အပြောင်းအလဲ၊ ဒဏ်ခတ်သမားငါးဖော်
Vol. 82 Ch. 864
“ဒါဆို ပန်ကူးက အဲဒီရတနာတွေကို ယူမသွားဘူးလို့ ဘာဖြစ်လို့ ကျိန်းသေ ပြောနိုင်ရတာလဲ” ကျန်းယီက မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ်။
လောင်တန်ဟာ မျက်လုံး ပင့်တက်သွားပါတယ် “ပန်ကူးက အဲဒီလို လူစားမျိုး မဟုတ်ဘူး၊ တာအိုမဲ့နယ်မြေရဲ့ တည်နေရာကို ထုတ်ပြောခဲ့တဲ့လူက ပန်ကူးပဲ”
ကျန်းယီဟာ လောင်တန်စကားကို မယုံချင် ဖြစ်သွားပါတယ်။
ကျောက်ရွှမ်ယွမ်ကတော့ အတွေးနက်သွားပါတယ်။
တာအိုအရှင်သခင်က ပြောလိုက်ပါတယ် “လောင်ဇီ၊ ကောင်းကင်ဂိုဏ်းချုပ်နဲ့ လောကဦး ကောင်းကင်အရှင်တို့က ပန်ကူးရဲ့ ဝိညာဉ်နှစ်ကနေ ဖြစ်တည်လာတာ၊ သူတို့တွေကို ပန်ကူး ဂရုစိုက်တာ မထူးဆန်းပါဘူး”
လောင်တန်ဟာ ခေါင်းမော့ ရင်ကော့လိုက်ပါတယ်။ ငါ့ကို မြန်မြန် ချီးကျူးကြဆိုတဲ့ ပုံစံမျိုးပါ။
“ဒါနဲ့ တာအိုမဲ့နယ်မြေက အန္တရာယ်မရှိဘူးလား” ကျန်းယီက ရုတ်တရက် မေးလိုက်ပါတယ်။
တာအိုအရှင်သခင်နဲ့ ကျောက်ရွှမ်ယွမ်တို့ဟာ လောင်တန်ကို ချက်ချင်း ကြည့်လိုက်ကြပါတယ်။
လောင်တန်ဟာ မှင်တက်သွားပါတယ်။ အဲဒီနောက် အတိတ်က အဖြစ်အပျက်တွေကို ပြန်တွေးမိပြီး ကြက်သီးမွေးညင်း ထသွားပါတယ် ‘မဖြစ်နိုင်ဘူး... ငါ ဘာဖြစ်လို့ အဲဒီလောက်ထိ ကံဆိုးရမှာလဲ’
လောင်တန်ဟာ နောက်လှည့်ပြီး တာအိုအရှင်သခင်တို့ သုံးဦးကို ခပ်ယဲ့ယဲ့ ကြည့်လိုက်ပါတယ်။ တာအိုအရှင်သခင်တို့ သုံးဦးဟာ လောင်တန်ရဲ့ စိုက်ကြည့်မှုကို ခံရတဲ့အခါ မျက်နှာပူသွားပြီး တစ်ဖက် လှည့်လိုက်ကြပါတယ်။
.....
အဆုံးမဲ့ ကောင်းကင်ပြင်ရဲ့ တိမ်လွှာထက်မှာ ရှန်ပေါင် တာအိုကျင့်ကြံသူဟာ စက်ဝိုင်းပုံ ကျောက်သားစင်မြင့်ပေါ် ဆင်းသက်လိုက်ပါတယ်။ သူ့ဘေးမှာ မဟာတာအို နတ်စိတ်ဝိညာဉ် ဒါဇင်ကျော် ရှိနေပြီး အချင်းချင်း စကားပြောဆိုနေကြပါတယ်။
“နတ်စိတ်ဝိညာဉ် ခေါင်းဆောင်က တကယ် ပြောင်းသွားတာလား”
“ငါလည်း သေချာ မသိဘူး”
“အန္တိမဒဏ်ခတ်နတ်မင်းက ဘယ်သူလဲ”
“ငါ သူ့နာမည်ကို ကြားဖူးတယ်၊ သူက နတ်ဘီလူးခေတ်ကို ရှင်သန်ကျန်ရစ်ခဲ့တဲ့ ရှေးဟောင်း တည်ရှိမှုတစ်ခုလို့ ပြောကြတယ်”
“နတ်ဘီလူးခေတ်... အဲဒါဆို တကယ် အထင်ကြီးဖို့ ကောင်းမှာ...”
