ငြိမ်းချမ်းရေးပျက်ပြားစေသူ ရှာဖွေတွေ့ရှိ၊ ချေမှုန်း
Vol. 9 Ch. 19
ဟယ်ရီက တဖြည်းဖြည်းနီးကပ်လာတဲ့ ကောင်းဘွိုင်ကို ကြည့်လိုက်တယ်။ နဂိုကတည်းက သူ့စွမ်းအားက S rank ထိပ်သီးတစ်ယောက်ကို အနိုင်ယူနိုင်တဲ့ ကောင်းဘွိုင်နဲ့ယှဥ်ရင် ဘာမှမဟုတ်ပါဘူး။ ခုထိ သူအသက်ရှင်နေသေးတာ ကောင်းဘွိုင်က သူ့ကိုမသတ်ချင်သေးလို့ပါ။
“မင်းကိုအနိုင်ယူဖို့ သေနတ်တွေတောင် သုံးစရာမလိုဘူး။” ကောင်းဘွိုင်က ဟယ်ရီရှေ့ကိုရောက်လာပြီ။ ဟယ်ရီရဲ့အက်တမ်မှုန်တွေက ကောင်းဘွိုင်ရဲ့ဝတ်စုံမှာ ခြစ်ရာတချို့ထင်ကျန်စေရုံကလွဲလို့ တခြားဘာမှ မစွမ်းဆောင်နိုင်ဘူး။
“သေလိုက်တော့...” ကောင်းဘွိုင်က လက်သီးကိုဆုပ်ပြီး ဟယ်ရီရဲ့မျက်နှာကို ထိုးချဖို့ပြင်တယ်။ ဟယ်ရီကလည်း သူ့အဖွဲ့သားတွေ ပိုးကောင်ရန်ကနေကင်းစေဖို့ အက်တမ်မုန်တိုင်းကို ထုတ်ဖော်ထားတဲ့အတွက် နေရာကနေ ရွှေ့လို့မရဘူး။ သူမျက်လုံးကို မှိတ်ထားလိုက်တယ်။
ဘုန်း... ဘုန်း... ဘုန်း...
ကျောပေါ်ကို ရုတ်တရက်ကျဆင်းလာတဲ့ ဖျက်အားပြင်းဒုံးကျည်တွေကြောင့် ကောင်းဘွိုင်ရဲ့ခန္ဓာကိုယ် ယိုင်သွားပြီး ဒူးထောက်ကျသွားတယ်။
“ဘယ်ကောင်ချောင်းပစ်တာလဲကွ။” ဒုံးကျည်တွေလာရာကို ကြည့်လိုက်တော့ ပျံသန်းနေတဲ့ဆိုင်ကယ်တစ်စင်းပေါ်က လူနှစ်ယောက်ကို သူမြင်လိုက်ရတယ်။
“နောက်ထပ် ဟီးရိုးတွေရှိနေသေးတာလား။” သူမျက်မှောင််ကြုတ်လိုက်တယ်။
“ဌာနမှူးဟယ်ရီ၊ ရှင့်လူတွေကို ကယ်ထုတ်တော့။ ကျွန်မတို့ဆက်ကိုင်တွယ်လိုက်မယ်။ ဆိုင်းရပ်၊ ရှင်ဆင်းပြီးတိုက်တော့။”
နျူရေက ပြောလိုက်တော့ ဟယ်ရီလည်းအက်တမ်မုန်တိုင်းကို ရုပ်သိမ်းလိုက်ပြီး ဖားလေးနဲ့ဓားနတ်ဆိုးကို ဆွဲထုတ်ဖို့ကြိုးစားတယ်။ ပိုးကောင်တွေက သူတို့ကိုတိုက်ခိုက်ဖို့လုပ်ပေမဲ့ နျူရေက ဆိုင်ကယ်မှာပါတဲ့စက်သေနတ်နဲ့ သူတို့ကိုပစ်ခတ်တားဆီးလိုက်တယ်။
ဘုန်း...
