← Chapters

ခြေထောက်ပေါက်လာသော ယွမ်တစ်သန်း!

Vol. 6 Ch. 87

ခြေထောက်ပေါက်လာသော ယွမ်တစ်သန်း!

Vol. 6 Ch. 87

ချင်လင်က ချင်လုံ၏ဝမ်းနည်းဖွယ်ဇာတ်လမ်းကိုကြားပြီးနောက် ချက်ချင်းစကားလမ်းကြောင်းပြောင်းကာ_ ''အစ်ကိုလုံ... ကျွန်တော့်မှာလုပ်ငန်းတစ်ခုရှိတယ်... နားထောင်ချင်လား?''

''ကောင်းပြီ!'' ချင်လုံကမငြင်း။

သူကချင်လင်နှင့် သိပ်မပတ်သက်ဖူးသော်လည်း အကြီးများထံမှကြားဖူးနားဝရှိထားသည်။ သူကမေးလာမှတော့ သေချာပေါက်ကူညီချင်သည်။ လုပ်ငန်းကောင်းဆိုရင် သူလည်းဟန်လုပ်နေမည်မဟုတ်ပေ။

ချင်လင်လည်း ရှင်းပြလိုက်သည်_ ''အစ်ကိုလုံ... ခရမ်းချဉ်သီးစိုက်တဲ့လုပ်ငန်းကိုဘယ်လိုသဘောရလဲ? ကျွန်တော်ဒီမှာအဆက်အသွယ်ရှိတယ်... အဲဒါကြောင့် အရောင်းပိုင်းနဲ့ပတ်သက်ပြီး စိတ်ပူစရာမလိုဘူး''

သူကသက််ဆိုင်ရာအချက်အလက်များကို ဆန်းစစ်ကြည့်ခဲ့သည်။ သာမန်စိုက်ပျိုးမြေတွင်ခရမ်းချဉ်သီးစိုက်သည့်ကုန်ကျစရိတ်မှာ တစ်ဧကမှ ယွမ် ၃၀၀ မှ ၄၀၀ သာရှိသည်။ ရုံချန်းစီရင်စုကျေးလက်မြေငှားရမ်းခမှာ တစ်နှစ် ယွမ် ၄၀၀ ခန့်ရှိသည်။

သို့သော် တစ်ဧကကို ခရမ်းချဉ်သီးကီလိုဂရမ် ၂၅၀၀ မှ ၃၀၀၀ အထိထွက်နိုင်သည်။ ယခုလက်ကားစျေးမှာ ပျမ်းမျှတစ်ကီလို ၄ ယွမ်မှ ၅ ယွမ်ရှိ၏။

ဤသည်မှာ လုံးဝတွက်ချေကိုက်သည်။

ပုံမှန်အားဖြင့် စိုက်ပျိုးရေးထွက်ကုန်များသိုလှောင်၍ရင်းနှီးမြှပ်နှံခြင်း၊ အဆက်အသွယ်၊ သဘာဝဘေးအန္တရာယ်များ၊ အရောင်းစျေးကွက်များမှာ ပြဿနာကြီးဖြစ်သည်။ အထူးသဖြင့် အတွေ့အကြုံမရှိသောလူအတွက်ပိုဆိုးသည်။

ချင်လုံက ချင်လင်ကိုဒီလိုလုပ်ငန်းအကြောင်းပြောမည်ဟုမထင်ထားပေ။ သူကခဏတွေးလိုက်ပြီး_ ''ချင်လင်... အရောင်းပိုင်းနဲ့ပတ်သက်ပြီးပြဿနာမရှိဘူးဆိုတာ သေချာလား?''

Porsche စီးနေသောကောင်မှာ စိုက်ပျိုးရေးထွက်ကုန်များတွင်ရင်းနှီးမြှပ်နှံနေသူဖြစ်၍ အလုပ်ဖြစ်မှန်းသူသိသည်။ သူ့တွင်ရောင်စုံဥယျာဉ်များ၊ စပျစ်ခြံများရှိသည်။ နှစ်တိုင်း ခရီးသည်များက သူတို့ကိုယ်တိုင်သီးနှံခူးကြရန် သူ့ဆီလာလေ့ရှိကြ၏။

ဤသည်က သူမထိုလူကိုရွေးရသည့်အချက်တစ်ချက်ပင်။

သူမက စိတ်ချမ်းသာစရာကျေးလက်မြင်ကွင်းသဘာဝကိုသဘောကျသည်ဟုပြောဖူးသည်။

သို့သော် ရုံချန်းစီရင်စုတွင် စိုက်ပျိုးရေးထွက်ကုန်လုပ်သူတွေလည်း အများကြီးရှိသည်။ အရောင်းအဆက်အသွယ်မရှိခြင်းကြောင့် အလုပ်ဖြစ်သူနည်းနေ၏။ အများစုက ကြားလူခေါင်းပုံဖြတ်စားခြင်းကိုသည်းခံကြရပြီး အမြတ်ငွေအတော်နည်းသွားသည်။

......

ချင်လင်ကပြုံးပြီး_ ''အစ်ကိုလုံ... ကျွန်တော်ဖုံးကွယ်မနေတော့ပါဘူး... အဲဒီအရောင်းအဆက်အသွယ်က ကျွန်တော်ပဲ... ကျွန်တော်ခရမ်းချဉ်သီးဆော့လုပ်ငန်းထောင်ဖို့စီစဉ်နေတာ... အချိန်ကျရင် ကျွန်တော်သေချာပေါက်ခရမ်းချဉ်သီးစုဆောင်းရမှာ''

သူဂိမ်းမှရလာခဲ့သောလျှို့ဝှက်ခရမ်းချဉ်သီးဆော့အပေါ်တွင် ယုံကြည်ချက်ရှိသည်။ သူ့တွင်တောင်တန်းစံအိမ်အမှီပြု၍ လူထုအဆက်အသွယ်လည်းရှိ၏။ အချိန်ကျလျှင် ခရမ်းချဉ်သီးပါဝင်ပစ္စည်းတွေ အများကြီးလိုလာမည်။

ချင်လုံကိုခရမ်းချဉ်သီးစိုက်စေစိုက်လျှင် သူ့ကိုကူညီရုံသာမက စံအိမ်ထဲဝင်စရာလည်းမလိုတော့ချေ။ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ။

သို့သော်လည်း သူအပြည့်အဝတော့ထောက်ခံချက်မပေးနိုင်။ ထို့ကြောင့် ချင်လုံအား_ ''ကျွန်တော့်လုပ်ငန်းကလုံးဝနာမည်ရလာမယ်လို့တော့ အာမခံချက်မပေးနိုင်ဘူးပေါ့... ဒါပေမဲ့ ကျွန်တော်မအောင်မြင်ခဲ့ရင်တောင် ပထမအသုတ်ခရမ်းချဉ်သီးတွေကို သေချာပေါက်ယူမယ်... ကျွန်တော့်စံအိမ်မှာ အရောင်းစင်တာရှိတယ်... အဲဒါကြောင့် အစ်ကိုလုံသဘောပဲ... ကျွန်တော့်ကိုယုံပြီး စွန့်စားရဲလား?''

ထိုစကားကြားလျှင် ချင်လုံကအနည်းငယ်ယုံကြည်ချက်ရှိလာသည်။

ဒါကလုံးဝအခွင့်အရေးဆိုသော်လည်း ချင်လင်လုပ်ငန်းဖြစ်မဖြစ်အပေါ်မူတည်နေ၏။

ဒီကိစ္စက ယုံကြည်မှုနှင့်ဆိုင်နေပြီ။

နောက်ဆုံးချင်လုံက_ ''ငါပြန်ပြီး စဉ်းစားကြည့်လိုက်ဦးမယ်''

