အိမ်ထောင်ပြုခြင်းမှတဆင့် အသိုင်းအဝိုင်းကဖန်တီးလိုက်သောအံ့သြဖွယ်!
Vol. 6 Ch. 78
အိမ်နှင့်ပတ်သက်၍ စံအိမ်ဝယ်ပြီးနောက်ပိုင်း ချင်လင်စဉ်းစားတာတာရှိသည်။ ဘာပဲဖြစ်ဖြစ် စံအိမ်က ဧက ၅၀၀ ကျယ်သည်လေ။ ထိုထဲတွင်သူဆန္ဒရှိသလောက် စံအိမ်ဆောက်၍ရသည်။
သို့သော်လည်း ဤသည်က အိမ််တစ်လုံးဝယ်မည်ဆိုသည်ကိုဆန့်ကျင်ခြင်းတော့မဟုတ်ပေ။ မြို့ထဲတွင်စံအိမ်မဆောက်ရဟုသတ်မှတ်ထားတာမျိုးမရှိဘူး မဟုတ်လား?
နောက်ပြီးကျောက်မိုချင်းက သူ့အိမ်ကိုပြောင်းလာပြီ။ ငှားထားသောတိုက်ခန်းတွင်ဆက်နေ၍မဖြစ်။ အိမ်ဝယ်ဖို့ကလည်း သူ့ယောက္ခမကိုပေးထားသောကတိဖြစ်နေသည်။
ပိုအရေးကြီးတာက အဆင်မပြေဖြစ်နေခြင်းပင်။ သူတို့၏ချစ်ခင်စုံမက်ခြင်းကြောင့် အတူတူနေရန်ပြောင်းလာခြင်းဖြစ်သော်လည်း နေရာထိုင်ခင်းအခြေအနေကြောင့် ဘာမှလုပ်၍မရသည်မှာ အလွန်စနိုးစနောင့်ဖြစ်ရ၏။
စံအိမ်ဆောက်ရန်အချိန်ကျပြီဖြစ်လေသည်။
ထို့ကြောင့် သူအိမ်ဝယ်ရမည်။
ချင်လင်ငြိမ်နေသည်ကိုမြင်လျှင် ကျောက်မိုချင်းကမေးလိုက်သည်_ ''ဘာဖြစ်လို့လဲ?''
ချင်လင်ကပြုံး၍_ ''မိုချင်း... အိမ်သွားဝယ်ရအောင်!''
''အိမ်ဝယ်မယ်? ဘာလို့ရုတ်တရက်ကြီးထတွေးနေတာလဲ?'' ကျောက်မိုချင်းကြောင်သွား၏။ အရင်က သူမနှင့်ချင်လင်တိတ်တဆိတ်လက်ထပ်စာချုပ်ချုပ်ခဲ့ခြင်းမှာ အိမ်ပြဿနာကြောင့်ဖြစ်သည်။
ချင်လင်ကရှင်းပြလိုက်သည်_ ''စီရင်စုထောက်ပံ့ငွေရောက်လာတော့ ဒီမှာရံပုံငွေပိုများလာပြီ... ဒီလိုဖြစ်လာမှတော့ အိမ်အရင်ဝယ်ရမယ်... အခုနေရာမှာနေဖို့အဆင်မပြေဘူး''
''အဆင်မပြေဘူး'' ဆိုသည့်စကားမှာ တစ်ခုခုကိုရည်ရွယ်ချင်းဖြစ်၏။ ကျောက်မိုချင်းက သူနှုတ်ခမ်းဖျားနှင့်ဆိုလိုသည်ကိုနားလည်လိုက်သည်။
ဘာလို့ဒီလူရဲ့စိတ်က ဒီလောက်မှောင်ရတာလဲ?
