နှစ်ဆယ်သန်း သဘောတူညီမှု
Vol. 81 Ch. 853
‘ကောင်းကင်တာအိုအတွက် ငါ့ကိုယ်ငါ စတေးရမယ်... ဘာလို့ စတေးရမှာလဲ’ ဟန်ကျွယ်ဟာ အများကောင်းကျိုးအတွက် ကိုယ့်အသက်ကို စွန့်လွှတ်မဲ့ လူစားမျိုး မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ အထွတ်အထိပ် စွမ်းအားနဲ့ ချက်ချင်း ပြန်ပြောလိုက်ပါတယ် “ဟာသပဲ၊ မင်း သတ္တိရှိရင် ကောင်းကင်တာအိုကို လာဖျက်ဆီးချည်၊ ဒီရန်ငြိုးကို ငါ နှလုံးသားထဲမှာ စွဲနေအောင် မှတ်ထားမယ်၊ တစ်နေ့ကျရင် ကောင်းကင်တာအိုအတွက် ငါ လက်စားချေပြမယ်”
ဟန်ကျွယ်နဲ့ လျှို့ဝှက်ဆန်းကြယ်အသံဟာ စိတ်ချင်း ဆက်သွယ်ပြီး စကားပြောဆိုကြတာ ဖြစ်တဲ့အတွက် စကြဝဠာခန်းမထဲက တာအိုပညာရှိတွေဟာ ဒီအကြောင်းကို မသိကြပါဘူး။ တာအိုပညာရှိတွေဟာ ဟန်ကျွယ်ဆီက စကားကို စိတ်ရှည်လက်ရှည် စောင့်နေကြပါတယ်။
ဟန်ကျွယ်ဟာ နောက်ထပ် စကားပြန် မရပါဘူး။ တကယ်တော့ ဟန်ကျွယ်ဟာ နတ်အာဏာရှင် စစ်သူကြီး တစ်သိန်းကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားပြီးပါပြီ။ လွတ်လမ်းမရှိဘူးဆိုရင်တောင် ဟန်ကျွယ်က အစွမ်းကုန် တိုက်ခိုက်မှာပါ။ ဘာပဲဖြစ်ဖြစ် တာအိုစက်ကွင်းထဲမှာ စိတ်ဆန္ဒ တစ်စွန်းတစ်စ ချန်ထားခဲ့တဲ့အတွက် ဟန်ကျွယ် သေမှာကို မကြောက်ပါဘူး။
ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘ဒီပန်ကူးက ဘာလုပ်နေတာလဲ... ပြောတော့ဖြင့် နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းကို ဟန့်တားဖို့ပဲ လိုတယ်တဲ့... ဘာဖြစ်လို့ အခု အဆုံးမရှိရတာလဲ’
ဟန်ကျွယ် ပန်ကူးအကြောင်း တွေးနေတုန်းမှာပဲ ဟန်ကျွယ် မြင်ကွင်းထဲကို အသိပေးချက်တစ်ချက် ဝင်လာပါတယ်။
[ပန်ကူးသည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]
လက်ခံမယ်။
ဟန်ကျွယ်ဟာ အိပ်မက်နယ်မြေထဲကို ဝင်ရောက်လိုက်ပေမဲ့ တစ်ချိန်တည်းမှာ သူ့ရဲ့ စိတ်ဆန္ဒတစ်ဝက်ကို ခန္ဓာကိုယ်ထဲမှာ ချန်ထားခဲ့ပါတယ်။ သူ အိပ်မက်ထဲ ရောက်နေတာကို အခွင့်ကောင်းယူပြီး နတ်အာဏာရှင် စစ်သူကြီးတွေ ထပ်မံတိုက်ခိုက်မှာကို စိုးရိမ်တာကြောင့်ပါ။
အိပ်မက်ထဲမှာ ဟန်ကျွယ်ဟာ ပန်ကူးကို မြင်လိုက်ရပါတယ်။
ပန်ကူးဟာ လေးနက်တဲ့မျက်နှာနဲ့ ပြောလိုက်ပါတယ် “ဒီကိစ္စမှာ မသိကိန်းတွေ ရှိလာတယ်၊ ငါတို့တွေ ဒီကပ်ဘေးကို လုံးဝ အဆုံးသတ်ချင်ရင် ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်”