''ကောင်းပါပြီ!'' ချင်လင်ခေါင်းညိမ့်လိုက်သည်။



ဤကိစ္စမျိုးက သာမန်လူတွေအတွက် သေချာစဉ်းစားရမည်ဖြစ်သည်။ လုပ်ပြီဆိုတာနှင့် အနည်းဆုံးယွမ် ၅၀၀၀၀ မှ ၁၀၀၀၀၀ ကြားကုန်ကျမည်ဖြစ်၏။ ဤငွေပမာဏမှာ သာမန်လူတွေအတွက်များလှသည်။ အလျင်စလိုဆုံးဖြတ်ရမည့်ကိစ္စမဟုတ်ပေ။

ဒီအခြေအနေရောက်ပြီဆိုလျှင် ကိစ္စပြီးပြီဖြစ်၏။ ချင်လင်ကတခြားခေါင်းစဉ်ပြောင်းလိုက်သည်။ အများစုမှာ ငယ်ငယ်ကဘာဖြစ်ခဲ့သည်ဆိုတာကိုစိတ်ဝင်စားကြသည်။ ငယ်ငယ်တုန်းက မြစ်ထဲမှာ ဘောင်းဘီတွေ၊ ဖိနပ်တွေမဆေးဖူးတဲ့သူမရှိဘဲနေမလား? ငန်းအလိုက်မခံရတဲ့သူမရှိဘဲနေမလား?

ချင်လုံနှင့်ချင်ရန်ပြန်သွားသောအခါ ကျောက်မိုချင်းလည်း လက်ဖက်ရည်စားပွဲကိုသန့်ရှင်းရေးလုပ်ရန်ရောက်လာပြီး_ ''ချင်လင်... ရှင်တကယ်ပဲ ခရမ်းချဉ်သီးဆော့လုပ်ငန်းထောင်ဖို့ စီစဉ်နေတာလား?''

ချင်လင်ကပြုံး၍_ ''မင်းစားကြည့်ပြီးပြီမလား? တို့ဆော့ကမဆိုးဘူးလေ''

''ဒါပထမဆုံးစက်ရုံထောင်မှာဆိုတော့ ယုံကြည်ချက်တော့မရှိဘူး'' ကျောက်မိုချင်းကစိတ်ပူစွာ ပြောလိုက်သည်_ ''ဘာဖြစ်လို့ ဆိုင်သေးသေးလေးအရင်ဖွင့်ပြီးမှ စမ်းမကြည့်ရတာလဲ?''

ချင်လင်က_ ''အစပိုင်းတော့ အကြီးကြီးလုပ်လို့မရဘူးပေါ့... အဲလိုလုပ်ဖို့ရံပုံငွေလည်းမရှိဘူး... ဒါပေမဲ့ စံအိမ်ရဲ့ကျောထောက်နောက်ခံနဲ့ စက်ရုံသေးသေးထောင်လို့မဖြစ်ဘူး''

''ရှင်ဆုံးဖြတ်ပြီးမှတော့ ကျွန်မအားပေးမယ်'' ကျောက်မိုချင်းက သူမရပ်တည်ချက်ကိုဖော်ပြလိုက်သော်လည်း နည်းနည်းစိတ်ပူနေဆဲပင်_ ''ပစ္စည်းတွေသိမ်းပြီး စံအိမ်သွားရအောင်... ချိုချဉ်ခရမ်းချဉ်ဆော့တွေပိုလုပ်ပြီး မြည်းခိုင်းဖို့ခရီးသည်တွေထပ်ရှာမယ်''

''မင်းပြောသလိုပါပဲ'' ချင်လင်က ကျောက်မိုချင်းကိုပေါင်ပေါ်ဆွဲတင်၍ နှုတ်ခမ်းချင်းနမ်းလိုက်သည်။

