← Chapters

မဟာတာအိုပညာရှိချုပ်များထဲတွင် ထိပ်တန်း တည်ရှိမှု

Vol. 81 Ch. 851

မဟာတာအိုပညာရှိချုပ်များထဲတွင် ထိပ်တန်း တည်ရှိမှု

Vol. 81 Ch. 851

ဟန်ကျွယ်ဟာ အလွန်လျင်မြန်စွာ တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။ မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်းဟာ တာအိုပညာရှိတွေ မတုံ့ပြန်နိုင်ခင်မှာပဲ စကြဝဠာခန်းမထဲကနေ ပျံထွက်ပြီး အမှောင်တားမြစ်နယ်မြေထဲကို တားဆီးမရတဲ့ အရှိန်အဟုန်နဲ့ ပျံသန်းသွားပါတယ်။

ဓားချီ ဦးတည်ရာမှာရှိတဲ့ ကောင်းကင်တာအိုရဲ့ အသွင်မဲ့နံရံဟာ စောစောက ဖျက်ဆီးခံလိုက်ရတာမလို့ ဓားချီသွားရာလမ်းကြောင်းမှာ ဘာအတားအဆီးမှ မရှိတော့ပါဘူး။

ဓားချီဟာ ပဋိပက္ခကို လျင်မြန်စွာ ဖြတ်သန်းပြီး တာအိုဘိုးဘေးဆီ တစ်ဟုန်ထိုး ခရီးနှင်ပါတယ်။

အလင်းတိုင်ထဲမှာပဲ ရှိသေးတဲ့ တာအိုဘိုးဘေးရဲ့ ရောင်ဝါကလည်း အရူးအမူး ထိုးတက်လာပါတယ်။ ဒါပေမဲ့ ဒီထက်မြန်ဆန်လွန်းတဲ့ ဓားချီဟာ တာအိုဘိုးဘေးကို လွှမ်းမိုး ဖုံးအုပ်သွားပါတယ်။ အလင်းတိုင်ဟာ ထပ်ပိုင်းဖြတ်ခံရပြီး အာကာသဟာ ပြင်းထန်စွာ ရှုံ့တွသွားပါတယ်။ မြင်ကွင်းကလည်း ဝိုးတိုးဝါးတားဖြစ်ပြီး မသဲမကွဲ ဖြစ်သွားပါတယ်။

အလင်းတိုင်ရဲ့ တစ်ပိုင်းဟာ ဓားချီရဲ့ ဖြတ်တောက်မှုကို ခံရပြီးနောက် သူ့ဘာသာ လွှင့်ပါး ပျောက်ကွယ်သွားပါတယ်။ တာအိုဘိုးဘေးကလည်း ဆက်ပြီးတော့ မတည်ရှိနိုင်တော့ပါဘူး။

စကြဝဠာခန်းမထဲက ဟန်ကျွယ်ဟာ မျက်နှာတစ်ချက် မပျက်ဘဲ အထွတ်အထိပ် နိယာမက ဆင်းသက်လာတဲ့ အလင်းတိုင်ကိုသာ စိုက်ကြည့်နေပါတယ်။ တခြားတာအိုပညာရှိတွေလည်း အတူတူပါပဲ။ ဒီတိုက်ပွဲ ဖြစ်ပွားရာ အပျက်အစီး ဟင်းလင်းပြင်က ကောင်းကင်တာအိုနဲ့ သိပ်မဝေးတဲ့အတွက် သာမန် ကောင်းကင်တာအိုပညာရှိတွေတောင် မြင်နိုင်ကြပါတယ်။

တာအိုပညာရှိတွေဟာ ဟန်ကျွယ်က တာအိုဘိုးဘေးကို သတ်လိုက်တာ တွေ့လိုက်ရတဲ့အခါမှာတော့ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။

ဒီအချိန်မှာပဲ တာအိုဘိုးဘေးရဲ့ ရုပ်သွင်က အလင်းတိုင်ထဲမှာ ထပ်ပြီးတော့ ခဲလာပါတယ်။ ဟန်ကျွယ်ကလည်း မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်းကို သုံးပြီး တာအိုဘိုးဘေးကို ထပ်သတ်လိုက်ပါတယ်။

မကြာခင်မှာ တာအိုဘိုးဘေးက ဆက်ပြီးတော့ ခဲပါတယ်။ ဟန်ကျွယ်ကလည်း ဆက်ပြီးတော့ တိုက်ခိုက်ပါတယ်။ ဒီလို တာအိုဘိုးဘေးက ခဲလာလိုက် ဟန်ကျွယ်က သတ်လိုက်နဲ့ အကြိမ်ရာကျော် သံသရာလည်သွားပါတယ်။

တာအိုပညာရှိတွေဟာ ဟန်ကျွယ်ကို ကြည့်ပြီး ဆွံ့အကုန်ပါတယ်။ သူတို့သာ ဟန်ကျွယ်နေရာမှာဆိုရင် ထိတ်လန့်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း သိတော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ကတော့ တိုက်ပွဲတိုက်ရတာကို ပျော်ပြီး ပြုံးတောင် ပြုံးနေပါသေးတယ်။

ဟန်ကျွယ် အခုလိုမျိုး ဇွဲရှိရှိ ဆက်တိုက်နိုင်တာက အလင်းတိုင် အားနည်းလာတာကို ခံစားမိတာကြောင့်ပါ။ ဒီလိုသံသရာ ဆက်လည်နေရင် အလင်းတိုင်က မကြာခင်မှာ လွှင့်ပါး ပျောက်ကွယ်သွားတော့မှာပါ။

‘ဒါက မင်းတတ်နိုင်တာ အကုန်ပဲလား...’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ အထင်သေးသွားပါတယ်။

ဟန်ကျွယ်ဟာ ဆက်ပြီးတော့ တိုက်ခိုက်ပါတယ်။ ဒီလိုနဲ့ အကြိမ်တစ်ထောင် အရောက်မှာတော့ အလင်းတိုင်ဟာ ကွဲကြေသွားပြီး တာအိုဘိုးဘေးလည်း ပျောက်ကွယ်သွားပါတယ်။

လောကကြီးလည်း ငြိမ်းချမ်းသွားပါတယ်။

ဒါပေမဲ့ စကြဝဠာခန်းမဟာ တိတ်ဆိတ်နေပြီး တာအိုပညာရှိတွေဟာ သတိ တစ်ရွေးသားတောင် မလျှော့ရဲကြပါဘူး။

လျှို့ဝှက်ဆန်းကြယ် အာကာသ။

မိစ္ဆာ ကောင်းကင်ဧကရာဇ်က မေးလိုက်ပါတယ် “စီနီယာ... ပြီးသွားပြီလား”

လျှိူ့ဝှက်ဆန်းကြယ် အရိပ်ကြီးက ပြန်ဖြေပါတယ် “ငါ မပြောတတ်ဘူး၊ ဒီကပ်ဘေးပြီးမပြီးက တစ်ဖက်လူဆီမှာ အရန်အစီအစဉ် ရှိလား မရှိလားအပေါ် မူတည်တယ်၊ ဒါပေမဲ့ ဒီကောင်လေးက...”

လျှို့ဝှက်ဆန်းကြယ် အရိပ်ကြီးက ဆက်မပြောပေမဲ့ သူ ဘာပြောချင်လဲဆိုတာကို မိစ္ဆာ ကောင်းကင်ဧကရာဇ်က နားလည်ပါတယ်။

“အဟွတ်..အဟွတ်... ဒီကောင်လေးရဲ့ ပြတ်သားမှုက တကယ်ကို ထူးခြားတယ်...” မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ကသိကအောက် ပြောလိုက်ပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ ရင်ထဲမှာတော့ ဂုဏ်ယူမှု အပြည့်ပါ။

ဒါက သေရေးရှင်ရေး တိုက်ပွဲပါ။ ဘာဖြစ်လို့ ရန်သူ အားအကောင်းဆုံးဖြစ်တဲ့ အချိန်ကို စောင့်ပြီးတော့ တိုက်ခိုက်ရမှာလဲ။

မိစ္ဆာ ကောင်းကင်ဧကရာဇ်က မေးလိုက်ပါတယ် “အဲဒီတာအိုဘိုးဘေးက ပင်မခန္ဓာကိုယ်လား”

