← Chapters

ထောက်ပံ့ငွေရပြီ!

Vol. 6 Ch. 77

ထောက်ပံ့ငွေရပြီ!

Vol. 6 Ch. 77

''သူဌေး... နောက်တစ်ခုရှိပါသေးတယ်'' ကောင်းယောင်ယောင်ကအစီရင်ခံလိုက်သည်_ ''ဒီနေ့ပျားရည်အကြောင်းမေးတဲ့ခရီးသည်တွေများပြီး သာမန်ရုံချန်းစီရင်စုပျားရည်ကိုဝယ်ချင်တဲ့သူတွေလည်းရှိပါတယ်... သူတို့ပြောတာတော့ မနေ့ကမဝယ်လိုက်ရလို့ပါတဲ့''

''ဟုတ်ပြီ... ပြီးရင်အဲဒီကိစ္စဖြေရှင်းလိုက်မယ်'' ချင်လင်ကခေါင်းညိမ့်လိုက်၏။

ဒီတော့မနေ့ညက စီရင်စုတောင်သူအထောက်အပံ့ live က နာမည်ရလာပြီပေါ့။

ချင်လင်ကခန်းမထဲပြန်လာရာ ကျောက်မိုချင်းကလင်းဖန်အား ကောင်တာတွင်ကွန်ပျူတာအသုံးပြုပုံသင်ကြားပေးနေသည်ကိုတွေ့ရသည်။

နောက်ဆုံးတော့ လင်းဖန်၏ဆန္ဒအတိုင်း ကုန်ပစ္စည်းများစာရင်းသွင်းဖို့တာဝန်ယူရတော့မည်။ ထို့ကြောင့်သူမက ကွန်ပျူတာမည်သို့အသုံးပြုရမည်ကိုစိတ်အားထက်သန်နေ၏။

အမှန်တော့လူကြီးအတော်များများ သည်အတိုင်းပင်။ သူတို့ကလေးများအတွက်တစ်ခုခုကူညီပေးနိုင်လျှင် သူတို့အသုံးဝင်သေးသည်ဟုခံစားရမည်။ သူတို့မှာပြောမပြနိုင်သောပြီးမြောက်အောင်မြင်မှုကိုခံစားရပေမည်။

ဖြစ်ချင်တော့ လူငယ်များက ထိုခံစားချက်ကိုးမလည်ကြ။

ချင်လင်က သူ့အမေ၏ဆန္ဒကိုလိုက်လျောရန်သာရှိတော့သည်။ အမှားအယွင်းမရှိစေရန်အတွက် ကျောက်မိုချင်ကိုအားလပ်သည့်အခါ သူ့အမေကိုစစ်ဆေးပေးဖို့မှာထား၏။

အဆုံးအရှုံးများမည်စိုး၍မဟုတ်။ ဘာပဲဖြစ်ဖြစ် ငွေတောင်းခံလွှာများရှိနေခြင်းကြောင့် မှားယွင်းခဲ့လျှင် ပြန်လုပ်နေရမည်။

တစ်ခုခုဖြစ်ခဲ့လျှင် သူ့အမေစိတ်ထိခိုက်ပြီး သူ့ကိုယ်သူအပြစ်တင်မှာစိုးသောကြောင့်ပင်။

ယောက္ခမနှင့်ချွေးမ ကွန်ပျူတာရှေ့တွင် အသည်းအသန်လေကန်နေကြသည်။ ဝမ်ချိုင်ကဘေးနားပစ်လှဲ၍ သူတို့ခြေထောက်များနောက်ခေါက်တုံ့ခေါက်ပြန်လိုက်နေသည်။ တစ်ချက််တစ်ချက် သူ့ကိုဖယ်ကျဉ်ထားခံရသလိုလို ကွန်ပျူတာကိုလှမ်းလှမ်းကြည့်လိုက်သည်။

