ပြဿနာရှာမဲ့လူကို မျှော်ခြင်း
Vol. 81 Ch. 860
“နတ်စိတ်ဝိညာဉ် ခေါင်းဆောင်ကို လှည့်စားနိုင်လိမ့်မယ်လို့ ဘာဖြစ်လို့ ထင်ရတာလဲ၊ မင်းနဲ့သူက ကျင့်ကြံမှုချင်း ဘယ်လောက် ကွာခြားတယ်ဆိုတာကို မင်း မသိဘူးလား” ဟန်ကျွယ်က ခံစားချက် ကင်းမဲ့စွာ မေးလိုက်ပါတယ်။
ဟန်ထော်က ပြန်ဖြေပါတယ် “ကျွန်တော်က လွတ်လပ်မှု အဆင့်မှာ၊ သူက မဟာတာအိုပညာရှိချုပ်၊ သူက ကျွန်တော်နဲ့ အဆင့်ကြီးနှစ်ဆင့်ပဲ ဝေးတာပါ၊ ကျွန်တော် သူ့ရှေ့မှာ အဖေအကြောင်းကို တစ်ခါမှ မပြောဖူးဘူး၊ သူ့မှာ လျှို့ဝှက်အကြံအစည်ရှိရင် ကျွန်တော်ကို သံသယဝင်တယ်ဆိုရင်တောင် ပေါ်တင် တိုက်ခိုက်မှာ မဟုတ်ဘူး’
ဟန်ကျွယ် အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်တဲ့အခါ အိပ်မက်တစ်ခုလုံး ပြောင်းလဲသွားပါတယ်။ မဟာတာအို သုံးထောင်ဟာ သူတို့ခြေထောက်အောက်မှာ အလင်းမျဉ်းတန်းတွေလို ပေါ်လာပါတယ်။ မဟာတာအိုသုံးထောင်ရဲ့ အောက်မှာတော့ ပဋိပက္ခတစ်ခုလုံးပါ။
ဟန်ထော်ဟာ မျက်လုံး ပြူးကျယ်သွားပြီး ပဋိပက္ခကို ငုံ့ကြည့်လိုက်ပါတယ်။ ဟန်ထော်ဟာ အံ့ဩထိတ်လန့်သွားပြီး မျက်လုံးတွေလည်း အရောင် တောက်သွားပါတယ်။
မဟာတာအို သုံးထောင်က အလင်းတန်း သက်သက် မဟုတ်ပါဘူး။ မဟာတာအိုရဲ့ အမှန်တရားတွေလည်း ဖြစ်ပါတယ်။ သူတို့တွေဟာ ဟန်ထော်ရဲ့ ဝိညာဉ်ကို အသွင်မဲ့ တိုက်ခိုက်နိုင်ပါတယ်။ တစ်ချက်ကြည့်ရုံနဲ့ ဟန်ထော်ဟာ မဟာတာအိုပေါ်က မရေမတွက်နိုင်တဲ့ တာအိုရှာဖွေသူတွေနဲ့ ပတ်ပတ်လည်မှာ ပေါလောမျောနေတဲ့ အနန္တကမ္ဘာကို မြင်တွေ့လိုက်ရပါတယ်။
ဟန်ထော်ဟာ တစ်စုံတစ်ခုကို ခံစားမိတာကြောင့် ရုတ်တရက် မော့ကြည့်လိုက်တဲ့အခါ တန်ခိုးစွမ်းအားကြီးမားလှတဲ့ အထွတ်အထိပ် နိယာမ ခုနစ်ပါးက အတောက်ပဆုံး ကြယ်တွေလိုမျိုး ပဋိပက္ခတစ်ခုလုံးကို လမ်းညွှန်နေတာ တွေ့လိုက်ရပါတယ်။
“အဲဒါ ဘာတွေလဲ...” ဟန်ထော်ဟာ သူ့ဘာသာ ရေရွတ်လိုက်ပါတယ်။ ဟန်ထော်ဟာ ဒီလိုမျိုး မအံ့ဩဖြစ်တာ အတော်ကြာခဲ့ပါပြီ။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ဒါက မဟာတာအို နယ်မြေပဲ”
