြင်တွေ့ပြီးသည့်နောက်တွင် မှန်းဆထားပြီးသား ဖြစ်၏။
“ဟမ်” ဝမ်ဝေ့က တစ်စုံတစ်ခုကို ခံစားမိ၍ တစ်နေရာကို လှမ်းကြည့်ကာ ရေရွတ်လိုက်သည်။