ဝန်ထုပ်
Vol. 78 Ch. 1089
ဟယ်ရှစ်ယီက ပုလ္လင်ပေါ်တွင် ထိုင်ကာ ခန္ဓာကိုယ်မှ ပြင်းထန်သည့် မီးတောက်လိုမျိုး အငွေ့အသက်များ ထုတ်လွှင့်နေသည်။ သူက ရုတ်တရက်ဆိုသလို ရွှေရောင်ပြောင်းသွားသည့် မျက်လုံးကို ဖွင့်ကြည့်လိုက်သော်လည်း သွေးများ စီးကျလာ၏။ ဟယ်ရှစ်ယီက သေဆုံးပြီးသော အရာဝတ္ထုများကဲ့သို့ မီးခိုးရောင်ပြောင်းနေသည့် သူ့လက်ဖဝါးကို မကြည့်ခင် သွေးများကို သုတ်လိုက်သည်။
သူက လက်ဖဝါးကို ကုသဖို့ ပြန်လည်ကုစားရေးစွမ်းအားတချို့ကို လှုံ့ဆော်လိုက်သော်လည်း အကျိုးသက်ရောက်မှု မရှိခဲ့ပေ။ ဆေးလုံးသောက်သုံးပြီးမှသာ အောင်မြင်သွားခဲ့၏။ သူက လက်ဝှေ့လိုက်ပြီး ဆံပင်နှင့် မုတ်ဆိတ်တို့တွင် အဖြူရောင်စွက်နေသည့် လူငယ်လေးကို ပြသနေသည့် အစီအရင်ကို အသက်သွင်းလိုက်သည်။ ထိုသူတွင် ပညာရှင်တစ်ယောက်၏ အငွေ့အသက်မျိုး ပိုင်ဆိုင်ထား၏။
“ဥက္ကဋ္ဌ ” ဟယ်ရှစ်ယီက ပြောလိုက်သည်။
“အရှင်ဟယ်” ကုန်သွယ်ရေးဗဟိုချက် ဥက္ကဋ္ဌက ပြောလာသည်။
“ကျုပ်က အခြေအနေအရ တည့်တိုးပဲ ပြောလိုက်တော့မယ်။ ကြယ်တာရာသားရဲကမ္ဘာက စည်းမျဉ်းတွေကို ချိုးဖောက်ပြီး အဆုံးမဲ့အေးခဲခြင်းကမ္ဘာဆီ စတင်ကျူးကျော်နေပြီလို့ သတင်းရလိုက်တယ်။ အဲဒါက ဘာကိုဆိုလိုတာလဲဆိုတာ နားလည်မှာပါ”
ဟယ်ရှစ်ယီက နားလည်သည်။ အဆုံးမဲ့အေးခဲခြင်းကမ္ဘာသည် ကြယ်တာရာသားရဲကမ္ဘာနှင့် အနီးကပ်ဆုံး ကမ္ဘာ ဖြစ်ပြီး အတုအယောင် ထာဝရဧကရာဇ် တစ်ယောက်သာ ရှိထားသည်။ သူက သူ့စွမ်းအားအပြည့်ဖြင့် ကိုယ်ပွားကိုးယောက်ကို ဖန်တီးနိုင်ခွင့်ပြုထားသည့် ထူးကဲစိတ်ဝိညာဉ်သဏ္ဍာန်ချီ ရရှိထားသော်လည်း များများစားစား ပြောင်းလဲသွားမည် မဟုတ်ပေ။ အားလုံးက ကြယ်တာရာသားရဲကမ္ဘာ အနိုင်ရရှိမည်မှန်း သိထားကြသည်။
အဘယ်ကြောင့် ဂရုစိုက်နေရသနည်း။ ထိုအရာမှာ ကျူးကျော်မှုနောက်ကွယ်တွင် အရေးပါမှုကြောင့် ဖြစ်၏။ ကုန်သွယ်ရေးဗဟိုချက်က အဖွဲ့သားတိုင်းအား တစ်ယောက်နှင့် တစ်ယောက် မကျူးကျော်ဖို့နှင့် ခုံရုံးကို မဖြန့်ဝေဖို့ တားမြစ်ထားသည်။ သို့သော် ယခုအခါ မူလိန်နှင့် သူ့ဇနီးတို့က ကုန်သွယ်ရေးဗဟိုချက်၏ စည်းမျဉ်းများကို စိန်ခေါ်ကာ ချိုးဖောက်လိုက်၍ ဖြစ်သည်။ အကယ်၍ သူတို့သာ မတုံ့ပြန်ပါက နှစ်ထရီလီယံပေါင်းများစွာ တည်ဆောက်ထားရသည့် ဂုဏ်သိက္ခာ၊ ဩဇာတိက္ကမနှင့် အာဏာတို့က ပျက်စီးသွားလိမ့်မည်။
ထို့ကြောင့် မည်သို့ပင်ဖြစ်စေကာမူ သူတို့က ကြယ်တာရာသားရဲကမ္ဘာကို ပိတ်ဆို့ရမည် ဖြစ်ရာ ပထမဆုံး ကောင်းကင်ဧကရာဇ် ဝမ်ဝေ့နှင့် တိုက်ခိုက်ရမည်ဟု ဆိုလိုနေခြင်း ဖြစ်၏။
“ကျုပ် သိပြီ” ဟယ်ရှစ်ယီ၏ အသံက အင်မတန် တည်ငြိမ်နေသည်။
“ အဲလိုဆိုရင် ကျုပ်တို့သဘောတူညီချက်အရ လှုပ်ရှားဖို့ ပြင်ဆင်ပြီးပြီလား”
ဟယ်ရှစ်ယီက ရပ်တန့်သွားသည်။ အကယ်၍ သူ့အပေါ်သာ မူတည်နေပါက နည်းနည်းလောက် ကြာကြာ ထပ်စောင့်ဆိုင်းလိုသည်။
“ကျုပ် ပြင်ဆင်ပြီးပါပြီ”
“အဲလိုဆိုရင်တော့ စိတ်အေးရပြီ” ဥက္ကဋ္ဌက ပြောလိုက်သည်။
“ တခြားအကူအညီ လိုသေးလား။ တောင်းဆိုဖို့ အားမနာနဲ့နော်”
“အခုထိ မလိုသေးပါဘူး” ဟယ်ရှစ်ယီက ပြန်ဖြေလိုက်သည်။
“ကောင်းပြီလေ။ ခင်ဗျားဆီကနေ သတင်းကောင်းစောင့်နေမယ်”
အစီအရင် ဆက်သွယ်မှုက အဆုံးသတ်သွားခဲ့ပြီး ဟယ်ရှစ်ယီက အတွေးနက်နေမိသည်။ သူက ဝမ်ဝေ့နှင့် ရင်ဆိုင်ဖြေရှင်းပေးဖို့အတွက် ကုန်သွယ်ရေးဗဟိုချက်မှ အရင်းအမြစ်များစွာ ရယူထားခဲ့သည်။ သူ့အပြုအမူများက စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းအား ပြန်လည်အားဖြည့်ပေးနိုင်ခဲ့သော်လည်း ယခုအခါ ကံကြွေး ပြန်ပေးဆပ်ရမည့် အချိန် ကျရောက်လာလေပြီ။
ဟယ်ရှစ်ယီ၏ အကြည့်က တိတ်တဆိတ် ထိုးဖောက်သွားကာ ကောင်းပေါ်ချင်းနှင့် ဖျက်ဆီးခြင်းအရှင်တို့ကို စောင့်ကြည့်လိုက်သည်။ သူက ထိုလူများသည် တာအိုအခွင့်အလမ်းဂိုဏ်းနှင့် ပတ်သက်နေမှန်း သိ၍ သတ်ဖို့ ထည့်စဉ်းစားခဲ့သည်။ သို့သော် ဝမ်ဝေ့က ထိုသို့သော ထာဝရအဆင့် ပုဂ္ဂိုလ်တစ်ဦးအား သေဆုံးခွင့်ပေးမည် မဟုတ်ဘဲ ဝင်ရောက်စွက်ဖက်လာနိုင်ကြောင်း သိထား၏။