ဟန်ကျွယ်ဟာ လက်မြှောက် ဝှေ့ယမ်းပြီး ယီတျန်ရဲ့ ရုပ်သွင်ကို ပဋိပက္ခထဲက ထုတ်ယူလိုက်ပါတယ်။ ချက်ချင်းဆိုသလို ယီတျန်ဘေးမှာ ပုံရိပ်ယောင်တွေ ပေါ်လာပါတယ်။ ဒီပုံရိပ်ယောင်တွေက ယီတျန်ရဲ့ အတိတ် အနာဂတ်တွေပါ။ ယီတျန်နဲ့ ပတ်သက်ခဲ့တဲ့လူတွေလည်း ပါပါတယ်။
ဟန်ထော်ဟာ တိတ်ဆိတ်သွားပါတယ်။ ဟန်ထော်ဟာ သူ့အဖေ ဘာကိုဆိုလိုချင်လဲ ဆိုတာကို ရုတ်တရက် နားလည်းသွားပြီး သူလုပ်နေတာတွေက လုံးဝ အဓိပ္ပာယ်မရှိဘူးလို့ ခံစားလိုက်ရပါတယ်။
‘ငါ မဟာတာအိုပညာရှိချုပ် စွမ်းအားကို လျှော့တွက်မိခဲ့တာပဲ’
ဟန်ထော်ဟာ အရင်တုန်းကလိုမျိုး ဘာမှမသိသေးတဲ့ ကောင်လေး မဟုတ်တော့ပါဘူး။ ကိစ္စများစွာကို ရင်ဆိုင် တွေ့ကြုံပြီးပါပြီ။ ဟန်ထော်ဟာ အခုအချိန်မှာ မာနရှိသလို ကိစ္စတော်တော်များများကိုလည်း နားလည်နေပါပြီ။
ဟန်ထော်ဟာ သူ့အတွေ့အကြုံတွေကို ပြန်တွေးရင်း အရာတစ်ခုကို နားလည်လိုက်ပါတယ်။ အဲဒါ သူရဲ့ အခွင့်အရေး အားလုံးဟာ သူ့အဖေ မျက်လုံးထဲကနေ မလွတ်ဘူးဆိုတဲ့ သူဝန်မခံရဲတဲ့ အမှန်တရားတစ်ခုပါ။
ဟန်ထော်ဟာ တွေးလေလေ ပိုကြောက်လေလေပါပဲ “အဖေ ကျွန်တော် ဘာလုပ်သင့်လဲ” ဟန်ထော်က ဂရုတစိုက် မေးလိုက်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဟန်ထော်ဟာ အမှုမဲ့အမှတ်မဲ့ မလုပ်ရဲတော့သလို ကတိတွေလည်း မပေးရဲတော့ပါဘူး။
ဟန်ထော်ဟာ ငတုံး မဟုတ်တဲ့အတွက် နတ်စိတ်ဝိညာဉ်ခေါင်းဆောင် သူ့ကို အနားမှာ ခေါ်ထားတာက သူ့အဖေကို ခြိမ်းခြောက်ဖို့ဆိုတာ သိပါတယ်။ သူ့အဖေ သူ့ကြောင့်သာ ထိခိုက်သွားမယ်ဆိုရင် ဟန်ထော်ဟာ သူ့ကိုယ်သူ ခွင့်လွှတ်နိုင်မှာ မဟုတ်ပါဘူး။ သူဟာ အခုထက်ထိ သူ့အဖေကို ကျေးဇူး ပြန်မဆပ်ရသေးပါဘူး။
တကယ်တော့ ဒီပြဿနာက ဟန်ထော် တစ်ယောက်တည်း ရှိနေတာ မဟုတ်ပါဘူး။ တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တိုင်းမှာ ဒီပြဿနာ ရှိနေကြတာပါ။ သူတို့တွေဟာ ကျေးဇူးပြန်ဆပ်ချင်ပေမဲ့ ဟန်ကျွယ်က သူတို့အကူအညီကို မလိုဘူး ဖြစ်နေပါတယ်။
ဟန်ကျွယ်က အမြဲတမ်း ဂူအောင်းကျင့်ကြံပြီး ပြဿနာဆိုတာက ချိုနဲ့လား မေးယူရတဲ့အထိပါပဲ။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ဒီအတိုင်းပဲ ထားလိုက်၊ နတ်စိတ်ဝိညာဉ် ခေါင်းဆောင်ကို ကြံစည်ဖို့ မစဉ်းစားနဲ့၊ ထွက်ပြေးဖို့သာ နည်းလမ်းရှာ...”
