အန္တိမဒဏ်ခတ်နတ်မင်း၊ တာအိုမဲ့နယ်မြေ
Vol. 82 Ch. 863
[သင့်ရန်သူ လောကဦး ဘိုးဘေးနတ်ဘုရားသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်ရန်သူ လောကဦး ဘိုးဘေးနတ်ဘုရားသည် စိတ်ဆန္ဒဖြင့် ခန္ဓာကိုယ်အား ပြန်လည် မွမ်းမံလိုက်၏။]
ဟန်ကျွယ်ဟာ လောကဦး ဘိုးဘေးနတ်ဘုရားရဲ့ အကြမ်းခံမှုကို ကြည့်ပြီး နည်းနည်း လန့်သွားပါတယ်။ လောကဦး ဘိုးဘေးနတ်ဘုရားက တကယ်ကို တစ်ခုခုပါပဲ။ ဟန်ကျွယ်ရဲ့ ကျိန်စာကို ခုခံရင်း တခြားသူနဲ့တောင် တိုက်ခိုက်နိုင်ပါသေးတယ်။
ဒါပေမဲ့ ဒီတစ်ကြိမ်မှာ လောကဦး ဘိုးဘေးနတ်ဘုရားက သူ့ကျင့်ကြံမှုကို ပြန်မရလိုက်ပါဘူး။
ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျိန်စာတိုက်ပါတယ်။ လောကဦး ဘိုးဘေးနတ်ဘုရား ဒီလို ဒုက္ခရောက်နေတဲ့အချိန်က ကျိန်စာတိုက်ဖို့ အကောင်းဆုံးပါ။ ဒဏ်ရာပေါ် ဆားဖြူးပေးတာက ရန်သူကို အကောင်းစား လက်စားချေတာပဲ မဟုတ်ပါလား။
ကောဋိ တစ်သောင်း ခြောက်ထောင်။
ကောဋိ တစ်သောင်း ခုနစ်ထောင်။
ကောဋိ တစ်သောင်း ရှစ်ထောင်။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ လောကဦး ဘိုးဘေးနတ်ဘုရား၏ ဝိညာဉ် ထိခိုက်ပြီး တာအိုနှလုံးသား ကွဲကြေသွား၏။]
[သင့်ရန်သူ လောကဦး ဘိုးဘေးနတ်ဘုရားသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ရုပ်နာမ်နှစ်ပါး ပျက်စီးသွား၏။]
ဟန်ကျွယ်ဟာ မှင်တက်သွားပါတယ် ‘ဒီကောင် သေသွားပြီလား..’ ဒါပေမဲ့ ဟန်ကျွယ်ဟာ လောကဦး ဘိုးဘေးနတ်ဘုရားကို ကျိန်စာတိုက်လို့ ရနေတုန်းပါ။ ဟန်ကျွယ်လည်း ပဟေဠိ ဖြစ်သွားပြီး လူမှုဆက်ဆံရေးကို ဖွင့်ကြည့်လိုက်တဲ့အခါ လောကဦး ဘိုးဘေးနတ်ဘုရားရဲ့ ပုံရိပ်က ရှိနေသေးတာကို တွေ့လိုက်ရပါတယ်။
လူမှုဆက်ဆံရေးထဲမှာ ရှိနေသေးတဲ့အတွက် မသေသေးဘူးဆိုတာ ထင်ရှားပါတယ်။
ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ ဝမ်းနည်းမှုကို ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရပါတယ်။ ဟန်ကျွယ် တစ်ယောက်တည်း မဟုတ်ပါဘူး။ ကောင်းကင်တာအိုနဲ့ ပဋိပက္ခထဲမှာရှိတဲ့ သက်ရှိအကုန်လုံး ဒီလို ခံစားလိုက်ရတာပါ။