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ ကောင်းကင်တာအိုရဲ့ တာအိုဘိုးဘေးက တကယ် စွမ်းအားကြီးတာ၊ ကောင်းကင်တာအိုကို မလွှတ်ချနိုင်လို့သာ မဟုတ်ရင် သာလွန်အဆင့်ကို ရောက်တာ ကြာလှပြီ”

လျှို့ဝှက်ဆန်းကြယ် အရိပ်ကြီးရဲ့ စကားက မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို တွေးတွေးဆဆ ဖြစ်သွားစေပါတယ်။

အတန်ကြာတဲ့အခါမှာတော့ မိစ္ဆာ ကောင်းကင်ဧကရာဇ်က မေးလိုက်ပါတယ် “ပဋိပက္ခထဲမှာ တာအိုဘိုးဘေးက စွမ်းအား ဘယ်လောက် ကြီးလဲ၊ စီနီယာနဲ့ ယှဉ်ရင် ဘယ်လိုနေလဲ”

“မင်း မဟာတာအိုပညာရှိချုပ်တွေရဲ့ တည်ရှိမှုကို သိပြီးပြီပဲ၊ မဟာတာအိုပညာရှိချုပ်က ပဋိပက္ခမှာ ထိပ်ဆုံးပဲ၊ တာအိုဘိုးဘေးက မဟာတာအိုပညာရှိချုပ်တွေထဲမှာတောင် ထိပ်တန်းအဆင့် ရှိတယ်၊ သူ့ကို ယှဉ်နိုင်တဲ့ ကျင့်ကြံသူအရေအတွက်က လက်ချိုးရေလို့ရတယ်၊ မဟာတာအို နတ်စိတ်ဝိညာဉ်တွေထဲမှာ နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင်ပဲ သူ့ကို ယှဉ်နိုင်တယ်၊ သူက အထွတ်အထိပ်အဆင့်ကို အမြဲတမ်း ကျော်လွန်ချင်ခဲ့တာ၊ ဒါပေမဲ့ ကံဆိုးချင်တော့ သူက အများကြီး လိုသေးတယ်၊ ငါကျတော့ ပဋိပက္ခထဲမှာ မဟုတ်တော့ဘူး”

‘မဟာတာအိုပညာရှိချုပ်တွေထဲမှာ ထိပ်တန်း တည်ရှိမှု...’ မိစ္ဆာကောင်းကင်ဧကရာဇ်ဟာ ထပ်မေးလိုက်ပါတယ် “ဟန်ကျွယ်ကရော...”

ဒီတစ်ခါတော့ လျှို့ဝှက်ဆန်းကြယ် အရိပ်ကြီးဟာ တိတ်ဆိတ်သွားပါတယ်။

.....

စကြဝဠာခန်းမ။

ပန်ရှင်းဟာ အတော်ကြာတဲ့အထိ ဘာလှုပ်ရှားမှုမှ မတွေ့ရတဲ့အတွက် ပြုံးလိုက်ပါတယ် “ပြီးသွားပြီလား”

တခြားတာအိုပညာရှိတွေဟာ ပန်ရှင်းကို ပြန်မဖြေဘဲ ဟန်ကျွယ်ကို ကြည့်လိုက်ကြပါတယ်။

ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။

[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[မပြီးဆုံးသေးပါ။]

‘ငါ ထင်တော့ ထင်သားပဲ’ ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းသွားပြီး စနစ်ကို ထပ်မေးလိုက်ပါတယ် “ကောင်းကင်တာအိုကို နောက်ထပ် ဘယ်သူ တိုက်ခိုက်မှာလဲ”

[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[နတ်အာဏာရှင် စစ်သူကြီး နှစ်သောင်း။]

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

‘နှစ်ဆ ဖြစ်သွားတာလား...’