ဟန်ထော်ဟာ ခေါင်းသာ ညိတ်လိုက်ရပါတယ်။
အဲဒီနောက် ဟန်ထော်ဟာ ညွှန်ကြားစရာရှိတာ ညွှန်ကြားပြီး အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ မျက်လုံး ဖွင့်လိုက်ပြီးနောက် သက်ပြင်းချလိုက်ပါတယ်။ အဲဒီနောက် ပြုံးလိုက်ပါတယ်။
“စိတ်ဝင်စားဖို့တော့ ကောင်းသား...” ဟန်ကျွယ်ဟာ တစ်ကိုယ်တည်း ရေရွတ်ရင်း မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုတွေ လျှံထွက်သွားပါတယ်။
တရစပ် အချိန်အကြာကြီး ကျင့်ကြံအားထုတ်နေရတာက ပျင်းဖို့ ကောင်းပါတယ်။ ပြောရမယ်ဆိုရင် လောကဦး ဘိုးဘေးနတ်ဘုရားက သူနဲ့ ကမ္ဘာမကျေ ရန်သူပါ။ အခု ဟန်ထော်ကလည်း သူ့အတွက် ပြဿနာရှာပေးနေတဲ့အတွက် ဟန်ကျွယ်ဟာ နည်းနည်းတောင် ပျော်သွားပါတယ်။ သူ့ရဲ့ အကူအညီကို လိုအပ်တဲ့လူ ရှိနေတယ် မဟုတ်ပါလား။
ပြီးခဲ့တဲ့ နှစ်နှစ်သိန်းမှာ ဟန်ကျွယ်ကို ဘယ်သူ့မှ လာမရှာပါဘူး။ ရှင်းဟုန်ရွှမ်တောင် ကျင့်ကြံအားထုတ်ရင်း အလုပ်များနေတဲ့အတွက် ဟန်ကျွယ်ဟာ အထီးကျန်မှုကို ခံစားလာရပါတယ်။
“ငါ အခု လောကဦး ဘိုးဘေးနတ်ဘုရားကို တစ်ချက်တည်း သတ်နိုင်လား”
[သက်တမ်း ၁ ကွာဒလီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မသတ်နိုင်ပါ။]
ဟန်ကျွယ်ဟာ အမှောင်တားမြစ်ဇုန် သုံးမဲ့ အကြံကို တစ်ခါတည်း စွန့်လွှတ်လိုက်ပါတယ် ‘နောက်ဆုံးတော့ ငါ ကျိန်စာတိုက်ရဦးမှာပါလား...’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ပင်မတာအိုစက်ကွင်းဆီ ရွှေ့ပြောင်းသွားလာပြီး ကောင်းကင်တာအိုကို အကဲခတ်ပါတယ်။
ကောင်းကင်တာအိုရဲ့ တိုးတက်ပြောင်းလဲမှုက အဆင်ပြေ ချောမွေ့နေတုန်းပါ။ ဓားရူးတာအိုပညာရှိ၊ ဟုန်စဲ့မင်ယွင်နဲ့ မဟာဟင်းလင်းပြင်ဝိညာဉ် ရှိနေတာကြောင့် ကောင်းကင်တာအိုက ထိုးဖောက်မရဘူးလို့တောင် ပြောလို့ရပါတယ်။
တစ်ခဏ ကြည့်ပြီးတာနဲ့ ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး တာအိုဘုံကျောင်းထဲက လမ်းလျှောက်ထွက်ကာ ရှင်းဟုန်ရွှမ်ဆီ သွားလည်ပါတယ်။
တာအိုဘုံကျောင်းထဲ လှမ်းဝင်ပြီးနောက် ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ဘေးထိုင်ကာ စကားစပြောပါတယ်။ ဒီအတောအတွင်း ရှင်းဟုန်ရွှမ်ရဲ့ ကျင့်ကြံမှုဟာ ပုံမှန် တိုးတက်လာပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်က အရင်ဆုံး စကားစပြောလာတဲ့အတွက် ဝမ်းသာပီတိ ဂွမ်းဆီထိ ဖြစ်ပြီး မကုန်နိုင်အောင် စကားပြောပါတော့တယ်။
တစ်ခါတစ်လေမှာ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရဲ့ စရိုက်ကို သုတေသန ပြုချင်စိတ်တောင် ပေါက်သွားပါတယ်။ ရှင်းဟုန်ရွှမ်က တစ်ချိန်လုံး ဂူအောင်းကျင့်ကြံနေတာတောင် ပြောစရာ စကားက မကုန်နိုင်အောင် ရှိနေတယ် မဟုတ်ပါလား။
အချိန်အကြာကြီး ကြာသွားတဲ့အခါမှာတော့...
ဟန်ကျွယ်က ဟန်ထော်အကြောင်းကို ပြောပြလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် တာအိုစက်ကွင်းက နတ်စိတ်ဝိညာဉ် ခေါင်းဆောင်ရဲ့ ထောက်လှမ်းမှုကို ဟန့်တားနိုင်တဲ့အတွက် သူတို့ပြောတာကို နတ်စိတ်ဝိညာဉ်ခေါင်းဆောင် သိသွားမှာ စိုးရိမ်စရာ မလိုပါဘူး။
ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ကို နှစ်သိမ့်ပါတယ် “သူက ယောက်ျားအတွက် လုပ်ပေးတာလေ၊ သူ့ကို အပြစ် သိပ်မတင်ပါနဲ့”
ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ကို သေချာကြည့်ကာ ရုတ်တရက် ပြုံးလိုက်ပါတယ် “ယောက်ျားလည်း အရမ်းပျော်နေတယ်၊ မိန်းမဆီလာတာ ဒီအကြောင်းပြောဖို့မလား”
“ဒါလည်း ဟုတ်တာပဲ၊ ယောက်ျားက ဩဇာတိက္ကမကြီးပြီး ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိလေ၊ ပုံမှန်ဆို တပည့်တွေက ယောက်ျားကို မနှောင့်ယှက်ရဲဘူး၊ တိတ်ဆိတ်ဂိုဏ်းနဲ့ ကောင်းကင်တာအိုကလည်း ယောက်ျားရဲ့ ထိန်းချုပ်မှုအောက်မှာ၊ ကောင်းကင် ပြိုကျရင်တောင် သူတို့တွေက ယောက်ျားကို မခြိမ်းခြောက်နိုင်ဘူး၊ ဒီတော့ ယောက်ျားမှာ စိုးရိမ်စရာဆိုတာက ရတနာထက် ရှားနေတယ် မဟုတ်လား”
ဟန်ကျွယ်က မေးလိုက်ပါတယ် “ငါတို့သားကရော နောက်ကျရင် ဟန်ထော်လိုမျိုး ပြဿနာရှာမယ် ထင်လား”
ရှင်းဟုန်ရွှမ်ဟာ ပါးစပ်ကို လက်နဲ့အုပ်ပြီး ရယ်မောလိုက်ပါတယ် “ခစ်ခစ်... မိန်းမ အမြင်တော့ သားလေးက ထော်အာထက် ပိုပြီးတော့ ပြဿနာရှာလိမ့်မယ်၊ ထော်အာက သိပ်မဆိုးပါဘူး၊ သူ ငယ်ငယ်လေးကတည်းက ယောက်ျားကို ဘယ်နှခါများ ပြဿနာရှာဖူးလို့လဲ၊ သားလေးရဲ့ အရည်အချင်းက ဒီလောက် ထက်မြက်တာ၊ နောက်ကျရင် ကျိန်းသေပေါက် ထူးခြားတဲ့လူ ဖြစ်လာမှာဆိုတော့ အတောမသတ်နိုင်အောင် ပြဿနာရှာမှာပဲ”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဒါဆိုရင် ပြဿနာရှာမဲ့ကောင် မမွေးဖွားခိုင်းရအောင်”