ဟန်ကျွယ် မော့ကြည့်လိုက်တဲ့အခါ မဟာတာအိုသုံးထောင် တုန်ယင်သွားတာကို တွေ့လိုက်ရပါတယ်။ အဲဒီနောက် အရပ်ဆယ်မျက်နှာကနေ ရွှေရောင်မိုး ရွာသွန်းပြီး သဘာဝနိမိတ်တစ်ခု ဖြစ်ပေါ်လာပါတယ်။
“ငါ အန္တိမဒဏ်ခတ်နတ်မင်းက နတ်စိတ်ဝိညာဉ် ခေါင်းဆောင်ကို သတ်လိုက်ပြီ၊ ဒီနေ့ကစပြီး ငါက နတ်စိတ်ဝိညာဉ် ခေါင်းဆောင်ပဲ၊ ပဋိပက္ခရဲ့ အာဏာကို ငါ ထိန်းချုပ်မယ်၊ မဟာတာအို နတ်စိတ်ဝိညာဉ် အကုန်လုံး ငါ့ကို လာတွေ့ချည်”
ဗိုလ်ကျစိုးမိုးလွန်းတဲ့ အသံဟာ ပဋိပက္ခတစ်ခွင် ပဲ့တင်ထပ်သွားပါတယ်။ ဒါပေမဲ့ ဒီအသံကို အနည်းဆုံး မဟာတာအိုအဆင့်ရှိတဲ့ မဟာတာအိုပညာရှိတွေပဲ ကြားနိုင်ကြပါတယ်။ လွတ်လပ်တာအိုပညာရှိတောင် ဒီအသံကို မကြားနိုင်ပါဘူး။
‘အန္တိမဒဏ်ခတ်နတ်မင်း... ဒီကောင်က ဘယ်သူလဲ’
ဟန်ကျွယ်ဟာ ဒီနာမည်ကို တစ်ခါမှ မကြားဖူးတဲ့အတွက် စိတ်ထဲမှာ ပဟေဠိ ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ သတိမလျှော့ဘဲ ကျိန်စာ ဆက်တိုက်ပါတယ်။
လောကဦး ဘိုးဘေးနတ်ဘုရားက သေချင်ယောင် ဆောင်ချင်တဲ့အတွက် ဟန်ကျွယ်ဟာ သူ့ဆန္ဒကို ဖြည့်ဆည်းပေးတဲ့အနေနဲ့ သေအောင် ကျိန်စာတိုက်တာပါ။
ကောဋိ တစ်သောင်း ကိုးထောင်။
ကောဋိ နှစ်သောင်း။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ လောကဦး ဘိုးဘေးနတ်ဘုရား၏ နတ်စွမ်းအား ဖျက်ဆီးခံရပြီး အနှိုင်းမဲ့ ကံတရား အထောက်အပံ့ ကွဲကြေသွား၏။]
[သင့်ရန်သူ လောကဦး ဘိုးဘေးနတ်ဘုရားသည် အထွတ်အထိပ်နိယာမ၏ ကာကွယ်မှုကို ရရှိခဲ့ပြီး မူလဝိညာဉ်မှာ ချိပ်ပိတ်ခံလိုက်ရ၏။]
အဲဒီနောက် ဟန်ကျွယ်ရဲ့ ကျိန်စာဟာ ပစ်မှတ်ရှာမရတော့ပါဘူး။ ဟန်ကျွယ်ဟာ လမ်းလျှောက်ရင်း ရုတ်တရက် မြေကြီးပျောက်သွားသလို ခံစားလိုက်ရတဲ့အတွက် တော်တော်လေး စိတ်မချမ်းမသာ ဖြစ်သွားပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းပြီး သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာ လောကဦး ဘိုးဘေးနတ်ဘုရားက တခြားကိစ္စတွေကို ဂရုစိုက်အားမှာ မဟုတ်ပါဘူး။ သူက အခုဆိုရင် အမှောင်သခင်ကြီးထက် အန္တိမဒဏ်ခတ်နတ်မင်းကို ပို မုန်းတီးနေမှာပါ။
ဟန်ကျွယ်ဟာ ကျေနပ်အားရစွာ ပြုံးလိုက်ပြီး စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “အန္တိမဒဏ်ခတ်နတ်မင်းက ဘယ်သူလဲဆိုတာကို ငါ သိချင်တယ်”
[သက်တမ်း ၁ ထရီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[အန္တိမဒဏ်ခတ်နတ်မင်း: မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့်၊ တာအိုဖြတ်ကျော် ဆရာကြီး၊ မူလပဋိပက္ခ စိတ်ဝိညာဉ်၊ မဟာတာအို ထိန်းချုပ်သူ။ ပဋိပက္ခ စတင်ဖွင့်လှစ်သောအခါ၌ မဟာတာအို သုံးထောင်ကို ရည်ညွှန်းသော ပဋိပက္ခနတ်ဘီလူးများ အပြင် ပဋိပက္ခ၏ မဟာဖန်တီးမှု စွမ်းအားပါဝင်သော မူလပဋိပက္ခ စိတ်ဝိညာဉ်များ တည်ရှိခဲ့သည်။ အန္တိမဒဏ်ခတ်နတ်မင်းသည် ထိုမူလပဋိပက္ခ စိတ်ဝိညာဉ်များထဲမှ တစ်ပါးဖြစ်သည်။]
‘မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့်... လောကဦး ဘိုးဘေးနတ်ဘုရားကို တိုက်ခိုက်ရဲတာ အံ့ဩစရာ မရှိတော့ပါဘူး’
ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ငါ အန္တိမဒဏ်ခတ်နတ်မင်းကို တစ်ချက်တည်းနဲ့ သတ်နိုင်လား”
[သက်တမ်း ၁ ထရီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လောလောဆယ် မသတ်နိုင်သေးပါ။]
ဟန်ကျွယ်ဟာ နည်းနည်း စိတ်ပျက်သွားပြီး အန္တိမဒဏ်ခတ်နတ်မင်းက သူ့ကို ပြဿနာလာမရှာဖို့ပဲ မျှော်လင့်လိုက်ရပါတယ်။
အန္တိမဒဏ်ခတ်နတ်မင်း ပေါ်လာတာက ပဋိပက္ခထဲမှာ ရှေးကျတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ရှိနေသေးတယ်ဆိုတာကို သက်သေပြလိုက်တာပါ။ ဒီစွမ်းအားကြီးပုဂ္ဂိုလ်တွေက သူတို့ရဲ့ အထွတ်အထိပ် နယ်မြေမှာ ပုန်းအောင်းနေပြီး အပြင်ထွက်ခဲလှပါတယ်။
ဒါပေမဲ့ ဒါကလည်း သာမန်ပါပဲ။ ပဋိပက္ခက နှစ်ပေါင်း မရေမတွက်နိုင်အောင် တည်ရှိနေခဲ့တာပါ။ ကောင်းကင်တာအိုရဲ့ သက်တမ်းကိုပဲ တွက်ချက်ကြည့်ရင်တောင် အတော်လေး များနေပါပြီ။ ပဋိပက္ခကတော့ ပြောမနေပါတော့နဲ့။ ကောင်းကင်တာအိုထဲက လောင်ဇီတောင် မဟာတာအိုပညာရှိချုပ် ဖြစ်နိုင်သေးရင် ကောင်းကင်တာအို မတိုင်ခင်က မွေးဖွားခဲ့တဲ့ ပဋိပက္ခသက်ရှိတွေက ပိုပြီးတော့ ဖြစ်နိုင်မှာပါ။