“အရင်တုန်းက နတ်စိတ်ဝိညာဉ်ခေါင်းဆောင်ကို အပြစ်ပြုမိခဲ့လို့ အန္တိမဒဏ်ခတ်နတ်မင်းက ပဋိပက္ခရဲ့ အနိမ့်ဆုံးအလွှာဆီ မိစ္ဆာရန်ငြိုးစိတ်ဝိညာဉ်တွေကို ဖိနှိပ်ဖို့ စေလွှတ်ခံခဲ့ရတယ်၊ သူ ပြန်လာလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး”
ရှန်ပေါင် တာအိုကျင့်ကြံသူဟာ မဟာတာအို နတ်စိတ်ဝိညာဉ်တွေရဲ့ စကားဝိုင်းထဲကို မဝင်ပါဘူး။ ရှန်ပေါင် တာအိုကျင့်ကြံသူဟာ သူ စကားပြောတာ များလေလေ အမှားလုပ်မိမှာ များလေလေဆိုတာကို သိထားပါတယ်။
ရှန်ပေါင် တာအိုကျင့်ကြံသူဟာ အခြေအနေကို စောင့်ကြည့်မှာပါ။ ဘာပဲဖြစ်ဖြစ် သူက မဟာတာအို နတ်စိတ်ဝိညာဉ်တွေကို သစ္စာဖောက်ပြီးခဲ့ပြီ မဟုတ်ပါလား။
ဒီအချိန်မှာပဲ မင်လင်းမယ်တော်ရဲ့ ဦးခေါင်းဟာ အောက်ကနေ ထွက်ပေါ်လာပါတယ်။ ဒီဟာက တောင်ထက်တောင် ပိုကြီးပါတယ်။ မင်လင်းမယ်တော်ဟာ အပေါ်ကို လျင်မြန်စွာ မြင့်တက်သွားပြီး မဟာတာအို နတ်စိတ်ဝိညာဉ်တွေကို ငုံံ့ကြည့်လိုက်ပါတယ်။
မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ မင်လင်းမယ်တော်ကို ချက်ချင်း ဦးညွှတ်လိုက်ကြပါတယ်။ မင်လင်းမယ်တော်ဟာ ဘာမှမပြောဘဲ ကျောက်စင်မြင့်ရှေ့မှာ စောင့်ဆိုင်းပါတယ်။
အချိန်အတော် ကြာသွားတဲ့အခါမှာတော့...
အနက်ရောင် အလင်းတန်းတစ်တန်းဟာ ကောင်းကင်ပေါ်ကနေ ကျောက်စင်မြင့်ပေါ်ဆီ ထိုးဆင်းလာပါတယ်။ ဒီအနက်ရောင် အလင်းတန်းကနေ အန္တိမဒဏ်ခတ်နတ်မင်းဟာ တစ်လှမ်းချင်း ထွက်ပေါ်လာပါတယ်။
အန္တိမဒဏ်ခတ်နတ်မင်းရဲ့ ဆံပင်တွေဟာ ရှုပ်ပွနေပြီး သွေးစွန်းနေတဲ့ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားတုန်းပါ။ ဒီသွေးစွန်းကွက်တွေက ဘယ်တော့မှ ဆေးကြောလို့ မပြောင်မဲ့ အတိုင်းပါပဲ။ အန္တိမဒဏ်ခတ်နတ်မင်းရဲ့ ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့တွေက နတ်စိတ်ဝိညာဉ်တွေကို နောက်ဆုတ်သွားစေပါတယ်။ လေထုကလည်း လေးလံသိပ်သည်း သွားပါတယ်။
အန္တိမဒဏ်ခတ်နတ်မင်းဟာ နတ်စိတ်ဝိညာဉ်တွေကို ဝေ့ကြည့်ပြီး မေးလိုက်ပါတယ် “ဘယ်သူ ရောက်မလာတာလဲ”
မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။ ဘယ်သူမှ အန္တိမဒဏ်ခတ်နတ်မင်းရဲ့ မေးခွန်းကို မဖြေရဲကြပါဘူး။
အန္တိမဒဏ်ခတ်နတ်မင်းဟာ ပြုံးလိုက်ပါတယ် “ရတယ်၊ ဘာမှမဖြစ်ဘူး၊ ငါ သေချာစုံစမ်းမယ်၊ ဒီနေ့ မလာတဲ့သူမှန်သမျှ သေရမယ်”
မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ တိတ်ဆိတ်သွားပါတယ်။
“မင်လင်းမယ်တော် မတွေ့တာ ကြာပြီနော်၊ မင်း ရှိနေလိမ့်ဦးမယ်လို့ ထင်မထားဘူး” အန္တိမဒဏ်ခတ်နတ်မင်းဟာ မင်လင်းမယ်တော်ကို ကြည့်ပြီး ပြုံးလိုက်ပါတယ်။ ဒါပေမဲ့ သူ့အပြုံးက မိစ္ဆာတစ်ကောင်ရဲ့ အပြုံးလို အေးစက်လှပါတယ်။
မင်လင်းမယ်တော်ကလည်း မျက်နှာသေနဲ့ ပြန်ပြောပါတယ် “ငါလည်း နင် ရှိနေလိမ့်ဦးမယ်လို့ ထင်မထားဘူး”
အန္တိမဒဏ်ခတ်နတ်မင်းဟာ ခပ်ယဲ့ယဲ့ ပြုံးလိုက်ပါတယ် “မင်လင်းမယ်တော်က အာဏာရဲ့ မယ်တော်လို့သာ ပြောတာ မျက်နှာသာရဖို့အတွက် အမြဲတမ်း တိုက်ခိုက်ခဲ့တာချည်းပဲ၊ စည်းမျဉ်း စည်းကမ်းတွေကိုလည်း ဂရုမစိုက်ဘူး၊ ကိုယ့်တာဝန်ကို လျစ်လျူရှုထားခဲ့တယ်၊ ဒါပေမဲ့ အခု ငါက နတ်စိတ်ဝိညာဉ် ခေါင်းဆောင်အသစ်ဆိုတော့ ပြီးခဲ့တာတွေကို ပြီးခဲ့တဲ့အတိုင်း ထားပေးမယ်”
မင်လင်းမယ်တော်ဟာ တိတ်ဆိတ်နေပါတယ်။
အန္တိမဒဏ်ခတ်နတ်မင်းဟာ မဟာတာအို နတ်စိတ်ဝိညာဉ်တွေကို အကဲခတ်ပြီး ပြောလိုက်ပါတယ် “ဒီနေ့ကစပြီး ပဋိပက္ခက စာမျက်နှာသစ်ကို ဖွင့်လှစ်လိုက်ပြီ၊ အတိတ်က အကျင့်ဆိုးတွေကို အတိတ်မှာပဲ ချန်ထားခဲ့တော့၊ ငါ ပဋိပက္ခကို စည်ကားတာပဲ မြင်ချင်တယ်၊ အခုလိုမျိုး ခြောက်ကပ်နေတာ မမြင်ချင်ဘူး၊ ပဋိပက္ခ ဒီလိုမျိုး ဖြစ်နေတာက မင်းတို့ကြောင့်ဆိုတာ အကုန်လုံး သိတယ်၊ မင်းတို့က မျိုးဆက်သစ်တွေ အင်အားကြီးလာပြီး မင်းတို့နေရာ အစားထိုးခံရမှာကို ကြောက်နေကြတာ”
“ဒါပေမဲ့ ဒါက ဧရာမ အမှားကြီးပဲ၊ အခု ငါတောင်းဆိုတယ်၊ မင်းတို့တစ်ယောက်ချင်းစီ အနည်းဆုံး ကမ္ဘာတစ်ရာကို တိုးတက်အောင် စီမံရမယ်၊ ကမ္ဘာတိုင်းက မဟာတာအိုပညာရှိတစ်ပါးကို ပျိုးထောင်ရမယ်၊ ဒီအထဲမှာ မင်းတို့ ဖန်တီးထားတဲ့ ကမ္ဘာတွေ မပါဘူး၊ မင်းတို့တွေ ကမ္ဘာဖန်တီးထားပြီးပြီ ဆိုရင် ဖျက်ဆီးပစ်ရမယ်၊ မင်းတို့ကိုယ်တိုင် မဖျက်ဆီးရက်ဘူးဆိုရင် ငါကိုယ်တိုင် မင်းတို့ကမ္ဘာကို ဖျက်ဆီးပေးမယ်”
မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ အုတ်အော်သောင်းနင်း ဖြစ်သွားကြပေမဲ့ ဘယ်သူမှ အန္တိမဒဏ်ခတ်နတ်မင်းရဲ့ အမိန့်ကို မလွန်ဆန်ရဲကြပါဘူး။
