သဏ္ဍာန်မဲ့နတ်မင်း
Vol. 82 Ch. 867
“ဘာကိစ္စလဲ” ဟန်ကျွယ်က စိတ်မရှည်နိုင်စွာ မေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ စိတ်ထဲကနေ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို အပြစ်တင်လိုက်ပါတယ် ‘ငါတို့နှစ်ယောက်က ဘယ်လိုဆက်ဆံရေးလဲ၊ ဘာဖြစ်လို့ ကွေ့ဝိုက်နေရတာလဲ’
“ငါ ပဋိပက္ခနယ်မြေတစ်ခုကို စူးစမ်းရှာဖွေဖို့ ပြင်ဆင်ထားတယ်၊ ဒါပေမဲ့ ဒီနယ်မြေမှာ အားကောင်းတဲ့ ကန့်သတ်စည်းရှိတော့ မဟာတာအိုပညာရှိတစ်ပါးရဲ့ အကူအညီကို လိုနေတယ်၊ ငါက မဟာတာအိုပညာရှိ နှစ်ပါးပဲ သိတယ်၊ တစ်ပါးက ဖိနှိပ်ခံထားရပြီး တစ်ပါးက ခြေရာပျောက်နေလို့ မင်းဆီကို အကူအညီ လာတောင်းရတာ... ဟင်း...” မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ သက်ပြင်းချလိုက်ပါတယ်။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ကျွန်တော်ကို ဆင့်ခေါ်လိုက်”
“ကောင်းပြီ”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဘာမှ ထပ်မပြောတော့ဘဲ အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ငါ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ကူညီရင် အသက်အန္တရာယ် ရှိနိုင်လား”
[သက်တမ်း ၃၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မရှိပါ။]
ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပါတယ်။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ သူ့စိတ်ဆန္ဒ တစ်စွန်းတစ်စကို တာအိုဘုံကျောင်းထဲမှာ ချန်ထားခဲ့မှာမလို့ အပြင်မှာ သေသွားခဲ့ရင်တောင် အသက်ပြန်ရှင်လာနိုင်ပါတယ်။ မေးခွန်း မေးလိုက်တာကလည်း တခြား မဟာတာအိုပညာရှိချုပ်ကို ရန်စမိမလားဆိုပြီး မေးလိုက်တာပါ။ ဒါပေမဲ့ မေးခွန်းရဲ့ တန်ကြေးက မဟာတာအိုပညာရှိချုပ်နဲ့ မကိုက်ပါဘူး။
ဟန်ကျွယ်ဟာ ဖန်တီးမှု စွမ်းအားကို ဆက်ပြီးတော့ သုံးသပ်နားလည်ရင်း မိစ္ဆာ ကောင်းကင်ဧကရာဇ် ဆင့်ခေါ်တာကို စောင့်ပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ လေးငါးရက် ကြာတဲ့အခါ ဖိတ်ခေါ်ပညာရပ်ကို သုံးပြီး ဟန်ကျွယ်ကို ဆင့်ခေါ်ပါတယ်။
ဟန်ကျွယ်ဟာ သူ့ရှေ့မှာ ပေါ်လာတဲ့ ဝဲကတော့နက်ထဲ လှမ်းဝင်လိုက်ပါတယ်။ ချက်ချင်းဆိုသလို ဟန်ကျွယ်ဟာ ပဋိပက္ခထဲ ရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ ဝဲကတော့နက်ထဲက ထွက်လိုက်တဲ့အခါ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို တွေ့လိုက်ရပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ် ဘေးမှာတော့ ငွေရောင် ချပ်ဝတ်တန်ဆာနဲ့ ယောက်ျားတစ်ဦး ရပ်နေပါတယ်။ ဒီယောက်ျားရဲ့ ရောင်ဝါက နည်းနည်းတော့ အားပြင်းပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ မျက်နှာဟာ ဟန်ကျွယ်ကို မြင်တာနဲ့ ချက်ချင်း ပြုံးပျော်သွားပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ လက်သီးဆုပ်ပြီး နှုတ်ဆက်လိုက်ပါတယ် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ ကူညီမှုကို ရရှိတာ ကောင်းကင်ရုံးတော်အတွက် ဂုဏ်ယူစရာကိစ္စပဲ”
မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ ငွေရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားတဲ့ ယောက်ျားရဲ့ နောက်မှာတော့ ကောင်းကင်စစ်သား ဆယ်သန်းကျော်ဟာ အတန်းလိုက် ရပ်နေကြပါတယ်။
ကောင်းကင်ရုံးတော်က အင်မော်တယ် အကုန်လုံးဟာ ဟန်ကျွယ်ကို ကြည်ညိုလေးစားစွာ ကြည့်လိုက်ပါတယ်။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ ဂုဏ်သတင်းက ပဋိပက္ခမှာ ပျံနှံ့နေတာ ကြာခဲ့ပါပြီ။ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက မဟာတာအိုပညာရှိ နှစ်သောင်းနဲ့ ညီမျှတဲ့ နတ်အာဏာရှင် စစ်သူကြီးနှစ်သောင်းကို ဓားတစ်ချက်တည်းနဲ့ ရှင်းပစ်လိုက်တာပါ။
ဒီစွမ်းအားက သက်ရှိအားလုံးရဲ့ မျက်လုံးထဲမှာ ပြိုင်ဘက် မရှိပါဘူး။ ဒါကြောင့် ကျင့်ကြံသူအများစုက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်အဖြစ် လက်ခံထားကြပါတယ်။ စွမ်းအားကြီးမားလွန်းလို့ နိယာမတွေတောင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို မနှောင်ဖွဲ့နိုင်ဘူး မဟုတ်ပါလား။
“အရှင်မင်းကြီး... ဒီလိုစကားတွေ ပြောနေဦးမှာလား၊ အရှင်မင်းကြီးက ကျွန်တော့်ကို မြှောက်ပင့်ချင်နေတာလား...”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပါတယ် “ငါ့မှာ ရွေးချယ်စရာ မရှိဘူးလေ၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ နာမည်က ကြီးကျယ်လွန်းတယ်၊ ငါ မရိုမသေ မလုပ်ရဲဘူး၊ ငါ မင်းနဲ့ မိတ်ဆက်ပေးမယ်၊ ငါ့ဘေးနားမှာရှိနေတဲ့ ဒီလူက စစ်ပွဲဗုဒ္ဓလို့ ခေါ်တယ်၊ သူက ဗုဒ္ဓကမ္ဘာရဲ့ ဗုဒ္ဓစိတ်ဝိညာဉ်ပဲ၊ သူက ချူရှီရန်ရဲ့ တပည့်ဆိုတော့ မင်းရဲ့ မြေးတပည့်လည်း ဟုတ်တယ်”
ဒါကို ကြားလိုက်ရတဲ့ ငွေရောင်ချပ်ဝတ်တန်ဆာနဲ့ ယောက်ျားဟာ ဟန်ကျွယ်ကို တရိုတသေ ဦးညွှတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ စစ်ပွဲဗုဒ္ဓကို တစ်ချက်ကြည့်လိုက်ပါတယ် “မင်း အရည်အချင်းက မဆိုးဘူး၊ ဒီကိစ္စပြီးရင် ငါ မင်းကို ဆန်းကြယ်စွမ်းအားတစ်မျိုး သင်ပေးမယ်”
“ကျေးဇူးပါပဲ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ” စစ်ပွဲဗုဒ္ဓဟာ စိတ်လှုပ်ရှားသွားပြီး ချက်ချင်း ဦးထပ်ညွှတ်လိုက်ပါတယ်။
“အို...” ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပြီး နည်းနည်း မပျော်မရွှင် ဖြစ်သွားပါတယ်။
စစ်ပွဲဗုဒ္ဓဟာ မှင်တက်သွားပြီး ချက်ချင်း သဘောပေါက်သွားပါတယ် “ကျေးဇူးပါပဲ ဆရာဘိုးဘိုး...”
