ဝမ်းနည်းဖွယ် ဇာတ်လမ်းတစ်ပုဒ်!
Vol. 6 Ch. 86
ချင်လင်၏အိမ်အသစ်တွင် ကျောက်မိုယွင်နှင့်မိသားစုရောက်နေကြသည်။ ချင်တလင်၊ ချင်အာ့ကန်းတို့လည်းရောက်နေကြ၏။ အစက မနေ့ညကလင်းဖန်ဖုန်းဆက်သဖြင့် သူတို့ဇနီးများကိုမနက်စောစောခေါ်လာပြီး ဘာကူညီနိုင်မလဲလာကြည့်ကြခြင်းဖြစ်သည်။ မထင်မှတ်ဘဲ ချင်လင်က အိမ်တက်ပွဲလုပ်ရန်လူခေါ်ခြင်းမဟုတ်ပေ။
လင်းဖန်က ချင်လင်ဆီလျှောက်သွားကာ မေးလိုက်သည်_ ''ချင်ရန်တို့ရော မရောက်သေးဘူးလား?''
ချင်လင်ကရှင်းပြလိုက်၏_ ''တရန်က ဒီကိုလာနေပါပြီ''
''အင်း'' လင်းဖန်ကခေါင်းညိမ့်လိုက်ပြီး တစ်ခုခုသတိရသွားဟန်ဖြင့်_ ''ဒါနဲ့... မင်းဦးလေးတရှန်းလည်း ချင်လုံကိုခေါ်လာခဲ့မယ်တဲ့''
''ချင်လုံ?'' ချင်လင်က ခဏကြောင်သွားပြီး_ ''သူထွက်လာပြီလား?''
လင်းဖန်ကရှင်းပြလိုက်သည်_ ''မှန်ကန်တဲ့လုပ်ရပ်ဆိုရင်တောင် သူကစိတ်ရင်းကောင်းနဲ့အရင်ထွက်ခဲ့တဲ့သူပဲ... တကယ်လို့ ချင်လုံအကူအညီလိုရင် မင်းတတ်နိုင်သလောက်ကူညီပေးလိုက်... မင်းဦးလေးတရှန်းက အရင်ကတို့ကိုကူညီဖူးတယ်''
''နားလည်ပါတယ် အမေ'' ချင်လင်ခေါင်းညိမ့်လိုက်သည်။
ချင်လုံက သူနှင့်ချင်ရန်ထက် ၅ နှစ်ကြီးသည်။ သိပ်အဆက်အစပ်မရှိသော်လည်း ချင်လုံမှာ အလွန်ရိုးသားသောသူဟု သူမြင်သည်။
သို့သော်လည်း ရိုးသားသူကထောင်ထဲဝင်ခဲ့ရ၏။
သူရဲကောင်းက မိန်းမလှလေးကို ဒုက္ခထဲမှကယ်လိုက်သောပုံပြင်နှင့်တူနေလေသည်။
…
ချင်ရန်က ရုံချန်းစီရင်စုပထမတန်းနယ်ထဲမောင်းလာခဲ့သည်။
သူ့ဇနီးလျောင်လီနှင့်မိဘများလည်း ကားထဲပါလာသည်။
......
ချင်ရွှေ့ကန်းက ပတ်ဝန်းကျင်ကိုကြည့်ပြီး သက်ပြင်းချလိုက်သည်_ ''ရှောင်လင်ကတော့ တစ်ခုခုပဲ... ဒီလောက်မြန်မြန်နဲ့ သူ့မိသားစုအကြွေးတွေကျေတဲ့အပြင် အိမ်တစ်လုံးတောင်ဝယ်လိုက်ပြီ'' သူကပြောပြောဆိုဆို သူ့သားချင်ရန်ကိုကြည့်လိုက်ကာ ''ငါတို့ငယ်ငယ်တုန်းက အိမ်အိုကြီးထဲမှာ ဥတွေအတူတူတူးတယ်... မြစ်ကိုအတူတူသွားတယ်... ဘာလို့ရှောင်လင်က အဓိကတက္ကသိုလ်ကိုတက်နိုင်ပြီး မင်းကတတိယတန်းတက္ကသိုလ်ကိုတက်ရတာလဲ?''