အဆင်မပြေမှန်းသိသားနှင့် ညတိုင်းသူမကိုလာလာထိနေသေးသည်။
လင်းဖန်လည်း သတိလက်လွတ်ငြိမ်သွား၏။ သူ့သားစကားကိုကြားလျှင် စိတ်လှုပ်ရှားသွားသည်မှာ မျက်နှာပေါ်တွင်အတိုင်းသား။
သူမမိသားစုပိုင်အိမ်က ရောင်းလိုက်တာကြာပြီ။ အခုသူမအလိုချင်ဆုံးက သူ့သားကိုအိမ်ထပ်ဝယ်စေချင်တာဖြစ်သည်။ လက်ရှိသူ့လက်ထဲပိုက်ဆံဘယ်လောက်ရှိရှိ အိမ်ကအဓိကပင်။
''ဘယ်အချိန်သွားမလဲ?'' ကျောက်မိုချင်းကမေးလိုက်သည်။
''အခု!'' ချင်လင်ကအချိန်ဆွဲမနေချင်။
ချင်လင်ဆုံးဖြတ်ထားသည်ကိုမြင်လျှင် ကျောက်မိုချင်းကခေါင်းညိမ့်၍ လင်းဖန်အား_ ''အမေ... အိမ်အတူတူသွားကြည့်ရအောင်!''
''ငါဝမ်ချိုင်နဲ့လမ်းလျှောက်ရဦးမယ်... မင်းနဲ့ရှောင်ချင်သွားလိုက်'' လင်းဖန်ကခေါင်းခါလိုက်သည်။
သူ့သားအိမ်ဝယ်မည်ဆိုတော့ သူမကပိုတောင်ပျော်သေးသည်။ သို့သော်လည်း လူငယ်တွေနှင့်အကြိုက်မတူနိုင်မှန်း သူမသိသည်။ သူတို့အတူတူသွားကြလျှင် မနေနိုင်ဘဲသူမအကြိုက်ကိုပြောမိမည်။ လူငယ်များနှင့်ထပ်ပြီး သဘောထားကွဲလွဲနိုင်၏။
ဒီတော့ သူတို့စုံတွဲဘာသာသွားစေလိုက်မည်။ သူမသားဘယ်လိုအိမ်ပဲဝယ်ဝယ် သူမဝမ်းသာမည်ဖြစ်သည်။
ပြောပြောဆိုဆို လင်းဖန်က ဝမ်ချိုင်ကိုခေါ်၍ထွက်သွား၏။
အခုတော့ မိသားစုကပိုအဆင်ပြေလာပြီး သူ့သားနှင့်မိုချင်းလည်း သင့်မြတ်နေသည်။ သူမကတီဗွီဇာတ်လမ်းထဲမှမိဘမျိုးမဖြစ်ချင်ပေ။

…
ရုံချန်းစီရင်စုတွင် အိမ်စျေးအလွန်ကြီးသော်လည်း အိမ်ဝယ်သူများမပြတ်ချေ။ ထို့အပြင် အရောင်းလည်းအလွန်ကြပ်သည်။
၄င်းမှာ အိမ်ရှိမှစေ့စပ်ကြောင်းလမ်းကြသည့်လူအဖွဲ့အစည်းကဖန်တီးထားသော အံ့သြဖွယ်ပုံပျက်သောကိစ္စဖြစ်၏။
ကလေးမွေးပြီဆိုတာနှင့် မိဘများကပိုက်ဆံစုရပြီး သူတို့ကလေးအိမ်ထောင်ပြုရန်အိမ်အတွက်တစ်ဝက်တပျက်ပေးချေဖို့စောင့်နေရသည်။
မိဘတွေအဖြစ်များသောအခြေအနေမှာ သူတို့သားက ဇနီးရှာ၍အိမ်ထောင်ထူထောင်နိုင်ခြင်းပင်။
သို့မဟုတ်ပါက လူငယ်မျိုးဆက်တွေဘယ်လိုလုပ်ပြီး ပုံမှန်လစာယွမ် ၃၀၀၀-၄၀၀၀ ရသောနေရာမျိုးမှာ အိမ်ဆောက်နိုင်ပါ့မလဲ?