“ပထမတစ်ခုက ငြိမ်းချမ်းရေးအတွက် မင်းကိုယ်မင်း စတေးပြီး အထွတ်အထိပ် နိယာမတွေ ဖိနှိပ်တာကို ခံရမယ်”
“ဒုတိယက မင်း နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင်နဲ့ တိုက်ခိုက်ရမယ်၊ မင်းနိုင်ရင် ကောင်းကင်တာအိုနဲ့ မင်းတို့တွေ ဘေးကင်းပြီ”
ဟန်ကျွယ်ဟာ ပြန်မဖြေပါဘူး။
ပန်ကူးက စိတ်ရှည်လက်ရှည် စောင့်ပါတယ်။
အသက်ရှူကြိမ် လေးငါးကြိမ် ကြာသွားတဲ့အခါမှာတော့ ဟန်ကျွယ်က မေးလိုက်ပါတယ် “ဒါက ခင်ဗျား တိုက်ခိုက်ထားတဲ့ ရလဒ်လား”
“အထွတ်အထိပ် နိယာမတွေကို ထိန်းချုပ်တဲ့လူက မဟာတာအိုထက် ကျော်လွန်တဲ့ တည်ရှိမှုပဲ၊ ငါတောင် သူ့နာမည်ကို ပြောလို့မရသလို သူ့ပုံစံကို လျှောက်ဖြန့်လို့မရဘူး၊ သူ လှုပ်ရှားရင် ကောင်းကင်တာအို တကယ် ပျက်စီးလိမ့်မယ်”
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဟန်ကျွယ်ဟာ ပန်ကူးကို နည်းနည်း စိတ်ပျက်သွားပါတယ်။ အခုကြည့်ရသလောက် ပန်ကူးက ပဋိပက္ခသိစိတ်ကို မယှဉ်နိုင်ပုံပါပဲ။ ဒါကြောင့်မလို့ ညှိနှိုင်းတဲ့နေရာမှာ အရေးနိမ့်နေတာ မဟုတ်ပါလား။
ဟန်ကျွယ်က မေးလိုက်ပါတယ် “နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင်ကို စိန်ခေါ်ချင်ရင် အခု တိုက်ခိုက်ရမှာလား”
ဟန်ကျွယ်ဟာ ဓားတာအိုပညာရှိ တစ်သောင်းနဲ့ တိုက်ခိုက်နိုင်ပေမဲ့ လောကဦး ဘိုးဘေးနတ်ဘုရားကို အနိုင်ယူနိုင်လိမ့်မယ်လို့ ယုံကြည်ချက် မရှိပါဘူး။ လောကဦး ဘိုးဘေးနတ်ဘုရားက မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့် ဖြစ်ပြီး နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ဒါကြောင့်မလို့ သူ့ကျင့်ကြံမှုက အရမ်းစွမ်းအားကြီးမယ်ဆိုတာ သံသယဝင်စရာ မလိုပါဘူး။
“ငါ မင်းကို ကူညီဖို့ အကောင်းဆုံး ကြိုးစားမယ်” ပန်ကူးက ခပ်တိုးတိုး ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းအသာညိတ်လိုက်ပါတယ်။
အဲဒီနောက် တစ်အောင့်အကြာမှာတော့ ပန်ကူးက ထပ်ပြောလိုက်ပါတယ် “ငါ မင်းကို အများဆုံး နှစ်ဆယ်သန်းပဲ အချိန်ဆွဲထားပေးနိုင်မယ်၊ နှစ်ဆယ်သန်းကြာသွားရင် မင်း နတ်စိတ်ဝိညာဉ် ခေါင်းဆောင်နဲ့ စီးချင်းထိုးရလိမ့်မယ်၊ မင်းနိုင်ရင် အထွတ်အထိပ် နိယာမတွေက ကောင်းကင်တာအိုကို ဆက်ပြီးတော့ ပစ်မှတ်ထားတော့မှာ မဟုတ်ဘူး၊ ဒါပေမဲ့ မင်း ရှုံးသွားရင်...”
ဟန်ကျွယ်ဟာ အဆင်မပြောတဲ့ မျက်နှာနဲ့ မေးလိုက်ပါတယ် “နှစ်ဆယ်သန်းတည်းလား...”