အန္တိမဒဏ်ခတ်နတ်မင်းက ဆက်ပြောပါတယ် “လောကဦးနတ်ဘီလူး ဒဏ္ဍာရီက အလိမ်အညာတစ်ခုပဲ၊ လောကဦးပဋိပက္ခကလည်း စိတ်ကူးယဉ် သက်သက်ပဲ၊ ငါရှင်သန်ခဲ့တဲ့ အချိန်က မင်းတို့ထင်ထားတာထက် အများကြီးပိုတယ်၊ ဒါပေမဲ့ ငါ တစ်ခါမှ လောကဦးပဋိပက္ခကို ငါ့မျက်လုံးနဲ့ မမြင်ဖူးဘူး၊ လောကဦးနတ်ဘီလူးဆို ပြောမနေတော့နဲ့”
“ပြီးခဲ့တဲ့ကိစ္စမှာ လောကဦး ဘိုးဘေးနတ်ဘုရားက ပဋိပက္ခ နတ်ဘီလူးတွေကို ရှင်းပစ်ဖို့ လောကဦး နတ်ဘီလူးကို အကြောင်းပြခဲ့တာ၊ အဲဒါကြောင့် နောက်ကျရင် လောကဦး နတ်ဘီလူးအကြောင်း ထပ်ပြီးတော့ စုံစမ်းစစ်ဆေးစရာ မလိုဘူး၊ ပဋိပက္ခ နတ်ဘီလူးအသစ်တစ်ပါး မွေးဖွားလာခဲ့ရင်လည်း သူ့ကို ခက်ခဲအောင် မလုပ်ကြနဲ့၊ ငါ မင်းတို့ကို ပေးထားတဲ့ တာဝန်က ကုန်ဆုံးရက် မရှိဘူး၊ ငါ အချိန်မရွေး စုံစမ်းစစ်ဆေးမယ်၊ ငါ စပြီး စစ်ဆေးပြီဆိုတာနဲ့ ဘယ်သူ့ကို သနားညှာတာနေမှာ မဟုတ်ဘူး”
“လောကဦး ဘိုးဘေးနတ်ဘုရားက သေသွားပြီ၊ မင်းတို့တွေ သူ့နောက်လိုက်ချင်ရင် ငါက ငြင်းနေမှာ မဟုတ်ဘူး”
‘လောကဦး ဘိုးဘေးနတ်ဘုရား...’ မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပါတယ်။ သူတို့တွေဟာ နတ်စိတ်ဝိညာဉ် ခေါင်းဆောင်ရဲ့ နာမည်ကို ပထမဆုံးအကြိမ် ကြားဖူးတာပါ။
အန္တိမဒဏ်ခတ်နတ်မင်းဟာ အင်္ကျီလက်စကို ဝှေ့ယမ်းပြီး တစ်ဖက်လှည့်သွားပါတယ် “ငါ ခိုင်းတာ သွားလုပ်ကြတော့... ငါ မဟာတာအို နတ်စိတ်ဝိညာဉ်တွေကို သုံးဆင့်ခွဲမယ်၊ ပထမအဆင့်က အမြင့်ဆုံး မင်လင်းမယ်တော်လိုမျိုး အဆင့်ပဲ၊ မင်းတို့ ထိန်းချုပ်တဲ့ အာဏာနဲ့ နိယာမက တခြား မဟာတာအို နတ်စိတ်ဝိညာဉ်တွေထက် အများကြီး မြင့်မားလိမ့်မယ်၊ ဒါက မင်းတို့အတွက် အခွင့်အရေးပဲ၊ ငါကိုယ်တိုင် နေရာတွေကို ပြန်ပြောင်းမှာ၊ ဘယ်သူက အဆင့်ပိုမြင့်သွားမလဲ ဘယ်သူက နိမ့်ကျသွားမလဲဆိုတာ မင်းတို့ရဲ့ ကြိုးစားအားထုတ်မှုအပေါ်ပဲ မူတည်တယ်”
အဲဒီနောက် အန္တိမဒဏ်ခတ်နတ်မင်းဟာ ပျောက်ကွယ်သွားပါတယ်။
မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ သက်ပြင်းရှည်ကြီး ချလိုက်ကြပါတယ်။ သူတို့တွေဟာ အလိုလို မင်လင်းမယ်တော်ကို လှည့်ကြည့်မိလိုက်ပါတယ်။ ဒါပေမဲ့ မင်လင်းမယ်တော်က ပျောက်ကွယ်သွားနှင့်ပါပြီ။
နတ်စိတ်ဝိညာဉ်တွေလည်း ချက်ချင်း ထွက်ခွာသွားပါတယ်။ သူတို့တွေဟာ ဒီနယ်မြေက ထွက်ခွာသွားမှာပဲ အချင်းချင်း စကားပြောရဲကြပါတယ်။
ရှန်ပေါင် တာအိုကျင့်ကြံသူဟာ တစ်ဦးတည်း ထွက်ခွာသွားခဲ့ပါတယ်။ သူဟာ ဟန်ကျွယ်ကို ဒီသတင်း ပြောပြချင်နေပါပြီ။
.....