ဟန်ကျွယ်ဟာ ပဋိပက္ခ နတ်ဘီလူးတွေကို တော်တော်လေး ကရုဏာသက်မိသွားပါတယ်။ အတိတ်မှာတုန်းက ပဋိပက္ခနတ်ဘီလူးတွေဟာ တန်ခိုးစွမ်းအား ကြီးမားခဲ့ကြပါတယ်။ မူလပဋိပက္ခ စိတ်ဝိညာဉ်တွေက သူတို့ရှေ့မှာ သေမျိုးတွေလိုမျိုး တုန်တုန်ယင်ယင်နဲ့ နေခဲ့ရရှာပါတယ်။
ဒါပေမဲ့ အခုတော့ အခြေအနေတွေ ပြောင်းလဲသွားခဲ့ပါပြီ။ အခုအချိန်မှာ ပဋိပက္ခ နတ်ဘီလူး အများစုက သေဆုံးသွားပြီး ရှင်သန်ကျန်ရစ်တဲ့ ပဋိပက္ခ နတ်ဘီလူးတွေကလည်း သေမင်းတံခါးဝမှာ ရုန်းကန်နေရတာပါ။ အရင်လိုမျိုး ပဋိပက္ခရဲ့ အခြေအနေကို မထိန်းချုပ်နိုင်ရှာတော့ပါဘူး။
ပဋိပက္ခနတ်ဘီလူးတွေရဲ့ အဖြစ်အပျက်က တကယ်ကို ဝမ်းနည်းကြေကွဲဖို့ ကောင်းတာပါ။ ဟန်ကျွယ်ဟာ ပဋိပက္ခ နတ်ဘီလူး အတုသာ ဖြစ်တဲ့အတွက် ဒီကိစ္စကို သိပ်ပြီးတော့ မခံစားရပါဘူး။ အဲဒီအစား ပိုပြီး သက်သောင့်သက်သာ ဖြစ်ပြီး နေလို့ထိုင်လို့တောင် ကောင်းနေပါသေးတယ်။
ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲက ထွက်ပြီး လျူပေ့ကို ရှာလိုက်ပါတယ်။ လျူပေ့ဟာ ကျင့်ကြံအားထုတ်နေတုန်းမလို့ ဟန်ကျွယ် ချဉ်းကပ်လာတာကို မခံစားမိပါဘူး။ ဟန်ကျွယ် ချောင်းဟန့်လိုက်မှပဲ လျူပေ့ဟာ ကျင့်ကြံရာက နိုးလာပါတယ်။ လျူပေ့ဟာ ဟန်ကျွယ်ကို မြင်တာနဲ့ ချက်ချင်း မတ်တတ်ရပ်ပြီး ဦးညွှတ်လိုက်ပါတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်း သက်ရှိတွေကို ပျိုးထောင်ချင်တာလား”
လျူပေ့က ပြန်ဖြေပါတယ် “ကျွန်တော်ရဲ့ အရည်အချင်းက သခင်ကို မမီဘူးဆိုတာ သိပါတယ်၊ အဲဒါကြောင့် ကျွန်တော် ဒီစကြဝဠာကို ထိန်းချုပ်ပြီး သခင်ကို ကူညီပါရစေ၊ ဒီစကြဝဠာက အလားအလာ တော်တော်လေး ကောင်းတယ်၊ ဘေးနားမှာလည်း တခြားအင်အားစုတွေ မရှိဘူး...”
လျူပေ့ဟာ အစီရင်ခံသလိုမျိုး ကြယ်စကြဝဠာ အကြောင်းကို စပြီးတော့ ပြောပါတယ်။
ဟန်ကျွယ်က ဖြတ်ပြောလိုက်ပါတယ် “ဒီလိုဆိုမှတော့ ကြိုးစားကြည့်ပေါ့၊ ဒါပေမဲ့ မင်းကျင့်ကြံမှုကိုတော့ အထိခိုက် မခံနဲ့” စကားဆုံးတာနဲ့ ဟန်ကျွယ်ဟာ လှည့်ထွက်သွားပါတယ်။
ဟန်ကျွယ်ဟာ လမ်းလျှောက်ရင်း အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်တဲ့အခါ လေပွေတစ်ခု ဖြစ်ပေါ်လာပြီး အန္တိမမူလ မဟာတာအိုကို ပြန့်ကျဲသွားစေပါတယ်။ ဟန်ကျွယ်ဟာ အန္တိမမူလ မဟာတာအိုကို ကြယ်စကြဝဠာအနှံ့ ဖြန့်ကြက်လိုက်တာပါ။