''အဖေ... ကျွန်တော်လည်းသိချင်တာပဲ'' ချင်ရန်ကလည်း မှုန်ကုပ်ကုပ်နှင့်ပြောလိုက်သည်_ ''လင်ဇီက စာမေးပွဲကောင်းကောင်းမဖြေနိုင်ဘူး စာပြန်မနွှေးနိုင်ဘူးလို့ ကျွန်တော့်ကိုအမြဲပြောတယ်လို့ အဖေပြောတယ်မလား... ကျွန်တော်လည်း ကျွန်တော်တို့အတူတူ အေးအတူပူအမျှနေရမယ်ထင်တာပေါ့... ဒါပေမဲ့ စာမေးပွဲဖြေပြီးတိုင်း အဖေကခါးပတ်ချွတ်ပြီး ကျွန်တော့်ကိုရိုက်တယ်... သူကစားရင်းသောက်ရင်းနဲ့ကြည့်နေမယ်''
''ဖူး!'' လျောင်လီက မရယ်ဘဲမနေနိုင်တော့။
သူမအိမ်ထောင်ဘက်မှာ သူမလိုမျိုးအတွေ့အကြုံရှိခဲ့မည်ဟု လုံးဝမထင်မိပေ။ သူမအတန်းဖော်နှင့်အတူတူပင်။ သူတို့တချိန်လုံးအတူတူဆော့ကြသော်လည်း တစ်ဖက်လူက အမြဲတမ်းထိပ်တန်းအမှတ်ရပြီး သူမကတော့ အောက်ဆုံးမှာချည်းသာ။
ကားပါကင်ထိုးပြီးနောက် ချင်လင်၏အိမ်အသစ်ရှိသောအဆောက်အဦဆီရောက်လာသည်။ ချင်ရွှေ့ကန်းက ရင်းနှီးသောလူနှစ်ဦးတွေ့သဖြင့် ချက်ချင်းနှုတ်ဆက်လိုက်၏_ ''တရှန်... မင်းလည်း အခုမှရောက်တာလား?''
''ရွှေ့ကန်း!'' ချန်တရှန်ကလည်း ချင်ရွှေ့ကန်းကိုပြုံး၍နှုတ်ဆက်လိုက်သည်။
ချင်ရန်က အံ့သြစွာနှင့် လူငယ်ဆီလျှောက်သွားလိုက်ပြီး_ ''ချင်လုံ... ဘယ်တုန်းကထွက်လာတာလဲ? ဘာလို့ဘာမှမပြောတာလဲ?''
''ကြီးကျယ်တဲ့ကိစ္စမှမဟုတ်တာကွာ'' ချင်လုံကသက်ပြင်းရှည်ကြီးချလိုက်ကာ နည်းနည်းစိတ်ရှုပ်ထွေးသလိုဖြစ်သွားသည်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စက တစ်သက်လုံးသူ့ဘဝမှာ အစွန်းအထင်းဖြစ်သွားလိမ့်မည်။ သူ့ဘဝအပေါ်ကြီးမားတဲ့သက်ရောက်မှုတစ်ခုဖြစ်သွားခဲ့ပြီ။
ချင်ရွှေ့ကန်းကလည်း ချင်လုံကိုကြည့်၍_ ''ရှောင်လုံ... နောင်ကို စိတ်လိုက်မာန်ပါမလုပ်ပါနဲ့''
''ဦးလေးရွှေ့ကန်း... ကျွန်တော်သိပါတယ်'' ချင်လုံကခေါင်းညိမ့်လိုက်သည်။