ပန်ကူးဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... မင်းရဲ့ တိုးတက်မှုအလျင်က အရမ်းမြန်လွန်းတယ်၊ နှစ်ဆယ်သန်းထက် ပိုဆွဲထားလို့မရဘူး၊ တခြားလူဆိုရင် တစ်ဘီလီယံကြာလည်း ကိစ္စမရှိဘူး၊ နတ်စိတ်ဝိညာဉ်ခေါင်းဆောင်က တစ်ခါ ဂူအောင်းကျင့်ကြံရင် နှစ်သန်းတစ်ရာကြာတယ်၊ ဒါကို သူက နှစ်ဆယ်သန်းပဲ အချိန်ပေးတယ်၊ သူ မင်းကို ဘယ်လောက် ကြောက်လဲဆိုတာ ကြည့်...”
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် “ကောင်းပြီလေ”
“ဒါဆို ဒီကိစ္စပြီးပြီ”
စကားဆုံးတာနဲ့ အိပ်မက်ဟာ ကွဲကြေသွားပါတယ်။
ဟန်ကျွယ်ဟာ တာအိုပညာရှိတွေကို ဒီကိစ္စအကြောင်း ချက်ချင်း မပြောဘဲ ဆက်ပြီးတော့ စောင့်ဆိုင်းပါတယ်။ နတ်အာဏာရှင် စစ်သူကြီးတွေက ထပ်ပြီး ပေါ်မလာတဲ့အပြင် လောကဦး ဘိုးဘေးနတ်ဘုရားကလည်း ဟန်ကျွယ်ကို ထပ်ပြီးတော့ စကားမပြောတော့ပါဘူး။
အရာအားလုံးက တည်ငြိမ်နေပါတယ်။
အတော်အတန် ကြာသွားတဲ့အခါမှာတော့ ပန်ရှင်းက တလေးတစား မေးလိုက်ပါတယ် “ပြီးသွားပြီ ထင်တယ်၊ သူတို့တွေ ပေါ်မလာတာ အတော်ကြာသွားပြီ”
တခြားတာအိုပညာရှိတွေဟာ ဟန်ကျွယ်ကို စိုက်ကြည့်လိုက်ကြပါတယ်။
ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ကောင်းကင်တာအို ကပ်ဘေးက ပြီးသွားပြီလား”
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လောလောဆယ် ပြီးသွားပါပြီ။]
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ကြည့်ရတာ ပန်ကူးရဲ့ ညှိနှိုင်းမှုက အောင်မြင်သွားပြီနဲ့ တူပါတယ်။
ဟန်ကျွယ်ဟာ တာအိုပညာရှိတွေကို ကြည့်ပြီး ပြောလိုက်ပါတယ် “လောလောဆယ်တော့ ပြီးသွားပြီ၊ ဒါပေမဲ့ ဒီကပ်ဘေးရဲ့ ကံရေစက်ကို ရှင်းလင်းဖို့အတွက် ငါနဲ့ နတ်စိတ်ဝိညာဉ်ခေါင်းဆောင်က နှစ်ဆယ်သန်းကြာရင် တိုက်ခိုက်ရလိမ့်မယ်၊ အဲဒီမတိုင်ခင် ကောင်းကင်တာအိုက အရင်အတိုင်းပဲ ဆက်ပြီးတော့ သွားမယ်၊ ငါ ကောင်းကင်တာအိုကို မင်းတို့လက်ထဲ အပ်ခဲ့မယ်”
စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ပါတယ်။
ဝမ်းသာပျော်ရွှင်သံတွေဟာ စကြဝဠာခန်းမမှာ ပေါက်ကွဲထွက်လာပါတယ်။ ဒီအထဲမှာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိဆိုတဲ့ အသံက အကျယ်လောင်ဆုံး ဖြစ်သလို အကြားရဆုံးလည်း ဖြစ်ပါတယ်။
မြူခိုးတွေနဲ့ ပြည့်နှက်နေတဲ့ လျှို့ဝှက်ဆန်းကြယ် နယ်မြေမှာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ သူ့ရှေ့က ပုံရိပ်ယောင်ကို တစိုက်မတ်မတ် စိုက်ကြည့်နေပေမဲ့ နတ်အာဏာရှင် စစ်သူကြီးတွေ ပြန်ပေါ်လာတာကို မတွေ့ရတဲ့အတွက် မနေနိုင်ဘဲ မေးလိုက်ပါတယ် “ကပ်ဘေးက ပြီးသွားပြီလား...”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ သူ့ရဲ့ စိတ်လှုပ်ရှားမှုကို ဖိနှိပ်လိုက်သလို လျှို့ဝှက်ဆန်းကြယ် အရိပ်ကြီးကိုလည်း မော့မကြည့်ရဲပါဘူး။
လျှို့ဝှက်ဆန်းကြယ် အရိပ်ကြီးက ပြန်ဖြေပါတယ် “လောလောဆယ်တော့ ပြီးသွားပြီ၊ နောက် နှစ်ဆယ်သန်းကြာရင် ဟန်ကျွယ်က နတ်စိတ်ဝိညာဉ် ခေါင်းဆောင်နဲ့ တိုက်ခိုက်ရလိမ့်မယ်၊ ဟန်ကျွယ်နိုင်ရင် ကောင်းကင်တာအို ရှင်သန်လိမ့်မယ်၊ ဟန်ကျွယ်ရှုံးရင်တော့ ကောင်းကင်တာအို ဖျက်ဆီးခံရလိမ့်မယ်”
‘နှစ်ဆယ်သန်း...’ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပဟေဠိ ဖြစ်သွားပါတယ် ‘နတ်စိတ်ဝိညာဉ် ခေါင်းဆောင်က ဒီလောက်တောင် ဘဝင်မြင့်တာလား...’
“ပန်ကူး ဝင်ပါပြီး နှစ်ဆယ်သန်း သဘောတူညီမှုကို ရယူလိုက်တာ၊ ဒါပေမဲ့ ဒါက အထွတ်အထိပ် နိယာမတွေကို ထွက်လမ်း ပေးလိုက်တာပဲ၊ နတ်အာဏာရှင် စစ်သူကြီးတွေက ဟန်ကျွယ်ကို တကယ် မယှဉ်နိုင်ဘူး၊ နတ်စိတ်ဝိညာဉ် ခေါင်းဆောင် ကိုယ်တိုင် ပေါ်လာဖို့ကလည်း အဆင်မပြေဘူး” လျှို့ဝှက်ဆန်းကြယ် အရိပ်ကြီးက ခပ်ယဲ့ယဲ့ ပြောလိုက်ပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်က မေးလိုက်ပါတယ် “ဟန်ကျွယ်က အခုသဘောတူပြီး နှစ်ဆယ်သန်းကြာတော့မှ စိန်ခေါ်မှုကို လက်မခံဘူးဆိုရင်ရော...”
“သူ ကျိန်းသေပေါက် လက်ခံလိမ့်မယ်၊ သူ့မှာ ရွေးချယ်စရာ မရှိဘူး”
လျှို့ဝှက်ဆန်းကြယ် အရိပ်ကြီးရဲ့ စကားက မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ပိုပြီးတော့ ခေါင်းရှုပ်သွားစေပါတယ်။ မိစ္ဆာကောင်းကင်ဧကရာဇ်ဟာ ချက်ချင်း ထပ်ပြီး မေးလိုက်ပေမဲ့ လျှို့ဝှက်ဆန်းကြယ် အရိပ်ကြီးက ထပ်မဖြေတော့ပါဘူး။
“မင်း သွားသင့်ပြီ”
လျှို့ဝှက်ဆန်းကြယ် အရိပ်ကြီးရဲ့ အသံဟာ ဝေဝါးလာပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဦးညွှတ်ပြီး ထွက်ခွာသွားပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ခြေလေးငါးလှမ်း လှမ်းအပြီးမှာ လျှို့ဝှက်ဆန်းကြယ် အရိပ်ကြီးရဲ့အသံကို ထပ်ကြားလိုက်ရပါတယ် “မိစ္ဆာ ကောင်းကင်ဧကရာဇ်... မင်းရဲ့ ကံကြမ္မာကို မမေ့နဲ့”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ နောက်ကို လှည့်မကြည့်ဘဲ ပျောက်ကွယ်သွားပါတယ်။
ကောင်းကင်တာအို ကပ်ဘေး အဆုံးသတ်သွားတဲ့အခါ နတ်အာဏာရှင် စစ်သူကြီးတွေဟာ ကောင်းကင်တာအိုနား ပြိုလဲကျသွားပါတယ်။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိဆိုတဲ့ နာမည်ဟာ ပဋိပက္ခတစ်ခုလုံးကို တုန်လှုပ်သွားစေပါတယ်။ ကောင်းကင်တာအိုထဲက ကျင့်ကြံသူတွေတောင် ဒီအကြောင်းကို ဆွေးနွေး ပြောဆိုကြပါတယ်။
တဖြည်းဖြည်းနဲ့ ဒီသတင်းဟာ အင်မော်တယ်ကမ္ဘာအနှံ့ ပျံ့နှံ့ပြီး ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိဟာ သက်ရှိအားလုံး ရှိခိုးကိုးကွယ်တဲ့ ဒဏ္ဍာရီ ဖြစ်လာပါတယ်။
ဗုဒ္ဓကမ္ဘာ။
ရှန်ရှောင့်ကျန်းဝူဗုဒ္ဓဟာ ချူရှီရန်ကို မျက်နှာချင်းဆိုင်ပြီး အတန်ကြာတဲ့အထိ တိတ်ဆိတ်နေပါတယ်။
ချူရှီရန်က မေးလိုက်ပါတယ် “ငါ့ရဲ့ ဆရာဘိုးဘိုးက ဘယ်လိုနေလဲ”
ရှန်ရှောင့်ကျန်းဝူဗုဒ္ဓက တစ်လုံးတည်း ပြန်ဖြေပါတယ် “ပြိုင်ဘက်ကင်းတယ်”
ရှန်ရှောင့်ကျန်းဝူဗုဒ္ဓဟာ အပြင်ပန်းမှာ တည်ငြိမ်နေပေမဲ့ ရင်ထဲမှာတော့ ယောင်ယက်ခတ်နေတာပါ။
ဒါက ပဋိပက္ခ နတ်ဘီလူးတွေကို သတ်ဖြတ်ခဲ့တဲ့ နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းပါ။ သူတို့တွေဟာ ဟန်ကျွယ်ရဲ့ ဓားချက်တစ်ချက်အောက်မှာ အသက်ပျောက်သွားခဲ့ရပါတယ်။ နတ်အာဏာရှင် စစ်သူကြီးတွေဟာ ကောင်းကင်တာအိုရဲ့ အစွန်းကိုတောင် ထိမသွားနိုင်ခဲ့ပါဘူး။
ရှန်ရှောင့်ကျန်းဝူဗုဒ္ဓဟာ ကောင်းကင်တာအိုကို မလာခင် ဟန်ကျွယ်အပေါ် မျှော်လင့်ချက် ကြီးကြီး ထားခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်က နတ်အာဏာရှင် စစ်သူကြီးတွေကို ဟန့်တားနိုင်ရုံသာမက နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းစလုံးကို ဓားတစ်ချက်နဲ့ အပြတ်ရှင်းပစ်လိုက်ပါတယ်။
ဒါက ကိုယ်တိုင်မတွေ့ရရင် ယုံနိုင်စရာကို မရှိတာပါ။ ရှန်ရှောင့်ကျန်းဝူဗုဒ္ဓဟာ နှစ်တွေ အများကြီး အသက်ရှင်ခဲ့ပေမဲ့ ဒီလိုမျိုး အံ့ဩတုန်လှုပ်ဖို့ကောင်းတာကို ပထမဆုံးအကြိမ် ခံစားဖူးတာပါ။ ဒါကြောင့် ရှန်ရှောင့်ကျန်းဝူဗုဒ္ဓဟာ ဟန်ကျွယ်ကို စကားနဲ့ ဖော်ပြလို့မရတဲ့အထိ ကြည်ညိုလေးစားသွားပါတယ်။ ကောင်းကင်တာအိုထဲ ဝင်တာကလည်း ဧရာမအခွင့်အရေးကြီးလို့ မှတ်ယူလိုက်ပါတယ်။
ရှန်ရှောင့်ကျန်းဝူဗုဒ္ဓဟာ စောစောက ဟန်ကျွယ်ရဲ့ အော်ပြောသံကို ရှင်းရှင်းလင်းလင်းကြီး ကြားခဲ့ရပါတယ်။ အခု ကပ်ဘေးက ပြီးဆုံးသွားပြီ ဖြစ်တဲ့အတွက် ကောင်းကင်တာအိုဟာ မိုးပေါ် ထိုးတက်ပြီး ပဋိပက္ခထဲမှာ အစည်ကားဆုံးနေရာတစ်ခု ဖြစ်လာတော့မှာပါ။
ရှန်ရှောင့်ကျန်းဝူဗုဒ္ဓဟာ တွေးလေလေ စိတ်လှုပ်ရှားလေလေပါပဲ။ နောက်ဆုံးမှာတော့ ရှန်ရှောင့်ကျန်းဝူဗုဒ္ဓဟာ ပြုံးလိုက်ပါတယ်။
အဆုံးမဲ့ပင်လယ်ရဲ့ ကြက်သွေးရောင် ကောင်းကင်ပြင်အောက်မှာ တောက်ပတဲ့ ရုပ်သွင်တစ်သွင်ဟာ မင်လင်းမယ်တော်ရဲ့ ပခုံးပေါ် မတ်တတ်ရပ်နေပါတယ်။
“ဒီကလေးက နှစ်ဆယ်သန်းကြာရင် ဒီထက် စွမ်းအားပိုကြီးလာမှာပဲ၊ ရှင် ယုံကြည်ချက် ရှိရဲ့လား” မင်လင်းမယ်တော်က မေးလိုက်ပါတယ်။
တောက်ပတဲ့ ရုပ်သွင်က နှာမှုတ်လိုက်ပါတယ် “ဟွန်း... ငါ သူ့ကို နှစ်ဆယ်သန်းပေးတော့ရော ဘာဖြစ်လဲ၊ သူ့အရည်အချင်းက ထက်မြက်လွန်းလို့ မဟာတာအို အထွတ်အထိပ်အဆင့်ကို ရောက်နိုင်တယ်၊ ဒါပေမဲ့ နှစ်ဆယ်သန်းအတွင်း ငါ့ကို လိုက်မီနိုင်မယ်လို့ ထင်လား”
“ငါတို့တွေ ဒီသဘောတူညီချက်ကို လက်ခံလိုက်တာက နတ်အာဏာရှင် စစ်သူကြီးတွေ ကောင်းကင်တာအိုကို ဘာမှမလုပ်နိုင်လို့ပဲ, နတ်အာဏာရှင် စစ်သူကြီး နှစ်သောင်းက အကန့်အသတ် ရောက်နေပြီ၊ ဒါတောင် ငါ ထိုက်တန်တဲ့ တန်ကြေးတစ်ခု ပေးဆပ်ရလိမ့်မယ်၊ ပန်ကူးက ငါ့ကို လွတ်လမ်းပေးမှတော့ ငါကလည်း လက်ခံရတာပေါ့”
မင်လင်းမယ်တော်က မေးလိုက်ပါတယ် “နှစ်ဆယ်သန်းကြာရင် သူ စိန်ခေါ်မှုကို လက်ခံလာအောင် ရှင် ဘယ်လိုလုပ်မှာလဲ”
“သေချာ စောင့်ကြည့်နေ... သူ ကျိန်းသေပေါက် စိန်ခေါ်မှုကို လက်ခံလိမ့်မယ်၊ အခု ပဋိပက္ခ နတ်ဘီလူးတွေက ကုန်သလောက် ဖြစ်သွားပြီ၊ ဒီတော့ ပဋိပက္ခထဲမှာ မဟာတာအို အနန္တကပ်ဘေးကို လှုံ့ဆော်မဲ့ ကြီးမားတဲ့ ကံတရား အထောက်အပံ့ရှိတဲ့ လူတစ်ယောက် ပေါ်လာလိမ့်မယ်၊ ငါ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိအတွက် အရှိန်အဟုန် ဖန်တီးပေးပြီး သူ့ကို နှစ်ဆယ်သန်းစလုံး အေးအေးချမ်းချမ်း မကျင့်ကြံနိုင်အောင် လုပ်ပစ်မယ်၊ နောက်ဆုံး တိုက်ပွဲအတွက်တော့ ငါတွက်ချက်ပြီးပြီ၊ သူ မဖြစ်မနေ တိုက်ခိုက်ရလိမ့်မယ်၊ ပြီးတော့ အသေဆိုးနဲ့ သေလိမ့်မယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။