ကျောက်မိုချင်းနည်းနည်းချိန်ဆနေသော်လည်း အမျိုးသားတစ်ဦးတွင် သူ့ကိုကူညီထောက်ပံ့ပေးမည့်အမျိုးသမီးရှိရန် လိုအပ်ပေသည်။

ပိုသတိထားလေလေ အမှားနည်းလေလေဖြစ်မည်။

အိမ်သန့်ရှင်းပြီးနောက် ချင်လင်က ကျောက်မိုချင်းအား စံအိမ်သို့လိုက်ပို့ခိုင်းသည်။ စောစောက သူမသောက်မထားပေ။

စံအိမ်ရောက်သောအခါ ကျောက်မိုချင်းကချက်ချင်းပင် ချင်လင်အားအနောက်ဘက်ခြံဝင်းထဲခေါ်သွားကာ ဆော့စလုပ်သည်။

ချင်လင်၏ကြီးကြပ်မှုနှင့် သူမကိုယ်တိုင်ချိုချဉ်ခရမ်းချဉ်သီးဆော့လုပ်ပြီး ခရီးသည်များမြည်းကြည့်စေရန် ကောင်းယောင်ယောင်အားစီစဉ်ခိုင်းလိုက်သည်။

တံဆိပ်ကိုဖုံးကွယ်ထားပြီးမြည်းကြည့်စေရာ နောက်ဆုံးအဖြေမှာ ထိုဘရန်းများထက်အရသာရှိသော သူမလုပ်ထားသည့်ဆော့ပင်ဖြစ်လေသည်။

ချင်လင်က လိုင်းပေါ်တွင် သက်ဆိုင်ရာအချက်အလက်များကိုရှာဖွေကြည့်ထား၏။ စက်ရုံများ အထူးသဖြင့်အစားအသောက်စက်ရုံများကိုစစ်ဆေးမှုမှာ အလွန်တင်းကြပ်ထားသည်။ စာချုပ်စာတန်းနှင့်လုပ်ငန်းစဉ်များအမျိုးစုံရှိသည်။

သတင်းစုံစမ်းကြည့်ပြီး အလွန်ဒုက္ခများကြောင်းသိလိုက်ရ၏။

သူ့ကိုယ်ပိုင်အမှတ်တံဆိပ်နှင့်ဆော့ စလုပ်မည်ဆိုလျှင် အစားအသောက်ကုမ္ပဏီအတွက်လိုအပ်သောစာရွက်စာတမ်းနှင့်လုပ်ငန်းစဉ်များအတွက်ပင် အချိန်အတော်ယူရဦးမည်။ စက်ရုံကလည်း သန့်ရှင်းသောပတ်ဝန်းကျင်တွင် ထုတ်လုပ်ရန်လိုအပ်၏။

ထို့ကြောင့် အကောင်းဆုံးနှင့်အမြန်ဆုံးနည်းမှာ စာရွက်စာတမ်း၊ လုပ်ငန်းစဉ်ပြီးပြည့်စုံသော အစားအသောက်ကုမ္ပဏီတစ်ခုကိုလေ့လာရမည်။ သူလုပ်စရာလိုတာက ထိုကုမ္ပဏီကိုဝယ်ပြီး ပိုင်ဆိုင်ခွင့်ပြောင်းလိုက်ရုံပင်။ မူလကတည်းက ဆော့ထုတ်လုပ်သည့်လုပ်ငန်းဖြစ်လျှင်ပိုအဆင်ပြေသည်။

ထိုအကြောင်းတွေးရင်း စီရင်စုထဲတွင် အစားအသောက်စက်ရုံရောင်းချခြင်းရှိမရှိစစ်ဆေးကြည့်လိုက်သည်။ ရောင်းမည့်စက်ရုံနှစ်ခုရှိသည်ကို အမှန်တကယ်တွေ့လိုက်ရ၏။ စက်ရုံငယ်လေးများဖြစ်ပြီး သူ့ကနဦးလိုအပ်ချက်နှင့်ပြည့်စုံသည်။