မှောင်မိုက်တဲ့ ခရမ်းရောင် ကြယ်တာရာ ကောင်းကင်ပြင်အောက်မှာ တိုက်ကြီးတစ်တိုက် ပေါလောမျောနေပါတယ်။ ဟန်ထော်၊ ယီတျန်နဲ့ မဟာတာအို နတ်စိတ်ဝိညာဉ် သုံးပါဟာ တရားထိုင်ပြီး ကျင့်ကြံအားထုတ်နေကြပါတယ်။
ကြယ်တာရာ ကောင်းကင်ပြင်ဟာ ရုတ်တရက် ဆုတ်ပြဲသွားပြီး မျက်လုံးတစ်လုံး ပေါ်လာပါတယ်။ ဒီမျက်လုံးက ဟန်ထော်တို့ ထိုင်နေတဲ့ တိုက်ကြီးထက် အဆပေါင်း ဆယ်သန်းလောက် ပိုကြီးမားပါတယ်။
မဟတာအို နတ်စိတ်ဝိညာဉ် အသစ်ငါးပါးဟာ ရုတ်တရက် မော့ကြည့်လိုက်တဲ့အခါ ဒီမျက်လုံးကို တွေ့သွားပြီး ကြောက်လန့်တကြား မတ်တတ် ကောက်ရပ်လိုက်ကြပါတယ်။ ဒီမျက်လုံး စိုက်ကြည့်တာကို ခံရတာက သူတို့ကို ကျောရိုးထဲ စိမ့်တက်သွားစေပါတယ်။
“လောကဦး ဘိုးဘေးနတ်ဘုရားကို ငါ သတ်လိုက်ပြီ၊ ငါက အန္တိမဒဏ်ခတ်နတ်မင်းပဲ၊ ဒီနေ့ကစပြီး ငါက နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင်အသစ်ပဲ၊ မင်းတို့ငါးယောက် ငါ့နောက်လိုက်ပြီး ဒဏ်ခတ်သမားငါးဖော်အဖြစ် အမှုထမ်းရမယ်၊ မင်းတို့တာဝန်က မဟာတာအို နတ်စိတ်ဝိညာဉ်တွေကို ကြီးကြပ်ဖို့ပဲ”
အန္တိမဒဏ်ခတ်နတ်မင်းရဲ့ အသံက ညင်သာပေမဲ့ ဟန်ထော်တို့ငါးယောက်ဟာ မျက်နှာ အကြီးအကျယ် ပျက်သွားကြပါတယ်။ လောကဦး ဘိုးဘေးနတ်ဘုရားက ဘယ်သူလဲဆိုတာကို သူတို့နားမလည်ကြပေမဲ့ အန္တိမဒဏ်ခတ်နတ်မင်းက ဘာကိုဆိုလိုလဲ ဆိုတာကိုတော့ သူတို့တွေ နားလည်ကြပါတယ်။
‘ပြီးခဲ့တဲ့ နတ်စိတ်ဝိညာဉ် ခေါင်းဆောင်က သေသွားပြီ... မဖြစ်နိုင်တာ...’ ဟန်ထော်က အအံ့ဩဆုံးပါ ‘ဒါ ငါ့အဖေ စီစဉ်တာများလား... ဒါမှမဟုတ် တိုက်ဆိုင်မှု သက်သက်ပဲလား..’
