← Chapters

ကောင်းကင်တာအို အသစ်

Vol. 81 Ch. 859

ကောင်းကင်တာအို အသစ်

Vol. 81 Ch. 859

‘မရှိဘူးလား... မရှိရင် ဘာဖြစ်လို့ ဒီလောက် သက်တမ်းအများကြီး ကုန်ရတာလဲ’

ဟန်ကျွယ်ဟာ ဒေါတသကြီး ကျိန်ဆဲလိုက်ပါတယ်။ ဒါပေမဲ့ စနစ်က စနစ်ပဲ ဖြစ်တဲ့အတွက် ဟန်ကျွယ်နဲ့ စကားမပြောနိုင်ပါဘူး။ အဲဒီနောက် ဟန်ကျွယ် ထပ်တွေးကြည့်တဲ့အခါ သူက နဝမ ပဋိပက္ခကို စဉ်စားနေမှန်း သတိရသွားပါတယ်။ ဒါကြောင့် သူ့မေးခွန်းက နဝမပဋိပက္ခကို ရည်ညွှန်းပြီး မေးတာမျိုး ဖြစ်သွားတာကြောင့် သက်တမ်းအများကြီး ‌ကုန်တာလို့ ကောက်ချက်ချလိုက်ပါတယ်။

‘ဟုတ်တယ်... ဒီလိုပဲ ဖြစ်ရမယ်’ ဟန်ကျွယ်ဟာ သူ့ကိုယ်သူ နှစ်သိမ့်လိုက်ပါတယ်။

တတိယ တာအိုစက်ကွင်းက တည်ပြီးဖြစ်တဲ့အတွက် တာအိုစက်ကွင်းရဲ့ အကာအကွယ် အစီအရင်ဟာ ပင်မတာအိုစက်ကွင်းနဲ့ တန်းတူ ဖြစ်နေပါပြီ။ ဒါပေမဲ့ စိတ်ဝိညာဉ်ချီကတော့ ဆက်ပြီးတော့ တိုးနေတုန်းပါ။ စိတ်ဝိညာဉ်ချီက ပင်မတာအိုစက်ကွင်းနဲ့ တန်းတူဖြစ်ဖို့ အချိန်ယူရဦးမှာပါ။

ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ထိပ်ရှာပြီး တာအိုဘုံကျောင်းတစ်ကျောင်း တည်ဆောက်လိုက်ပါတယ်။ ဒါက လက်တစ်ချက်ဝှေ့လိုက်ရုံနဲ့ ပြီးသွားတဲ့ ကိစ္စပါ။

ဒီတာအိုဘုံကျောင်းက တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာရှိတဲ့ တာအိုဘုံကျောင်းနဲ့ အကြမ်းဖျင်း တူညီပါတယ်။ ဒါပေမဲ့ ဒီတာအိုဘုံကျောင်းထဲမှာ စားပွဲတွေ ထိုင်ခုံတွေနဲ့ ကုလားထိုင်တွေ ဘာတစ်ခုမှမရှိဘဲ ရိုးရှင်းလှပါတယ်။ ဟန်ကျွယ်ဟာ ကြမ်းပြင်ပေါ်မှာထိုင်ပြီး ကြယ်စကြဝဠာကို စပြီးတော့ သုံးသပ်နားလည်ပါတယ်။ ဟန်ကျွယ်ဟာ ဖန်တီးမှုစွမ်းအားကို စပြီးတော့ ဖမ်းယူပါတယ်။

လေးငါးဆယ်နာရီ ကြာသွားတာတောင် ဟန်ကျွယ်ဟာ ဖန်တီးမှုစွမ်းအားကို တစ်စက်လေးတောင် သုံးသပ်နားလည်နိုင်ခြင်း မရှိပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ အလျင်မလိုပါဘူး။ ဒီလိုကိစ္စက အချိန်ယူရတယ် မဟုတ်ပါလား။

ဟန်ကျွယ်ဟာ ဒီနေ့ကစပြီး တတိယ တာအိုစက်ကွင်းထဲမှာ ကျင့်ကြံအားထုတ်ဖို့ စီစဉ်ထားပါတယ်။ တတိယ တာအိုစက်ကွင်းက သူ့ကိုယ်ပိုင်ကျင့်ကြံကွင်းဖြစ်ပြီး တခြားလူတွေကို လာခွင့်ပြုမှာ မဟုတ်ပါဘူး။

အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။

နက်မှောင်တဲ့ ဟင်းလင်းပြင်မှာ ရုပ်သွင်တစ်သွင်ဟာ လျင်မြန်စွာ ခရီးနှင်နေပါတယ်။ ဒီရုပ်သွင်က ဟန်ကျွယ်လက်ထဲမှာ ခံခဲ့ရတဲ့ ဖုန်းတောက်ပါ။

သူ့တာအိုစက်ကွင်း ပျက်စီးသွားတာကြောင့် ဖုန်းတောက်ဟာ ရွေးချယ်စရာမရှိဘဲ တခြားနေရာကို လိုက်ရှာရပါတော့တယ်။ ဖုန်းတောက်ဟာ ပဋိပက္ခမှာ ခရီးနှင်နေတာ နှစ်သောင်းချီသွားပါပြီ။

ဖုန်းတောက်ရဲ့ မျက်လုံးသုံးလုံးဟာ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ပါတယ်။ ဖုန်းတောက်ရှေ့မှာ အလင်း‌ရောင် ပေါ်လာပါတယ်။ သေချာကြည့်လိုက်တဲ့အခါ ဒီအလင်းရောင်က ဧရာမ သစ်ပင်ကြီး ဖြစ်နေပါတယ်။ ဒီသစ်ပင်ကြီးရဲ့ အကိုင်းအခက်တွေက ရှုပ်ထွေးလွန်းပြီး သစ်ကိုင်းတိုင်းမှာ စကြဝဠာတစ်ခုကို သယ်ဆောင်ထားပါတယ်။ ဝဲကတော့လို ဂလက်ဆီတွေကလည်း တလက်လက် တောက်ပနေပါတယ်။

ဖုန်းတောက် မြင်သလောက် ဒီသစ်ပင်ပေါ်မှာ အနည်းဆုံး စကြဝဠာဆယ်သန်းကျော် ရှိပါတယ်။ စကြဝဠာတိုင်းမှာလည်း မရေမတွက်နိုင်တဲ့ ကြယ်တွေ ပါဝင်နေပါတယ်။

ဒီသစ်ပင်ကတော့ ဖူစန်းသစ်ပင်ပါ။

ကောင်းကင်တာအိုကနေ ထွက်ပြေးလာတာ အချိန်တစ်ခု ကြာပြီးနောက် ဖူစန်းသစ်ပင်ဟာ အရင်လိုမျိုး မဟုတ်တော့ပါဘူး။ ခန္ဓာကိုယ်တစ်ခုလုံးက ရှေးကျတဲ့ ရောင်ဝါကို ထုတ်လွှတ်နေပါတယ်။ သစ်ပင်အောက်မှာ မရေမတွက်နိုင်တဲ့ ဥက္ကာခဲတွေ စုစည်းပြီး တိုက်တစ်တိုက်အဖြစ် ခဲစ ပြုလာပါတယ်။

ဖုန်းတောက်ဟာ ရှေ့ကို လျင်မြန်စွာ ပျံသန်းပြီး ဖူစန်းသစ်ပင်ရှေ့မှာ ရပ်လိုက်ပါတယ်။ အဲဒီနောက် ဖုန်းတောက်ဟာ သေချာ အကဲခတ်ပြီး တွေးတွေးဆဆ ဖြစ်သွားပါတယ်။

ဖူစန်းသစ်ပင်အောက် သိသိသာသာ တုန်ယင်သွားပြီး တော်တော်လေး ရင်ထိတ်သွားပါတယ်။

“သစ်ပင်လေး... မကြောက်နဲ့၊ ငါ မင်းနားမှာ ကျင့်ကြံအားထုတ်ပြီး မင်းရဲ့ ကာလ-ဒေသ နိယာမတွေကို သုံးသပ်နားလည်ပြီး ရန်သူတွေရှိရင်လည်း ငါ မင်းကို ကူညီမယ်” စကားဆုံးတာနဲ့ ဖုန်းတောက်ဟာ ဖူစန်းသစ်ပင်ကို လျစ်လျူရှုပြီး ဖူစန်း သစ်ပင်အောက်က ဧရာမ ဥက္ကာခဲပေါ် ဆင်းသက်လိုက်ပါတယ်။ အဲဒီနောက် ဖုန်းတောက်ဟာ တရားစထိုင်ပြီး ကျင့်ကြံအားထုတ်ပါတယ်။