စီရင်စုထဲတွင် ထိုကဲ့သို့စက်ရုံငယ်လေးများစွာရှိပြီး အများစုမှာပိတ်ထားရသည်။

စက်ရုံနှစ်ခု၏အချက်အလက်ကိုကြည့်လိုက်ရာ တစ်ခုမှာ ဆော့ထုတ်လုပ်ရန်အပြည့်အဝလမ်းကြောင်းရှိသည်ကိုတွေ့လိုက်ရသဖြင့် ပိုအံ့သြမိသည်။ စာတမ်းထိုးထားသည်မှာ လုံးဝအသစ်ဖြစ်ပြီး ၇၀% လျှော့ပေးထား၏။ စက်ရုံကို ယွမ် ၁.၅ သန်းနှင့်ရောင်းချထားဆဲဖြစ်သည်။

ဤသည်က သူ့ကိုပိုစိတ်ဝင်စားစေသည်။ သူတို့က ကိရိယာတန်ဆာပလာလည်းဝယ်ထားပြီးပြီ။ နည်းလမ်းတကျဆိုရလျှင် ဖွံ့ဖြိုးအောင်လုပ်ဖို့ရည်ရွယ်ချက်ရှိထားပြီးဖြစ်၏။ ဘာလို့သူတို့က စက်ရုံရောင်းဖို့လုပ်ရတာလဲ?

ထို့အပြင် စက်ရုံအချက်အလက်အရ ယွမ် ၁.၅ သန်းမှာ နည်းနည်းစျေးပေါသလိုဖြစ်နေသည်။

ဒီကိစ္စနှင့်ပတ်သက်ပြီး သေချာပေါက်ပြဿနာတစ်ခုခုရှိရမည်။

ချင်လင်ကအခု ယွမ် ၁.၅ သန်းထုတ်နိုင်သည်။ စံအိမ်ရဲ့နေ့စဉ်ဝင်ငွေက ယွမ် ၄ သိန်းကျော်၏။

သူသတင်းကိုမြင်သည်နှင့် သူကထိုနံပါတ်ကိုဖုန်းခေါ်လိုက်သည်။



ဒီစက်ရုံမှာဘာပဲဖြစ်နေနေ သူတစ်ချက်ကြည့်ကြည့်ရမည်။ အဆင်ပြေလျှင်တန်းဝယ်ပြီး အချိန်ကုန်သက်သာနိုင်သည်။

တစ်ဖက်လူကိုဆက်သွယ်ပြီးနောက် ထိုလူမှာစိတ်ပူနေမှန်း ချင်လင်သိလိုက်သည်။

...

ရုံချန်းစီရင်စုထဲတွင် သီးသန့်စက်မှုဇုန်ရှိသည်။ စီရင်စုမြို့တော်အနောက်ပိုင်းမှာ အရင်ကတည်းကမြို့ငယ်လေးဖြစ်ခဲ့သည်။ ယခုပတ်ပတ်လည်တွင် စက်ရုံများတည်ထားပြီဖြစ်၏။ ထိုကဲ့သို့သောနေရာတွင် စက်ရုံကြီးဆောက်ရန်မဖြစ်နိုင်။ အားလုံးမှာ စက်ရုံငယ်လေးများသာ။

ချင်လင်ရောက်သည်နှင့် ထိုလူကိုဖုန်းခေါ်လိုက်သည်။ ခဏအကြာ မျက်တွင်းကျကျနှင့် အသက် ၅၀ ခန့်လူတစ်ဦး ဖုန်းကိုင်၍လျှောက်လာသည်ကိုတွေ့လိုက်ရသည်_ ''မင်းက ဥက္ကဌချင်လား?''