သူနှင့်အတူကစားချင်သော ကောင်တာမှငွေကိုင်မိန်းကလေးကိုတော့ လျစ်လျူရှုထား၏။

ချင်လင်ကကောင်တာဆီလျှောက်သွားကာ ဝမ်ချိုင်နှင့်ကစားလိုက်သည်။ ထိုစဉ်ချန်လီက လူသုံးယောက်နှင့်စံအိမ်ရောက်လာသည်ကိုတွေ့လိုက်ရ၏။ တစ်ဦးမှာ သူ့အတွင်းရေးမှူးကျုံးလဲ့။ နောက်တစ်ဦးမှာ ဝတ်စုံနှင့်လူတစ်ယောက်ဖြစ်၍ နောက်ဆုံးမှာ သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးဖြစ်သည်။

''အကြီးအကဲချန်... မနေ့ညက live လွှင့်တာအောင်မြင်လို့ဂုဏ်ယူပါတယ်'' ချင်လင်ကချက်ချင်းကောင်တာမှထွက်ကာ အပြုံးနှင့်အရှေ့လျှောက်သွားလိုက်၏။

ချန်လီကခေါင်းခါ၍_ ''သူဌေးချင်... ကိုယ့်ကိုယ်ကိုယ်အရှက်ခွဲမိတာသာကြည့်ပါတော့... လိုင်းပေါ်မှာ meme တွေတောင်ထွက်နေပြီ''

ဝတ်စုံနှင့်လူနှင့် သက်လတ်ပိုင်းအမျိုးသမီးမှာ ထိုစကားကြားလျှင် မပြုံးဘဲမနေနိုင်တော့ချေ။ သူတို့နှစ်ဦးလည်း မနေ့ညကစီရင်စုတောင်သူထောက်ပံ့ရေး live အကြောင်းသိသည်။ ထိုအချိန်တွင် အကြီးအကဲချန်ဘယ်လောက်အောင့်သီးအောင့်သက်ဖြစ်သွားမည်ကိုမှန်းကြည့်နိုင်၏။



''ဒါနာမည်ကြီးတယ်ဆိုတဲ့အဓိပ္ပါယ်ပဲ အကြီးအကဲချန်... အဲဒါနောက်ပိုင်းတောင်သူ live တွေအတွက် ပိုမကောင်းဘူးလား?'' ချင်လင်ကပြုံး၍ ထိုအဖွဲ့ကိုစားပွဲ၌နေရာချပေးလိုက်သည်။

ချင်လင်၏စကားကြားလျှင် ချန်လီအားတက်သွား၏။ သူကထိုင်လိုက်ပြီး_ ''သူဌေးချင်... တကယ်တော့ဒီနေ့လာတာ အကြောင်းနှစ်ခုရှိတယ်... ပထမတစ်ချက်က မင်းကိုကျေးဇူးတင်ချင်လို့ပါ... မနေ့ညက live လွှင့်တာအကျိုးရှိတယ်... ရုံချန်းစီရင်စုပျားရည်လည်း နာမည်ရတာတယ်''

ချင်လင်က_ ''အကြီးအကဲချန်... ပျားရည်အကြောင်းပြောရဦးမယ်... ဒီနေ့ပျားရည်ဝယ်ချင်တဲ့ခရီးသည်တွေရှိတယ်... ကျွန်တော့်အရောင်းစင်တာအတွက် ပျားရည်တစ်သုတ်လောက်ဝယ်ထားရမယ်ထင်တယ်... ပစ္စည်းအရည်အသွေးကိုအာမခံချက်ပေးနိုင်ဖို့ပဲလိုတယ်''

''သူဌေးချင်... အဲဒါပစ္စည်းကောင်းပါ... အရည်အသွေးပိုင်းတော့ စိတ်မပူပါနဲ့... ငါစီစဉ်လိုက်မယ်'' ချန်လီက ရှဉ့်လည်းလျှောက်သာပျားလည်းစွဲသာအခြေအနေကိုကျေနပ်၍ ချက်ချင်းအာမခံလိုက်သည်။

ဤသည်မှာချင်လင်၏ရည်ရွယ်ချက်ပင်။ သူကပြုံး၍_ ''ဒါဆို ကျွန်တော်စိတ်ချပါပြီ''

ချန်လီကဆက်၍_ ''သူဌေးချင်လင်... နောက်တစ်ခုပြောကြတာပေါ့... စီရင်စုထောက်ပံ့ငွေက စံအိမ်ကိုနေ့လယ်လောက်ရောက်လိမ့်မယ်... ဒီနှစ်ယောက်နဲ့လည်း မိတ်ဆက်ပေးမယ်''

''ဒီအမျိုးသမီးက ဘဏ္ဍာရေးဌာနက ဌာနစိတ်အကြီးအကဲဟူ... ဒါက ရုံချန်းပထမဆောက်လုပ်ရေးကုမ္ပဏီရဲ့ဥက္ကဌစွန်း... ရုံချန်းပထမဆောက်လုပ်ရေးကုမ္ပဏီက လုပ်ငန်းဆောက်လုပ်ရေးပိုင်းကိုတာဝန်ယူလိမ့်မယ်... သူတို့က လုပ်ငန်းကိုအတတ်နိုင်ဆုံးမြန်မြန်ဆန်ဆန်ပြီးအောင် အတော်ဆုံးဆောက်လုပ်ရေးအဖွဲ့ကိုလွှတ်ပေးလိမ့်မယ်''

ချင်လင်ကခေါင်းညိမ့်၍ သူတို့နှစ်ဦးကိုနှုတ်ဆက်လိုက်သည်။

အကြီးအကဲဟူမှာ ထောက်ပံ့ငွေကြီးကြပ်ရေးနှင့်ပြန်လည်ဆန်းစစ်ရေးတာဝန်ခံဖြစ်၏။

ဤသည်မှာလည်း သင့်လျော်သောထိန်းချုပ်မှုအောက်တွင် လုပ်ငန်းစဉ်ကိုကြီးကြပ်ပေးရန်လိုအပ်၍ဖြစ်သည်။

ရုံချန်းပထမဆောက်လုပ်ရေးကုမ္ပဏီမှာ တရားဝင်ကျောထောက်နောက်ခံရှိသည်ဟုဆိုနိုင်သည်။ သူတို့မှာ တရားဝင်ဖြိုချခြင်း၊ လမ်းဆောက်ခြင်းလုပ်ငန်းများတွင်တာဝန်ခံဖြစ်၏။ အရင်ကဆောက်လုပ်ရေးကုမ္ပဏီနှင့်ချိတ်ဆက်ပေးမည်ဟု စီရင်စုပြောဖူးသည်မှာ ဤကုမ္ပဏီပင်ဖြစ်မည်ဟု သူမှန်းကြည့်ဖူးသည်။

''မင်္ဂလာပါ သူဌေးချင်'' အကြီးအကဲဟူက ချင်လင်နှင့်လက်ဆွဲနှုတ်ဆက်လိုက်သည်။

''သူဌေးချင် မပူပါနဲ့... စံအိမ်လုပ်ငန်းအတွက် ကျွန်တော်တို့အကောင်းဆုံးလုပ်ပေးမယ်... ခရီးသည်တွေရှေ့မှာ ကိုယ့်အဖွဲ့ကိုမျက်နှာပျက်ရအောင်မလုပ်ဘူး'' ဥက္ကဌစွန်းက ချင်လင်နှင့်လက်ဆွဲနှုတ်ဆက်ရင်း ကတိပြုလိုက်သည်။ သူကစွန်းရှန်ကို သူမလာခင်ကတည်းကမြင်ဖူးပြီး စံအိမ်လုပ်ငန်းအတွက်ရည်ရွယ်မှန်းသိသည်နှင့် လျစ်လျူရှုမထားရဲပေ။

ထို့အပြင် တစ်ခုခုအမှားအယွင်းရှိမှာလည်းစိုးသည်။ အင်တာနက်ခေတ်တွင် ခရီးသည်တွေအများကြီးနှင့် ဗီဒီယိုရိုက်ပြီးလိုင်းပေါ်တင်လိုက်မှ ဒုက္ခလှလှတွေ့နေမည်။ ဂျပိုးကလိပ်ဖြစ်နိုင်၏။ သူဖြေရှုင်းနိုင်မည်မဟုတ်။

ပွင့်ပွင့်လင်းလင်းဆိုရလျှင် သူ့မှာဖိအားအများကြီးနှင့် ထိုလုပ်ငန်းကိုယူထားရသည်။

အားလုံးစကားပြောနေကြသည်ကိုမြင်လျှင် ကျောက်မိုချင်းကိုယ်တိုင်ကောင်တာတွင် ပျားရည်လေးခွက်ဖျော်၍ စားပွဲထိုးကိုပို့ခိုင်းလိုက်၏။

သူမကိုယ်တိုင် စကားဝိုင်းထဲဝင်မဖွဲ့။ ချင်လင်တို့မှာ သေချာပေါက်အလုပ်ကိစ္စအကြောင်းပြောနေကြမည်ဆိုတာ သူမသိသည်။

ပျားရည်လေးခွက်လာချသည်ကိုမြင်လျှင် ချင်လင်ကမိတ်ဆက်ပေးလိုက်၏_ ''အကြီးအကဲဟူ ဥက္ကဌစွန်း... ဒါကျွန်တော်တို့စံအိမ်ရဲ့ထုတ်ကုန်အသစ်ဆေးဖက်ဝင်ပျားရည်ပါ... မြည်းကြည့်ပါဦး''

ဆေးဖက်ဝင်ပျားရည်သောက်ပြီးနောက် ချန်လီကသူတို့နှစ်ဦးအား_ ''ဒီဆေးဖက်ဝင်ပျားရည်က အရသာတကယ်ကောင်းတယ်... အခုချင်းလင်စံအိမ်မှာအရမ်းနာမည်ကြီးနေပြီ''



အကြီးအကဲဟူကပြုံး၍_ ''ဒါဆိုတကယ်မြည်းရတော့မှာပေါ့... မနေ့ကကျွန်မသမီးက ဒီဆေးဖက်ဝင်ပျားရည်အကြောင်းပြောနေတာ''

ဥက္ကဌစွန်းက ခွက်ယူ၍သောက်ကြည့်လိုက်သည်။

ဆေးဖက်ဝင်ပျားရည်ကိုအားရပါးရမြိုချပြီးနောက် သူ့မျက်လုံးများအရောင်လက်သွား၏။

အကြီးအကဲဟူက_ ''ဒီအရသာတကယ်ကောင်းတာပဲ''

ဥက္ကဌစွန်း: ''အကြီးအကဲဟူ... မကောင်းဘူးဆိုရင် ဒီလောက်ခရီးသည်တွေအများကြီးက ကြိုက်မှာမဟုတ်ဘူး''

ချန်လီကအလိုက်သင့်ထပ်ပြောလိုက်၏_ ''သူဌေးချင်မှာ ပစ္စည်းကောင်းတွေအများကြီးရှိတယ်... ဥပမာ အဲဒီထူးရှယ်ဖရဲသီးဆို စိုက်ပျိုးနေတုန်းရှိသေးတယ်... ရုံချန်းစီရင်စုထဲ သူဌေးချင်ဆီမှာပဲရှိတာ''

ထိုစကားကြားလျှင် ချင်လင်ကရှင်းပြရခက်စွာပြုံးလိုက်မိသည်။

အကြီးအကဲချန်ကပေါ့ပေါ့ပါးပါးပြောလိုက်သော်လည်း သတင်းပြန့်သွားလျှင်တစ်မျိုးဖြစ်သွားမည်။ နောက်အားလုံးက လက်ခံသဘောတူကြလျှင် ထိုကိစ္စမှာခိုင်မာသည့်အချက်တစ်ချက်ဖြစ်လာမည်။

ဤသည်မှာ သူ့ကိုတရားဝင်အသိအမှတ်ပြုလိုက်သလိုပင်။ သူမျိုးစေ့တကယ်စိုက်နိုင်သွားတဲ့အခါမှ ကျန်တာတွေကလွယ်သွားလိမ့်မည်။

ထို့နောက်ချင်လင်နှင့်ချန်လီက အသေးစိတ်ဆွေးနွေးလိုက်ကြသည်။

ဥက္ကဌစွန်းက သူလိုအပ်သည်များနှင့် လိုချင်သောပုံစံကိုမေးမြန်းသည်။ အချိန်ကျလျှင် ဒီဇိုင်းအစီအစဉ်ကိုသူရမည်။

ချင်လင်က စံအိမ်အတွက်ကိုယ်ပိုင်အစီအစဉ်ရှိပြီးဖြစ်၍ သူ့တောင်းဆိုချက်များကိုပြောပြလိုက်သည်။

အကြီးအကဲဟူက ဘေးမှနားထောင်နေ၏။

သူမလုပ်စရာလိုသည်က ထောက်ပံ့ငွေအသုံးကိုကြီးကြပ်ရန်ဖြစ်သည်။ အချိန်ကျလျှင် ထုတ်ပြန်ချက်အစီရင်ခံစာတင်ရမည်။ ကျန်တာက သူမအပိုင်းမဟုတ်ပေ။

တစ်နာရီခန့်စကားပြောကြပြီးနောက် ချန်လီကသူ့လူများနှင့်ပြန်ထွက်သွားသည်။

နေ့လယ်စာစားပြီးနောက်_

ချင်လင်နှင့်ကျောက်မိုချင်းက ဝမ်ချိုင်လက်ကိုင်ထားသောလင်းဖန်ကိုအဖော်ပြုနေစဉ် အသိပေးစာရလိုက်သည်။

ချန်လီပြောထားသည့်အတိုင်းဆိုလျှင် ထောက်ပံ့ငွေစုစုပေါင်းယွမ် ၂၃ သန်းမှာ ကတ်နှင့်လွှဲလိုက်ပြီဖြစ်သည်။

ယွမ် ၂၃ သန်းမှာ ယွမ်သန်း ၁၀၀ ဝင်ငွေရှိသောပတ်ဝန်းကျင်မှလူချမ်းသာများအတွက် မပြောပလောက်သော်လည်း လောလောဆယ်ချင်လင်အတွက်တော့ သေချာပေါက်ကြီးမားသောပမာဏဖြစ်သည်။ ထိုပမာဏက သူ့ကိုအချိန်ကုန်သက်သာစေ၏။

တချိန်တည်းမှာထိုငွေမရှိလျှင် ဖြည်းဖြည်းချင်းဆောက်ရမည်သာမက စံအိမ်၏နေ့စဉ်ဝင်ငွေကိုပေးချေနေရမည်။ ဤငွေနှင့် တပြိုင်တည်းသူ့အကြွေးကိုအပြီးချေနိုင်ပြီး ကိုယ်ပိုင်ငွေကိုထုတ်သုံးရန်လည်းမလိုတော့ချေ။

ထို့ကြောင့်သူရင်းနှီးမြှုပ်နှံစရာမလိုဘဲ လက်ရှိသူ့ငွေရင်းတိုးလာမည်။

နောက်တခြားအရာတွေလည်း လုပ်လို့ရပြီ။

အိမ်ဝယ်တာမျိုးပေါ့။



All Chapters