ဟန်ထော်ဟာ သူ့အဖေကို အကူအညီ တောင်းထားတာ နှစ်သိန်းကျော်ပဲ ရှိပါသေးတယ်။ အခု နတ်စိတ်ဝိညာဉ် ခေါင်းဆောင်က ပြောင်းသွားပြီဆိုတော့ ဟန်ထော် တွေးလည်း တွေးချင်စရာပါ။ ဒါပေမဲ့ ဟန်ထော်ဟာ အများကြီး ဆက်မတွေးရဲသလို ဘယ်သူကိုမှလည်း မပြောပြရဲပါဘူး။
ကြယ်တာရာ ကောင်းကင်က တွင်းပေါက်ဟာ ပျောက်ကွယ်သွားပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းရဲ့ မျက်လုံးဟာ ပျောက်ကွယ်သွားပြီး အရာအားလုံး ပုံမှန် ပြန်ဖြစ်သွားပါတယ်။
ဟန်ထော်နဲ့ တခြားလူတွေဟာ ချက်ချင်း တွေ့ဆုံကြပြီး အချင်းချင်း စကား စပြောကြပါတယ်။ သူတို့တွေဟာ ဒီကိစ္စကို ထောင်ချောက်လို့တောင် ခန့်မှန်းလိုက်ကြပါသေးတယ်။
တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ နောက်ထပ် နှစ်တစ်သိန်း ထပ်ကုန်ဆုံးသွားပြန်ပါပြီ။ ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး ပင်မတာအိုစက်ကွင်းဆီ ရွှေ့ပြောင်းသွားလာကာ စကြဝဠာခန်းမဆီ ခုန်ဝင်လိုက်ပါတယ်။
စကြဝဠာခန်းမထဲမှာ ကောင်းကင်အရှင်ရွှမ်တုပဲ ရှိနေပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ကို တွေ့တာနဲ့ တခြား တာအိုပညာရှိတွေကို ချက်ချင်း ဆင့်ခေါ်လိုက်ပါတယ်။
“ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... ကျွန်တော် တာအိုပညာရှိကို နှောင့်ယှက်ရတာက ပဋိပက္ခရဲ့ အခြေအနေ ပြောင်းလဲသွားလို့ပါ” ကောင်းကင်အရှင်ရွှမ်တုက မတိုးမကျယ် ပြောလိုက်ပါတယ်။
အရင်တုန်းက ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ကို တာအိုရောင်းရင်းဟန်လို့ ခေါ်ခဲ့ပါတယ်။ အခုတော့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ဖြစ်သွားပါပြီ။ ဒီအသုံးအနှုန်းက အထက်လူကြီးနဲ့ လက်အောက်ငယ်သား အသုံးအနှုန်းပါ။
ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တု အသုံးအနှုန်း ပြောင်းသွားလို့ မသက်မသာ မဖြစ်ပါဘူး။ အဲဒီအစား စိတ်ထဲမှာ ကျေနပ်သွားပါတယ်။ ပညာရှိက အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနိုင်တယ် မဟုတ်ပါလား။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “တခြားတာအိုပညာရှိတွေ ရောက်လာတာကို စောင့်ကြရအောင်”
မကြာခင်မှာပဲ တခြားတာအိုပညာရှိတွေ ရောက်လာကြပါတယ်။ ဓားရူးတာအိုပညာရှိ၊ ဟုန်စဲ့မင်ယွင်၊ မဟာဟင်းလင်းပြင်ဝိညာဉ်နဲ့ ရှန်ရှောင့်ကျန်းဝူဗုဒ္ဓတို့လည်း ရောက်လာကြပါတယ်။
နှစ်သိန်းချီကြာပြီးနောက် သူတို့တွေဟာ ကောင်းကင်တာအို ကုသိုလ်ကံကို ရရှိပြီး ကောင်းကင်တာအို ကံတရား အထောက်အပံ့နဲ့ ပေါင်းစပ်သွားကြပြီ ဖြစ်တဲ့အတွက် ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်ကို လာနိုင်စွမ်း ရှိသွားကြပေမဲ့ ကောင်းကင်ဘုံ ၃၃ ဘုံထဲကိုတော့ မဝင်နိုင်သေးပါဘူး။ ကောင်းကင်တာအိုထဲကိုဝင်ဖို့ ကိုယ်ပွားတောင် စေလွှတ်လို့မရပါဘူး။ ဒီလောက်ထိကို ကောင်းကင်တာအိုရဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းက မြင့်မားတာပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။