“လေးလိုက်တာ... နည်းပညာဝတ်စုံတွေက ဒီလောက်သုံးရခက်မယ်မှန်း မသိခဲ့ဘူး။”
ဆိုင်ကယ်ပေါ်ကနေ ခုန်ဆင်းလိုက်တာနဲ့ ဆိုင်းရပ်လမ်းပေါ်ကို ခွေးကျကျသွားတယ်။ သူက နည်းပညာဝတ်စုံတစ်စုံကို သုံးတတ်ဖို့နေနေသာသာ ဘယ်လိုတိုက်ခိုက်ရမလဲတောင် မသိပါဘူး။ ဒါပေမဲ့ သူက စိတ်အားထက်သန်လွန်းတဲ့အတွက် နျူရေက တိုက်ပွဲဝင်ဖို့ ခွင့်ပြုလိုက်တာ။
“ဟမ့်၊ နောက်ထပ်နည်းပညာဝတ်စုံလား။ သေလိုက်တော့။”
ကောင်းဘွိုင်က ဆိုင်းရပ်ကို သေနတ်နဲ့ချိန်ပြီးပစ်တယ်။ ဆိုင်းရပ်က ပြန်မထနိုင်သေးတဲ့အတွက် ဘေးကို လှိမ့်ရှောင်လိုက်ရတယ်။ နောက်တော့ သူရှိနေခဲ့တဲ့နေရာက အလင်းဒြပ်စင်ကြောင့်ဖြစ်ပေါ်လာတဲ့ ချိုင့်ခွက်ကြီးကိုမြင်ပြီး အလန့်တကြားဖြစ်သွားတော့တာပဲ။
“သောက်ခွေးထဲမှ...” ဒီအတိုင်းဆက်လှိမ့်ရှောင်နေရင် သေတော့မယ်ဆိုတာကို သိနေတဲ့အတွက် ဆိုင်းရပ်က ချက်ချင်းကုန်းထပြီး ကောင်းဘွိုင်ဆီကိုပြေးဝင်အုပ်တယ်။
“မင်း...”
မထင်ထားဘဲ ဆိုင်းရပ်က ခုန်အုပ်လိုက်တာကြောင့် ကောင်းဘွိုင်လည်းအခြေပျက်သွားပြီး လဲကျသွားရော။ အခုဆိုင်းရပ်ကအပေါ်မှာ ကောင်းဘွိုင်က အောက်မှာပါ။
“သေစမ်း... သေစမ်း... ခင်ဗျားက မြို့ကိုလာတိုက်ရဲတယ်ဟုတ်လား။” ဆိုင်းရပ်က လက်သီးကိုဆုပ်ပြီး ကောင်းဘွိုင်ရဲ့မျက်နှာကို တည်ထိုးတယ်။ ဒါပေမဲ့ စက္ကန့်ပိုင်းပဲကြာတယ်၊ ကောင်းဘွိုင်က ရုန်းထွက်လိုက်ပြီး ဆိုင်းရပ်ရဲ့ရင်ဝကို ဆောင့်ကန့်လိုက်တယ်။
“အား....” ဆိုင်းရပ်ရဲ့ခန္ဓာကိုယ် လေထဲမှာမျောလွင့်သွားပြီး ဓာတ်တိုင်တစ်တိုင်ကိုဝင်တိုက်တယ်။ ဓာတ်တိုင်က သတ္တုတိုင်မလို့ ကွေးဝင်ပြီးမြေပေါ်ကိုညွှတ်ကျသွားလေရဲ့။ ဆိုင်းရပ်က ဓာတ်တိုင်ကိုပြန်ထောင်ပေးလိုက်ပြီးတဲ့နောက် ကောင်းဘွိုင်ကို ကြောက်လန့်တကြားကြည့်လိုက်ပါပြီ။
“ဆိုင်းရပ်၊ ရှင်ဘာကြောင်ကြည့်နေတာလဲ။ ပေါင်က သေနတ်ကိုသုံး။”
ဒီတော့မှ ဆိုင်းရပ်လည်း သူ့ပေါင်က သေနတ်ကိုဖြုတ်ပြီး ကောင်းဘွိုင်ကိုချိန်ပစ်တယ်။ သေနတ်က ခြောက်လုံးပြူးပုံစံဖြစ်ပေမဲ့ နည်းနည်းတော့ကြီးပါတယ်။ ကျည်ဆန်တွေက တင့်ကားကျည်ဖောက်ဖို့ အထူးလုပ်ထားတာဖြစ်လို့ အရွယ်အစားကြီးနေတာပါ။
ဖောင်း...
သေနတ်ကျည်ပေါက်ကွဲသံနဲ့အတူ ကောင်းဘွိုင်ကိုသွားမှန်တယ်။ ဒါပေမဲ့ ဝတ်စုံနည်းနည်းချိုင့်သွားရုံကလွဲလို့ ဘာမှမဖြစ်ပါဘူး။ “သောက်ခွက်လာပြောင်နေတာလား။”
ဒေါသထွက်လာတဲ့ကောင်းဘွိုင်က ချက်ချင်းပြေးဝင်လာတယ်။ အရှိန်က အသံမြန်နှုန်းကိုကျော်သွားပြီး လေထုပေါက်ကွဲသံပေါ်ပေါက်လာတယ်။ အဲဒီသက်ရောက်အားကြောင့် ကောင်းကင်ပေါ်မှာပျံသန်းနေတဲ့ နျူရေရဲ့ဆိုင်ကယ်လည်း နည်းနည်းနောက်ကို ရွေ့သွားတယ်။ ပိုးကောင်တွေကတော့ ဆိုင်းရပ်ကိုဂရုမစိုက်တော့ဘဲ နျူရေဆီကို ပြေးလာနေကြပြီ။
ဘုန်း...