“ရတယ်လေ၊ မိန်းမလည်း သားလေး ထွက်လာနိုင်မယ်လို့ မထင်ပါဘူး”
“မင်းလေသံက အမေတစ်ယောက်နဲ့လည်း မတူဘူး”
“ဟီးဟီး... မိန်းမတို့တွေ ကလေး နောက်တစ်ယောက်ကို အမြဲတမ်း ယူလို့ရတယ်၊ ဒါပေမဲ့ ယောက်ျားက မိန်းမရဲ့ တစ်ဦးတည်းသော ယောက်ျားလေ၊ ယောက်ျားက ပြဿနာတက်မှာ ဒီလောက်ကြောက်တာ မိန်းမက ဘယ်လိုလုပ်ပြီး ယောက်ျားကို ဒုက္ခပေးရဲမှာလဲ”
ဟန်ကျွယ်နဲ့ ရှင်းဟုန်ရွှမ်ဟာ နောက်ပြောင် ပြောဆိုကြပါတယ်။
လေးငါးဆယ်ရက် အကြာမှာတော့ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရဲ့ တာအိုဘုံကျောင်းကနေ ထွက်ခွာသွားပါတယ်။ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်နဲ့ စကားပြောဆိုပြီးနောက် စိတ်အခြေအနေက တော်တော်လေး ကောင်းမွန်သွားပါတယ်။
သူ့အငယ်ဆုံးသားကတော့ ဗိုက်ထဲမှာပဲ ရှိနေပါသေးတယ်။ ဟန်ကျွယ်ဟာ သူ့အငယ်ဆုံးသားအတွက် အကြံတစ်ခု ရထားပြီးပါပြီ။ အဲဒါက လောကဦး အပိုင်းအစ ကိုးစ စုမိသွားတဲ့အခါ လောကဦးပဋိပက္ခ မဟာဖန်တီးမှုကို သုံးပြီး သူ့သွေးစည်းကို အဆင့်မြှင့်ဖို့ပါ။ ဒီလိုဆို သူ့အငယ်ဆုံးသားက လောကဦး နတ်ဘီလူးအဖြစ် မွေးဖွားနိုင်ပါပြီ။
ဟန်ကျွယ်ဟာ အဲဒီနေ့ကို မျှော်ကြည့်မိလိုက်ပါတယ်။
တာအိုဘုံကျောင်းထဲကို ပြန်ရောက်ပြီးနောက် ဟန်ကျွယ်ဟာ လျူပေ့ကို တွေးမိသွားတာကြောင့် ဆင့်ခေါ်လိုက်ပါတယ်။ ပထမတော့ ဟန်ကျွယ်ဟာ လျူပေ့ကို တတိယ တာအိုစက်ကွင်းဆီ မလွှတ်ချင်ပါဘူး။ ဒါပေမဲ့ လျူပေ့က ပဋိပက္ခထဲမှာ နှစ်ပေါင်းများစွာ ဒုက္ခခံခဲ့ရတာ ဖြစ်တဲ့အတွက် လျစ်လျူရှုထားဖို့ မဖြစ်နိုင်ပါဘူး။
လျူပေ့က ကိုယ်ပွားဆိုပေမဲ့ တိုက်တိုင်းအောင်ဗုဒ္ဓရဲ့ ခန္ဓာကိုယ်ကို အသုံးပြုခဲ့တာကြောင့် သူ့အသိဉာဏ်က လွတ်လွတ်လပ်လပ် တည်ရှိနေပါတယ်။ လျူပေ့ဟာ ဟန်ကျွယ်ရဲ့ တာအိုဘုံကျောင်းဆီ ရောက်တဲ့အခါ စိတ်လေးသွားသလို တစ်ချိန်တည်းမှာလည်း စိတ်လှုပ်ရှားသွားပါတယ်။