အသွင်မဲ့ မဟာတာအိုဟာ ကြယ်စကြဝဠာတစ်ခုလုံးကို ပျံ့နှံ့သွားပါတယ်။ တစ်နေ့ကျလို့ ကျင့်ကြံသူတွေ ပေါ်လာရင် ဒီအန္တိမမူလ မဟာတာာအိုကို တစ်ယောက်တစ်လေတော့ သုံးသပ်နားလည်နိုင်မှာပါ။ ဒါပေမဲ့ လောလောဆယ်မှာတော့ ကြယ်စကြဝဠာက သက်ရှိတွေ မွေးဖွားနိုင်တဲ့ အဆင့်ကို ရောက်ဖို့ အဝေးကြီး လိုနေပါသေးတယ်။
ဟန်ကျွယ်ဟာ အကြံတစ်ခု ရသွားပါတယ်။ အဲဒါက ကြယ်စကြဝဠာရဲ့ အချိန်ကို လျင်မြန်စေဖို့ပါ။ ဒါပေမဲ့ ဖန်တီးမှု စွမ်းအားက အလုံအလောက် မရှိပါဘူး။ ဖန်တီးမှုစွမ်းအားသာ အလုံအလောက်ရှိရင် အချိန်ကို လိုသလို တိုးလို့ရပါတယ်။ တာအိုစက်ကွင်းရဲ့ တစ်ရက်က ကြယ်စကြဝဠာရဲ့ ဆယ်ဘီလီယံနဲ့ သွားညီအောင်လည်း လုပ်လို့ရပါတယ်။
ဒါပေမဲ့ ဖန်တီးမှုစွမ်းအား အလုံအလောက်မရှိဘဲ အချိန်ကို မြန်စေလိုက်မယ်ဆိုရင် ဖန်တီးမှုစွမ်းအား ကုန်သွားတာနဲ့ ဒီစကြဝဠာက ပြိုလဲပြီး အမှုန့်တောင်ကျန်မှာ မဟုတ်ပါဘူး။
တာအိုဘုံကျောင်းထဲ ပြန်ရောက်ပြီးနောက် ဟန်ကျွယ်ဟာ ဖန်တီးမှုစွမ်းအားကို သုံးသပ်နားလည်ရင်း သူ့ဝိညာဉ်နက်ထဲက လောကဦးကမ္ဘာကို ချဲ့ထွင်ပါတယ်။
.....
လေစီးကြောင်းတစ်ကြောင်းဟာ အမှောင်ထုကို ထိုးဖောက်နေပါတယ်။ ဒီလေစီးကြောင်းထဲမှာ လူလေးယောက် လမ်းလျှောက်နေပါတယ်။ ဒီလူလေးယောက်ကတော့ တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်၊ ကျန်းယီနဲ့ လောင်တန်ကလွဲရင် ဘယ်သူတွေများ ဖြစ်နိုင်ဦးမှာလဲ။
တာအိုအရှင်သခင်ဟာ သူ့နောက်က လောင်တန်ကို လှည့်ကြည့်ပြီး နှိုးဆော်လိုက်ပါတယ် “အဘိုးကြီး... ဘာလို့ နောက်မှာနေနေတာလဲ၊ ရှေ့ကနေ မြန်မြန် လမ်းပြလေ”
လောင်တန်က ဒေါသတကြီး ပြန်ပြောပါတယ် “ဒီလမ်း တစ်လမ်းပဲ ရှိတာ၊ လမ်းပြဖို့ လိုသေးလို့လား”
ကျောက်ရွှမ်ယွမ်က ဝင်ပြောပါတယ် “ဒီအဘိုးကြီးက အခုထိ ဒေါသမပြေသေးဘူး၊ ရတနာ လိုချင်တာလည်း သူပဲ၊ တစ်ဖက်လူက မုန်းတာလည်း သူပဲ၊ ဒါတောင် သူက ငါတို့ကို တစ်ဖက်လူကို ရန်စလို့ဆိုပြီး အပြစ်တင်နေသေးတယ်”
လောင်တန်ဟာကျောက်ရွှမ်ယွမ်ရဲ့ စကားကို ကြားရတဲ့အခါ ပေါက်ကွဲထွက်သွားပါတယ် “အဲဒီကောင်က မဟာတာအိုပညာရှိ၊ ငါက ဘယ်လိုလုပ်ပြီး သူ့ရတနာကို လိုချင်ရမှာလဲ၊ ငါနဲ့ လောင်ဇီရဲ့ ဆက်စပ်မှုကြောင့်သာ မဟုတ်ရင် မင်းတို့အကုန်လုံး သေသွားတာ ကြာပြီ” လောင်တန်ရဲ့ မျက်လုံးတွေက တာအိုအရှင်သခင်တို့ သုံးဦးကို အစိမ်းဝါးစားမဲ့အတိုင်းပါပဲ။
ကျန်းယီက ပြောလိုက်ပါတယ် “လောင်ဇီက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိလောက် နာမည်ကြီးလို့လား၊ ကျွန်တော်တို့တွေက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ တပည့်တွေလို့ ပြောလိုက်ရင် အဲဒီလူက ကျွန်တော်တို့ကို အပြုံးနဲ့ ကြိုဆိုမှာ”
“ဟီးဟီး... မင်း အဲဒါက သက်သေပြနိုင်လို့လား”
“ကောင်းကင်တာအို လွတ်လပ်တာအိုပညာရှိက အကောင်းဆုံး သက်သေပဲ မဟုတ်ဘူးလား”
လောင်တန်ဟာ တိတ်ဆိတ်သွားပါတယ်။
ကောင်းကင်တာအိုက တစ်ဟုန်ထိုး တိုးတက်လာတယ်ဆိုပေမဲ့ လွတ်လပ်တာအိုပညာရှိက လက်ချိုးရေလို့ ရပါသေးတယ်။ တာအိုအရှင်သခင်တို့ သုံးဦးရဲ့ ကံတရား အထောက်အပံ့က ကောင်းကင်တာအိုကဆိုတာ ဘယ်မဟာတာအိုပညာရှိမဆို အလွယ်လေး ခွဲခြားသိရှိနိုင်ပါတယ်။
ကျောက်ရွှမ်ယွမ်ဟာ နောက်လှည့်ပြီး လောင်တန်ကို ပခုံးဖက်ကာ ရှေ့ဆွဲတင်လိုက်ပါတယ် “အဘိုးကြီး... ဒေါသထွက်မနေနဲ့၊ ကျွန်တော်တို့က တစ်လှေတည်းစီးတွေနော်၊ အတူရှင် အတူသေပဲ၊ ကျွန်တော်တို့တွေ တာအိုမဲ့နယ်မြေကို ရောက်ရင် ခင်ဗျား မဖြစ်မနေ လမ်းပြပေးရမှာပဲ”
တာအိုအရှင်သခင်က မေးလိုက်ပါတယ် “တာအိုမဲ့နယ်မြေမှာ တကယ်ပဲ ဧရာမ အခွင့်အရေးကြီး ရှိနေတာလား”
လောင်တန်ဟာ ကျောက်ရွှမ်ယွမ်ရဲ့ လက်ကို ပုတ်ချပြီး မုတ်ဆိတ်မွေးကို လက်နဲ့သပ်ကာ ပြုံးလိုက်ပါတယ် “ရှိတာပေါ့၊ ပန်ကူး အသက်ပြန်ရှင်လာတဲ့နေရာက တာအိုမဲ့နယ်မြေပဲ၊ အဲဒီမှာ မဟာတာအို နိယာမတွေ ကံရေစက်တွေ အချိန်တွေ ဘာတစ်ခုမှ မရှိဘူး၊ အဲဒီမှာ တိုက်ပွဲကြီးတစ်ပွဲ တိုက်ခိုက်ခဲ့ဖူးတယ်၊ ပန်ကူး ကောင်းကင်ကို မခွဲခင်တုန်းက တာအိုမဲ့နယ်မြေမှာ အနည်းဆုံး ပဋိပက္ခ နတ်ဘီလူးတစ်ရာကျော် ကျဆုံးခဲ့တာ၊ အဲဒီလိုနေရာမျိုးမှာ ဘယ်လိုလုပ်ပြီး အခွင့်အရေးကြီးတွေ မရှိဘဲ နေမှာလဲ၊ အနည်းဆုံး ပဋိပက္ခ နတ်ဘီလူးတွေ ကျန်နေခဲ့တဲ့ ရတနာတွေတော့ ရှိနေမှာပဲ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။