ဂမ္ဘီရကျောက်ပြား! အထူးလျှို့ဝှက်ဆော့လုပ်နည်း!
Vol. 6 Ch. 84
(မြို့မြောက်ပိုင်းနွေဦးသတ္တုတွင်းဖွင့်ပြီ။ ထိုနေရာကိုသွားကြည့်နိုင်သည်။ တစ်ခုခုတွေ့ရလိမ့်မည်!)
ချင်လင်က ဂိမ်းဇာတ်ကောင်အား ကြော်ငြာထားသောနေရာသွားစေလိုက်ရာ အသိပေးစာရလိုက်သည်။
စိုက်ပျိုးမွေးမြူရေးခြံပုံပြင်ပုံစံအဟောင်းတချို့တွင် ထူးခြားချက်ရှိသည်။ ကစားသူအတော်များများက သီးနှံစိုက်ခြင်း၊ တိရစ္ဆာန်မွေးခြင်းမပြုကြ။ သတ္တုတွင်းမှာသာအလုပ်လုပ်ကြ၏။
သတ္တုတွင်းအဆင့်တိုင်းတွင် ပစ္စည်းများစွာတူးဖော်ရရှိနိုင်သည်။ ရွှေ၊ ငွေ၊ ကြေးနီကဲ့သို့ သေးသေးမွှားမွှားလေးများနှင့် နည်းနည်းဆန်းကြယ်သော အထူးသီးနှံ၊ ဥက္ကာပျံတို့ကဲ့သို့ ကြီးကြီးမားမားများလည်းရှိ၏။ အဆင့်မြင့်လာလေလေ ပိုကောင်းသောပစ္စည်းကို တူးဖော်ရရှိလေလေဖြစ်သည်။
ချင်လင်ကချက်ချင်း သူ့ဂိမ်းဇာတ်ကောင်ကို မြို့ထဲမှထွက်စေလိုက်၏။ စိုက်ပျိုးမွေးမြူရေးခြံထဲပြန်လာပြီး တူးဖော်ကိရိယာများယူကာ နွေဦးသတ္တုတွင်းဆီတန်းသွားစေလိုက်သည်။
အရင်က ဂိမ်းဇာတ်ကောင်ကို ဤသတ္တုတွင်းသို့လာကြည့်ခိုင်းဖူးသည်။ သို့သော် မပွင့်သေး၍ ဝင်မရပေ။
သည်တစ်ကြိမ်တွင်မူ ဂိမ်းဇာတ်ကောင်က သတ္တုတွင်းထဲတန်းဝင်လိုက်၏။
မျှော်လင့်ချက်အပြည့်နှင့် ချင်လင်က ဂိမ်းဇာတ်ကောင်အား သတ္တုတွင်းစတူးစေသည်။
ဤဂိမ်းပုံစံအသစ်တွင် သတ္တုတွင်းမှာ ဟင်းလင်းပြင်ထဲ၌သာတူးဖော်ရ၏။ ကျောက်များရှိနေလျှင် ကျောက်ကိုခွဲ၍တူးရသည်။
ချင်လင်က ဘာမှမရှိသောအပိုင်းကို နေ့ဝက်ခန့်တူးလိုက်ရ၏။ သိပ်မကြာခင် ဂိမ်းမှအသိပေးစာရလိုက်သည်။
(ငွေသတ္တုရတဲ့အတွက် ဂုဏ်ယူပါတယ်!)
(ကြေးနီသတ္တုရတဲ့အတွက် ဂုဏ်ယူပါတယ်!)
ဤသတ္တုတွင်းမှသတ္တုများမှာ လုံးဝတူးရမခက်ပေ။ ဖြစ်ချင်တော့ ထိုသတ္တုများကိုထုတ်ယူနိုင်သည့်စနစ်မရှိဘဲ ဂိမ်းထဲတွင်သာရောင်းချနိုင်သည်။ ဤသည်က ဂိမ်းရွှေပြားအရင်းအမြစ်ကိုပိုတိုးစေ၏။
မကြာမီ ဂိမ်းဇာတ်ကောင်မှာတူးရင်းတူးရင်း ဒုတိယအလွှာရောက်သွားသည်။
ချင်လင်က ဂိမ်းဇာတ်ကောင်ကိုဒုတိယအလွှာထဲဝင်စေလိုက်ရာ နောက်ထပ်အသိပေးစာရလိုက်သည်:
(လက်ရှိဇာတ်ကောင်အဆင့်နှင့် နောက်တစ်ဆင့်ထဲမဝင်နိုင်ပါ!)
ချင်လင်ကမျက်မှောင်နည်းနည်းကြုတ်လိုက်သည်။
ဒါကန့်သတ်ထားတာလား?
ပုံစံအသစ်မှာ အရင်ပုံစံဟောင်းအတော်များများနှင့်ယှဉ်ကြည့်လျှင် နေရာတကာဝင်ခွင့်ကန့်သတ်ထားသည်။
လွတ်လပ်မှုအတော်ဆုံးရှုံးသည်ဆိုသော်လည်း ပွင့်ရန်နှင့်အဆင့်တက်ရန် ထပ်တိုးနည်းလမ်းများရှိ၏။
ကစားသူတစ်ဦးအတွက် ဤကဲ့သို့ဖွင့်ခြင်း၊အဆင့်တက်ခြင်းမှာ ပိုပျော်စရာကောင်း၍ စိတ်ကျေနပ်စရာလည်းကောင်းလေသည်။
သို့သော်လည်း အကယ်၍ ချင်လင်သာဤစနစ်ကိုရမည်မှန်းသိလျှင် အရင်ကပုံစံဟောင်းကိုကစားမည်ဖြစ်သည်။ အဲဒါကိုဖျက်လိုက်တာကြာပြီမဟုတ်လား?
အဓိကက 'အကယ်၍'ဆိုတာမရှိခြင်းပင်။ ဤစနစ်ကိုရမည်မှန်းသာသိလျှင် ဘာလို့'စိုက်ပျိုးမွေးမြူရေးခြံပုံပြင်'ကိုကစားနေမလဲ? 'နဂါးဖန်လုံးစွမ်းအင်'ကိုသာတန်းဆော့လိုက်ရင် အခုလောက်ဆို စကြာဝဠာကိုဖောက်ခွင်းနေလောက်ပြီမဟုတ်လား?
လဟာပြင်နေရာတွင် သူဘာမှတူးမရသောကြောင့် နောက်တစ်ဆင့်ထဲမဝင်နိုင်ပေ။ သူကဂိမ်းဇာတ်ကောင်အား ထိုကျောက်တုံးများကိုတူနှင့်ထုစေပြီး တူးနေရန်သာတတ်နိုင်သည်။
ပထမကျောက်တုံးကိုခွဲပြီးတူးလိုက်သည်နှင့် ဂိမ်းထဲမှအသိပေးစာပေါ်လာသည်:
(သာမန်'ဂမ္ဘီရကျောက်ပြား'ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ၄င်းပေါ်ကအချက်အလက်ကိုခွဲယူချင်ပါသလား?)
''ဂမ္ဘီရကျောက်ပြား?'' ချင်လင်က အံ့သြစွာကြည့်လိုက်သည်။
ဂမ္ဘီရကျောက်ပြားမှာ စိုက်ပျိုးမွေးမြူရေးပုံပြင်ပုံစံတချို့တွင် ပေါ်လာတတ်သောဇာတ်ဝင်အသုံးအဆောင်တစ်ခုပင်။
ကျောက်ပြားပေါ်တွင် တချို့လျှို့ဝှက်နည်း၊ ပစ္စည်းတို့၏တည်နေရာကဲ့သို့ အချက်အလက်များရှိသည်။
သို့သော် ဤပုံစံအသစ်တွင် ဂမ္ဘီရကျောက်ပြားမှာ အဆင့်ခွဲ၍သတ်မှတ်ထားပုံရ၏။ သာမန်ဂမ္ဘီရကျောက်ပြားရှိတယ်ဆိုရင် အဆင့်မြင့်တာတွေလည်းရှိပေဦးမည်။
ချင်လင်ကချက်ချင်းပင် ဂိမ်းဇာတ်ကောင်အား ကျောက်ပြားပေါ်မှအချက်အလက်ကိုခွဲယူစေလိုက်သည်။
(ဂမ္ဘီရကျောက်ပြားဝှက်စာဖော်ခြင်း...)
ခဏအကြာ သူကနောက်ထပ်တိုက်တွန်းချက်ရလိုက်သည်:
(အထူးဖော်စပ်နည်းရတဲ့အတွက် ဂုဏ်ယူပါတယ်: ဆော့လုပ်နည်း!)
ချင်လင်က ဒါမျိုးရမည်ဟုမထင်ထား။
ဆော့ဘယ်လိုလုပ်ရတယ်ဆိုတာ အားလုံးလည်းအသိ။ တွေ့မြင်နေကျအရာတစ်ခုပင်။ အိမ်အတော်များများနဲ့စားသောက်ဆိုင်တွေဆိုမရှိမဖြစ်ပဲလေ။
ဒါပေမဲ့ ဒါကဘာလုပ်ရမှာလဲ? နောက်ပြီးလိုင်းပေါ်မှာ ဆော့ကိုဘရန်းတွေမှအများကြီး။ အိမ်တွင်းဆော့လုပ်နည်းတွေဆို လိုင်းပေါ်မှာမှိုလိုပေါက်။
အိမ်တွင်းဆော့လုပ်နည်းတချို့မှာ အိမ်ရှိကိရိယာနှင့်ပင်ပြုလုပ်နိုင်သည်။ လုပ်ပုံလုပ်နည်းကွဲပြားခြင်းနှင့် ဆော့အရသာမတူခြင်းသာရှိ၏။
သို့သော် ဂိမ်းက'လျှို့ဝှက််နည်း'ဟုထည့်ထားသေးသည်။ ချင်လင်လည်း အနည်းနှင့်အများမျှော်လင့်ထား၏။
ဂိမ်းထုတ်ကုန်မှာ လက်တွေ့ဘဝကသာမန်နည်းတွေနှင့်မတူနိုင်!
ထိုအကြောင်းတွေးရင်း ချင်လင်ကဂိမ်းထဲတဖန်ဝင်လိုက်ပြီး ဆော့လုပ်နည်းအကြောင်းအထူးအချက်အလက်ကိုတွေ့လိုက်ရသည်။
(ဆော့လုပ်နည်း: အရည်အသွေး ၁)
(ဆော့လုပ်ရန်လျှို့ဝှက်နည်းဖြစ်သည်။ ဆော့အတွက်အရသာရှိနည်းအဖြစ် မှတ်တမ်းတင်ထားသည်။ ဂိမ်းမှသုတေသနလုပ်ထားပြီး အလွန်အရသာရှိသည်။ အရည်အသွေး ၁ ဆော့ကို ချို ချဉ် စပ် အရသာဖြစ်စေသည်။ လူတိုင်း၏အကြိုက်နှင့်ကိုက်ညီနိုင်သည်။)
အချက်အလက်ရေးသားနည်းမှာ သီးနှံနှင့်ငါးများရေးပုံနှင့်မတူ။ ထို့အပြင် တိတိကျကျအချက်အလက်လည်းဖော်ပြမထားပေ။
သူတွေးနေစဉ် သူ့စိတ်ထဲတွင်နောက်ထပ်စာပေါ်လာသည်:
(၄င်းကိုအသုံးပြုပြီး တိတိကျကျဖော်စပ်နည်းအကြောင်းအရာရနိုင်သည်။ အသုံးပြုချင်ပါသလား?)
ချင်လင်ကစိတ်ပိုင်းဖြတ်၍ အသုံးပြုမည်ကိုရွေးလိုက်သည်။
ချက်ချင်းပင် ဘယ်ကမှန်းမသိ သူ့စိတ်ထဲအချက်အလက်အပိုင်းအစပေါ်လာပြီး နက်နက်ရှိုင်းရှိုင်းစွဲထင်နေ၏။ ထိုခရမ်းချဉ်သီးဆော့ကို သူမကြာခဏလုပ်ဖူးသကဲ့သို့ပင်။
အံ့သြဖို့ကောင်းသောခံစားချက်ဖြစ်သည်။
ထိုအချက်အလက်မှာ ဆော့အတွက်လျှို့ဝှက်နည်းဖြစ်ပြီး အမျိုးမျိုးသောပါဝင်ပစ္စည်းနှင့် ပါဝင်ပစ္စည်းများ၏အချိုးအစားအတိအကျပါ၏။
တိတိကျကျပြောရလျှင် လျှို့ဝှက်နည်းနှစ်ခုဖြစ်သည်။ ချို ချဉ် စပ်ကို အကြိုက်မတူသည့်အပေါ်ထည့်သွင်းတွက်ချက်ထားခြင်းဖြစ်၏။
ခရမ်းချဉ်သီးဆော့လုပ်နည်းရပြီးနောက် ချင်လင်လည်း ဂိမ်းထဲမှထွက်လာခဲ့သည်။ ခန်းမထဲရောက်လျှင် ကျောက်မိုချင်းကိုခေါ်ကာ_ ''မိုချင်း... ကိုယ့်ကိုပစ္စည်းဝယ်ကူပါဦး... ခရမ်းချဉ်သီး သကြားဖြူ သံပရာသီး ငရုတ်သီး... ပြီးတော့ ဟင်းခတ်အမွှေးအကြိုင်သုံးမျိုး...''
ချင်လင်က တရစပ်ရွတ်နေသဖြင့် ကျောက်မိုချင်းအံ့သြသွားပြီး_ ''ချင်လင်... ရှင်ဆော့လုပ်မလို့လား?''
ချင်လင်က_ ''အင်း... တခြားဘရန်းနဲ့ဆော့တွေလည်း ဝယ်ခဲ့ပေးပါဦး''
ကျောက်မိုချင်းက ချင်လင်ဘာလုပ်ချင်မှန်းမသိ ဇဝေဇဝါဖြစ်နေသော်လည်း ချင်လင်လိုအပ်သည်များအပြင် အိုးကဲ့သို့တန်ဆာပလာများပါမြန်မြန်ဆန်ဆန်ဝယ်လာခဲ့သည်။
ချင်လင်ကခပ်သုတ်သုတ်ထွက်လာ၍ကူပေး၏။ သူကထိုပစ္စည်းများကို အနောက်ဘက်ခြံဝန်းထဲယူသွားပြီး ချန်တပေအား စားပွဲတစ်လုံးပါသယ်လာခိုင်းသည်။
ကောင်တာလိုလူမြင်ကွင်းမှာတော့ ဆော့မလုပ်နိုင်။
ချန်တပေက သူ့သူဌေးခိုင်းသမျှလုပ်သည်။ ဘာပဲဖြစ်ဖြစ် သူ့သူဌေးဘာလုပ်နေမှန်း ဘယ်တုန်းကမှလည်းနားမလည်ခဲ့ပေ။
သို့ရာတွင် ချင်လင်က ချန်တပေအားညွှန်ကြားလိုက်သည်_ ''အိုးကိုလျှပ်စစ်မီးဖိုပေါ်တင်လိုက်... ပြီးကျရင်သုံးမယ်''
''ကောင်းပါပြီ သူဌေး!'' ချန်တပေက ချက်ချင်းသွား၍ပလပ်ပေါက်ရှာလိုက်သည်။
ချင်လင်လည်း စားပွဲပေါ်မှပစ္စည်းများကိုစလုပ်လိုက်၏။ အရင်ဆုံး ခရမ်းချဉ်သီးနွှာလိုက်သည်။ ခရမ်းချဉ်သီးကိုပေါင်းပြီး အချိန်မှတ်ရမည်။
နောက်ပြီးရင် ပါဝင်ပစ္စည်းအမျိုးမျိုး၏အချိုးရှိသည်။ တိကျစေရန် ချင်လင်ကကောင်တာသို့သက်သက်သွား၍ ပေါ့ပေါ့ပါးပါးချိန်သည့်ကိရိယာရှာလိုက်သည်။ သူတိကျမှဖြစ်မည်။
ကျောက်မိုချင်းက ဘေးမှကူနေရင်း မှုန်ကုပ်ကုပ်နှင့်မေးလိုက်၏_ ''ချင်လင်... ဘာလို့ရုတ်တရက်ကြီး ဆော့လုပ်ချင်ရတာလဲ?''
တကယ်တော့ သူမအရင်က ဆော့လုပ်ဖူးသည်။ အရင်တုန်းက အဆောင်တွင်အခန်းဖော်များနှင့် အိမ်တွင်းဆော့လုပ်နည်းနှင့်လုပ်ဖူး၏။
အရင်ကချင်လင်ဆော့လုပ်တာမမြင်ဖူးသော်လည်း သူ့ကြည့်ရတာ အလွန်အသားကျနေသည့်ပုံပင်။
အဓိကက ဆော့လုပ်ရင်သုံးနိုင်တဲ့ဆေးဖက်ဝင်ဟင်းခတ်အမွှေးအကြိုင်သုံးမျိုးရှိမှန်းမသိခဲ့ပေ။ နောက်ပြီး အချိုးအစားက ချိန်တောင်ကြည့်ရသတဲ့။ မထူးဆန်းလွန်းဘူးလား?
အချိန်ယူပြင်ဆင်ပြီးနောက် ချန်တပေက အိုးကိုလျှပ်စစ်မီးဖိုပေါ်တင်လိုက်ပြီး ဆူပွက်ချိန်ရောက်လာသည်။
ထိုလုပ်ငန်းစဉ်မှာလည်း သေချာထိန်းထားရ၏။ ဆော့လုပ်ရင်းနေ့ဝက်ခန့်အချိန်ကုန်သွားပြီးနောက် ပုလင်းထဲထည့် အေအးခံကာ နာရီဝက်လောက်အချဉ်ဖောက်ထားရသည်။
ဆော့လုပ်ပြီးသွားသောအခါ ချင်လင်က ကျောက်မိုချင်းနှင့်ချန်တပေကိုမြည်းခိုင်းလိုက်သည်_ ''မြည်းကြည့်''
သူတို့နှစ်ယောက်က ဇွန်းသေးသေးနှင့်ခပ်၍ မြည်းကြည့်လိုက်သည်။
''အာ!'' ချန်တပေကအံ့သြသွားပြီး_ ''သူဌေး... သူဌေးရဲ့ဆော့က အရင် KFC မှာစားဖူးတာထက်တောင် ပိုကောင်းတယ်ထင်တယ်''
သူက သူ့သူဌေးလက်ရာကို အလိုက်သင့်ပြောခြင်းမဟုတ်။ တကယ်အရသာရှိသည်။
''ချင်လင်... ရှင့်ရဲ့ခရမ်းချဉ်သီးဆော့က တကယ်အရသာရှိတာပဲ'' ကျောက်မိုချင်းကလည်း စိတ်ရင်းနှင့်ချီးကျူးလိုက်၏_ ''အဲဒါပါဝင်ပစ္စည်းတွေကြောင့်လား?''
သူမဝယ်လာသောပါဝင်ပစ္စည်းတချို့ကို ဆော့လုပ်ရန်ရောထည့်ရမည်ဟု ထင်တောင်မထင်မိချေ။ ပြီးတော့ အရသာကလည်းအရမ်းကောင်းလေသည်။