ဖူစန်းသစ်ပင်ဟာ ငြိမ်သက်သွားပါတယ်။ ဖူစန်းသစ်ပင်ဟာ အစကနေ အဆုံးအထိ စကားတစ်လုံးမှ မပြောပါဘူး။

အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးပြီး နှစ် ၂၀၀,၀၀၀ ကြာသွားပါတယ်။

ကောင်းကင်တာအိုက အသစ်ဖြစ်သွားပါတယ်။ တတိယ ပဋိပက္ခကောင်းကင်လမ်းကလည်း ဆောက်လက်စ ရှိနေပါပြီ။ အင်မော်တယ်ကမ္ဘာမှာလည်း ပါရမီရှင်တွေ မရေမတွက်နိုင်အောင် ပေါ်ထွန်းလာပါတယ်။ သေမျိုးကမ္ဘာတွေတောင် စပြီးတော့ အင်အားကြီးထွားလာပါတယ်။ သေမျိုးကမ္ဘာတွေမှာရှိတဲ့ မြေလျှောက်အင်မော်တယ်တွေဟာ ကောင်းကင်တာအို ပြန်မစခင်က အင်မော်တယ်ကမ္ဘာမှာရှိတဲ့ မြေလျှောက်အင်မော်တယ် အရေအတွက်ထက် မနိမ့်ကျတော့ပါဘူး။

ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်က တာအိုပညာရှိတိုင်းရဲ့ တာအိုစက်ကွင်းရှေ့မှာ တာအိုရှာဖွေသူတွေကို မြင်တွေ့နိုင်ပါတယ်။ တာအိုရှာဖွေသူတွေဟာ သူ့အုပ်စုနဲ့သူ စည်ကားလှပြီး တာအိုပညာရှိတွေကို နှောင့်ယှက်မိမှာ မကြောက်ကြပါဘူး။ ဒါကလည်း တာအိုပညာရှိတွေက ပွင့်လင်းပြီး တာအိုစက်ကွင်း အပြင်ဘက်မှာရှိတဲ့ အသံတွေကို အတွေးတစ်ချက်နဲ့ ဟန့်တားနိုင်လို့ပါ။

ပုကျိုးနန်းတော်။

ဟန်ယွီ၊ လုံဟောင်နဲ့ ချင်လင်းတို့ဟာ တရားထိုင်ပြီး စကားပြောဆို နေကြပါတယ်။

လုံဟောင်က ပြုံးပြီး ပြောလိုက်ပါတယ် “ဒီအတောအတွင်း ကောင်းကင်တာအိုမှာ အရည်အချင်းရှိတဲ့လူတွေ အများကြီး ပေါ်ထွက်လာတယ်၊ ကောင်းကင်အရှင်ရွှမ်တုဟာ လောကဦး တာအိုပညာရှိ ဆယ်ပါးကို မိတ်ဆက်ဖို့ ပြင်ဆင်နေတယ်၊ မင်းတို့တွေ တပည့်လက်မခံတော့ဘူးလား”

ဟန်ယွီက ပြောလိုက်ပါတယ် “မလိုဘူး၊ ငါက အေးချမ်းပြီး တိတ်ဆိတ်တာကို ကြိုက်တယ်”

ချင်လင်းကတော့ ပြုံးဖြဲဖြဲ လုပ်လိုက်ပါတယ် “ဆရာဘိုးဘိုးမှာ ကျွန်တော် ရှိရင် ရပြီ၊ ကျွန်တော်အတွက်တော့ အဲဒီဂျူနီယာတွေကို အထင်မကြီးဘူး၊ ကျွန်တော်ရဲ့ ရည်မှန်းချက်က ဒီထက် ပိုမြင့်မားတယ်၊ ကျွန်တော်က သာမန်တာအိုပညာရှိပဲ ဖြစ်ချင်တာ မဟုတ်ဘူး၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိလိုမျိုး စွမ်းအားကြီးချင်တာ”

ချင်လင်းဟာ တာအိုပညာရှိ ဖြစ်လာပြီးနောက် သူအတိဒုက္ခ ခံစားတုန်း ရှန်နန်းတော်မှာ တွေ့ကြုံခဲ့ရတဲ့ ကျေးဇူးရှင်က ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိမှန်း သိသွားပါတယ်။ ချင်လင်းဟာ ဒီအကြောင်းကို ပြန်တွေးမိတိုင်း နှလုံးသားတစ်ခုလုံး နွေးထွေးသွားပါတယ်။

ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိလိုမျိုး အဆင့်အတန်းရော ဂုဏ်သိက္ခာရော နှိုင်းမရအောင် မြင့်မားတဲ့လူက သူ့အတွက် အချိန်သက်သက်ပေးပြီး ဂရုစိုက်ပေးခဲ့တယ် မဟုတ်ပါလား။ ဒါက သူ့ကို အမြင့်ကြီးတွေးထားတာ မဟုတ်ရင် ဘာများ ဖြစ်နိုင်ဦးမှာလဲ။

ဟန်ကျွယ် နတ်အာဏာရှင် စစ်သူကြီး နှစ်သောင်းကို ဓားတစ်ချက်တည်းနဲ့ သတ်လိုက်တဲ့ မြင်ကွင်းက ချင်လင်းကို ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့ပါတယ်။ ဒါကြောင့် ချင်လင်းဟာ ဇွဲရှိရှိ ကျင့်ကြံအားထုတ်ပြီး ဟန်ကျွယ်ကို အမီလိုက်ဖို့ ဆုံးဖြတ်ထားပါတယ်။

“မင်း.. မင်းက ငါ့ဆရာသခင်ကို အမီလိုက်ချင်တယ်” လုံဟောင်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။

ချင်လင်းက ဝင့်ကြွားစွာ ပြောလိုက်ပါတယ် “ကျွန်တော်ရဲ့ အရည်အချင်းကို ကျွန်တော် ယုံတယ်”

ဒီစကားကို ကြားရတဲ့အခါ လုံဟောင်ဟာ ခပ်ယဲ့ယဲ့ ပြုံးလိုက်ပါတယ်။ အရင်တုန်းက သူလည်း ဒီလို မောက်မာခဲ့တာ မဟုတ်ပါလား။ တကယ်တော့ သူတစ်ယောက်တည်း မဟုတ်ပါဘူး။ အဲဒီတုန်းက တိတ်ဆိတ်ဂိုဏ်းရဲ့ တခြားပါရမီရှင်တွေလည်း ဒီအတိုင်းပါပဲ။

ဒါပေမဲ့ နှမြောဖို့ကောင်းတာက ဟန်ကျွယ်ရဲ့ အရည်အချင်းကို ဘယ်လိုမှ လိုက်မမီဘူးဆိုတဲ့ ခါးသီးလှတဲ့ အမှန်တရားကို ကိုယ်တိုင် ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ရတာပါ။

လုံဟောင်ဟာ ထပ်ပြုံးလိုက်ပါတယ် “ဘာပဲဖြစ်ဖြစ် မင်းတို့တွေ ငါ့ကို ကူညီရမယ်၊ ငါ ပါရမီရှင်တစ်ပါးကို ပစ်မှတ်ထားတာတယ်၊ သူက အခု မြေအင်မော်တယ်ကမ္ဘာ ရှိနေတယ်၊ သူက လွမ်ဟွေ အာကာသနဲ့တောင် လျှောက်သွားဖူးတယ်၊ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်က ကောင်းကင်တာအိုပညာရှိ ဖြစ်လာပေမဲ့ တခြားတာအိုပညာရှိတွေနဲ့ အဆက်အသွယ်နည်းတယ်၊ ငါ သူ့ဆီသွားလည်မလို့ မင်းတို့လည်း ငါနဲ့ လိုက်ခဲ့ဦး”

ဟန်ယွီဟာ တစ်ခဏ တုံ့ဆိုင်းသွားပြီးနောက် မဆိုစလောက် ‌ခေါင်းညိတ်လိုက်ပါတယ် ချင်လင်းကတော့ ဘာကန့်ကွက်မှုမှ မရှိပါဘူး။ ဒီလိုနဲ့ တာအိုပညာရှိ သုံးပါးဟာ ချက်ချင်း မတ်တတ်ရပ်ပြီး နန်းတော် အပြင်ဘက်ကို ထွက်လိုက်ကြပါတယ်။ လမ်းတစ်လျှောက် သူတို့တွေဟာ ဝတ်စုံစိမ်း အမျိုးသမီးကို ဖြတ်မိပါတယ်။

ချင်လင်းဟာ ဝတ်စုံစိမ်း အမျိုးသမီးကို ခေါင်းညိတ်ပြလိုက်ပါတယ်။

ဝတ်စုံစိမ်း အမျိုးသမီးဟာ ဟန်ယွီကို ကြည့်ပြီး မေးလိုက်ပါတယ် “စီနီယာ... ဘယ်သွားမလို့လဲ၊ ကျွန်မ နောက်ကနေ လိုက်ခဲ့မယ်”

ဟန်ယွီဟာ ဝတ်စုံစိမ်း အမျိုးသမီးကို တစ်ချက်ကြည့်ပြီး အသာ ခေါင်းညိတ်ပြလိုက်ပါတယ်။ လုံဟောင်ကတော့ တွေးတွေးဆဆ ဖြစ်သွားပြီး အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပါတယ်။

တာအိုပညာရှိတွေ အတူသွားလာတာကို ကြည့်ပြီး သူတို့တွေ ဘယ်အသိုင်းအဝိုင်းကလဲဆိုတာကို ခန့်မှန်းနိုင်ပါတယ်။ ကောင်းကင်တာအိုမှာ တာအိုပညာရှိ ပိုများလာတာနဲ့အမျှ တာအိုပညာရှိတွေကြားက ဆက်ဆံရေးဟာ အရင်လိုမျိုး မရင်းနှီးတော့ပါဘူး။ သူတို့အသိုင်းအဝိုင်းနဲ့ သူတို့ ဖြစ်လာပါတယ်။

တာအိုပညာရှိတွေရဲ့ ခေါင်းဆောင်ကတော့ ကောင်းကင်အရှင်ရွှမ်တု ဖြစ်နေတုန်းပါပဲ။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကတော့ ဒဏ္ဍာရီပါ။ တာအိုပညာရှိတွေဟာ ဟန်ကျွယ်ကို မနှောင့်ယှက်ရဲကြပေမဲ့ ကောင်းကင်တာအိုက ဘယ်သူကို ပံ့ပိုးပေးနေလဲဆိုတာတော့ သိထားကြပါတယ်။

ကောင်းကင်တာအို အင်အားကြီးလာတာနဲ့အမျှ ပဋိပက္ခနဲ့ ဆက်သွယ်တာလည်း တိုးလာပါတယ်။ ဒီလိုနဲ့ ကောင်းကင်တာအိုဟာ ဒီပဋိပက္ခနယ်မြေရဲ့ အလယ်ဗဟို ဖြစ်လာပါတယ်။ ဒီလိုဖြစ်အောင်လည်း ရှန်ပေါင် တာအိုကျင့်ကြံသူက နောက်ကနေ အဆင်းဘီးတပ်ပေးထားတာပါ။

လီရွှမ်အောက်နဲ့ ဟန်ဇွေတျန်ဟာ တိတ်ဆိတ်ဂိုဏ်းကို ဦးစီးပေမဲ့ ဟန်ကျွယ်ကိုတော့ မနှောင့်ယှက်ရဲကြပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ တတိယ တာအိုစက်ကွင်းထဲမှာ သက်သောင့်သက်သာ ကျင့်ကြံအားထုတ်ရပါတယ်။

ဟန်ကျွယ်ဟာ ဘဝကြီးက အေးချမ်းတယ်လို့ ထပ်ပြီးတော့ ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ အမြဲတမ်း ဒီလိုမျိုးအေးချမ်းနေဖို့ မျှော်လင့်မိလိုက်ပါတယ်။ ဒါမှ တာအိုဖန်တီးရှင်အဆင့်ရောက်အောင် အေးအေးဆေးဆေး ကျင့်ကြံအားထုတ်နိုင်မှာပါ။

နှစ်နှစ်သိန်း ကြာပြီးနောက် လောကဦးကမ္ဘာရဲ့ အရွယ်အစားဟာ နှစ်ဆ ထပ်ဖြစ်သွားပြီး ဟန်ကျွယ်လည်း ဖန်တီးရှင် နိယာမကို သုံးသပ်နားလည်နိုင်သွားပါတယ်။ အန္တိမမူလ မဟာတာအိုမှာ မဟာတာအိုသုံးထောင်ရဲ့ အမှန်တရားတွေ ပါဝင်နေတာကြောင့် ဖန်တီးမှု နိယာမလည်း ပါဝင်ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက အဆင်ပြေ ချောမွေ့လှပါတယ်။

ဒါပေမဲ့ ဖန်တီးမှု နိယာမက ရှုပ်ထွေးလွန်းပါတယ်။ အမှန်တကယ် တတ်မြောက်ဖို့ အချိန်အကြာကြီး ပေးပြီး သုံးသပ်နားလည်ရဦးမှာပါ။

ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ ပဋိပက္ခ နတ်ဘီလူးအများစု ရှင်းလင်း ခံလိုက်ရတဲ့အတွက် ပဋိပက္ခက တော်တော်လေး တည်ငြိမ်နေပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကလည်း နေရာတကာမှာ လျှောက်မတိုက်ပါဘူး။ တာအိုအရှင်သခင်တို့ လေးယောက်သာ အမြဲတမ်းလိုလို အဆော်ခံနေရတာပါ။

ရုတ်တရက်ဆို ဟန်ကျွယ်ရဲ့ အာရုံကို စာတစ်စောင်ကို ဖမ်းစားသွားပါတယ်။

[သင့်သား ဟန်ထော်သည် သင့်ရန်သူ လောကဦး ဘိုးဘေးနတ်ဘုရား၏ လမ်းညွှန်မှုဖြင့် ဆန်းကြယ်စွမ်းအား တစ်ပါးကို သင်ယူ တတ်မြောက်သွား၏။]

ဒီလိုသင်ပေးခံရတာက ဟန်ထော်တင် မဟုတ်ဘဲ ချင်လင်းလည်း ပါပါတယ်။

‘ဒီလောကဦး ဘိုးဘေးနတ်ဘုရားက ဘာလိုချင်တာလဲ၊ ငါ့သားနဲ့ ငါ့ကို ခြိမ်းခြောက်ချင်တာလား...’ ဟန်ကျွယ်ဟာ တစ်ခဏ တွေးတောပြီးနောက် ဟန်ထော်ဆီ အိပ်မက်ထဲကနေ သွားလည်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အိပ်မက်နယ်မြေက ဟန်ထော် မွေးဖွားခဲ့တဲ့ လူသားမြို့တော်ပါ။

ဟန်ထော်ဟာ တစ်ခေါင်းလုံး ဆံပင်တွေ ဖြူဖွေးနေပေမဲ့ အားကောင်းတဲ့ ရုပ်သွင် ရှိပါတယ်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးကနေ စွမ်းအားကောင်းလှတဲ့ ရောင်ဝါတစ်မျိုးကို ထုတ်လွှတ်နေပါတယ်။

ဟန်ထော်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် ချက်ချင်း ဦးညွှတ်လိုက်ပါတယ်။ ဟန်ထော်ဟာ အရမ်း စိတ်လှုပ်ရှားသွားပေမဲ့ သူ့ကိုယ်သူ ထိန်းချုပ်နိုင်လိုက်ပါတယ်။ ဟန်ထော်ဟာ ဟန်ကျွယ်ကို လေးစားစွာ ကြည့်လိုက်ပါတယ်။

ဟန်ကျွယ်က မေးလိုက်ပါတယ် “အဆင်ပြေရဲ့လား”

“ကျွန်တော်နဲ့ ယီတျန်က နတ်စိတ်ဝိညာဉ် ခေါင်းဆောင်ရဲ့ နယ်မြေထဲမှာ ကျင့်ကြံအားထုတ်နေတယ်၊ အရာအားလုံး အဆင်ပြေပါတယ်”

“နတ်စိတ်ဝိညာဉ် ခေါင်းဆောင်...” ဟန်ကျွယ်က မေးလိုက်ပါတယ်။

ဟန်ထော်ဟာ တစ်ခဏ တုံ့ဆိုင်းသွားပြီးနောက် မတိုးမကျယ် ပြန်ဖြေပါတယ် “အဖေ... ပြီးခဲ့တဲ့ နှစ်သိန်းကျော်က နတ်အာဏာရှင် စစ်သူကြီးတွေ ကောင်းကင်တာအိုကို တိုက်ခိုက်တာက နတ်စိတ်ဝိညာဉ် ခေါင်းဆောင်ရဲ့ စီစဉ်မှု ဖြစ်လောက်တယ်၊ အဲဒါကြောင့် ကျွန်တော် သူ့ဘေးမှာနေပြီး သူ့ယုံကြည်မှုကို အရယူချင်တယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters