နဝမ ပဋိပက္ခ
Vol. 81 Ch. 855
ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ နာမည်ဟာ ပဋိပက္ခမှာ ဟာရီကိန်း မုန်တိုင်းအလား ဂယက်ထသွားပါတယ်။ သူ့ဂုဏ်သတင်းဟာ အချိန်အတော်ကြီး ကြာအောင် တည်ရှိသလို ပဋိပက္ခရဲ့ အခြေအနေကလည်း ပြောင်းလဲလာပါတယ်။
နတ်အာဏာရှင် စစ်သူကြီးတွေ ပဋိပက္ခ နတ်ဘီလူးတွေကို သတ်ဖြတ်လိုက်တာက မဟာတာအိုပညာရှိ ထက်ဝက်ကျော်ကို သတ်ဖြတ်လိုက်တာနဲ့ အတူတူပါပဲ။ ပဋိပက္ခ နတ်ဘီလူးတွေရဲ့ အင်အားစုတွေက အရမ်းရှုပ်ထွေးပြီး အဆက်အသွယ်တွေက အရမ်းကျယ်ပြန့်ပါတယ်။
ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းကို အလွယ်လေး ဖိနှိပ်လိုက်တဲ့အတွက် ကောင်းကင်တာအို တိုးတက်လာမှာက မြေကြီးလက်ခတ်မလွဲပါပဲ။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ရှိနေသမျှ ကာလပတ်လုံး ကောင်းကင်တာအိုက ပဋိပက္ခရဲ့ အင်အားအကြီးဆုံး အင်အားစုတစ်စုအဖြစ် တည်ရှိနေမှာပါ။
တစ်ချိန်တည်းမှာပဲ ပဋိပက္ခ သက်ရှိတွေရဲ့ အကြည့်ဟာ ကောင်းကင်တာအိုဆီ ရောက်လာပါတယ်။ အချိန်တွေ ကုန်ဆုံးသွားပေမဲ့ ကောင်းကင်တာအိုက ပဋိပက္ခ နိယာမရဲ့ တိုက်ခိုက်မှုကို ထပ်မကြုံတွေ့ရတဲ့အတွက် ကျင့်ကြံသူ အမြောက်အမြားဟာ ကောင်းကင်တာအိုထဲကို ဝင်ရောက်လာကြပါတယ်။
ပဋိပက္ခ နိယာမတွေ မနှောင့်ယှက်နိုင်တဲ့ နေရာက ကျင့်ကြံသူတွေအတွက် မြင့်မြတ်နယ်မြေပဲ မဟုတ်ပါလား။
ဒီလိုနဲ့ တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံးသွားပါတယ်။
မျက်တောင်တစ်ခတ်အတွင်း နှစ်တစ်သိန်း ကြာသွားပါတယ်။
တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ကျေနပ်အားရစွာ ပြုံးလိုက်ပါတယ်။ လောကဦးကမ္ဘာဟာ နှစ်ဆနီးပါး ကျယ်ပြန့်သွားတဲ့အတွက် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကလည်း ထပ်တိုးသွားပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ဟာ တစ်စုံတစ်ခု လိုနေတယ်လို့ ခံစားလိုက်ရပါတယ်။ လောကဦးကမ္ဘာက ကျယ်ပြောပေမဲ့ အထဲမှာ ဘာမှ မရှိပါဘူး။ ဟန်ကျွယ်ဟာ သူ့ဘာသာ သက်ရှိတွေကို ဖန်တီးသင့်တယ်လို့ တွေးမိလိုက်ပါတယ်။
ဝိုးတိုးဝါးတား လောကဦးချီက အဆုံးမဲ့ပြီး ပဋိပက္ခ နတ်ဘီလူးတွေကို ပြန်မျိုးပွားပေးနိုင်တယ်ဆိုပေမဲ့ အစစ်အမှန် ပဋိပက္ခ နတ်ဘီလူးကိုတော့ အခုထိ ဖဖန်တီးရသေးပါဘူး။ တစ်ခဏ တွေးတောပြီးနောက် သူ့မှာ လိုအပ်နေတာက ဖန်တီးမှု စွမ်းအားဆိုတာကို ဟန်ကျွယ် သဘောပေါက်သွားပါတယ်။
ဖန်တီးမှု စွမ်းအားက အထွတ်အထိပ် နိယာမ ၇ ပါးထဲမှာ အားအကောင်းဆုံးပါ။ ဒီနိယာမက အရာအားလုံးကို ဖန်တီးနိုင်တဲ့အတွက် အထွတ်အထိပ် နိယာမ ၇ ပါးထဲမှာ အရေးအကြီးဆုံးလည်း ဖြစ်ပါတယ်။
ဟန်ကျွယ်ဟာ မဟာတာအိုသုံးထောင် အထက်ကို မော့ကြည့်လိုက်ပါတယ်။ တန်ခိုးကြီးမားလှတဲ့ ဖန်တီးမှု နိယာက လျှို့ဝှက်ဆန်းကြယ်ပြီး မြင့်မြတ်လွန်းလှပါတယ်။ တကယ်ကို ညှို့ယူဖမ်းစားနိုင်တာပါ။
ဟန်ကျွယ်ဟာ ခဏလေး ကြည့်လိုက်ပေမဲ့ နှလုံးသားတစ်ခုလုံး ရေအောက် စုံးစုံးမြုပ်သွားသလို ခံစားလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ အတွေးနက်သွားပါတယ်။ မဟာညီညွတ်မှု ရုပ်သွင်က မဟာတာအိုသုံးထောင်စလုံး ပါဝင်ပေမဲ့ ဟန်ကျွယ်ဟာ အခုထိ ဖန်ဆင်းရှင် နတ်ဘီလူးကို မကျင့်ကြံရသေးပါဘူး။
ဟန်ကျွယ် တတ်မြောက်ထားတဲ့ နတ်ဘီလူးတွေထဲမှာ ထုတ်လွှတ်မှု နတ်ဘီလူးလည်း ရှိပါတယ်။ ဒါပေမဲ့ ထုတ်လွှတ်မှု မဟာတာအိုကို လောကဦးကမ္ဘာထဲ ပေါင်းစပ်လိုက်တဲ့အခါ ဝိုးတိုးဝါးတား လောကဦးချီရဲ့ ဆွဲနှစ်မှုကို ခံရပြီး သက်ရှိတစ်ကောင်မှ ဖန်တီးလို့ မရပါဘူး။
ဖန်တီးမှုနဲ့ ထုတ်လွှတ်မှုက တူတယ်လို့ ထင်ရပေမဲ့ အနှစ်သာရချင်း လုံးဝ ခြားနားပါတယ်။
ဟန်ကျွယ်ဟာ သူဆက်ပြီးတော့ စွမ်းအားကြီးချင်ရင် လောကဦးကမ္ဘာကို ဒီအတိုင်းထားလို့ မရဘူးလို့ ခံစားနေရပါတယ် ‘ပဋိပက္ခသိစိတ်က ပဋိပက္ခထဲမှာ မရှိဘူး၊ ဒါဆို ပဋိပက္ခက ပဋိပက္ခသိစိတ် ဖန်တီးထားတဲ့ ကမ္ဘာများလား...’
ဟန်ကျွယ်ရဲ့ နှလုံးဟာ တဒိတ်ဒိတ် ခုန်သွားပါတယ်။
“ပဋိပက္ခကို ဘယ်သူ ဖန်တီးတာလဲ” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။
[သက်တမ်း ၁၀၀ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘မြင့်လှချည်လား... တာအိုဖန်တီးရှင်တောင် ၁ ကွာဒလီယံပဲ ကုန်တာကို...’
ဟန်ကျွယ်ဟာ ချက်ချင်း ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။
[နဝမ ပဋိပက္ခ: ကျင့်ကြံမှုမသိ၊ လောကဦးပဋိပက္ခ၏ စိတ်ဝိညာဉ်၊ ပဋိပက္ခ၏ ဖန်တီးရှင်။ အမည်ပေး၍ မရသကဲ့သို့ မည်သည့်နိယာမ၏ လွှမ်းမိုးမှုကိုမှ မခံရ။ လောကဦးပဋိပက္ခသည် အချိန်တစ်ခု၌ လောကဦး စိတ်ဝိညာဉ်ကိုးပါးကို မွေးဖွားပေးခဲ့သည်။ ပထမရှစ်ယောက်မှာ ကျရှုံးပြီး နဝမ ပဋိပက္ခသာ ပဋိပက္ခကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်။ ထို့ကြောင့် နံပါတ်ကိုးသည် ပဋိပက္ခ၏ ထူးကဲသော နံပါတ်တစ်ခု ဖြစ်လာပြီး ထူးခြားအဓိပ္ပာယ်များ ပါဝင်နေ၏။]
‘လောကဦးကမ္ဘာမှာ သက်ရှိတွေ ရှိခဲ့တာလား... လောကဦး နတ်ဘီလူး တစ်ပါးတည်း မဟုတ်ဘူးပေါ့... ငါ အတွေးလွန်နေတာများလား...’
ဟန်ကျွယ်ဟာ သူ့ရှေ့က အသိပေးချက်ကိုပဲ မြင်ရပါတယ်။ နဝမ ပဋိပက္ခက ဟန်ကျွယ်ရဲ့ စိတ်ထဲမှာ ပေါ်မလာပါဘူး။ ဒါကြောင့် နဝမ ပဋိပက္ခ အသက်ရှင်နေသေးလား သေသွားပြီလားဆိုတာကို ဟန်ကျွယ် မသိပါဘူး။
“နဝမပဋိပက္ခက ဖန်တီးရှင်ရာဇာ အဆင့်ကို ရောက်နိုင်လား” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။
ဖန်တီးရှင်ရာဇာက တာအိုဖန်တီးရှင်ရဲ့ အထက်မှာပါ။
ဟန်ကျွယ်ဟာ အရင်တုန်းက ဒီမေးခွန်းကို မေးခဲ့ဖူးပါတယ်။ အဲဒီတုန်းက အဲဒီလိုမျိုး တည်ရှိမှု မရှိခဲ့ပါဘူး။ အခုက အချိန်နည်းနည်း ကြာသွားပြီ ဖြစ်တဲ့အတွက် ပြောင်းလဲမှု ရှိလာနိုင်ပါတယ်။
[သက်တမ်း ၁၀၀ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မရောက်နိုင်ပါ။]
ဒါက ဟန်ကျွယ်အတွက်တော့ သတင်းကောင်းပါ။ ဒါပေမဲ့ ဒီအဖြေက နဝမ ပဋိပက္ခ အသက်ရှင်နေသေးတယ် ဆိုတာကို သက်သေပြလိုက်ပါတယ်။
ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိလိုက်ပါတယ် ‘ပဋိပက္ခ နတ်မင်းတွေ ပဋိပက္ခထဲက ကိစ္စတွေကို ကိုယ်တိုင် ဝင်မပါရဲတာ နဝမ ပဋိပက္ခကို ကြောက်လို့များလား...’
ပဋိပက္ခနတ်မင်းတွေက စွမ်းအားကြီးပေမဲ့ ပဋိပက္ခကို ဖန်တီးခဲ့တဲ့ နဝမ ပဋိပက္ခကိုတော့ ဘယ်လိုမှ ယှဉ်နိုင်စရာ အကြောင်း မရှိပါဘူး။
ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “နဝမ ပဋိပက္ခက ပဋိပက္ခနတ်မင်းတွေ ဝင်ပါတာကို တားမြစ်ထားတာလား...”
[သက်တမ်း ၁၀၀ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[တားမြစ်ထားပါသည်။]
ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို ပိုပြီးတော့ လုံခြုံတယ်လို့ ခံစားလိုက်ရပါတယ်။
“နဝမ ပဋိပက္ခထက် စွမ်းအားကြီးတဲ့လူ ရှိလား”
[သက်တမ်း ၁၀၀ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လောလောဆယ် မရှိပါ။]
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် ‘နောက်ဆုံးတော့ ထိပ်ဆုံး ပေါ်လာပြီပဲ... ငါ ဖန်တီးရှင်သခင်အဆင့်ကို ရောက်ရင် ငါ ထိပ်ဆုံးကို ရောက်ပြီ... အဲဒီအချိန်ကိုရောက်ရင် ငါ ဘာကိုမှ မကြောက်ဘဲ လုပ်ချင်ရာ လုပ်လို့ရပြီ.. ငါ့ကို ရန်စတဲ့လူ အကုန်လုံးကို နှစ်ခါမစဉ်းစားဘဲ သတ်ပစ်လို့ရပြီ’
ဟန်ကျွယ်ဟာ မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်သွားပါတယ်။
ဟန်ကျွယ်ဟာ သူ့မိတ်ဆွေတွေ ဘာလုပ်နေလဲဆိုတာကို သိချင်တဲ့အတွက် စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ တာအိုအရှင်သခင်သည် အမင်္ဂလာ မကောင်းဆိုးဝါး တစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၈၉၉၂၂၀၀၀၃
[သင့်တပည့် ကျောက်ရွှမ်ယွမ်သည် အမင်္ဂလာ မကောင်းဆိုးဝါး တစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၇၉၀၉၈၃၂၁၁
[သင့်မိတ်ဆွေ လောင်တန်သည် အမင်္ဂလာ မကောင်းဆိုးဝါး တစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၉၀၀၂၈၃၉၂၄
[သင့်မိတ်ဆွေ ကျန်းယီသည် အမင်္ဂလာ မကောင်းဆိုးဝါး တစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၈၀၀၈၇၉၃၂၆
[သင့်မြေးတပည့် ချူရှီရန်သည် ဗုဒ္ဓတာအိုကို ဖြန့်ကြက်လိုက်သဖြင့် ကံတရား အထောက်အပံ့ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် မကောင်းဆိုးဝါးနတ်ကို ဖန်တီးလိုက်သဖြင့် ကံတရား အထောက်အပံ့ လျော့ကျသွား၏။]
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် တိုက်ခိုက်ခံခဲ့ရ၏။] x၅၇၂
[သင့်သား ဟန်ထော်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ လမ်းညွှန်မှုကို လက်ခံရရှိခဲ့သည်။]
‘ပြန်ပြီးတော့ စည်ကားလာပြီပဲ...’
ဟန်ကျွယ်ဟာ အဆော်ခံရတဲ့ ညီအစ်ကို သုံးယောက်က လေးယောက်ဖြစ်လာတာကို တွေ့ရတဲ့အတွက် လောင်တန်ကို တော်တော်လေး သနားသွားပါတယ်။
‘မင်းဘာဖြစ်လို့ ဒီသုံးကောင်နောက်ကို လိုက်နေရတာလဲ’ ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး လောင်တန်ကို သဘော ပိုကျသွားပါတယ်။ အရင်တစ်ခေါက် စကြဝဠာခန်းမမှာတုန်းကလည်း လောင်တန်ဟာ သိုသိုသိပ်သိပ်နေခဲ့ပြီး နတ်အာဏာရှင် စစ်သူကြီးတွေ တိုက်ခိုက်လာတာတောင် ထွက်မပြေးခဲ့ပါဘူး။ တကယ်ကို အမြင်ကြည်စရာ ကောင်းတာပါ။
ဟန်ကျွယ်ဟာ လောင်တန် ဘာလိုချင်လဲဆိုတာကို သိပါတယ်။ လောင်တန်ဟာ တာအိုအရှင်သခင်တို့ သုံးယောက်ရဲ့ အရည်အချင်းကို သဘောကျနေတာပါ။
ဟန်ကျွယ်ဟာ ဒီကိစ္စကို မျက်စိမှိတ်ထားပါတယ်။
ကျင့်ကြံမှုလမ်းစဉ်မှာ ကျင့်ကြံသူအများစုဟာ ဆရာတစ်ယောက်မက ရှိတဲ့အပြင် ကျေးဇူးရှင်တွေ တာအိုလမ်းပြသူတွေ စသဖြင့် အများကြီး ရှိပါတယ်။ ဟန်ကျွယ်ဟာ တာအိုအရှင်သခင်တို့ သုံးယောက် နှိုက်ထုတ်ခံရမှာကို မကြောက်ပါဘူး။ သူတို့ဘာသာ ကြီးပြင်းလာဖို့ အခွင့်အရေး ပေးထားပါတယ်။
ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ပြီးတော့ ဖတ်ပါတယ်။ နတ်အာဏာရှင် စစ်သူကြီးတွေကြောင့် ပြန်လာတဲ့ တိတ်ဆိတ်ဂိုဏ်း တပည့်တွေဟာ ထပ်ပြီးတော့ ထွက်သွားကြပါတယ်။
ဒါပေမဲ့ ဗုဒ္ဓကမ္ဘာ၊ မဟာတာအိုမျှော်စင်နဲ့ ဟုန်စဲ့မင်ယွင်ကမ္ဘာကတော့ ကောင်းကင်တာအိုနားမှာ ရှိနေပါသေးတယ်။ ဒီကမ္ဘာတွေမှာ ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့တောင် စရှိလာပြီ ဖြစ်တဲ့အတွက် မကြာတော့တဲ့ အချိန်အတွင်းမှာ ကောင်းကင်တာအိုနဲ့ ပေါင်းစပ်တော့မှာပါ။
ဟန်ကျွယ်ဟာ စာစောင်တွေကို ဖတ်ပြီးတဲ့အခါ ဟွမ်ဇွမ်တျန်ကို အိပ်မက်ပေးလိုက်ပါတယ်။ မဆက်သွယ်တာ အတော်ကြာပြီ ဖြစ်တဲ့အတွက် ဆက်သွယ်လိုက်တာ ဖြစ်ပါတယ်။
အိပ်မက်နယ်မြေက ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ တောင်ထိပ် ၁၈ ထိပ် ရှေ့မှာပါ။
ဟွမ်ဇွမ်တျန်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရတာကြောင့် ချက်ချင်း ဦးညွှတ်လိုက်ပါတယ်။
“သခင်... သခင်က တန်ခိုး တော်တော်ကြီးတာပဲ၊ နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းက မဟာတာအိုပညာရှိ တစ်သောင်းနဲ့ ညီမျှတယ်၊ နောက်ကျတော့ နတ်အာဏာရှင် စစ်သူကြီး နှစ်သောင်းတောင် ပေါ်လာတယ်ဆို... ဒီကိစ္စက ပဋိပက္ခမှာ တောမီးလို ပျံနှံ့နေပြီ၊ သခင်က အစွမ်းအထက်ဆုံး ပဋိပက္ခ နတ်ဘီလူး ဖြစ်လာပြီ၊ သခင်က ပဋိပက္ခမှာ အစွမ်းအထက်ဆုံးလို့တောင် ကောလဟာလတွေ ပြန့်နေတယ်” ဟွမ်ဇွမ်တျန်ဟာ စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ်။
‘ပဋိပက္ခမှာ အစွမ်းအထက်ဆုံး...’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျေနပ်သွားပေမဲ့ မျက်နှာကတော့ ခပ်တည်တည်ပါပဲ “ငါ့မှာ ရွေးချယ်စရာ မရှိခဲ့ဘူး၊ ဒါနဲ့ မင်း ဘယ်လိုနေလဲ၊ အဆင်ပြေရဲ့လား... ငါ့အကူအညီကို လိုသေးလား...”
ဟွမ်ဇွမ်တျန်ဟာ ချက်ချင်း ပြန်ဖြေပါတယ် “ကျွန်တော်က ဘယ်လိုလုပ်ပြီး သခင်ရဲ့ အကူအညီကို လိုမှာလဲ၊ ကျွန်တော် ဒီနေ့ ဒီနေရာကို ရောက်လာနိုင်တာက သခင်ရဲ့ ကျေးဇူးကြောင့်ပဲ၊ သခင့်ကြောင့်သာ မဟုတ်ရင် ကျွန်တော် သေမျိုးကမ္ဘာမှာ သေသွားတာ ကြာပြီ၊ သခင်ရဲ့ လှုပ်ရှားမှုတွေက ကျွန်တော်ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ဉာဏ်ကွန့်မြူးစေခဲ့တယ်၊ သခင်က ကောင်းကင်တာအိုကို စောင့်ကြပ်ပါ၊ သခင် ရှုံဟွာကို ထိန်းချုပ်နိုင်အောင် ကျွန်တော် ကူညီပါမယ်၊ ကျွန်တော် ရှုံဟွာသခင် ဖြစ်လာရင် သခင်အတွက် ပိုပြီးတော့ အကျိုးဆောင်နိုင်မှာ”
ဟွမ်ဇွမ်တျန်ဟာ ဒီအတောအတွင်း သူ့ရဲ့ အတွေ့အကြုံတွေကို စပြီးတော့ ပြောပြပါတယ်။ ပြောရင်း ပြောရင်းနဲ့ ဟွမ်ဇွမ်တျန်ဟာ စိတ်ဓာတ် တက်ကြွလာပါတယ်။
ဟန်ကျွယ်ဟာ သေချာ နားထောင်ပါတယ်။ ဟွမ်ဇွမ်တျန်ရဲ့ ဇာတ်လမ်းက တကယ်ကို ဒဏ္ဍာရီဆန်ပါတယ်။ ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ရဲ့ ဇာတ်လမ်းက သူ့ဇာတ်လမ်းထက်တောင် စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ခံစားလိုက်ရပါတယ်။
ဟွမ်ဇွမ်တျန်ဟာ အကျဉ်းသားဘဝကနေ ရှုံဟွာအင်အားစုမှာ အာဏာရလာပြီး ကပ်ဘေးထိန်းချုပ်သူရဲ့ ကံတရား အထောက်အပံ့နဲ့ ဆန်းကြယ်စွမ်းအားကိုတောင် ဆက်ခံရရှိလိုက်ပါသေးတယ်။
ကျေးဇူးရှင်တစ်ဦးကြောင့် ဒီလို အဆင့်တက်တာဆိုပေမဲ့ ဟွမ်ဇွမ်တျန်ရဲ့ ကြိုးစားမှုကြောင့်ဆိုရင်လည်း မမှားပါဘူး။
“ကျွန်တော် သခင်အတွက် ဧရာမနယ်မြေတစ်ခု တည်ဆောက်ပြီး တစ်နေ့ကျရင် ကောင်းကင်တာအို နယ်မြေကို ချဲ့ထွင်ပေးမယ်” ဟွမ်ဇွမ်တျန်ဟာ အင်္ကျီလက်စကို ဝှေ့ယမ်းရင်း ယုံကြည်ချက်ရှိစွာ ပြောဆိုလိုက်ပါတယ်။ အခု ဟွမ်ဇွမ်တျန်ဟာ ကျယ်ကျောင်းတော်က ဟွမ်ဇွမ်တျန်နဲ့ တခြားစီပါပဲ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။