“ငါ နတ်အာဏာရှင် စစ်သူကြီးနှစ်သောင်းကို တစ်ချက်တည်း သတ်နိုင်လား”

[သက်တမ်း ၂ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[သတ်နိုင်ပါသည်။]

ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။

ဒါက ဟန်ကျွယ်အတွက် သတင်းကောင်းပါ။ အခုအချိန်မှာ ဟန်ကျွယ်ဟာ မဟာတာအို အထွတ်အထိပ်အဆင့်ရှိတဲ့ ဓားရူးတာအိုပညာရှိ တစ်ထောင်ကို တစ်ချက်တည်း သတ်နိုင်ပြီး ဓားရူးတာအိုပညာရှိ တစ်သောင်းကို နိုင်အောင် တိုက်နိုင်ပါတယ်။

ဓားရူးတာအိုပညာရှိက နတ်အာဏာရှင် စစ်သူကြီးတစ်ရာကို ယှဉ်တိုက်နိုင်တယ်လို့ ပြောပါတယ်။ တကယ်လို့ ဓားရူးတာအိုပညာရှိရဲ့ စကားသာ အမှန်ဆိုရင် ဟန်ကျွယ်က နတ်အာဏာရှင် စစ်သူကြီးတစ်သိန်းကို တစ်ချက်တည်း သတ်နိုင်ပြီး နတ်အာဏာရှင် စစ်သူကြီး တစ်သန်းကို နိုင်အောင် တိုက်နိုင်မှာပါ။

ဒါက ယုတ္တိမရှိဘူးလို့ ထင်ရပေမဲ့ အမှန်တရားပါ။ ဓားရူးတာအိုပညာရှိရဲ့ စကားက မှန်ခဲ့ရင်ပေါ့။

ဟန်ကျွယ်ဟာ သတိကြီးပေမဲ့ သူ့စွမ်းအားကို ကောင်းကောင်းကြီး နားလည်ပါတယ်။ နတ်အာဏာရှင် စစ်သူကြီးနှစ်သောင်း လာလည်း ဟန်ကျွယ်က မမူပါဘူး။ ကောင်ကင်တာအို ကပ်ဘေးကနေ လွတ်မြောက်ဖို့ ရန်သူတွေ ကောင်းကင်တာအိုကို လုံးဝ ပစ်မှတ်မထားရဲတဲ့အထိ ဖြစ်သွားအောင် ဟန်ကျွယ်အနေနဲ့ သတ်ဖို့ လိုပါတယ်။

ဟန်ကျွယ်က ပြောလိုက်ပါတယ် “မပြီးသေးဘူး၊ ဒါပေမဲ့ ငါ သူတို့ကို အဆုံးသတ်စေမယ်”

ဟန်ကျွယ်ရဲ့ လေသံက ပေါ့ပါးပေမဲ့ ဗိုလ်ကျလွန်းလှပါတယ်။ ဟန်ကျွယ်ရဲ့ စကားကြောင့် တာအိုပညာရှိတွေရဲ့ သွေးတွေဟာ ပွက်ပွက်ဆူသွားပါတယ်။

ချုံရှီလိုင်က ချီးကျူးလိုက်ပါတယ် “ကောင်းကင်တာအိုမှာ ပဋိပက္ခထဲက အထွတ်အထိပ် တည်ရှိမှုတွေလိုမျိုး ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ရှိတာ ကောင်းကင်တာအိုရဲ့ ကံကောင်းမှုပဲ”

ပန်ရှင်းဟာ ချုံရှီလိုင်ကို စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘ဒီခွေးမသားက ဘယ်အချိန်မှာ ဘယ်လို မြှောက်ပင့်ပြောရမလဲဆိုတာ တကယ် ကျွမ်းတာပဲ’

ရွှီတုတောက်ဟာ ရုတ်တရက် ဒူးထောက်ပြီး အော်ဟစ်လိုက်ပါတယ် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ အကျိုးဆောင်မှုက အနန္တပဲ”

တိတ်ဆိတ်ဂိုဏ်းရဲ့ တာအိုပညာရှိတွေလည်း ချက်ချင်း ဒူးထောက်ပြီး ဟန်ကျွယ်ကို ချီးကျူးကြပါတယ်။ တခြားတာအိုပညာရှိတွေလည်း ရွေးချယ်စရာ မရှိဘဲ ဒူးထောက်လိုက်ရပါတယ်။

ပန်ရှင်းလည်း အတူတူပါပဲ။ ပန်ရှင်းဟာ ရွှီတုတောက်ကို လှမ်းကြည့်လိုက်ပါတယ် ‘ဒီကောင်လေးက ပါးသားပဲ’

ကောင်းကင်အရှင်ရွှမ်တုလည်း ရွေးချယ်စရာ မရှိတာကြောင့် ထပ်ပြီးတော့ ဦးညွှတ်လိုက်ရပါတယ်။