“အင့်...”
အားအပြည့်ပါတဲ့ ကောင်းဘွိုင်ရဲ့လက်သီးချက်ကြောင့် ဆိုင်းရပ်နောက်ကို အများကြီးလွှင့်ထွက်သွားပြီး လည်ချောင်းထဲကို သွေးတွေပျို့တက်လာတယ်။ ကောင်းဘွိုင်ကတော့ သူ့ကိုကြည့်ပြီး ရယ်နေတယ်။
“မင်းကိုကြည့်ရတာ Void Streamစနစ်ကိုတောင် မသုံးတတ်တဲ့ပုံပဲ။” ကောင်းဘွိုင်က လှောင်ရယ်နေပြီး ဆိုင်းရပ်ကို အားရပါးရရိုက်နှက်နေတယ်။ ဆိုင်းရပ်ကတော့ အကြိမ်ကြိမ်ရိုက်နှက်ခံနေရပေမဲ့ အမြဲလိုလိုပြန်ထလာဖို့ကြိုးစားတယ်။ သူက လေ့ကျင့်ထားသူမဟုတ်ပေမဲ့ ဒီမြို့ကိုကာကွယ်ဖို့ အလေးထားတယ်။
...
“FOX 5NY ကနေ တိုက်ရိုက်ထုတ်လွှင့်နေပါတယ်။ အခုဆိုရင်တော့ မြို့ထဲကို စစ်ကူရောက်လာပြီဖြစ်ပြီးရဲတပ်ဖွဲ့ကလို့ ယူဆရတဲ့ နည်းပညာဝတ်စုံဝတ်ဟီးရိုးတစ်ယောက်က ရန်သူကိုတိုက်ခိုက်နေပါတယ်။ သူ့ပုံစံက တအားကြိုးစားနေပေမဲ့ အတွေ့အကြုံရှိတဲ့ပုံမပေါ်ဘဲ ဆက်တိုက်ရိုက်နှက်ခံနေရပါတယ်။”
လင်ဒါက တရုတ်တန်းက ချီလုလုတို့ဆိုင်မှာ ထိုင်နေရင်းကနေ တီဗီကလွှင့်နေတဲ့ သတင်းကိုကြောင်စီစီနဲ့ ကြည့်နေမိတယ်။ ဆိုင်ထဲက စားသုံးသူတွေအားလုံးက သူတို့စားစရာတွေကို မေ့ထားပြီးတော့ အဲဒီဟီးရိုးအသစ်ကိုပဲ အားပေးနေကြတယ်။ ဟီးရိုးက ရှုံးနေပေမဲ့ သူတို့အားလုံးရဲ့စိတ်နှလုံးတွေက အဲဒီလူအပေါ်မှာ။
“လင်ဒါ၊ ရှင်တကယ်ပဲ အရာအားလုံးကို လက်လျှော့မလို့လား။ လူတိုင်းက ရှင့်လိုမျိုး စွမ်းအားကြီးဟီးရိုးဖြစ်လာနိုင်မယ့် ကံကောင်းမှုမျိုးကို ပိုင်ဆိုင်နိုင်ကြတာ မဟုတ်ဘူးနော်။”
လင်ဒါနဲ့အတူထိုင်နေတဲ့ လေဒီဘက်တာဖလိုင်းက ပြောလိုက်တယ်။ ရာထူးကနေထွက်ဖို့ စဥ်းစားပြီးတဲ့နောက် လင်ဒါက ကြံရာမရဖြစ်နေတဲ့အတွက်ကြောင့် နယူးယောက်ရဲ့လက်ရှိနာမည်အကြီးဆုံး ဥပဒေရေးရာဟီးရိုးဆီမှာ ရင်လာဖွင့်ဖြစ်တာ။
“အဲဒီဝတ်စုံက နင့်ဝတ်စုံပဲမဟုတ်လား။ အဲဒီဝတ်စုံထဲမှာ ရှိနေတဲ့သူက နင့်လောက်ကောင်းကောင်းမတိုက်ခိုက်နိုင်ပေမဲ့ ကြိုးစားပြီးတိုက်ခိုက်နေတယ်။ ဘာကြောင့်လဲဆိုတော့ သူက တရားမျှတမှုဆိုတဲ့အရာပေါ်မှာ စိတ်ရောကိုယ်ပါ ယုံကြည်ထားလို့ပဲ။”
လင်ဒါက သူ့ခေါင်းကို ငုံထားလိုက်တယ်။ သူဘာလုပ်ရမှန်းမသိဘူး။ ဒါကြောင့် သူဒီလိုရှောင်ပြေးခဲ့မိတာလည်းဆိုတာကို နားမလည်နိုင်ဘူး။ နောက်တော့ သူက လေဒီဘက်တာဖလိုင်းကို မော့ကြည့်လိုက်ပါတယ်။