ပြန်ရောက်လာပြီးနောက် လျူပေ့ဟာ အရမ်းစိတ်ပျက်ပြီး သူ့ကိုယ်သူ အပြစ်တင်နေခဲ့တာပါ။ သူက ပေးအပ်တဲ့ တာဝန်ကို ကျေပွန်အောင် မထမ်းဆောင်နိုင်တဲ့အပြင် ဟန်ကျွယ်ကိုယ်တိုင် လာကယ်ခဲ့ရတယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ဘာမှမပြောဘဲ လျူပေ့ကို တတိယ တာအိုစက်ကွင်းဆီ ခေါ်သွားပါတယ်။ လျူပေ့ဟာ တာအိုဘုံကျောင်းထဲက အရာအားလုံး ပြောင်းလဲသွားတာကို တွေ့မြင်လိုက်ရတာကြောင့် မှင်တက်သွားပါတယ်။
“ဒါက တတိယ တာအိုစက်ကွင်းပဲ၊ နောက်ကျရင် ငါနဲ့အတူ ကျင့်ကြံအားထုတ်ချည်၊ ငါ မင်းကို ပဋိပက္ခထဲမှာ တတိယ တာအိုစက်ကွင်းအတွက် နေရာရှာခိုင်းခဲ့တာက မင်းအတွက် အရမ်းခက်ခဲခဲ့မှာပဲ”
လျူပေ့ဟာ ဟန်ကျွယ်စကားကို ကြားတာနဲ့ ချက်ချင်း ကျေးဇူးတင်စကား ဆိုပါတယ်။
ဟန်ကျွယ်ဟာ သူ့ရဲ့ လွတ်လပ်စွာ တည်ရှိနေတဲ့ ကိုယ်ပွားကိုကြည့်ပြီး စိတ်ပျော့သွားပါတယ် “မင်းနဲ့ငါက နှစ်သုံးသန်းကျော်အောင် အတူရှိနေခဲ့တာ၊ ငါ မင်းကို တကယ်ပဲ လျစ်လျူရှုထားမိခဲ့တယ်၊ မင်းတင် မဟုတ်ပါဘူး၊ တခြားလူအများကြီးကိုလည်း ငါ လျစ်လျူရှုထားမိခဲ့တယ်”
လျူပေ့က ချက်ချင်း ပြန်ပြောပါတယ် “ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ သခင်က အမြဲတမ်း ဂူအောင်းကျင့်ကြံပြီး လာသမျှ ရန်သူတွေကို ခုခံနိုင်လို့သာ... မဟုတ်ရင် ကျွန်တော်တို့ သေသွားတာ ကြာပြီ၊ သခင်က ကျွန်တော်တို့ကို အကောင်းဆုံး ကျင့်ကြံမှု ပတ်ဝန်းကျင်နဲ့ အလုံခြုံဆုံးနေရာကို ထောက်ပံ့ထားတယ်၊ ကျွန်တော်တို့တွေ လျစ်လျူရှု မခံရပါဘူး”
လျူပေ့ပြောတာက စိတ်ရင်းထဲကပဲဖြစ်ဖြစ် မြှောက်ပင့် ပြောဆိုတာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ တော်တော်လေး သက်သောင့်သက်သာ ရှိသွားပါတယ်။ ဟန်ကျွယ်ဟာ ဘာမှ ထပ်မပြောတော့ဘဲ တာအိုစပြီးတော့ ဟောကြားပါတယ်။
အန္တိမမူလ မဟာတာအိုဟာ လျူပေ့ကို ချက်ချင်း ဖုံးလွှမ်းသွားပါတယ်။
ဟန်ကျွယ်က ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်လားတော့ မပြောတတ်ပါဘူး။ ဟန်ကျွယ်ရဲ့ တာအိုအသံဟာ တတိယ တာအိုစက်ကွင်းတစ်ခုလုံးကို ပဲ့တင်ထပ်သွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။