လောင်တန်ရဲ့ မျက်နှာကတော့ ထူးဆန်းနေပါတယ်။

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်လိုက်ပါတယ် “ဒီလိုမလုပ်နဲ့၊ ကပ်ဘေးက မပြီးသေးဘူး”

“ဟုတ်တယ်... ဟုတ်တယ်...” တာအိုပညာရှိတွေဟာ ချက်ချင်း မတ်တတ်ရပ်လိုက်ကြပါတယ်။

ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျေနပ်သွားပြီး ရွှီတုတောက်ကို တစ်ချက် လှမ်းကြည့်လိုက်ပါတယ် ‘ဒီကောင်လေးက အနာဂတ်ကောင်း ရှိတယ်’

လောကဦး ကောင်းကင်ထောင်ရဲ့ ကျွန်ပြုတာကို ခံရတာချင်း အတူတူဆိုပေမဲ့ တခြား တာအိုပညာရှိတွေက ရွှီတုတောက်လိုမျိုး မပါးနပ်ပါဘူး။ ဒါက ဖျောက်လို့မရတဲ့ လူတစ်‌ယောက်ရဲ့ စရိုက်ပဲ ထင်ပါတယ်။

လောကကြီးမှာ ချီးကျူးတာကို မခံချင်တဲ့လူ ဘယ်နှယောက်များ ရှိလို့လဲ။ တာအိုပညာရှိတွေလည်း လူထဲကလူမလို့ အတူတူပါပဲ။

ဒီအချိန်မှာပဲ...

မဟာတာအို အထက်က အထွတ်အထိပ် နိယာမတွေဆီကနေ နောက်ထပ် အလင်းတိုင်တစ်တိုင် ထပ်မံကျဆင်းလာပါတယ်။ ဒီတစ်ကြိမ်မှာတော့ နတ်အာဏာရှင် စစ်သူကြီးတွေဟာ အလင်းတိုင် ကောင်းကင်တာအိုဆီ မရောက်ခင် ပြန်ခဲပြီး ဖြစ်သွားပါတယ်။

ချက်ချင်းဆိုသလို နတ်အာဏာရှင် စစ်သူကြီးနှစ်သောင်းဟာ ထွက်ပေါ်လာပါတယ်။ သူတို့ရဲ့ရောင်ဝါက အဆုံးမရှိတဲ့ သမုဒ္ဒရာလိုမျိုး ကျယ်ပြောလှပါတယ်။

တစ်ချိန်တည်းမှာပဲ နတ်အာဏာရှင် စစ်သူကြီး နှစ်သောင်းရဲ့ ခေါင်းထက်မှာ နောက်ထပ် အလင်းတိုင်တစ်တိုင် ပေါ်လာပါတယ်။ ဒီအလင်းတိုင်ဟာ အရင်အလင်းတိုင်ထက်စာရင် အများကြီး သေးငယ်ပေမဲ့ သူက ပိုမြန်ပါတယ်။

အလင်တိုင်သေးလေးဟာ အလွန်မြန်ဆန်တဲ့ အလျင်နဲ့ ကောင်းတာအိုဆီ တဟုန်ထိုး ရောက်လာပါတယ်။

ဟန်ကျွယ်ဟာ ဒီမြင်ကွင်းကို ကြည့်ပြီး မင်လင်းမယ်တော် ကောင်းကင်တာအိုကို တိုက်ခိုက်တုန်းက အဖြစ်အပျက်ကို ပြန်မြင်ယောင်မိသွားပါတယ်။

ဒီအလင်းတိုင်လေးက သေးသေးလေးဆိုပေမဲ့ ဖျက်ဆီးနိုင်စွမ်း အလွန်မြင့်မားတဲ့ မဟာတာအို အထွတ်အထိပ် စွမ်းအားပါဝင်နေပါတယ်။ ဒါက လောကဦး ဘိုးဘေးနတ်ဘုရား တိုက်ခိုက်မှုဆိုရင် မှားမယ် မထင်ပါဘူး။