ထိုအုပ်စုက အထဲဝင်ရင်းစကားပြောသွားကြသည်။ ချင်လင်၏အိမ်အသစ်ရောက်သောအခါ တံခါးဘဲလ်တီးလိုက်၏။
ချင်လင်ကတံခါးဘဲလ်သံကြား၍ဖွင့်လိုက်သော် ချင်ရန်တို့အုပ်စုကိုတွေ့ရသဖြင့် သူ့မျက်နှာဝင်းထိန်သွားကာ_ ''ဦးလေးရွှေ့ကန်း ဦးလေးတရှန်... ရောက်လာပြီလား... မြန်မြန်အထဲဝင်ပါ''
''လင်ဇီ ဂုဏ်ယူတယ်ကွာ!'' ချင်ရန်ကပြုံး၍ပြောလိုက်သည်။
''ချင်လင် ဂုဏ်ယူတယ်နော်!'' ချင်လုံကလည်းပြောလိုက်သည်။ သူကတံခါးအတွင်းဘက်မှလူအုပ်နှင့် ကျယ်ဝန်းပြီးလင်းထိန်သောအိမ်ကိုကြည့်လိုက်သည်။ နည်းနည်းတော့အားကျမိသွား၏။

သူ့ထက် ၅ နှစ်ငယ်တဲ့ကလေးတွေတောင် တော်တော်ဟုတ်နေပြီ။ ဒါပေမဲ့ သူ့အခြေအနေကတော့...
သို့သော်သူက သူ့ကိုယ်သူအနည်းနှင့်အများအားတင်းထားနိုင်သည်။ သူ့အခြေအနေဘယ်လောက်ဆိုးဆိုး သူတက္ကသိုလ်ကဘွဲ့မယူခင် ချင်လင်အကြွေးထောင်သောင်းချီရှိနေတာထက်တော့ မဆိုးသေးဘူးမဟုတ်လား?
အခုလူစုံပြီဖြစ်၍ လင်းဖန်က ဧည့်ခန်းထဲမှစားပွဲဝိုင်းကြီးနှစ်ခုဆီသို့ ဟင်းပွဲများတည်ခင်းလိုက်သည်_ ''အားလုံးပဲ ထိုင်ပါဦး''ဟု ဖိတ်ခေါ်လိုက်၏။
ချင်တလင်ကထိုင်ပြီး ထမင်းအိုးကူဖွင့်ပေးလိုက်သည်။ ထို့နောက်သူက အံ့သြစွာဖြင့်_ ''မရီးလင်းဖန်... ဒါဘာဆန်လဲ? မွှေးနေတာပဲ!''
တခြားသူများလည်း ထိုနူးညံ့သောအမွှေးနံ့ကိုရသည်။
အားလုံး၏သိချင်စိတ်ကို ဆွလိုက်သလိုပင်။
လင်းဖန်ကဂုဏ်ယူစွာနှင့်_ ''ထူးရှယ်ဆန်မျိုးလေ... ရှောင်လင်က အားလုံးစားရအောင်သက်သက်ယူလာတာ''
''အန်တီ... ဒါဆို ကျွန်တော်တစ်ပန်းကန်ပိုစားချင်တယ်" ချင်ရန်ကပြုံး၍ သူ့ကိုယ်တိုင်အတွက်တစ်ပန်းကန်ခူးလိုက်သည်။ နှစ်လုပ်ခန့်စားပြီးနောက် သူကအံ့သြစွာဖြင့်_ ''သောက်... ဒီဆန်ကဒီလောက်အရသာရှိတာလား?''
အရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန်စားဖူးသော ကျောက်မိုယွင်တို့မိသားစုမှလွဲ၍ ကျန်သူများမှာအံ့သြသွားကြသည်။
ဒီဆန်က တကယ်အရသာရှိတာပဲ။
''သောက်ကြမလား?'' လင်းဖန်က စားပွဲပေါ်ပုလင်းတစ်လုံးချရင်း မေးလိုက်သည်_ ''ရှောင်လင်ကပြောတယ်... အရက်သောက်တာ ကျန်းမာရေးအတွက်မကောင်းဘူးတဲ့... ဒီတော့ တစ်လုံးပဲပြင်ထားတယ်''
''ဘာလို့ဝိုင်မပါတာလဲသိချင်နေတာ... ငါမြည်းကြည့်မယ်'' ချင်တလင်ကပြုံး၍ ဝိုင်ပုလင်းကိုယူလိုက်သည်။ သူကပုလင်းဖွင့်၍ သူ့အတွက်တစ်ခွက်ငှဲ့လိုက်၏။ ခဏအကြာ သူကအံ့သြစွာနှင့်_ ''ဒီဝိုင်ကအရမ်းအရသာရှိတာပဲ''
''ငါမြည်းကြည့်မယ်'' ချင်ရွှေ့ကန်းက တစ်ခွက်ငှဲ့သောက်ပြီး အံ့သြသွားကာ_ ''အရမ်းအရသာရှိတယ်... ဒါအသစ်မဖြစ်နိုင်ဘူး''
သူတို့နှစ်ဦးအသံနားထောင်ပြီးနောက် တခြားသူများလည်း ဖန်ခွက်ထဲဝိုင်ထည့်ကာမြည်းကြည့်လိုက်ကြသည်။
''တကယ်အရသာကောင်းတယ်''
''ငါထင်သလောက်မရှဘူး''
ချင်လင်ထင်ထားသည့်အတိုင်းပင်။ အချိန်အရ ဝိုင်သက်တမ်းမှာ ၃ နှစ်ခန့်ရှိမည်ဖြစ်သောကြောင့် သာမန်ဝိုင်အသစ်ထက်ပိုကောင်းမည်ဖြစ်သည်။ သို့သော် ထိုဝိုင်၏တန်ဖိုးမှာ အရသာတွင်မဟုတ်။ ထပ်တိုးအာနိသင်ထဲတွင်ဖြစ်သည်။
မျှော်လင့်ထားသလို_
တခဏအတွင်း အားလုံးက သူတို့သွေးလည်ပတ်မှုချောမွေ့သွားသည်ဟုခံစားကြရသည်။ သူတို့ခါးတွင် နွေးထွေးမှုကိုခံစားရ၏။ နောက်တစ်ကြိမ်ထပ်ပြီး အံ့သြကြရပြန်သည်။
ထိုအချိန်တွင် ချင်လင်လည်း သူ့အတွက်တစ်ခွက်ငှဲ့ပြီး ချင်ရွှေ့ကန်း၊ ချင်တလင်တို့အား_ ''ဦးလေးတို့... လိုရင်းပြောရရင် ကျွန်တော်တို့အခက်ခဲဆုံးအချိန်မှာကူညီခဲ့ကြတဲ့အတွက် ကျွန်တော်ချင်လင်က အားလုံးကိုကျေးဇူးတင်ပါတယ်... ကျွန်တော်ချင်လင် ဒီကျေးဇူးကိုစိတ်ထဲမှာ မှတ်ထားပါ့မယ်... အားလုံးကိုဂုဏ်ပြုပါရစေ''
''ရှောင်လင်... ဘာလို့ဒီလိုပြောရတာလဲ? ငါတို့တွေကတစ်မြို့တည်းသားတွေလေ... ဒီတော့ တစ်ဦးကိုတစ်ဦးကူညီတာ ပုံမှန်ပါပဲ!'' ချင်ရွှေ့ကန်းကပြုံး၍ တခြားသူများအား_ ''ဒါဆို အားလုံးပဲ လင်ဇီကိုဂုဏ်ပြုလိုက်ရအောင်''
တခြားသူများက ခွက်မြောက်၍သဘောတူလိုက်ကြသည်။
''လာ လာ လာ... လင်ဇီကိုဂုဏ်ပြုမယ်!''
''ဂုဏ်ယူတယ် လင်ဇီ!''
“…”
လင်းဖန်က ထိုမြင်ကွင်းကိုမြင်၍စိတ်သက်သာသွားသည်။ သူမက ကွယ်လွန်သွားသောခင်ပွန်းသည်အား သူ့သားက မိသားစု၏ထောက်တိုင်ဖြစ်နေပြီဖြစ်ကြောင်း၊ မိသားစုတာဝန်ကိုယူနိုင်ပြီဖြစ်ကြောင်း တိုင်တည်လိုက်ချင်သည်။
ထို့နောက်ချင်လင်က သူ့အတွက်နောက်တစ်ခွက်ငှဲ့၍ ကျောက်ရှန်ဟုန်နှင့်ချန်ရှောက်အား_ ''အဖေ အမေ... အရင်ကကျွန်တော်မသိတတ်ခဲ့လို့ မိုချင်းနဲ့ပတ်သက်ပြီး စိတ်မချမ်းအောင်လုပ်ခဲ့မိပါတယ်... ကျွန်တော့်ကိုခွင့်လွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... အဖေတို့ကိုဂုဏ်ပြုပါရစေ''
''ကလေး... တို့ကမိသားစုပဲ... ဘာလို့ဒီအကြောင်းတွေပြောရတာလဲ?'' ချန်ရှောက်က အလျင်စလိုပြောလိုက်သည်။ သူမက သူမသားမက်ချင်လင်နှင့်ပတ်သက်၍ ပိုပိုပြီးစိတ်ကျေနပ်လာ၏။
…
ထမင်းဝိုင်းမှာ တစ်နာရီကျော်မျှကြာသွားလေသည်။ အားလုံးတစ်ယောက်ပြီးတစ်ယောက်ထွက်ခွာသွားပြီး ချင်ရန်မိသားစုနှင့် ချင်တရှန်တို့သားအဖသာကျန်တော့၏။
အားလုံးသွားကြသည်ကိုမြင်တော့မှ ချင်တရှန်က ချင်လင်အား ရှက်အမ်းအမ်းဖြင့်_ ''ရှောင်လင်... မင်းစံအိမ်မှာ လူမလိုဘူးလား? ရှောင်လုံရဲ့အခြေအနေကိုမင်းလည်းအသိပဲ... သူထွက်လာပြီးနောက်ပိုင်း သူအလုပ်သစ်ရှာပေမဲ့ ဘယ်သူကမှမခန့်ချင်ကြဘူး... သူ့ဘဝကသွားပြီ... မင်းလူလိုတယ်ဆိုရင် သူ့အတွက်အလုပ်ပေးလိုက်ပါဦး''
ချင်လုံကမျက်မှောင်ကြုတ်၍ ပြောလိုက်သည်_ ''အဖေ... ကျွန်တော့်ဘာသာဖြေရှင်းနိုင်ပါတယ်''
''ဒါမျိုးကို မင်းကိုယ်တိုင်ဖြေရှင်းနိုင်မှာလား? မိန်းမတစ်ယောက်အတွက်နဲ့ မင်းဘဝက ဒီလိုမျိုးအဆုံးသတ်ဖြစ်သွားပြီ'' ချင်တရှန်က ဒေါသတကြီးပြောလိုက်သည်။ သူက ချင်လင်တဖန်ပြန်ကြည့်၍ နည်းနည်းရှက်သွားသည်။
ဘာပဲဖြစ်ဖြစ် သူကအကြပ်ကိုင်နေသည်ဟု အလွယ်တကူအထင်လွဲသွားနိုင်သည်။
သို့သော်လည်း စိတ်ပျက်စရာကောင်းတဲ့သူ့သားအတွက် သူ့မာနကိုမြိုချထားရပေမည်။

ချင်လုံက သူ့အဖေကိုကြည့်၍ အလွန်အမင်းစိတ်ရှုပ်ထွေးလာသည်။ သူတစ်ခုခုပြောချင်သော်လည်း သူ့အဖေ၏ဒေါသကိုကြောက်သည်။ သူ့ကိစ္စက သူ့မိသားစုကို အပူအပင်လျော့စေမည်မဟုတ်မှန်းသိ၏။
လင်းဖန်ကလည်း ချင်လင်ကိုကြည့်၍ သူ့သားကိုကူညီစေချင်နေသည်။
ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက မချမ်းသာဘဲ သူတို့မိသားစုခက်ခဲနေချိန်တွင် ယွမ် ၁၀၀၀၀ တောင်ချေးပေးခဲ့ဖူးသည်။
''ဦးလေးတရှန်... ကျွန်တော် အစ်ကိုလုံနဲ့နောက်မှ စကားပြောကြည့်ပါဦးမယ်'' ချင်လင်ကပြုံး၍ပြောလိုက်သည်။
ရာဇဝတ်မှုမှတ်တမ်းရှိလျှင် လူအဖွဲ့အစည်းက တစ်ဖက်စောင်းနင်းဖြစ်ကြမည်မှန်း သူသိသည်။ ကောင်းသောရည်ရွယ်ချက်နှင့်လုပ်သည်ဆိုလျှင်တောင် ဘယ်သူဌေးမှခွဲခြားမနေ။ အကောင်းဆုံးနည်းလမ်းမှာ ဘာမှမလုပ်ခြင်းဖြစ်ပေသည်။
ဦးလေးတရှန်က သူ့မိသားစုကိုမျက်နှာသာပေးခဲ့ဖူးသည်။ တစ်ဖက်လူကမေးလာပြီဆိုမှတော့ သူသေချာပေါက်ကူညီရပေမည်။ သို့သော် ဘယ်လိုကူညီပေးရမည်က ပြဿနာဖြစ်နေ၏။
''ဟုတ်ပါပြီ ရှောင်လင်... လင်ဇီနဲ့စကားပြောလိုက်ဦး... သူကမင်းထက်စကားတည်တယ်... သူပြောတာနားထောင်'' ချင်တရှန်မျက်နှာလည်း ရွှင်ပျသွားသည်။
ခဏအကြာ_
ချင်လင်က ချင်ရန်နှင့်ချင်လုံကို တခြားလက်ဖက်ရည်ဝိုင်းခေါ်သွားလိုက်သည်။
လက်ဖက်ရည်နှပ်ခြင်းမှာ တောင်ပိုင်းသားများအကြားတွင် အထူးယဉ်ကျေးမှုတစ်ခုဖြစ်၏။ အထူးသဖြင့် စီရင်စုထဲတွင်ဖြစ်သည်။ လက်ဖက်ရည်ယဉ်ကျေးမှုမှာ အရိုးထဲစိမ့်ဝင်နေသည်ဟုပင်ဆိုနိုင်၏။ လက်ဖက်အစုံမှရေအရည်အသွေးအထိ လက်ဖက်ကိုပုံစံအမျိုးမျိုးနှင့်စားသုံးပုံမှာ အလွန်ထူးခြားသည်။ စီရင်စုထဲမှလူတွေထက် ပိုတော်သူမရှိသလောက်ပင်။
ယနေ့ခေတ်တွင် မကြာခဏစီးပွားရေးအကြောင်းပြောခြင်းမှာ ခေတ်ရေစီးကြောင်းဖြစ်နေသည်။ စီးပွားရေးကိစ္စပြီးလျှင် တစ်ယောက်ယောက်ဆေးရုံမရောက်မချင်း အသောက်ရပ်ကြလိမ့်မည်မဟုတ်။ များသောအားဖြင့် မူးလာလျှင် အပြုံးလေးနှင့်နှုတ်ဆက်ပြီး နောက်ကွယ်တွင်ဆဲကြလိမ့်မည်။
သို့သော် စီရင်စုမှလူများမှာ မကြာခဏနေ့လယ်ပိုင်းလက်ဖက်ရည်သောက်ရင်း ဖြေရှင်းနိုင်ပြီး တဆက်တည်း အလုပ်ဖြစ်နိုင်သည်။
ချင်လင်ကိုယ်ပိုင်အမြင်အရ ဒါကလေးစားဖို့ကောင်းသည်ဟုထင်သည်။
အလွန်အကျူးသောက်ခြင်းမှာ ဘာပဲဖြစ်ဖြစ် ခန္ဓာကိုယ်အတွက်မကောင်း။ ဒါကြောင့်လည်း အရက်သောက်ခြင်းယဉ်ကျေးမှုကို သူနားမလည်ခြင်းဖြစ်ချင်ဖြစ်မည်။
ချင်လင်ကလက်ဖက်ရည်တစ်အိုးနှပ်၍ ချင်ရန်နှင့်ချင်လုံအားငှဲ့ပေးလိုက်ပြီးနောက် ချင်လုံကိုမေးလိုက်သည်_ ''အစ်ကိုလုံ... အစ်ကိုက ကျွန်တော့်ထက် ၅ နှစ်ကြီးတယ်... ဒီတော့ ကျွန်တော်အရေးမထားလို့မရဘူး... ကျွန်တော်တို့မိသားစုတွေအချင်းချင်းကူညီကြတာမှန်တယ်... ဦးလေးတရှန်ကဒီလိုပြောပေမဲ့ အစ်ကိုတွေးထားတာရောရှိလား?''
ပွင့်ပွင့်လင်းလင်းဆိုရလျှင် သူ့သူငယ်ချင်းတွေ၊ မိသားစုတွေကို စံအိမ်ထဲမလုပ်စေချင်။ ပထမအချက် သူတို့ကိုစီမံရတာမလွယ်ပေ။ ဒုတိယအချက် စိတ်ပိုင်းဆိုင်ရာအရ အားလုံးကိုတန်းတူညီမျှဆက်ဆံဖို့ကခက်၏။ ဉာဏ်ကောင်းပြီးလိုလိုလားလားရှိသူနှင့်တွေ့လျှင် အဆင်ပြေသော်လည်း မြေခွေးအိုနှင့်တိုးလျှင် သေလောက်အောင်ဒေါသထွက်ရမည်။
အရေးအကြီးဆုံးက သူ့လုပ်ငန်းမှာ ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည်။ ချင်လုံကရိုးသားသည်မှန်သော်လည်း ပျင်းဖို့ကောင်းသောသူလည်းဖြစ်နေသည်။ ပွင့်ပွင့်လင်းလင်းပြောရရင် သူဒီအလုပ်လုပ်ဖို့အဆင်မပြေ။ သာမန်ကာလျှံကာအလုပ်စီစဉ်ပေးလိုက်လျှင်လည်း ရှက်စရာကောင်းနေမည်။
အဓိကက အရင်ဆုံး ချင်လုံ၏ကိုယ်ပိုင်အတွေးကိုနားလည်ထားရမည်ဖြစ်သည်။
ချင်လုံကခေါင်းခါ၍ ပြောလိုက်သည်_ ''တွေးတော့ရော ဘာလုပ်လို့ရမှာလဲ? လက်ရှိငါ့အခြေအနေနဲ့ ဘယ်သွားသွား အထင်သေးခံရမှာ... ချင်လင် အပမ်းမကြီးဘူးဆိုရင်လေ ငါ့အဖေကို ငါ့အတွက်အလုပ်စီစဉ်ထားပြီလို့ပြောလိုက်ပါလား... ငါ့အဖေကိုနှစ်သိမ့်ဖို့နည်းလမ်းရှာပြီး အမှန်အတိုင်းပြောပြလိုက်မယ်''
ချင်လင်ကပြုံးလိုက်သည်။ သူတို့နှစ်ဦးလုံးမှာ လူငယ်များဖြစ်ပြီး ချင်လုံ၏ခွတီးခွကျအသက်အရွယ်တွင် သူ့စံအိမ်၌ဝန်ဆောင်မှုလုပ်ငန်းလုပ်ရန် သေချာပေါက်လာမည်မဟုတ်ပေ။
သို့သော် ချင်လုံကိုဘယ်လိုကူညီရမည်ဟုအကြံရလိုက်သည်။
ဘေးမှချင်ရန်က စတင်အတင်းတုပ်တော့သည်။ သူကရုတ်တရက် ချင်လုံကိုစလိုက်၏_ ''ဒါနဲ့ အစ်ကိုလုံ... အဲဒီအမျိုးသမီးကိုသွားကြည့်ပြီးပြီလား? သူစိတ်လှုပ်ရှားလွန်းလို့ ခင်ဗျားရင်ခွင်ထဲပြေးဝင်ဦးမှာမလား?''
ထိုခေါင်းစဉ်ကြောင့် ချင်လင်လည်းစိတ်ဝင်စားသွားကာ ချင်လုံကိုစူးစမ်းသည့်အကြည့်နှင့်ကြည့်လိုက်သည်။
အရင်ကချင်လုံမှာ ရုန်းရင်းဆန်ခတ်မှုကြောင့် ထောင်ထဲဝင်ခဲ့ရသည်။ သူသဘောကျနေသောမိန်းကလေးကို အမူးသမားတစ်ယောက်က မဆင်မခြင်ပြုမူခဲ့သည်။ သူဘယ်လိုလုပ်သည်းခံရမည်နည်း? သူ့ကိုသွားတားရင်း မတော်တဆပြုတ်ကျအောင်လုပ်မိ၍ ဆေးရုံတင်လိုက်ရသည်။
သည်လိုနှင့် ချင်လုံမှာ နှစ်ဝက်ခန့်ထောင်ကျပြီး ရာဇဝတ်မှုမှတ်တမ်းကျန်ခဲ့သည်။
နည်းလမ်းတကျဆိုရလျှင် ထိုအခြေအနေမျိုး၌ ချင်လုံနှင့်မိန်းကလေးကြားကိစ္စမှာအဆင်ပြေ
နိုင်၏။
ချင်လုံက_ ''ငါသူ့ကိုရှာခဲ့တယ်... အခုကိုယ်ဝန်ကြီးနဲ့''
ချင်ရန်အံ့သြသွားပြီး_ ''အစ်ကိုလုံ... မဆိုးဘူးပဲ... ထွက်လာတာနဲ့တန်းပြီး သူ့ကိုကိုယ်ဝန်ရအောင်လုပ်နိုင်တယ်ပေါ့''
ချင်လုံက ညိုးငယ်စွာနှင့်_ ''ငါနဲ့ရတာမဟုတ်ဘူး... အရက်မူးသမားနဲ့... သူပြောတာတော့ အဲဒီနေ့ကဟိုလူအရက်မူးပြီးစိတ်ဖောက်နေတာနဲ့ သူ့ကိုတခြားလူမှတ်ပြီး ဆက်ဆံမိတာတဲ့... သူနဲ့အဆက်အသွယ်ရတော့ သူကလူကောင်းမှန်းသိလိုက်ရတယ်တဲ့... နောက်တော့ သူတို့အတူတူနေကြရော''
“…” ချင်လင်။
“…!” ချင်ရန်။
အတော်ဝမ်းနည်းဖို့ကောင်းတဲ့အဖြစ်ပဲ။
မိန်းကလေးတွေ့တဲ့သူက လူမှန်ဖြစ်နေတော့ ရုတ်တရက်ဝမ်းသာမိသေးသည်။
ချင်လုံအဖြစ်က တကယ်မယုံနိုင်စရာပင်။ ဇာတ်ဆန်တဲ့ဇာတ်လမ်းမျိုးဖြစ်ခဲ့တာမဟုတ်လား? သူ့နားကလူတွေမှာ တကယ်ဖြစ်ခဲ့တာပဲ။
ချင်လုံကသက်ပြင်းချ၍ ပြောလိုက်သည်_ ''ဟိုလူကသူ့ကို Porsche နဲ့လာကြိုတာတွေ့တော့ ငါ့ကိုယ်ငါ မထိုက်တန်တဲ့ကောင်မှန်း သိလိုက်ပါတယ်!''
“…” ချင်လင်။
“…” ချင်ရန်။
ပိုဝမ်းနည်းစရာကောင်းသောဇာတ်လမ်းဖြစ်သွားသည်။ နောက်ပြီး ဤအချက်ကပိုပြီးလက်တွေ့ကျနေလေသည်။