''ဟုတ်ပါတယ်'' ချင်လင်ကခေါင်းညိမ့်လိုက်သည်။

ထိူလူကအလျင်စလိုရှေ့တိုးလာပြီး_ ''ကျုပ်နာမည်က ဝမ်ရှင်းပါ... ဒီစက်ရုံရဲ့ပိုင်ရှင်... ဥက္ကဌချင် အရင်ဆုံးစက်ရုံရဲ့ပတ်ဝန်းကျင်ကိုပြပါရစေ... ပိုင်ဆိုင်ခွင့်လက်မှတ်အမျိုးမျိုး လုပ်ငန်းစဉ်တွေ ပြီးတော့ လုပ်ခွင့်ရလက်အှတ်တွေလားပဲ ရှိပါတယ်''

''ကောင်းပါပြီ!'' ချင်လင်ကမငြင်းဘဲ ထိုလူနောက်လိုက်၍ စက်ရုံထဲဝင်သွားလိုက့သည်။

စက်ရုံမှာသိပ်မကြီး။ ထုတ်လုပ်ရေးနေရာနှစ်နေရာသာရှိ၏။ ထို့အပြင် နေရာလွတ်တစ်ခုလည်းရှိသည်။ ကြည့်ရတာ နောင်ချဲ့ထွင်ဖို့လုပ်ထားသည့်ပုံပင်။ သူတို့မှာ အစီအစဉ်တွေရှိထားသည်။

အသစ်စက်စက်တပ်ဆင်ထားမှုနှင့် နောက်ဆက်တွဲအစီအစဉ်များမှာ စက်ရုံကိုရောင်းမည်ဟုမထင်ရပေ။

ထုတ်ထုပ်သည့်နေရာနှစ်နေရာစလုံး၌ ဝန်ထမ်းများအလုပ်လုပ်နေဆဲရှိသေးသည်။ တစ်ဦးက ဝေဖာကွတ်ကီးလုပ်နေ၏။ နောက်တစ်ဦးက အသစ်ဖွင့်ထားသောဆော့လုပ်သည့်နေရာတွင်ရှိသည်။

ဝမ်ရှင်းကလျှောက်လာရင်း မိတ်ဆက်ပေးဖို့လည်းမမေ့_ ''ဥက္ကဌချင်... ဒီခရမ်းချဉ်သီးဆော့ထုတ်လုပ်တဲ့နေရာက ပြွန်ခေါင်း ၄ ခုပါတဲ့တိုင်ကီပါ... ဒါကတစ်နာရီကို ခရမ်းချဉ်သီးဆော့ ၂၀၀ ဂရမ်ပုလင်း ၁၀၀၀ ကနေ ၁၂၀၀ အထိထုတ်နိုင်ပါတယ်''

ဝန်ထမ်းများက အနည်းနှင့်အများစိတ်ပူနေကြပုံပင်။ သူတို့သူဌေးစက်ရုံရောင်းတော့မည်ကို သူတို့အားလုံးသိနေကြမှာထင်ရှားသည်။

ပုံမှန်အားဖြင့် အခက်အခဲအားလုံးသည်းခံ၍ လက်ရှိအခြေအနေကိုကျေနပ်နိုင်သူများသာ စက်ရုံတွင်ကျန်ရစ်နိုင်ကြသည်။ သူတို့၏နောက်ဆုံးမျှော်လင့်ချက်မှာ ပတ်ပတ်လည်သွား၍အလုပ်သစ်ရှာရန်ပင်ဖြစ်၏။

ချင်လင်က ဝမ်ရှင်းနောက်လိုက်ရင်း စက်ရုံနှင့်ပိုင်ဆိုင်မှုစာရွက်စာတမ်းအမျိုးမျိုးကိုကြည့်လိုက်သည်။

သူကဓာတ်ပုံရိုက်ယူ၍ ချန်လီဆီပို့ကာ အတည်ပြုခိုင်းလိုက်သည်။ နောက်ဆုံး ဘာပြဿနာမှမရှိပေ။ ချေးငွေနှင့်စက်ရုံတစ်ရုံမျှသာဖြစ်၏။ အသစ်စက်စက်ဆော့ထုတ်လုပ်ရေးမှာ ချေးငွေနှင့်ဝယ်ယူထားခြင်းဖြစ်သည်။ ထို့ကြောင့် ယွမ် ၁.၅ သန်းနှင့်ရောင်းနိုင်ခြင်းဖြစ်လေသည်။

စက်ရုံဝယ်ပြီးလျှင် ထိုချေးငွေများကိုဆက်သွင်းပေးရန်လိုသေးသည်။

ချင်လင်ကသိချင်စိတ်ဖြစ်လာ၍ မမေးဘဲမနေနိုင်တော့ချေ_ ''ဥက္ကဌဝမ်... ကျွန်တော်အရမ်းသိချင်နေတာ... ခင်ဗျားကဒီစက်ရုံကိုဆက်လည်ပတ်ဖို့အစီအစဉ်ရှိပါလျက်နဲ့ ဘာလို့ရုတ်တရက်ကြီး လောလောလောလောနဲ့ရောင်းရတာလဲ?''

ဝမ်ရှင်းကထိုစကားကြားလျှင် ရင်ဖွင့်ရမည့်သူတစ်ယောက်ယောက်ရှာနေသကဲ့သို့ သက်ပြင်းချလိုက်ကာ_ ''ဥက္ကဌချင်... ပွင့်ပွင့်လင်းလင်းပြောရရင် ကျုပ်ကတောကတက်လာတာ... ကျုပ်ငယ်ငယ်တုန်းက မိသားစုကဆင်းရဲလွန်းလို့ စားဖို့တောင်အနိုင်နိုင်... မြို့ပေါ်ရောက်လာတော့ အမြဲတမ်းအဖက်လုပ်မခံရဘူး... အဲဒါကြောင့် ကျုပ်မှာကလေးရလာရင် သူ့ကိုပိုးမွေးသလိုမွေးမယ်... ကျုပ်လိုမဖြစ်စေရဘူးပေါ့''

''ဒါပေမဲ့ ဒီကလေးကြီးလာရင် စရိုက်မကောင်းဘူးလို့ ဘယ်ထင်ထားမှာလဲ? သူမိန်းမယူတော့ ခန်းဝင်ပစ္စည်းကြေးယွမ်နှစ်သိန်းပဲပေးပြီး ကောင်းကောင်းမွန်မွန်မနေခဲ့ဘူး... အပြင်မှာ နောက်ထပ်မိန်းမတစ်ယောက်နဲ့ ဇာတ်လမ်းတွေရှုပ်တယ်... ကျုပ်တို့က ကွာရှင်းဖို့ငွေတွေပုံပေးရတယ်... နောက်ပြန်ပေါင်းထုပ်ကြတော့ ခန်းဝင်ပစ္စည်းကြေးယွမ်နှစ်သိန်းထပ်ပေးရတယ်''

''သူဒီလိုဆိုးရုံတင်မကဘူး... တချိန်လုံး မကောင်းတဲ့သူငယ်ချင်းတွေနဲ့ လေလွင့်အချိန်ဖြုန်းနေတာ... ဟိုတလောက သူမူးနေတုန်း ကျုပ်ကိုပြောတယ်... သူတစ်ယောက်ယောက်နဲ့ရန်ဖြစ်ပြီး ထိုးကြိတ်ခဲ့တယ်တဲ့... ကျုပ်ကသာမန်ရန်ပွဲလောက်ထင်ပြီး လိုက်ဖြေရှင်းပေးမလို့ပဲ... ဒါပေမဲ့ နောက်ဆုံးကျ ရဲတွေသူ့ကိုလာရှာတယ်''

''တစ်ဖက်လူက လှုပ်တောင်မလှုပ်ဘူး... ကျုပ်သားရိုက်သမျှခံရတာ... အဲဒါကို သူ့အဖော်တွေက တချိန်လုံးဗီဒီယိုရိုက်ယူထားတယ်... အခုဟိုလူကိုစမ်းသပ်ကြည့်တော့ နားစည်ပေါက်သွားတယ်တဲ့... အကြားအာရုံ နားကိုက် နားအူနားဆူတာတွေဖြစ်နိုင်တယ်လို့တောင် သုံးသပ်ထားတယ်... သူကလျော်ကြေးယွမ်တစ်သန်းပေးဖို့တောင် တရားစွဲထားတယ်... မဟုတ်ရင် ကျုပ်သားထောင်ကျလိမ့်မယ်တဲ့... အဲကောင်အခု အချုပ်ထဲမှာပဲရှိသေးတယ်''

''ကျုပ်ကဒီစက်ရုံဖွင့်နိုင်တာမှ သုံးလေးနှစ်ပဲရှိသေးတာ... ကျုပ်ရသမျှပိုက်ဆံတွေလည်း အဲကောင်ချည်းပဲ... အသစ်ထုတ်မယ့်လုပ်ငန်းက ချေးငွေနဲ့ဝယ်ထားတာ... ကျုပ်ဒီလိုအခြေအနေနဲ့ စက်ရုံကိုရောင်းပစ်ရုံအပြင် တခြားမတတ်နိုင်ဘူးလေ''

နောက်ဆုံးတော့ချင်လင်က ဥက္ကဌဝမ်မှာသားဆိုးရှိကြောင်းသိလိုက်ရပြီ။

ပွင့်ပွင့်လင်းလင်းဆိုရလျှင် အပြန်အလှန်ထိုးကြိတ်ကြသည်ဆိုပါက သူတို့နားစည်ပေါက်သွားရင်တောင် ယွမ်တစ်သန်းတောင်းဖို့များသည်။ တရားရုံးကလက်ခံလိမ့်မည်မဟုတ်။

သို့သော် အထိုးခံရသူက အပြင်းအထန်ဖြစ်သွားသည်မှာထင်ရှား၏။ သူ့နားစည်ပေါက်သွားတာတောင် လက်တုံ့ပြန်ခြင်းမရှိခဲ့ပေ။ ဤသည်ကြောင့် ရန်ပွဲမှ ရည်ရွယ်ချက်ရှိရှိထိခိုက်စေမှုအဖြစ်ပြောင်းသွားသည်။

ပိုဆိုးတာက ဥက္ကဌဝမ်၏သားတွင် အဖော်ပါခြင်းဖြစ်သည်။ ဂိုဏ်းသဘောသဘာဝရှိသည်ဟု ပြောရင်တောင်ရ၏။ နားကိုက်ခြင်း၊ နားအူနားဆူခြင်းနှင့်ပေါင်းလိုက်လျှင် အပြင်းအထန်ထိခိုက်စေမှုဖြစ်သွား၏။

အဓိကက ထိုရောဂါလက္ခဏာများမှာ အလွန်ဆုံးဖြတ်ရခက်ခဲခြင်းပင်။ နားစည်ပေါက်ခြင်းက ထိုလက္ခဏာများဖြစ်စေသည်။ အရိုက်ခံရသူက ဖြစ်ပါသည်ဟုပြောလျှင် ဆေးရုံကသုံးသပ်အစီရင်ခံစာတွင်ထည့်ရေးကောင်းထည့်ရေးပေမည်။

ထိုကိစ္စတွင် ဥက္ကဌဝမ်၏သားမှာ ကိစ္စတုံးသွားပြီမဟုတ်ပါလား?

ထို့ကြောင့် အရက်မူးလာပြီဆိုလျှင် တစ်လောကလုံးကိုကိုယ်ပိုင်သလိုလိုထင်ပြီး ထောင်လွှားမနေသင့်။ တခြားသူ၏မျက်စိထဲတွင် ယွမ်တစ်သန်းခြေထောက်ပေါက်လာသည်ဟုမြင်ချင်မြင်နိုင်လေသည်။



All Chapters