ထို့ကြောင့်ရုံချန်းစီရင်စုတွင် အိမ်ဝယ်သူပြတ်လပ်ခြင်းမရှိ။ မနှစ်ကအသစ်ဆောက်လိုက်သော ရုံချန်းစီရင်စုပထမတန်း၏ အထူးကောင်းမွန်သောနံရံကပ်စက္ကူပြန်လည်ပြင်ဆင်ခြင်းပင် စတုရန်းတစ်မီတာပတ်လည်ကို ယွမ် ၂၅၀၀၀ အထိရှိသည်။
အမှန်ပင်။ ပုံမှန်လစာယွမ် ၃၀၀၀-၄၀၀၀ သာရှိသောစီရင်စုငယ်လေးတွင် အိမ်စျေးစတုရန်းတစ်မီတာပတ်လည်ကို ယွမ် ၂၅၀၀၀ ရှိသောနယ်ပယ်လေးကပေါ်နေပြီ။
အိမ်စျေးမြေစျေးများကျမည်ဟု ကောလာဟလထွက်နေသော်လည်း ရုံချန်းစီရင်စုတွင်မြင်နေရသည်က ရူးလောက်စရာ။
ပျမ်းမျှလစာယွမ် ၃၀၀၀-၄၀၀၀ ရှိသောစီရင်စုတွင် မိသားစုအများစုမှာအံကြိတ်၍ ယွမ် ၁၀၀၀၀ ကျော်ထုတ်ကြရသည်။
အိမ်စျေး ၂၀၀၀၀ ကျော်ဆိုသည်မှာ မိသားစုများထမင်းလျှော့စားလျှင်တောင်မတတ်နိုင်သော ပမာဏဖြစ်၏။ ထို့ကြောင့် ရုံချန်းစီရင်စုပထမတန်းမှာ ရုံချန်းစီရင်စုတွင် စင်စစ်အဆင့်အတန်းမြင့်သောနယ်ပယ်တစ်ခုဖြစ်လာသည်။
အိမ်ခြံမြေစျေးကြီးလျှင် အထောက်အပံ့အပြင်အဆင်များလည်းပိုကောင်းသည့်သဘောပင်။ မြေအောက်ကားပါကင်၊ ပန်းခြံငယ်၊ ရေကန်၊ ဘတ်စကတ်ကွင်းနှင့် တခြားအထောက်အပံ့များပါသည်။
ချင်လင်က ကျောက်မိုချင်းနှင့်စံအိမ်အပြင်ထွက်လာပြီး ရုံချန်းစီရင်စုပထမတန်းဆီတန်းသွားလိုက်၏။
သူကထိုနေရာတွင် အိမ်ဝယ်ရန်စီစဉ်ထားသည်။ အကြောင်းအရင်းတစ်ခုမှာ အထက်တန်းပတ်ဝန်းကျင်တွင် ပို၍သက်သောင့်သက်သာရှိခြင်းကြောင့်ပင်။ နောက်အကြောင်းတစ်ခုမှာ သူဂိမ်းစနစ်မရခင်ကတည်းက ရုံချန်းစီရင်စုရှိအိမ်များအားလုံးကိုစစ်ဆေးကြည့်ဖူးသည်။ သူမဝယ်နိုင်သော်လည်း ဝယ်ချင်စိတ်တော့ရှိသေးသည်မဟုတ်ပါလား?
ရုံချန်းစီရင်စုထဲရှိခေတ်ပေါ်အပြင်အဆင်မျိုးမှာ ကျောက်မိုချင်းကြိုက်သော ဥရောပမြောက်ပိုင်းအကျဉ်းရုံးစတိုင်မျိုးဖြစ်သည်။
ချင်လင်ကကျောက်မိုချင်းအား ရုံချန်းစီရင်စုပထမတန်းအရောင်းခန်းမထဲခေါ်လာလာချင်း ဝတ်စုံဝတ်ထားသောအရောင်းကျွမ်းကျင်သူက ရှေ့ထွက်လာပြီးကြိုဆိုလိုက်သည်_ ''မင်္ဂလာပါ... ကျွန်မကရောင်းချသူဖန်ရှင်းပါ... လူကြီးမင်းတို့ကိုဝန်ဆောင်မှုပေးရတဲ့အတွက် အရမ်းဝမ်းသာပါတယ်... ကျွန်မတို့မှာ အရောင်းအိမ်ရာအသစ်လေးရပ်ကွက်ရှိပါတယ်... လူကြီးမင်းတို့နေချင်တဲ့ရပ်ကွက်ရှိလားသိပါရစေ?''
ချင်လင်ကချက်ချင်းပင်_ ''ရုံချန်းစီရင်စုပထမတန်း... ကျွန်တော့်ဇနီးက ရိုးရိုးရှင်းရှင်းဥရောပမြောက်ပိုင်းအပြင်အဆင်မျိုးသဘောကျတယ်''
ဖန်ရှင်းက ချင်လင်စကားကြားလျှင် သူမကချက်ချင်းမိတ်ဆက်ပေးလိုက်သည်_ ''ရုံချန်းစီရင်စုပထမတန်းခြောက်ထပ်မြောက်မှာ မရောင်းရသေးတဲ့ပထမတန်းစားအိမ်ရာတွေအများကြီးရှိပါသေးတယ်... အဲဒီအထဲမှာ ၉၀ အသေး၊ ၁၂၀ အလတ်နဲ့ ၁၆၀ အိမ်ရာကြီးတွေရှိပါတယ်...''
ချင်လင်က_ ''၁၆၀ စတုရန်းမီတာကို လသာဆောင်နှစ်ဆင့်နဲ့ ပရိဘောဂကြီးကြီးပါတဲ့အိမ်ရှိသေးလား? ကျွန်တော့်ဇနီးက ပန်းစိုက်ရတာကြိုက်တယ်... လသာဆောင်မှာပန်းစိုက်လို့ရတယ်... နေရာပိုကျယ်ရင် သီးသန့်တိုလီမိုလီခန်းလည်းထားလို့ရတယ်''
အရင်ချင်လင်အိမ်ကြည့်ခဲ့စဉ်က သူ့အကြိုက်မှာ ရုံချန်းစီရင်စုပထမတန်းမှ ပထမတန်းစားအထူးအိမ်ရာမျိုးဖြစ်၍ သူ့စိတ်ကူးထဲကအတိုင်းဝယ်လိုက်သည်။ အခုသူဝယ်နိုင်ပြီဖြစ်၍ လုံးဝလက်တွန့်မနေ။
ဖန်ရှင်းမှာ ထိုစုံတွဲ၏အချစ်ကြူးသည်ကို အဖျားခတ်ခံနေရသလိုခံစားလိုက်ရသည်။ သို့သော်အိမ်ရောင်းခြင်းမှာ အကျိုးအမြတ်များသောအလုပ်ဖြစ်ပြီး အချစ်ကြူးသည့်စုံတွဲပြတ်သည်မရှိ။
အိမ်ကြည့်ပြီးအဆင်သင့်ဝယ်သွားသည်ကရှား၍ နောက်ဆုံးရောင်းရမလား သူမကသိချင်နေသည်။ ၁၆၀ စတုရန်းမီတာ ခေတ်ပေါ်အိမ်မျိုးမှာရောင်းရအခက်ဆုံးဖြစ်၏။ ဘာပဲဖြစ်ဖြစ် ရုံချန်းစီရင်စုမှာနေရာငယ်လေးဖြစ်သည်လေ။ တစ်စတုရန်းမီတာကို ယွမ် ၂၅၀၀၀ နှင့် ယွမ် ၄ သန်းကျော်ကျသည်။ လစာ ၄၀၀၀ ရှိသောစုံတွဲမှာ ၄၂ နှစ်ကြာအောင်အလုပ်လုပ်၍စုရပေမည်။ စရံငွေ ၃၀% မှာ ယွမ် ၁.၂ သန်းဖြစ်၍ ၁၃ နှစ်နီးပါးရှိ၏။
နောက်ပြီး အဲဒီပမာဏကလည်း မစားမသောက်ပါမှ။
…
ချင်လင်နှင့်ကျောက်မိုချင်းက ဖန်ရှင်းနောက်လိုက်၍ အထူးခန်းထဲဝင်လိုက်သည်။
အမှန်ပင် ရိုးရိုးသန့်သန့်ဥရောပမြောက်ပိုင်းပုံစံ။

တစ်ချက်လှည့်ပတ်ကြည့်ပြီးနောက် ပြင်ဆင်ထားပုံက အနုစိတ်မှန်းသိနိုင်သည်။ ဘာကြောင့်စျေးကြီးရသည်ဆိုသည့်အကြောင်းရင်းပင်။
လသာဆောင်နှစ်ခုလုံးက သေးသေးမဟုတ်။ ထို့အပြင် သေချာမျက်နှာချင်းဆိုင်ထားပြီး ကြမ်းပြင်မှမျက်နှာကျက်အထိတောက်ပသောပြတင်းတံခါးများမှာ အိမ်တစ်ခုလုံးကိုရောင်ပြန်ဟပ်နေသည်။
ဧည့်ခန်းနှင့်အခန်းများကိုလည်း ဇိမ်ရှိအောင်ပရိဘောဂဆင်ထား၏။
''ချင်လင်... အပြင်အဆင်ကအရမ်းကောင်းတာပဲ'' ကျောက်မိုချင်းကမနေနိုင်ဘဲချီးကျူးလိုက်သည်။ ဤကဲ့သို့အပြင်အဆင်ပုံစံအိမ်မျိုး သူမလုံးဝသဘောကျ၏။
ချင်လင်လည်း သူမမျက်လုံးထဲမှအပျော်ကိုမြင်နေရသည်။ ဒီတိုက်ခန်းက သူမကြိုက်တာသိသာ၏။
အိမ်ဝယ်ရသည်မှာ သည်လိုပင်။ ပိုက်ဆံမရှိလျှင် စျေးနှုန်းသေချာရွေးဝယ်ရသည်။ အိမ်ခြံမြေများစွာကြည့်ရလေ့ရှိပြီး အကြိုက်တွေ့ဖို့ခက်ခဲသည်။ ပိုက်ဆံမချို့တဲ့လျှင်တော့ အထက်တန်းပတ်ဝန်းကျင်ထဲတွင်တစ်ချက်ကြည့်လိုက်ရုံနှင့် အကြိုက်တွေ့ဖို့လွယ်ကူစမြဲ။
တစ်ခါတရံ ကိုယ်ပေးသည်နှင့်တန်တာရသည်။ သင့်ကိုခေါင်းစားစေသော ကံမကောင်းသည်များမှလွဲ၍ပေါ့။
ချင်လင်ကချက်ချင်းပြောလိုက်သည်_ ''မန်နေဂျာဖန်... ဒီအိမ်လိုချင်ပါတယ်!''
''အာ... လူကြီးမင်းဝယ်မှာလား?'' ဖန်ရှင်းကချက်ချင်းဝမ်းမြောက်ဝမ်းသာဖြစ်သွား၏။
သူမက စရံငွေအကြောင်းပြောပြီးဝယ်ချင်အောင်ပြောမလို့ရှိသေး။ ဒီလိုပြတ်ပြတ်သားသားဝယ်မည်မထင်ထားပေ။
ချင်လင်ကခေါင်းညိမ့်၍_ ''ကျွန်တော့်ဇနီးကြိုက်တာသိသာပါတယ်... ဒီတော့ဝယ်ရမှာပေါ့''
''...'' သူတို့အချစ်ကြူးတာခံလိုက်ရပြန်ပြီဟု ဖန်ရှင်းကခံစားလိုက်ရသည်။
လုံးဝလျှံထွက်နေတာပဲ!
သိပ်မကြာခင်_
သူတို့သုံးဦးမှာ အရောင်းစင်တာဆီပြန်လာခဲ့သည်။
ဖန်ရှင်းက သူတို့နှစ်ဦးအားထိုင်စေလိုက်သည်။ သူမကစာချုပ်ထုတ်၍ သူတို့လက်ထဲထည့်ပေးလိုက်ရုံရှိသေး အမျိုးသားနှင့်အမျိုးသမီးငြင်းခုံနေကြသည်ကိုကြားလိုက်ရ၏။
''ကောကျစ်ထန်... ရှင်ဘာသဘောလဲ? ကျွန်မတို့လက်ထပ်စာချုပ်ချုပ်ပြီးရင် စေ့စပ်ပစ္စည်းမလိုဘူးလို့သဘောတူထားတယ်မလား... ရှင်အိမ်ဝယ်ရင် ကျွန်မနာမည်နဲ့ဝယ်ရမယ်... အခုလက်ထပ်စာချုပ်ချုပ်ပြီးတော့ ရှင်ကတိတ်တိတ်လေးစာချုပ်လက်မှတ်ထိုးပြီး ရှင့်နာမည်ပဲတပ်ထားတယ်လား?''
''လင်းလန်... ကိုယ်ပြောတာနားထောင်... ဒီစရံငွေကို ကိုယ့်မိဘတွေကပေးခဲ့တာ... ကိုယ့်အမေကသဘောမတူဘူး... သူကကိုယ့်နာမည်ပဲတပ်ဖို့တိုက်တွန်းနေလို့''
''ကောကျစ်ထန်... လူယုတ်မာ! ကွာရှင်းရအောင်!''
သူတို့နှစ်ဦးကြောင့် ချင်လင်နှင့်ကျောက်မိုချင်းမှာအချင်းချင်းကြည့်လိုက်ကြသည်။
ထိုရိုးရိုးရှင်းရှင်းစကားများမှ ဘာဖြစ်နေမှန်းအကြမ်းဖျင်းခန့်မှန်းကြည့်နိုင်သည်။
ဖန်ရှင်းက သူတို့နှစ်ဦးကိုစိုးရိမ်စွာကြည့်ရင်း_ ''အိမ်ကို ဘယ်သု့နာမည်တပ်လိုက်ရမလဲရှင့်?''
သူမဒီအလုပ်လုပ်လာတာကြာပြီဖြစ်သော်လည်း ဤအဆင့်မှာ သူမအစိုးရိမ်ဆုံးပင်။ စုံတွဲအတော်များများမှာ စာအုပ်ထဲဘယ်သူ့နာမည်ထည့်မည်နှင့် ပေါက်ကွဲတတ်ကြ၏။
ချင်လင်ကမဆိုင်းမတွဖြေလိုက်သည်_ ''သူ့နာမည်တပ်ပါ''
ရှင်းရှင်းပြောရလျှင် သူ့ဘေးကလူလိုအမှားမျိုး သူမလုပ်ချင်။
ဘာပဲဖြစ်ဖြစ်လက်ထပ်ပြီးမှတော့ အိမ်ဝယ်တာနှစ်ဦးပိုင်ဥစ္စာပဲလေ။ ဒီကိစ္စနှင့်ပတ်သက်ပြီး တလည်လည်လုပ်မနေသင့်။
ကျောက်မိုချင်းကချက်ချင်းပင်_ ''ကျွန်မတို့နာမည်တပ်လိုက်ပါ... အိမ်ပိုင်တာက လက်ထပ်စာချုပ်လိုပဲ... နာမည်နှစ်ခုထားရမယ်''
''...'' ဖန်ရှင်းမှာ အချက်ပြမီးလင်းသလိုခံစားလိုက်ရပြန်သည်။ သည််တစ်ကြိမ်တော့ ကြည်နူးဖို့မကောင်းပေ။
ဒီစုံတွဲက အိမ်လာဝယ်တာလား ဒါမှမဟုတ် ဘယ်လောက်ချစ်ကြောင်းကြွားနေကြတာလား?
သို့သော် တစ်ဖက်လူက ၁၆၀ စတုရန်းမီတာအိမ်ကို အပြတ်အသတ်ဝယ်လိုက်သည်လေ။ ဘယ်လောက်ပဲခံစားရခံစားရ ဖြည်းဖြည်းချင်းမြိုချရပေလိမ့်မည်။