လောကဦး ဘိုးဘေးနတ်ဘုရားက ကိုယ်ထင်မပြဘဲ ကောင်းကင်တာအိုကို ချိုးဖျက်ချင်ပုံပါပဲ။

‘သောက်ရူးတွေ...’ ဟန်ကျွယ် မျက်လုံးကျဉ်းလိုက်တဲ့အခါ ကောင်းကင်တာအို ထိပ်ဆုံးထက်မှာ ကောင်းကင်နက္ခ နတ်ဘီလူး ဓမ္မရုပ်တု ပေါ်လာပါတယ်။ ကောင်းကင်နက္ခ နတ်ဘီလူး ဓမ္မရုပ်တုဟာ ဗိုလ်ကျစိုးမိုးလွန်းပြီး မျက်နှာကလည်း ကြမ်းတမ်းလှပါတယ်။

ကောင်းကင်နက္ခ နတ်ဘီလူးဟာ ဒူးခေါင်းကို အသာကွေးပြီး တစ်ကိုယ်လုံးမှာရှိတဲ့ ခွန်အားကို ညာလက်သီးမှာ စုစည်းကာ အောက်ကနေ ပင့်ထိုးလိုက်ပါတယ်။ ဒီပင့်လက်သီးဟာ ကောင်းကင်နက္ခ မဟာတာအိုရဲ့ စွမ်းအားကြမ်းကြီး ပါဝင်နေပါတယ်။

ဟန်ကျွယ်ဟာ မဟာတာအိုပညာရှိချုပ်မလို့ ဟန်ကျွယ်ရဲ့ ဓမ္မရုပ်တုကလည်း မဟာတာအို အထွတ်အထိပ်အဆင့် ရှိပါတယ်။

“ဝေါင်း...”

ကောင်းကင်နက္ခ နတ်ဘီလူးရဲ့ ဟိန်းဟောက်သံကို ကောင်းကင်တာအိုက ဟန့်တားလိုက်ပေမဲ့ တာအိုပညာရှိတွေကတော့ ဒီအသံကို ကြားဖြစ်အောင် ကြားလိုက်ကြပါတယ်။

ဒီအသံကိုကြားပြီး တာအိုပညာရှိတွေဟာ လန့်သွားကြပါတယ်။ ဟန်ကျွယ်ရဲ့ ပြီးခဲ့တဲ့ ဓားချက်နဲ့စာရင် ဒီနတ်ဘီလူးဓမ္မရုပ်တုရဲ့ ပုံစံက ဟန်ကျွယ်ရဲ့ စွမ်းအားကို ပိုပြီးတော့ ထင်ပေါ်စေပါတယ်။

လက်သီးတစ်ချက်နဲ့ ကောင်းကင်နက္ခ နတ်ဘီလူးရဲ့ ရောင်ဝါဟာ ပဋိပက္ခဆီ ထိုးထွက်သွားပါတယ်။ ကောင်းကင်နက္ခ အထွတ်အထိပ် စွမ်းအားဟာ တလက်လက် တောက်ပတဲ့ အလင်းရောင်အဖြစ် ပြောင်းလဲပြီး ကောင်းကင်ယံကို ထိုးတက်သွားပါတယ်။

အထွတ်အထိပ်စွမ်းအား နှစ်ပါး အမှောင်ထုထဲမှာ တိုက်မိတဲ့အခါ အလွန်အားကောင်းတဲ့ အလင်းရောင် ဖြာထွက်လာပြီး အမှောင်ထုကို ဆုတ်ဖြဲပစ်လိုက်ပါတယ်။

ကောင်းကင်တာအိုကတော့ ဒီဖြစ်စဉ်ရဲ့ သက်ရောက်မှုကို မခံရပါဘူး။ ဟန်ကျွယ်က သူ့ကိုယ်ပိုင်စွမ်းအားကိုသုံးပြီး လောကဦး ဘိုးဘေးနတ်ဘုရားရဲ့ စွမ်းအားကို အလုံးစုံ ဟန့်တားလိုက်လို့ပါ။

ကောင်းကင်တာအို ကွဲကြေမသွားပေမဲ့ ကောင်းကင်တာအိုရဲ့ ကပ်ဘေးက အခုထိ မပြီးသေးပါဘူး။ ရန်လိုလှတဲ့ နတ်အာဏာရှင် စစ်သူကြီးနှစ်သောင်းက ကောင်းကင်တာအိုဆီကို တစ်ဟုန်ထိုး ချီတက်လာလို့ပါပဲ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters