ပဋိပက္ခမှာ အစွမ်းအထက်ဆုံး
Vol. 81 Ch. 857
“နတ်အာဏာရှင် စစ်သူကြီးတွေ ရှုံးသွားတယ်” လို့ယွမ်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်ပါတယ်။
ဟန်ထော်နဲ့ ယီတျန်ဟာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်တဲ့အခါ တစ်ယောက်စီရဲ့ မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုတွေကို တွေ့မြင်လိုက်ရပါတယ်။ လွန်ခဲ့တဲ့ နှစ်တစ်သိန်းကျော်က သူတို့တွေဟာ ဟန်ကျွယ်ရဲ့ အသံကို ကြားခဲ့ရပေမဲ့ အခြေအနေကို အတည်မပြုရဲခဲ့ပါဘူး။
“ငါ့ခေါင်းကိုင်အဖေလို့ မပြောရဘူး၊ တကယ်ကို စွမ်းအားကြီးတာပဲ” ယီတျန်က ဂုဏ်ယူစွာ ပြုံးလိုက်တဲ့အတွက် ဟန်ထော်ကို မျက်လုံး ပင့်တက်သွားစေပါတယ်။
လို့ယွမ်က ပြောလိုက်ပါတယ် “ငါ့နောက်လိုက်ခဲ့”
ဟန်ထော်နဲ့ ယီတျန်ဟာ ဘာကန့်ကွက်မှုမှ မရှိဘဲ ချက်ချင်း ခေါင်းညိတ်ပြီး ပျံတက်လိုက်ပါတယ်။ သူတို့သုံးယောက်ဟာ လျင်မြန်စွာ ပျံသန်းသွားပါတယ်။
လမ်းတစ်လျှောက် ယီတျန်ဟာ အရမ်း စိတ်လှုပ်ရှားနေပါတယ်။ ယီတျန်ဟာ မိစ္ဆာဘိုးဘေးလို့ယွမ်ကို နတ်အာဏာရှင် စစ်သူကြီးတွေ ဘယ်လို သေသွားလဲဆိုတာကို ဆက်တိုက် မေးမြန်းပါတယ်။ ဟန်ကျွယ် ပြောသလိုမျိုး နတ်အာဏာရှင် စစ်သူကြီး နှစ်သောင်းက တကယ် ပေါ်လာလားဆိုတာကို မေးမြန်းတာ ဖြစ်ပါတယ်။
မိစ္ဆာဘိုးဘေးလို့ယွမ်က အမှန်အတိုင်း ပြန်ဖြေတဲ့အတွက် ဟန်ထော်နဲ့ ယီတျန်ရဲ့ သွေးတွေကို ဆူပွက်သွားစေပါတယ်။
ဒီလိုနဲ့ နောက်ထပ် နှစ်တစ်သိန်း ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးပွင့်လာပြီး မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကျင့်ကြံမှုက အရမ်းနှေးကွေးနေလို့ပါ။ သူ့ကျင့်ကြံမှုက ထပ်တိုးသွားပေမဲ့ ပြောပလောက်တဲ့ ပမာဏ မဟုတ်ပါဘူး။ ဒီအတိုင်းဆက်သွားရင် နှစ်ဘယ်လောက်ကြာမှ အဆင့်တက်နိုင်မလဲဆိုတာကို ဟန်ကျွယ် မခန့်မှန်းတက်တော့ပါဘူး။
လောကဦးကမ္ဘာက ဆက်ပြီးတော့ ကျယ်ပြန့်နေတုန်းဖြစ်ပြီး လောလောဆယ်တော့ အကန့်အသတ် မရှိသေးပါဘူး။ နတ်စိတ်ဝိညာဉ် ခေါင်းဆောင်နဲ့ နောက်ဆုံးတိုက်ပွဲကလည်း လိုသေးတဲ့အတွက် ဒီအတောအတွင်း ဟန်ကျွယ်ဟာ နောက်ထပ် အဆင့်လေးနှစ်ဆင့် ဒါမှမဟုတ် ဒီထက် ပိုတက်နိုင်ဖို့ မျှော်လင့်ချက် ရှိနေပါသေးတယ်။
ဟန်ကျွယ်ဟာ သူ့အကျင့်အတိုင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
လူတိုင်းက သူတို့အခွင့်အရေးနဲ့ သူတို့ပါ။ အဆော်ခံရတာလည်း ရှိသလို မြေပုံအသစ် ရှာတွေ့သွားတာလည်း ပါပါတယ်။
မဟာတာအို အထွတ်အထိပ် အဆင့်ကို ရောက်ရှိပြီးနောက် ဟန်ကျွယ်ဟာ ပဋိပက္ခတစ်ခုလုံးကို အကဲခတ်နိုင်စွမ်း ရှိသွားပါတယ်။ ဒါပေမဲ့ နေရာတော်တော်များများကို ထူးခြားတဲ့ အင်အားတစ်ခုက သီးသန့် ခွဲထုတ်ထားတဲ့အတွက် ဟန်ကျွယ်ဟာ အဲဒီနေရာတွေ ဘယ်လောက်ကြီးလဲဆိုတာသာ မြင်နိုင်ပြီး အထဲမှာ ဘာတွေ ရှိနေလဲဆိုတာကို မတွေ့မြင်နိုင်ပါဘူး။ အဲဒါကြောင့် မဟာတာအိုပညာရှိချုပ်တောင် ပဋိပက္ခကို အလုံးစုံ နားမလည်ဘူးလို့ ပြောလို့ရပါတယ်။
ဟန်ကျွယ်ဟာ စာစောင်တွေကို ဖတ်ရှုပြီးနောက် ကောင်းကင်တာအိုကို ကြည့်လိုက်ပါတယ်။ ပဋိပက္ခ ကောင်းကင်လမ်း နှစ်လမ်းက ပြန်ပြင်လို့ ပြီးသွားပါပြီ။ များပြားလှတဲ့ ကျင့်ကြံသူတွေဟာ ပဋိပက္ခ ကောင်းကင်လမ်းပေါ်မှာ သွားလိုက် လာလိုက်နဲ့ အတောမသတ်အောင် ရှိနေကြပါတယ်။ ဒါက နတ်အာဏာရှင် စစ်သူကြီးတွေ ကောင်းကင်တာအိုကို မတိုက်ခင်ကထက် ပိုစည်ကားပါတယ်။
ဗုဒ္ဓကမ္ဘာနဲ့ ဟုန်စဲ့မင်ယွင်ကမ္ဘာလည်း အင်မော်တယ်ကမ္ဘာနဲ့ ချိတ်ဆက်သွားပြီး ကောင်းကင်တာအို ကံတရား အထောက်အပံ့ဟာ နယ်ပယ်သုံးရပ်မှာ လှည့်လည် သွားလာပါတယ်။
ကောင်းကင်တာအိုက ပိုပိုပြီးတော့ စည်ပင်သာယာ ဝပြောလာပါတယ်။
ဟန်ကျွယ်ဟာ ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ပြီး တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲက တပည့်တွေကို တာအိုစတင် ဟောကြားပါတယ်။
အခုအချိန်မှာ တပည့်အရေအတွက်က ၁၅ သန်း ပြည့်သွားပါပြီ။ ဒါတောင် တပည့်အရေအတွက်ကို ထိန်းချုပ် ကန့်သတ်ထားလို့ပါ။
ဟန်ဇွေတျန်နဲ့ လီရွှမ်အောက်ဟာ တိတ်ဆိတ်ဂိုဏ်းရဲ့ အခွင့်အာဏာကို ထိန်းချုပ်ထားတုန်းပါ။ ဟန်ကျွယ်ဟာ သူတို့နှစ်ယောက်ကို တော်တော်လေး ယုံကြည်ထားပါတယ်။ မကြာမကြာ စစ်ဆေးတာကလွဲရင် ဘာကိစ္စမှ ဝင်မပါပါဘူး။
နှစ်တစ်ရာ ကြာတဲ့အခါမှာတော့ တာအိုဟောကြားမှု ပြီးဆုံးသွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းဆီသွားပြီး ပဋိပက္ခ နတ်ဘီလူး ၄၇ ပါးကို ဆက်ပြီးတော့ တာအိုဟောကြားပါတယ်။
နှစ်တစ်ရာ ကြာတဲ့အခါမှာတော့ ကောင်းကင်နက္ခ နတ်ဘီလူး၊ မုရုံချီနဲ့ ကြက်သွေးရောင် မြေခွေးနီတို့ဟာ လွတ်လပ်မှုအဆင့်ကို စပြီးတော့ ထိုးဖောက်ကြပါတယ်။
ဟန်ကျွယ်ဟာ ဒီရလဒ်ကို တော်တော်လေး ကျေနပ်ပါတယ်။ နတ်ဘီလူးစစ်တပ်ရဲ့ ပထမအသုတ်က ရှေ့ကိုရောက်သွားပြီး တခြား တိတ်ဆိတ်ဂိုဏ်း တပည့်တွေကို အလွယ်လေးနဲ့ ဖိနှိပ်နိုင်သွားပါပြီ။
ဒါကလည်း သာမန်ပါပဲ။ ကျိုးဖန်၊ တာအိုအရှင်သခင်နဲ့ တခြားသူတွေ ဘယ်လောက် ကံကောင်းကောင်း သူတို့အရည်အချင်းက ပဋိပက္ခ နတ်ဘီလူးတွေရဲ့ အရည်အချင်းကို ခြေဖျားတောင် မီတာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ လီယောင်နဲ့ ဝူတောက်ကျန့်ကို မနှောင့်ယှက်ဘဲ တာအိုဟောကြားပြီးတာနဲ့ ပင်မတာအိုစက်ကွင်းဆီ ပြန်ပါတယ်။
ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ပေါ် ထိုင်ပြီး ကျင့်ကြံဖို့ ပြင်လိုက်ပေမဲ့ တစ်စုံတစ်ခုကို ရုတ်တရက် ခံစားမိလိုက်တာကြောင့် ကောင်းကင်တာအိုကနေ ခုန်ထွက်ပြီး ပဋိပက္ခ ထိပ်ဆုံးဆီ ရောက်သွားပါတယ်။
ဟန်ကျွယ်ရဲ့ အကြည့် ပဋိပက္ခအစွန်းဆီ ရောက်သွားတဲ့အခါ စကြဝဠာတစ်ခုကို တွေ့မြင်လိုက်ရပါတယ်။ ဒီစကြဝဠာက ဟန်ကျွယ် မဟာတာအိုပညာရှိချုပ် ဖြစ်ပြီးခါစ လွှင့်ပစ်လိုက်တဲ့ ကြယ်တစ်စင်းကနေ ဖြစ်တည်လာတာပါ။ ဒီအချိန်မှာ ဖန်တီးမှု နိယာမကနေ ဖြစ်တည်လာတဲ့ ကြိုးမျှင်တစ်ချောင်းဟာ ဒီစကြဝဠာနဲ့ ချိတ်ဆက်နေပါပြီ။ ဒီကြိုးမျှင်က သန်မာလာနေဆဲပါ။
ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းသွားပါတယ် ‘ဒါက ဖန်တီးမှု နိယာမကို ရသွားတဲ့ လက္ခဏာလား...’
ဖန်တီးမှု စွမ်းအားနဲ့ဆိုရင် ဒီစကြဝဠာက မကြာခင်မှာ သက်ရှိတွေ မွေးဖွားလာမှာပါ။ နောက်ပြီး ဒီစကြဝဠာရဲ့ ဆင့်ကဲပြောင်းလဲမှုက တခြားသာမန် စကြဝဠာတွေထက် ပိုမြန်ဆန်ပါတယ်။
ဟန်ကျွယ်ရဲ့ နှလုံးဟာ တဒိတ်ဒိတ် ခုန်သွားပါတယ် ‘ငါ ဒီစကြဝဠာကို မှီခိုပြီး ဖန်တီးမှု စွမ်းအားကို ရကောင်း ရနိုင်လောက်တယ်’
ဟန်ကျွယ်ဟာ ဒီစကြဝဠာကို အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ရဲ့ စိတ်ဆန္ဒဟာ ပင်မ ခန္ဓာကိုယ်ဆီ ပြန်ပြီး ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
.....
လျှို့ဝှက်ဆန်းကြယ် နန်းတော်တစ်ဆောင်မှာ ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ပလ္လင်ပေါ်ကနေ ခန်းမထဲက ရုပ်သွင်ကို ငုံ့ကြည့်လိုက်ပါတယ်။
ဒီရုပ်သွင်က နဂါးခေါင်းနဲ့ လူသားခန္ဓာကိုယ်ရှိပြီး ရက်စက်ကြမ်းကြုတ်တဲ့ အသွင်အပြင်ရှိကာ တာအိုဝတ်ရုံဖြူကို ဝတ်ဆင်ထားပါတယ်။ လက်ထဲမှာလည်း မြင်းမြီးယပ်ကို ကိုင်ထားပြီး မျက်လုံးတွေက အေးစက်လှပါတယ်။
“မင်းက ကောင်းကင်တာအိုကို ချေမှုန်းချင်တယ်၊ ငါ့ကို အရူးလာလုပ်နေတာ ရပ်တော့” ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ခေါင်းခါပြီး လှောင်ပြုံး ပြုံးလိုက်ပါတယ်။
နဂါးခေါင်း တာအိုကျင့်ကြံသူက ပြောလိုက်ပါတယ် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ပဋိပက္ခရဲ့ နံပါတ်တစ် ကျင့်ကြံသူလို့ ပြောကြတယ်၊ အဲဒီတော့ ငါကလည်း သူ့ဆီက လမ်းညွှန်မှုကို တောင်းခံရမှာပေါ့၊ ငါ မင်းဆီကို လာတာက မင်းနယ်မြေမှာမလို့ မင်းကို သတင်းလာပေးရုံပဲ”
ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ် “မင်းက မဟာတာအိုပညာရှိ အဆင့်ပဲ ရှိတာ၊ ဘယ်လိုလုပ်ပြီး ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို စိန်ခေါ်ရဲရတာလဲ၊ မင်းက အစတေးခံ နယ်ရုပ် ဖြစ်ချင်နေတာလား...”
“ဟမ်... မဟာတာအိုပညာရှိမှာလည်း သူတို့ကိုယ်ပိုင် နည်းလမ်း ရှိတယ်၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက နတ်အာဏာရှင် စစ်သူကြီးတစ်သောင်းကို ဖျက်ဆီးနိုင်ရင် ငါလည်း ဖျက်ဆီးနိုင်တယ်”
“ဟီးဟီး..”
“ဟမ်...”
နဂါးခေါင်း တာအိုကျင့်ကြံသူဟာ လှည့်ထွက်သွားပါတယ်။
ရှန်ပေါင် တာအိုကျင့်ကြံသူဟာ မျက်တောင် ခတ်လိုက်ပေမဲ့ နောက်ဆုံးမှာတော့ မတိုက်ခိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တခြားလူရဲ့ ကျင့်ကြံမှုကို အတပ်မသိတာကြောင့်ပါ။ ဘာပဲဖြစ်ဖြစ် ဒီလူက ဟန်ကျွယ်ကို ယှဉ်နိုင်စရာ အကြောင်း လုံးဝကို မရှိပါဘူး။
မတော်တဆ ဖြစ်မှာစိုးတဲ့အတွက် နဂါးခေါင်း ကျင့်ကြံသူ ထွက်သွားတာနဲ့ ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ဟန်ကျွယ်ကို အိပ်မက်ပေးလိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်က လက်မခံတဲ့အတွက် ရှန်ပေါင် တာအိုကျင့်ကြံသူဟာ လက်လျှော့လိုက်ရပါတယ်။
ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ဟန်ကျွယ်ကို ယုံကြည်ပါတယ်။
နတ်အာဏာရှင် စစ်သူကြီးတွေ သေသွားတာ နှစ်နှစ်သိန်း ကျော်သွားပါပြီ။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကလည်း ပဋိပက္ခရဲ့ အစွမ်းအထက်ဆုံးဘွဲ့ကို ပေးအပ်ခြင်း ခံခဲ့ရပါတယ်။ ဒါ့အပြင် လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားတစ်စုက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို တမင်တကာ လူသိများအောင် လုပ်ပေးနေပါတယ်။ ဒါကြောင့် ဟန်ကျွယ် နတ်အာဏာရှင် စစ်သူကြီးနှစ်သောင်းကို တစ်ချက်တည်းနဲ့ သတ်လိုက်တဲ့ သတင်းက ပဋိပက္ခအနှံ့ ပျံ့နှံ့သွားပါပြီ။
ဒီလိုကျော်ကြားလှတဲ့ ဂုဏ်သတင်းအောက်မှာ တစ်ယောက်ယောက်က ဟန်ကျွယ်ကို စိန်ခေါ်ရဲလိမ့်မယ်လို့ ရှန်ပေါင် တာအိုကျင့်ကြံသူ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပါဘူး။ နောက်ပြီး စိန်ခေါ်တဲ့လူကလည်း မဟာတာအိုပညာရှိချုပ် မဟုတ်ဘဲ မဟာတာအိုပညာရှိအဆင့်ပဲ ရှိပါတယ်။ ဒါက ကျောက်တုံးကို ကြက်ဥနဲ့ ပေါက်သလိုပါပဲ။
ရှန်ပေါင် တာအိုကျင့်ကြံသူဟာ တစ်ခဏ တွေးတောပြီးနောက် ကောင်းကင်အရှင်ရွှမ်တုကို အိပ်မက်ပေးကာ ဒီအကြောင်း ပြောပြလိုက်ပါတယ်။
ကောင်းကင်တာအို အပြင်ဘက်၊ အမှောင်တားမြစ်နယ်မြေ၊ ဧည့်ကြိုနန်းတော်။
ဧည့်ကြိုနန်းတော်ရဲ့ ပတ်ဝန်းကျင်ဟာ အရင်လိုမျိုး မှောင်မဲ မနေတော့ပါဘူး။ နန်းတော်ရဲ့ မုခ်ဝကနေ မျှော်ကြည့်လိုက်ရင် ကောင်းကင်တာအိုကို မြင်တွေ့နိုင်ပါတယ်။ ကောင်းကင်တာအိုဟာ နေမင်းလိုမျိုး မျက်စိကျိန်းလောက်တဲ့အထိ တောက်ပနေပါတယ်။ ပဋိပက္ခ ကောင်းကင်လမ်း နှစ်လမ်းကလည်း အမှောင်တားမြစ်နယ်မြေကို သုံးပိုင်း ပိုင်းထားပါတယ်။
ဧည့်ကြိုနန်းတော်ထဲမှာ ကောင်းကင်အရှင်ရွှမ်တု၊ ဂိုဏ်းချုပ်တျန်ကျွယ်နဲ့ ဓားရူးတာအိုပညာရှိတို့ဟာ မျက်နှာချင်းဆိုင် ထိုင်နေကြပါတယ်။
ဓားရူးတာအိုပညာရှိဟာ ကောင်းကင်အရှင်ရွှမ်တုကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံပါတယ်။ ကောင်းကင်အရှင်ရွှမ်တုရဲ့ ကျင့်ကြံမှုက သူ့ကို မမီသေးပေမဲ့ အနာဂတ် အောင်မြင်မှုတွေက နည်းမှာတော့ မဟုတ်ပါဘူး။ ကောင်းကင်တာအိုရဲ့ အင်အားက တားမရဆီးမရ မဟုတ်ပါလား။ ဒါ့အပြင် ဓားရူးတာအိုပညာရှိဟာ လောင်ဇီနဲ့ ဆက်ဆံရေးတချို့ ရှိပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ ရှန်ပေါင် တာအိုကျင့်ကြံသူ အိပ်မက်ပေးတာကို ထပ်ပြောပြလိုက်ပါတယ် “ဒီကိစ္စနဲ့ တာအိုရောင်းရင်းဟန်ကို ပြဿနာပေးလို့ မဖြစ်ဘူး၊ ဓားရူးတာအိုပညာရှိ... ဒီကိစ္စအတွက် ကူညီပါလား၊ ကျွန်တော် စီနီယာရဲ့ အကျိုးဆောင်မှုကို လူသိများအောင် လုပ်ပြီး ကောင်းကင်တာအို သက်ရှိတွေကို ရှိခိုးကြည်ညိုခိုင်းမယ်လေ”
ဓားရူးတာအိုပညာရှိက ပြောလိုက်ပါတယ် “ဒီကိစ္စကို ငါ့တာဝန်ထားလိုက်၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ငါ အကြွေးတင်ထားတာဆိုတော့ ကူညီရမှာပေါ့”
ဟန်ကျွယ်ကြောင့်သာ မဟုတ်ရင် နတ်အာဏာရှင် စစ်သူကြီးတွေ လက်ချက်နဲ့ သူ သေသွားလောက်ပါပြီ။ ဓားရူးတာအိုပညာရှိဟာ နတ်အာဏာရှင် စစ်သူကြီး နှစ်သောင်းကို ပြန်တွေးမိတိုင်း အခုထိ ခေါင်းကျိန်းနေတုန်းပါ။
ကောင်းကင်အရှင်ရွှမ်တုဟာ ဓားရူးတာအိုပညာရှိရဲ့ စကားကြောင့် ဝမ်းသာအားရ ဖြစ်သွားပြီး ချက်ချင်း ကျေးဇူးတင်စကား ဆိုပါတယ်။
ဓားရူးတာအိုပညာရှိက ပြောလိုက်ပါတယ် “ငါ တာအိုစက်ကွင်း ဖွင့်လှစ်ပြီး ကောင်းကင်တာအိုထဲကနေ တပည့်တွေ လက်ခံချင်တယ်၊ ဘယ်လိုသဘောရလဲ ကောင်းကင်အရှင်...”
ကောင်းကင်အရှင်ရွှမ်တုဟာ ပြုံးလိုက်ပါတယ် “ဒါက ကောင်းတဲ့ကိစ္စပါ၊ နောက်ကျရင် တာအိုပညာရှိတွေက ကောင်းကင်တာအိုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာမှာ”
ကောင်းကင်အရှင်ရွှမ်တုရဲ့ လေသံဟာ ချက်ချင်း ပျူငှာသွားပါတယ်။
ဂိုဏ်းချုပ်တျန်ကျွယ်ရဲ့ မျက်နှာကတော့ ထူးထူးဆန်းဆန်း ဖြစ်သွားပါတယ်။ ကောင်းကင်အရှင်ရွှမ်တုမှာ ဒီလိုမျိုးမျက်နှာ ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့တာကြောင့်ပါ။ ပုံမှန်ဆို ကောင်းကင်အရှင်ရွှမ်တုရဲ့ မျက်နှာက ရေခဲလို အေးစက်နေတာ မဟုတ်ပါလား။
ဓားရူးတာအိုပညာရှိဟာ ရယ်မောလိုက်ပြီး ကောင်းကင်အရှင်ရွှမ်တုနဲ့ ရောက်တတ်ရာရာ ပြောဆိုကြပါတယ်။ လေးငါးဆယ်နာရီ ကြာတဲ့အခါမှာတော့ ကောင်းကင်အရှင်ရွှမ်တုဟာ ဧည့်ကြိုနန်းတော်ကနေ ထွက်ခွာသွားပါတယ်။
ဓားရူးတာအိုပညာရှိဟာ ပြုံးလိုက်ပြီး အဓိပ္ပာယ်ပါပါ မေးလိုက်ပါတယ် “တျန်ကျွယ်... ရွှမ်တုကို ဘယ်လိုထင်လဲ”
ဂိုဏ်းချုပ်တျန်ကျွယ်ဟာ မှင်တက်သွားပါတယ် “ကောင်းကင်အရှင်ရွှမ်တုက ကောင်းကင်တာအိုအတွက် အစွမ်းကုန် ကြိုးစားနေတာဆိုတော့ ကျွန်တော် သူ့ကို လေးစားတယ်”
ဓားရူးတာအိုပညာရှိဟာ ပြုံးလိုက်ပါတယ် “ဒါပေမဲ့ သူက ကောင်းကင်တာအိုရဲ့ အရှင်သခင် မဟုတ်ဘူးလေ၊ မင်း ဘက်ရွေးမှန်ဖို့ လိုလိမ့်မယ်”
“ဟီးဟီး...” ဂိုဏ်းချုပ်တျန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် ‘ငါ့ကို ဘာအဓိပ္ပာယ်မရှိတာတွေ လာပြောနေတာလဲ၊ ငါက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ လူယုံတော်ပဲ၊ ငါက ကောင်းကင်အရှင်ရွှမ်တုထက်တောင် ပိုရင်းနှီးသေးတယ်’
ဂိုဏ်းချုပ်တျန်ကျွယ်ဟာ စိတ်ထဲမှာပဲ တွေးလိုက်တာပါ။ ထုတ်တော့ မပြောပါဘူး။ လောကဦး ကောင်းကင်ထောင်က ဟန်ကျွယ်ရဲ့ လူသိမခံနိုင်တဲ့ လျှို့ဝှက်ချက်တစ်ခု မဟုတ်ပါလား။ ဟန်ကျွယ်က ဒီအကြောင်းကို ဘယ်သူမှ မပြောဘဲ တင်းကျပ်စွာ တားမြစ်ထားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။