ဟယ်ရှစ်ယီက သူတို့တိုက်ပွဲကို တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာတွင် မဖြစ်စေလိုပေ။ သူက ဒုတိယအကြိမ် အစီအရင်ကို အသက်သွင်းလိုက်ပြီးနောက် သူ့နှင့် မျက်နှာချင်းဆိုင်တွင် အနက်ရောင် အရိပ်များကိုသာ မြင်လိုက်ရသည်။
“ခင်ဗျားတို့ ဘယ်သူလဲဆိုတာ သိပြီးပြီ။ ဘာလို့ ဟန်ဆောင်နေဦးမှာလဲ”
“ငါတို့ရဲ့ ရန်သူကြောင့် ဘယ်တော့မှ သတိကြီးကြီးထားတယ်ဆိုတာ မရှိဘူး။ မင်း လှုပ်ရှားတော့မှာလား”
“ဟုတ်တယ်။ ခင်ဗျားတို့ ကတိကရော”
“အဆင့်သင့်ပြင်ထားပြီးသား”
ဟယ်ရှစ်ယီ ရှေ့မှောက် မုခ်ဝတစ်ခု ပွင့်လာကာ အဆောင်တစ်ခု ထွက်ပေါ်လာသည်။ သူက အံ့ဖွယ်အသိစိတ်ဖြင့် စစ်ဆေးကြည့်ပြီးသည့်နောက် ခေါင်းညိတ်လိုက်သည်။
“မင်း ကံကောင်းပါစေ” ထိုပုံရိပ်က ပြောပြီးသည့်နောက် ပျောက်ကွယ်သွားသည်။
ဟယ်ရှစ်ယီက တိုက်ပွဲအတွက် ပြင်ဆင်ရန် ဂိုဏ်း၏ လျို့ဝှက်ဒိုင်မေးရှင်းထဲ ထွက်လာခဲ့လိုက်၏။
……………….
အမည်မသိ နေရာတစ်ခု၌
လူငါးယောက်က ပေါ်ထွက်လာကာ အားလုံးက စားပွဲကို ဝိုင်းလျက် ထိုင်နေကြသည်။ အကုန်လုံးသည် အနက်ရောင်အကာ သို့မဟုတ် ပဝါဖြင့် ဖုံးထားဟန်ဖြင့် ၁ မှ ၉ အထိ နံပါတ်စဉ် တပ်ထားလေသည်။
“နံပါတ်တစ် ဘာဖြစ်သွားတာလဲ” နံပါတ်လေးက မေးလိုက်သည်။
“တိုက်ပွဲက စတော့မှာ” နံပါတ်တစ်က ပြောလိုက်သည်။ ထိုစကားများကို ပြောလိုက်သည်နှင့် အခန်းတစ်ခုလုံး ချက်ချင်း ဆိတ်ငြိမ်သွားသည်။
“ငါတို့ အစီအစဉ် အလုပ်ဖြစ်ပါ့မလား” နံပါတ်နှစ်က မေးလိုက်သည်။
“အခု ဆိုးရွားတဲ့ အစနဲ့ စနေပြီ” နံပါတ်ရှစ်က ပြောလိုက်သည်။ သူတို့၏ နဂိုအစီအစဉ်က ဝမ်ဝေ့သည် နံပါတ်တစ်ဆယ်ကို သတ်လိုက်ခြင်းဖြင့် ကံဆက်နွယ်မှု ရှိလာကာ အစပြုလာခြင်း ဖြစ်၏။ သူတို့က ဒိုင်မေးရှင်းအမြင့်တွင် အင်အားစုများနှင့် မျိုးနွယ်များက သူတို့၏ ထာဝရဧကရာဇ်တစ်ယောက်ယောက် အသတ်ခံရသည့်အခါ အသိပေးဖို့ အသုံးပြုကြသည့် ရှားပါးပစ္စည်း မှတ်ဉာဏ်အလုံးကိုပင် ပြင်ဆင်ထားခဲ့သည်။
ထိုအလုံးက အနီရောင်ပြောင်းလဲသွားမည် ဖြစ်ကာ သူတို့နှင့် နီးကပ်သူတစ်ယောက်ယောက်ကို မေ့လျော့သွားကြောင်းနှင့် ပြန်လည်အသက်သွင်းဖို့ ဖြစ်နိုင်မလားဆိုတာကို သိနိုင်ရန် ပြသလိမ့်မည်။ ထိုပစ္စည်းက ပါဝင်ပစ္စည်းများကပင် ရှားပါးလှ၍ ရှာတွေ့ဖို့ ခက်ခဲလှသည်။
“ အကောင်းဆုံး မျှော်လင့်ထားရမှာပဲ” နံပါတ်တစ်က ပြောလိုက်သည်။
“အိုး ဒါက အားကြီးသူတွေ ကျဆုံးသွားပုံကိုး”
“နံပါတ်တစ်ဆယ် အဲဒါဘာပြောတာလဲ”
“ ငါက နံပါတ်တစ်ဆယ် မဟုတ်ဘူး” သူက စားပွဲကို ရိုက်ချကာ ပြောလိုက်သည်။ သူက ပဝါကိုပင် ဖံယ်လိုက်ပြီး ဆံပင်ဖရိုဖရဲနှင့် အသက်ကြီးကြီး အမျိုးသားတစ်ယောက် ပေါ်ထွက်လာခဲ့သည်။ အကယ်၍ အစီအရင်ကြောင့်သာ မဟုတ်ပါက ထိုလူများက သူ့ဆီမှ အရက်နံ့ပင် ရလိမ့်မည်။
“ငါ့နာမည်က ရှောင်းဝေ့ယွမ်။ ငါ ဒီဘဝကြီးကို သောက်ရမ်းငြီးငွေ့နေပြီ။ ငါတို့က ခေါင်းမော့မော့ထားပြီး ဘုရင်လို နေခဲ့ကြတာ။ အခု ဒီတာဝန် စလိုက်ကတည်းက အရာအားလုံး ဂွမ်းကုန်ရော ”
“ ကာကွယ်ရေးကို ပြန်ဝတ်ထားလိုက်။ ရှာတွေ့ခံချင်နေတာလား” နံပါတ်နှစ်က သတိပေးလိုက်သည်။
“သောက်ဂရုမစိုက်ဘူး ”
“တော်တော့” နံပါတ်တစ်က လက်ဝှေ့လိုက်ပြီး သူ့အား အစည်းအဝေးမှ ထုတ်လိုက်သည်။ သူက အားလုံးကို ကြည့်ကာ အလေးအနက် ပြောလိုက်၏။
“ အရေးပေါ်တာဝန် - ငါတို့တွေ နံပါတ်တစ်ဆယ်ရဲ့ ကမ္ဘာကို သွားပြီး တတ်နိုင်သမျှ သုတ်သင်ပစ်ရမယ်”
အစည်းအဝေးက စက္ကန့်ပိုင်းကြာ တိတ်ဆိတ်သွားသည်။
“ဒါက လိုလို့လား” နံပါတ်ငါးက မေးလိုက်သည်။
“ သူက ဝန်ထုပ် ဖြစ်လာပြီ။ ဒီလိုအရက်သမားကို ငါတို့ရဲ့ သေခြင်းတရားကို ဖြစ်စေလို့ မဖြစ်ဘူး” နံပါတ်တစ်က ပြောလိုက်သည်။ သူ့ဘဝက ဒိုင်မေးရှင်းအနိမ့်ဆီ ဆင်းသက်လာကတည်းက ဆိုးရွားနေပြီ ဖြစ်၏။ သို့သော် သူက လက်မလျော့လိုပေ။ သူတို့၏ အစီအစဉ်သာ အောင်မြင်သရွေ့ မွေးရပ်မြေဆီ ဂုဏ်သိက္ခာနှင့် အာဏာတို့ဖြင့် ပြန်သွားနိုင်သည်။
“ဒါက အကောင်းဆုံးအတွက်ပဲ” နံပါတ်နှစ်က ထပ်ပြောလိုက်သည်။ မည်သူကမှ မသေလိုကြပေ။ အောင်မြင်မှု မရှိဘဲ မွေးရပ်မြေဆီ ပြန်ဖို့က ရွေးချယ်စရာ မဟုတ်သည့်အတွက် သူတို့အတွက် ကိစ္စများကို အဆင်ပြေချောမွေ့အောင် လုပ်ရုံမှအပ ရွေးစရာ မရှိကြပေ။
………………
အသင်္ချေအင်ပါယာကမ္ဘာ၊ ကောင်းကင်ခုံရုံး
တစ်ပတ်တာ ကြာမြင့်သွားပြီဖြစ်ရာ ဝမ်ဝေ့က သူ့ကို ခေါ်နေသည့် အရှိန်အဝါတစ်ခုကို ခံစားမိလိုက်၍ မျက်လုံးပွင့်လာသည်။ သူက လှမ်းကြည့်လိုက်သည့်အခါ ဟယ်ရှစ်ယီ စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရ၏။ သူက တခြားနေရာများကိုပါ လှမ်းကြည့်လိုက်မိသည်။ သူက ကြယ်တာရာသားရဲကမ္ဘာသည် သူတို့လိုမျိုး အရေးသာချက် ရထားသော်လည်း ရန်သူဘက်က အတော်လေး ခုခံနေ၍ စစ်ပွဲက မဆုံးဖြတ်နိုင်သေးပေ။
အဆုံးမဲ့အေးခဲခြင်းကမ္ဘာက ကုန်သွယ်ရေးဗဟိုချက်မှ သတိပေးချက်ကြောင့် ကြိုတင်ပြင်ဆင်ထားခဲ့၍ အလွှာနိမ့်နှင့်ပါ အဆက်အသွယ်ရှိထားလေသည်။ ထို့အပြင် သူတို့၏ ဧကရာဇ်က သူ့အထွတ်အထိတ် စိတ်ဝိညာဉ်သဏ္ဍာန် ချီကို အားအပြည့် ထုတ်သုံးပြီး ထာဝရတန်းစားရှိထားသည့် ကိုယ်ပွားများကို သတ်သေဗုံးများအဖြစ် ပြောင်းလဲဖို့ တုံ့ဆိုင်းမနေပေ။
အရာအားလုံးက အခုမှစခါစပဲ ရှိသေးတယ် ….
ဝမ်ဝေ့က ဤတိုက်ပွဲအတွင်း တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့လျှင်ဆိုသည့် အနေအထားအတွက် အဆောင်တချို့ကို လူတချို့ထံ ပေးပို့ လှမ်းဆက်သွယ်လိုက်သည်။ သူက ကမ္ဘာအသိုက်အဝန်းနှစ်ခုကြားမှ နေရာဖြစ်သည့် လေဟာနယ်ဇုန်ဆီ ရောက်လာလေ၏။ ဝမ်ဝေ့က ထိုသူသည် သူတို့တိုက်ပွဲ၏ နောက်ဆက်တွဲကြောင့် အနီးအနားကမ္ဘာများနှင့် တခြားကမ္ဘာ့အသိုက်အဝန်းများအပေါ် သက်ရောက်မှု ကာကွယ်ဖို့အတွက် ဤနေရာကို သူတို့တိုက်ပွဲမြေပြင်အဖြစ် ရွေးချယ်ရသည့် အကြောင်းအရင်းကို မှန်းဆမိလိုက်သည်။
ဝမ်ဝေ့က ဟယ်ရှစ်ယီကို ကြည့်နေရင်း လျို့ဝှက်နည်းလမ်းများကို စစ်ဆေးကြည့်ခဲ့သည်။
“ အဲဆိုတော့ မင်းက ငါ့ကို အနိုင်ယူဖို့ ဒီလောက်တောင် လုပ်ချင်တယ်ပေါ့”
“မင်းကို သတ်ဖို့ ဟုတ်တယ် ”
“ထိုက်တန်ရဲ့လား”
“မင်း ဘယ်လိုထင်လဲ”
“ နောက်ဆက်တွဲရော။ မင်းက ငါ့ကို သတ်နိုင်မှာမှ မဟုတ်တာ အဲနောက်ရော” ဝမ်ဝေ့က မေးလိုက်သည်။