“လေဒီဘက်တာဖလိုင်း၊ ရှင်လည်း အဲဒီယုံကြည်မှုအတွက် တိုက်ခိုက်နေတာပဲမဟုတ်လား။ တကယ်လို့ရှင်က ဟီးရိုးတစ်ယောက်အနေနဲ့ အားနည်းလွန်းပြီး တရားမျှတမှုကို မဆောင်ကျင်းပေးနိုင်ဘူးဆိုရင်ရော ဆက်ပြီးတိုက်ခိုက်ဖို့ ထိုက်တန်ပါဦးမလား။”
ဘက်တာဖလိုင်းက လင်ဒါရဲ့စကားကိုနားထောင်ရင်း ခေါင်းညိတ်လိုက်တယ်။ ဘက်တာဖလိုင်းက C rank ဟီးရိုးတစ်ယောက်ပါ။ အားအနည်းဆုံးဟီးရိုးတွေထဲက တစ်ယောက်ဆိုရင်လည်းမမှားဘူး။
“နင်က နင်သိပြီးသားမေးခွန်းကို ငါ့ဆီမှာလာမေးနေတာပဲ။ တကယ်လို့နင်က အားနည်းနေရင်တောင်မှ တရားမျှတမှုအတွက်တိုက်ခိုက်ပေးနေမယ်ဆိုရင် ကမ္ဘာကြီးကို ပိုကောင်းမယ့်နေရာတစ်ခုဖြစ်လာအောင် လုပ်ပေးနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်လေးတော့ ရှိနေဦးမှာမဟုတ်လား။ ပြီးတော့ နင်က အားမနည်းတော့ဘူးလေ။ ဘာအတွက် အားလျှော့ရမှာလဲ။”
လင်ဒါက တီဗီကပြနေတဲ့ သတင်းကို ပြန်ထပ်ကြည့်လိုက်တယ်။ ဟုတ်တယ်၊ တကယ်တော့ သူက ဟိုးအရင်ကတည်းက တိုက်ခိုက်နေခဲ့တာ။ သူ့ရဲ့မြူတန့်စွမ်းအားက သုံးစားလို့မရလောက်အောင် အားနည်းနေခဲ့တဲ့အချိန်မှာကတည်းက တရားမျှတမှုအတွက် တိုက်ခိုက်နေတာ။ အခုလိုပိုပြီးစွမ်းအားကြီးလာတဲ့အချိန်မှာ ဘာကြောင့်သူရပ်တန့်စရာလိုမှာလဲ။ ဆက်ပြီးတိုက်ခိုက်နေရုံပဲမဟုတ်လား။
“ဟုတ်တယ်၊ ငါဆက်ပြီး တိုက်ခိုက်ရမယ်။”
...
“အား....”
ဆိုင်းရပ်နောက်တစ်ခါ ဆောင့်ကန်ခံရပြီး တိုက်နံရံတစ်ခုထဲကို ဖောက်ဝင်သွားတယ်။ သူ့ခန္ဓာကိုယ်က အရိုးတော်တော်များများလည်း ကျိုးနေပါပြီ။ ဒါပေမဲ့ သူက စိတ်မလျှော့သေးဘဲ နေရာလွဲနေတဲ့ ပခုံးရိုးကို ဆုပ်ကိုင်ထားရင်း ဒယိမ်းဒယိုင်နဲ့အုတ်ပုံကြားထဲကနေ ပြန်ထွက်လာတယ်။
“ပွဲမပြီးသေးဘူးကွ။”
“တော်တော်အာရုံနောက်တဲ့ကောင်၊ မင်းနဲ့ကစားမနေတော့ဘူး။” ကောင်းဘွိုင်ကလည်း ဆိုင်းရပ်နဲ့ကစားရတာ ပျင်းသွားပြီဖြစ်တဲ့အတွက် သေနတ်က ဘားခလုတ်ကို ထိပြီးအဆုံးအထိမြှင့်လိုက်တယ်။
တစ်ဖက်မှာတော့ နျူရေရဲ့ဆိုင်ကယ်က ခုန်ပျံပြီးခုတ်လိုက်တဲ့ ဓားခုတ်ကောင်တစ်ကောင်ကြောင့် မြေပေါ်ကိုပြုတ်ကျလာပြီး ပိုးကောင်တွေဝိုင်းတိုက်တာခံရတော့မယ့် အနေအထားမျိုးကိုကျရောက်သွားတယ်။
“သေစမ်း၊ ဒီနေရာမှာသာ အီဗန်ရှိနေခဲ့ရင်။” ဆိုင်ကယ်က သူ့ကိုယ်ပေါ်ပိနေတဲ့အတွက် လွယ်လွယ်နဲ့ထွက်မရဖြစ်နေတဲ့ နျူရေက လက်မောင်းကိုမြှောက်ပြီး သူ့ကိုယ်သူကာကွယ်ဖို့လုပ်တယ်။ ဒါပေမဲ့ ဓားခုတ်ကောင်တွေအတွက်တော့ သူ့ကာကွယ်မှုက သုံးစားမရပါဘူး။
ဘုန်း...
ရုတ်တရက် ပန်းရောင်စွမ်းအင်လှိုင်းတစ်ခုက နေရာတစ်ခုလုံးကို ဖြန့်ကျက်သွားတယ်။ ကောင်းဘွိုင်ရဲ့ဝတ်စုံက အဲဒီစွမ်းအင်ကို တန်ပြန်လိုက်ပေမဲ့ ဆိုင်းရပ်ဆီရောက်နေတဲ့သူ့အာရုံက စွမ်းအင်လှိုင်းလာရာဆီကို ရွေ့ပြောင်းသွားတယ်။
“မစ်ရှင်အဖွဲ့ရဲ့အမှိုက်မ၊ ကိုယ့်နေရာကိုယ်မသိဘဲ ဝင်ပါပြန်ပြီလား။ ပြီးတော့ နင့်ဝတ်စုံလည်းမပါပါလား။”
ဆိုင်းရပ်လည်း စွမ်းအင်လှိုင်းလာရာကို ကြည့်လိုက်တယ်။ နျူရေကို ရန်မူနေခဲ့တဲ့ ပိုးကောင်တွေဟာ အခုရိုရိုကျိုးကျိုးနဲ့ လှပတဲ့ပုံရိပ်လေးတစ်ခုနောက်မှာ ရပ်နေတယ်။ အဲဒီပုံရိပ်ကတော့ ရဲဝတ်စုံအပြည့်နဲ့ လင်ဒါပါ။
“အရာရှိ....”
“ဟေး၊ ဆိုင်းရပ်။ နင်ငါ့ဝတ်စုံကို ခွင့်ပြုချက်မရှိဘဲ ယူဝတ်နေတာ ရပ်သင့်ပြီထင်တယ်။ ငါ့ကိုပြန်ပေး။”
ကောင်းဘွိုင်က လင်ဒါရဲ့စကားကြောင့် ဆိုင်းရပ်ကို ကြည့်လိုက်တယ်။ ဝတ်စုံက အများကြီးပြောင်းသွားတဲ့အတွက် သူက တခြားဝတ်စုံသစ်တစ်ခုလို့ ထင်နေခဲ့တာပါ။ ဆိုင်းရပ်ကတော့ လင်ဒါရောက်လာတာကြောင့် သိပ်ပျော်နေတဲ့ပုံပဲ။
“အရာရှိ၊ စိတ်မရှိပါနဲ့။ ကျွန်တော်ချက်ချင်းလာပေးမယ်။” သူက ချက်ချင်းထပြီး လင်ဒါဘက်ကိုပြေးတယ်။
“ငါခွင့်ပြုလို့လား။” ကောင်းဘွိုင်လည်း ဒေါသထွက်သွားပြီး အားကုန်မြှင့်ထားတဲ့ အလင်းဒြပ်စင်သေနတ်ပစ်ချက်နဲ့ ပစ်ဖို့ပြင်တယ်။ ဒါပေမဲ့ လင်ဒါကတော့ လက်ဖျောက်တီးလိုက်တယ်။ လက်ဖျောက်တီးသံနဲ့အတူ ပိုးကောင်အုပ်ကြီးက သေမှာမကြောက်ဘဲ ကောင်းဘွိုင်ဆီကို ပြေးဝင်သွားကြတယ်။
“မင်းတို့ကောင်တွေ၊ ရူးနေပြီလား။ ငါက မင်းတို့ခေါင်းဆောင်ကွ...”
[Ultimate Skill: Reaper’s Shot]
ပိုးကောင်အုပ်က သူ့ကိုရုက်တရက်ကြီးဝိုင်းခုန်အုပ်လိမ့်မယ်လို့ မျှော်လင့်မထားတဲ့အတွက် ကောင်းဘွိုင်တစ်ယောက် ဓားခုတ်ကောင်တွေအောက်ရောက်သွားပြီး အလင်းဒြပ်စင်သေနတ်ကလည်း ပစ်မှတ်ကိုလွဲကာ မိုးပေါ်ကိုပဲအလင်းတန်းထောင်တက်သွားတယ်။
သတင်းလိုက်နေတဲ့ ရဟတ်ယာဥ်ပေါ်က ကင်မရာမန်းကတော့ လင်ဒါကို ကင်မရာနဲ့ထိုးချိန်ထားပြီး ဘေးက သတင်းတင်ဆက်သူအမျိုးသမီးက ဝမ်းသာအားရနဲ့ သတင်းကိုတင်ဆက်နေတယ်။
“အားလုံးပဲ၊ မစ်ရှင်အဖွဲ့က အရာရှိလင်ဒါရောက်လာပါပြီ။ ဗီလိန်ကို အနိုင်ယူဖို့အတွက် စိတ်မပူရတော့ဘူးထင်ပါတယ်။”
....
“အရာရှိ၊ ဒီမှာပါ။” ဆိုင်းရပ်က ဝတ်စုံကို သေတ္တာအဖြစ်ပြောင်းပြီး လင်ဒါလက်ထဲ ထည့်လိုက်တယ်။ လင်ဒါက အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်ပြပြီး ရှေ့ကိုတက်သွားတယ်။ အဲဒီနောက် အခုလိုပြောလိုက်တယ်။
“မြို့တော်ငြိမ်းချမ်းရေးပျက်ပြားအောင် နှောင့်ယှက်သူတွေ့ရှိ။ ရဲတပ်ဖွဲ့ဝင်တစ်ယောက်အနေနဲ့ အမြန်ဆုံးနှိမ်နင်းရမယ်။”
နောက်တော့ လင်ဒါက သေတ္တာကိုဆွဲဖွင့်တယ်။ ငွေရောင်စစ်သည်တော်နဲ့တစ်နေရာကမှ မတူတော့တဲ့ Sheriffဝတ်စုံက လူမြင်ကွင်းမှာ နောက်တစ်ခါပေါ်လာပြန်တယ်။ ဒီတစ်ခါတော့ ဝတ်စုံသူက လင်ဒါဖြစ်ပြီး ဆိုင်းရပ်မဟုတ်တဲ့အတွက် ဒီဇိုင်းထုတ်ထားသလိုပဲ လင်ဒါရဲ့ခန္ဓာကိုယ်ကောက်ကြောင်းအလှက ဝတ်စုံမှာပါ လာထင်ဟပ်နေတယ်။ လက်ထဲမှာလည်း ရဲကိုင်ဒိုင်းတစ်ခုပွင့်လာပြီး လင်ဒါက မျက်ခုံးပင့်လိုက်တယ်။
“ဝတ်စုံမှာ လက်နက်သစ်တွေရှိနေတာလား။ စိတ်ဝင်စားစရာပဲ။” လင်ဒါက ပေါင်က ကျည်ကာဖောက်သေနတ်ကို ဖြုတ်လိုက်ပြန်တယ်။ တစ်ဖက်မှာဒိုင်းကိုင်၊ တစ်ဖက်မှာ သေနတ်ကိုကိုင်ထားပြီး ပြိုင်ဖက်ဖြစ်တဲ့ ကောင်းဘွိုင်ကို ကြည့်လိုက်တယ်။
“တော်တော်စိတ်ညစ်ဖို့ကောင်းတဲ့ကောင်တွေ၊ သေကြစမ်း။” လင်ဒါထိန်းချုပ်ထားတဲ့ ပိုးကောင်တွေကို ပြန်ထိန်းချုပ်ဖို့မဖြစ်နိုင်တော့တာကြောင့် ကောင်းဘွိုင်က ထပ်ပြီးသူတို့ခေါင်းတွေကို ဖောက်ခွဲပစ်လိုက်တယ်။ ဒါပေမဲ့ သူတိုက်ပွဲဝင်ဖို့ အသင့်မဖြစ်သေးတဲ့အချိန်မှာပဲ လင်ဒါက လှုပ်ရှားလာခဲ့ပါပြီ။
ဖောင်း... ဖောင်း... ဖောင်း....
ကျည်ကာဖောက်ကျည်ဆန်တွေက ကောင်းဘွိုင်ကိုလာမှန်တယ်။ C rank လက်နက်တစ်ခုဖြစ်တာကြောင် ခြစ်ရာနဲ့အပိန့်တွေပဲထင်ပေမဲ့ ကောင်းဘွိုင်က စိတ်ဆိုးလာပါပြီ။ “မင်းလွန်နေပြီ။” သူက အမြန်နှုန်းကိုချိုးဖျက်ကာ လင်ဒါကိုလက်သီးနဲ့ထိုးဖို့ကြိုးစားတယ်။ လင်ဒါကလည်း သေနတ်ကိုပေါင်မှာပြန်ချိတ်ပြီး လေပေါ်မြောက်နေတဲ့ ကောင်းဘွိုင်ရဲ့ခြေအောက်ပိုင်းကို သိမ်းကန်လိုက်တယ်။
ဘုန်း....
အကွက်မှားသွားတဲ့ ကောင်းဘွိုင်တစ်ယောက် ဟန်ချက်ပျက်ပြီး လမ်းပေါ်ကိုလိမ့်ကျသွားတယ်။ ဒါပေမဲ့ သူက အတွေ့အကြုံရှိသူမလို့ ချက်ချင်းထလိုက်ပြီး လင်ဒါကို သေနတ်နဲ့ပစ်တယ်။ အလင်းဒြပ်စင်ကျည်တွေက လေထုထဲမှာ ပြန့်နှက်သွားပေမဲ့ လင်ဒါကလည်း အသင့်ဖြစ်နေပြီးပြီမလို့ အတောင်ကိုဖွင့်ပြီးရှောင်ပါတယ်။ အဲဒီနောက်တော့ ကားတစ်စီးရဲ့ခေါင်မိုးပေါ်မှာ ဆင်းလိုက်ပြီး ခေါင်းကိုခါယမ်းလိုက်တယ်။
“သေနတ်က ဒီလောက်အားမကောင်းဘူး။ နောက်ဘာရှိသေးလဲ ကြည့်ရအောင်။” လင်ဒါက ခါးပတ်နေရာမှာချိတ်ထားတဲ့ လျှပ်စီးတုတ်ကိုဖြုတ်လိုက်တယ်။ ချက်ချင်းပဲ ဝတ်စုံစနစ်က လင်ဒါကို အသုံးပြုနည်းရှင်းပြတယ်။
“ဟုတ်ပြီ၊ ဒီတစ်ခုက နည်းနည်းပိုအသုံးဝင်တယ်။”
လင်ဒါက အချိန်ဆိုင်းမနေတော့ဘဲ အတောင်ပံကိုသုံးကာ ကောင်းဘွိုင်ဆီကို ပြေးဝင်သွားတယ်။ သူ့လက်ထဲမှာတော့ ဝတ်စုံရဲ့ဗဟိုချက်က စွမ်းအင်တွေနဲ့ အားဖြည့်ထားတဲ့ လျှပ်စီးတုတ်ရှိနေပြီး လျှပ်စီးစက်ကွင်းတွေက ဆက်တိုက်လင်းလတ်နေပါတယ်။
[Ultimate Skill: Overloaded] ဝတ်စုံစနစ်ရဲ့ခံစားချက်မဲ့တဲ့ကြေညာချက်က ဝတ်စုံအတွင်းမှာပေါ်ထွက်လာတယ်။
“ငါ့ကိုနိုင်မယ်မထင်နဲ့။” ကောင်းဘွိုင်ကလည်း သေနတ်နဲ့ပြန်ပစ်တယ်။ လင်ဒါကလည်း တောင်ပံကိုသုံးပြီးရှောင်ပေမဲ့ နောက်ဆုံးတစ်ချက်က အနီးကပ်ဖြစ်နေတာမလို့ ဒိုင်းကိုသုံးပြီးကာလိုက်တယ်။ ဒိုင်းက ချက်ချင်းပေါက်ကွဲထွက်သွားပေမဲ့ လင်ဒါကို အခွင့်အရေးတစ်ခုဖန်တီးပေးပြီးသား ဖြစ်သွားပြီ။ လင်ဒါရဲ့လျှပ်စီးတုတ်က ကောင်းဘွိုင်ရဲ့ပခုံးပေါ်ကို ကျရောက်သွားပါပြီ။
ဘုန်း....
ပေါက်ကွဲသံကြီးတစ်ခုနဲ့အတူ လျှပ်စီးတုတ်ကလည်း ပေါက်ကွဲထွက်သွားတယ်။ အားကောင်းလွန်းတဲ့ ဝတ်စုံရဲ့ဗဟိုချက်စွမ်းအင်တွေကို ထိန်းမထားနိုင်လို့ ပျက်စီးလောင်ကျွမ်းသွားတာပါ။ ဒါပေမဲ့ လင်ဒါကတော့ စိတ်ငြိမ်ငြိမ်ပဲရှိနေသေးတယ်။ ကောင်းဘွိုင်ကတော့ ပေါက်ကွဲသွားတဲ့အရှိန်နဲ့အတူ အဝေးကြီးကိုလွင့်ထွက်သွားပြီး လမ်းပေါ်ကို ပြန်ပြုတ်ကျလာတယ်။ သူ့ဝတ်စုံတစ်ခုလုံး ရှော့ဖြစ်နေပြီး တစ်ကိုယ်လုံးအကြောဆွဲနေတယ်။
“ကြည့်ရတာ တိုက်ပွဲပြီးသွားပုံပဲ။” လင်ဒါက ကောက်ချက်ချလိုက်တယ်။ သူ့ရန်သူက ဝတ်စုံမရှိရင် ဒီလောက်ကြီးအစွမ်းမထက်ပါဘူး။ ဝတ်စုံကလည်း တောင်ပံပြာမျိုးစိတ်ကထွင်ထားတာဖြစ်ပြီး ပိုးကောင်အင်ပါယာက သူတို့ကျွန်အဖြစ်စေခိုင်းဖို့ ပေးခဲ့တဲ့ပုံပဲ။ ပြောရရင် မူလကောင်းဘွိုင်က သုံးစားမရတဲ့ တတိယအဆင့်လုပ်ကြံသူတစ်ယောက်သာသာပဲ။
“မပြီးသေးဘူးကွ၊ ဒီနေရာအထိရောက်လာဖို့ ငါလူတကာဆီမှာ ကျွန်ခံပြီးနေခဲ့ရတာကွ။” ကောင်းဘွိုင်က ပျက်စီးနေတဲ့ဝတ်စုံကို လစ်လျူရှုပြီး ပြန်ထလာတယ်။ ဒါပေမဲ့ သူ့ကိုကာကွယ်ပေးခဲ့တဲ့ဝတ်စုံက အသုံးမဝင်တော့ဘဲ သူ့ကိုလေးလံစေတာပဲ အဖက်တင်ပါတော့တယ်။
“အား၊ ဟုတ်သားပဲ။ ရှင့်ကိုကာကွယ်ပေးမယ့် ဝတ်စုံမရှိတော့ဘူးဆိုတော့။”
လင်ဒါက ကောင်းဘွိုင်ရှေ့ကိုရောက်လာပြီး ကောင်းဘွိုင်ရဲ့နဖူးကို လက်ညိုးနဲ့ထောက်လိုက်တယ်။ ပန်းနုရောင်စွမ်းအင်လှိုင်းက ဝတ်စုံထဲကို အတားအဆီးမရှိဝင်သွားပြီး ကောင်းဘွိုင်ရဲ့ခန္ဓာကိုယ်က တောင့်တောင့်ကြီးဖြစ်သွားတယ်။
“လူဆိုးလေး၊ နင်ငါ့ဆီမှာ ကောင်းကောင်းမွန်မွန် အဖမ်းခံလိုက်တော့။” လင်ဒါက ပြောလိုက်တယ်။ ကောင်းဘွိုင်က လင်ဒါရဲ့စကားကို မဆန့်ကျင်နိုင်တော့ဘဲ လေးဖက်ထောက်ကျသွားတယ်။ ပျက်စီးနေတဲ့ သူ့ခေါင်းစွပ်ကလည်း ကျွတ်ကျသွားပြီ။ ကောင်းဘွိုင်ရဲ့အသက်လေးဆယ်ကျော် အာရှသားမျက်နှာက လူတိုင်းရှေ့မှာပေါ်လာပြီး ဦးနောက်မကောင်းသူလိုမျိုး ပါးစပ်ထဲကနေ သွားရည်တွေစီးကျနေတယ်။ ဒါက လင်ဒါရဲ့စွမ်းအားသက်ရောက်မှုကြောင့်ပါ။
“ဟုတ်....” သူက လင်ဒါကို မော့တောင်မကြည့်ဘဲ ပြောလိုက်တယ်။
လင်ဒါကတော့ သူ့ကိုဂရုမစိုက်ဘဲ ဘောင်းဘွိုင်ရဲ့ကျောနောက်မှာ တစ်ချိန်လုံးချိတ်ထားတဲ့ စလင်ဒါပုံသတ္တုဘူးလေးကို ဆွဲဖြုတ်လိုက်တယ်။ ဒါက သူတို့ခိုးထားတဲ့ မြို့တော်ခုခံရေးစနစ်အစိတ်အပိုင်းပါ။
“အရာရှိလင်ဒါက တကယ်မိုက်တာပဲ။” အရိုးတွေကျိုးနေလို့ မလှုပ်ရှားနိုင်ဖြစ်နေပေမဲ့ နောက်ကနေကြည့်နေတဲ့ ဆိုင်းရပ်က လှမ်းပြီးအားပေးလိုက်တယ်။