“ငါ ကုန်သွယ်ရေးဗဟိုချက်ရဲ့ အရင်းအမြစ်တွေကို သုံးပြီး ယိုယွင်းမှုကို လျော့ချနိုင်တယ်။ ပြန်လည်ဝင်စားခြင်း အနည်းငယ်အပြီးမှာ ငါ အသုံးအဆောင်ပစ္စည်းရဲ့ အငွေ့အသက်နဲ့ အမှတ်အသားကို ဆေးကြောနိုင်တယ်” ဟယ်ရှစ်ယီက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
“ဆုံးဖြတ်ချက် ပြတ်သားတာပဲ။ မင်းကို နည်းနည်း လေးစားမိတယ်ဆိုတာတော့ ဝန်ခံရမယ်” ဝမ်ဝေ့က ပြောလိုက်သည်။
ဟယ်ရှစ်ယီက ကောင်းကင်ဘုံအဆင့် လက်နက်အပျက်ဖြင့် ပေါင်းစည်းခဲ့၍ သူ့တာအို ပျက်ယွင်းသွားခဲ့ရသည်။ သို့သော်လည်း ဤသည်မှာ သူက ဝမ်ဝေ့ကို သုတ်သင်ပစ်ဖို့ ဘယ်လောက်အထိ လုပ်လိုလဲ ပြသနေခြင်း ဖြစ်၏။
“မင်းရဲ့ လေးစားမှု မလိုဘူး။ မင်း ငါ့ခြေထောက်အောက်မှာ ဝပ်တွားလာတဲ့အခါ မင်း ငါ့ဂိုဏ်းပေါ် လုပ်ခဲ့တဲ့ကိစ္စကို လက်စားချေနိုင်ပြီးတော့ အေးချမ်းသွားနိုင်ပြီ” သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် တိုက်ခိုက်လိုသည့် အငွေ့အသက်တို့ ထုတ်လွှင့်လာသည်။
“ထူးဆန်းတယ် … ငါ မင်းကို သုံးသပ်ထားသလောက် မင်းက ဂိုဏ်းကို ချစ်ပေမဲ့ ဒီလောက်အထိ မဟုတ်ပါဘူး” ဝမ်ဝေ့က ပြောလိုက်သည်။
“မဟုတ်သေးဘူး။ မင်းရဲ့ အပြုအမူတွေက တာဝန်ဝတ္တရားကြောင့် မဟုတ်ဘဲနဲ့ မာနနဲ့ အားကျမနာလိုစိတ်ကြောင့်ပဲ။ ငါ လက်ခံရထားတဲ့ ဂုဏ်သတင်း၊ အာဏာ၊ ကျော်ဇောမှုနဲ့ လေးစားမှုအားလုံးက မင်းအပိုင် ဖြစ်သင့်တယ်လို့ ခံစားမိနေတာ။ အဲဒါက မင်းအတွက် ဖြစ်သင့်ရက်သားနဲ့ ငါက ခိုးသွားတယ်လို့ ခံစားနေရတာ။ မင်းက ဒီလို စိတ်ကြီးဝင်တဲ့ရောဂါ ဘယ်ကနေ ရလာတာလဲ” ဝမ်ဝေ့က ဦးနှောက်ခြောက်စွာ ပြောလိုက်သည်။
“ မင်းရဲ့ အဓိပ္ပါယ် မရှိတာတွေအတွက် အချိန်မရှိဘူး” ဟယ်ရှစ်ယီက ပြောလိုက်သော်လည်း သူ့အကြည့်များက ပိုခက်ထန်လာခဲ့သည်။
“စလိုက်ကြရအောင်”
“ ကောင်းပြီလေ။ ဒါပေမဲ့ ဒီတိုက်ပွဲအတွက် ဒီနေရာက သိပ်မကောင်းသေးဘူး” ဝမ်ဝေ့က သူ့ရှေ့ ရုတ်ချည်းပေါ်ထွက်လာပြီး မျက်နှာမှ ကိုင်ဆွဲကာ သူ့လေဟာနယ် တိုက်ပွဲကွင်းပြင်ထဲ ခေါ်ဆောင်သွားခဲ့သည်။ ဤနေရာက သူ့မွေးရပ်မြေ ဖြစ်ရုံသာမက အဆိုးဆုံးအခြေအနေအတွက်လည်း ပြင်ဆင်ထားလေသည်။