ဒီတော့မှ ဟန်ကျွယ်ဟာ ပြုံးသွားပါတယ်။
သူတို့ နောက်မှာရှိတဲ့ ကောင်းကင်စစ်သားတွေကတော့ အုတ်အုတ်ကျက်ကျက် ဖြစ်သွာကြပါတယ်။ သူတို့တွေဟာ သူတို့ရဲ့ မဟာစစ်သူကြီးက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ မြေးတပည့် ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
ဟန်ကျွယ်ဟာ တစ်ဖက်လှည့်ပြီး ရှေ့က ဟင်းလင်းပြင်ကို ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ သာမန် မဟာတာအိုပညာရှိတွေတောင် ဖျက်ဆီးဖို့ ခက်ခဲလှတဲ့ စွမ်းအားကြီး ကန့်သတ်စည်းကို အာရုံခံမိပြီးပါပြီ။
ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲနဲ့ စစ်ဆေးကြည့်လိုက်ပေမဲ့ ဘယ်စွမ်းအားကြီးရန်သူကိုမှ ရှာမတွေ့ပါဘူး။
“ဘယ်လိုလဲ၊ ချိုးဖျက်နိုင်လား...” မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ လေးနက်တဲ့ မျက်နှာထားနဲ့ မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဘာမှ ပြန်မဖြေဘဲ ဟွမ်သွမ့်ဓားကို ထုတ်ယူပြီး ခုတ်ချလိုက်ပါတယ်။
ဓားချီ ထွက်ပေါ်မလာပေမဲ့ ဟန်ကျွယ်ရှေ့မှာရှိတဲ့ ဟင်းလင်းပြင်ဟာ ချက်ချင်းဆိုသလို နှစ်ခြမ်းဖြစ်အောင် ပိုင်းဖြတ်ခံလိုက်ရပါတယ်။ အဖြူရောင် အလင်းတန်းဟာ အမှောင်ထုကို နှစ်ခြမ်း ခြမ်းလိုက်ပါတယ်။ ချက်ချင်းဆိုသလို အဖြူရောင် အလင်းတန်းကို ဗဟိုထားပြီး စကွဲကြေလာပါတယ်။
“ချလွမ်...”
အာကာသ ကွဲကြေပြီး လေပြင်းတွေ တိုက်ခိုက်လာပါတယ်။ ကြောက်မက်ဖွယ်ကောင်းတဲ့ လျှပ်စီးတွေလည်း တပြိုးပြိုးတပြက်ပြက် ထွက်ပေါ်လာပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်အတွက် လက်မြှောက်ပြီး လျှပ်စီးနဲ့ လေပြင်းတွေကို ကာဆီးလိုက်ပါတယ်။ အာကာသဟာ စပြီးတော့ ပြိုလဲလာပြီး ရောင်ခြည်ခုနစ်ပါး ဖြာထွက်လာပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းပြီး လှမ်းကြည့်လိုက်တဲ့အခါ ကမ္ဘာတစ်ခု ပေါ်လာတာကို တွေ့လိုက်ရပါတယ်။ ဒီကမ္ဘာက အရမ်းကျယ်ပါတယ်။ ကောင်းကင်တာအို တစ်ခုလုံးရဲ့ အဆတစ်ရာကျော်လောက်ကို ကျယ်ပြန့်တာပါ။ ဒီကမ္ဘာကနေ ပြန့်ထွက်လာတဲ့ အသက်ဓာတ်ဟာ လူတိုင်းကို မူးယစ်စေနိုင်လောက်ပါတယ်။
ဟန်ကျွယ်ဟာ တာအိုပညာရှိအာရုံနဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါ ဒီကမ္ဘာမှာ သက်ရှိတွေ မရေမတွက်နိုင်အောင် ရှိနေပေမဲ့ တာအိုပညာရှိတစ်ပါးမှ မရှိတာကို တွေ့လိုက်ရပါတယ်။ ဒီကမ္ဘာမှာ အစွမ်းအထက်ဆုံးပုဂ္ဂိုလ်က ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အဆင့်ပဲ ရှိပါတယ်။
ဒီကမ္ဘာမှာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် အများကြီး ရှိပေမဲ့ သူတို့တွေဟာ တာအိုပညာရှိအတုတောင် ဖြစ်လာကြပါဘူး။ ဒီကမ္ဘာမှာ သားရဲကြမ်းတွေလည်း အများကြီး ရှိနေပါတယ်။
“ဟုတ်တယ်၊ ဒါက ပဋိပက္ခရဲ့ ဒဏ္ဍာရီလာ ပထမဆုံးကမ္ဘာပဲ” မိစ္ဆာ ကောင်းကင်ဧကရာဇ်က စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို တစ်ချက် ကြည့်လိုက်ပါတယ်။
ဒီအခါ မိစ္ဆာ ကောင်းကင်ဧကရာဇ်က ချက်ချင်း ရှင်းပြပါတယ် “တကယ်တော့ ပဋိပက္ခက ပန်ကူး ကမ္ဘာတစ်ခု မဖန်တီးခင်ကတည်းက တိုးတက်ပြောင်းလဲနေခဲ့တာ၊ ဒီကမ္ဘာပေါ်လာတာကနေ ပန်ကူးက ကမ္ဘာတစ်ခု ဖန်တီးဖို့ အကြံရခဲ့တာ”
“အင်မော်တယ်ကမ္ဘာက ပထမဆုံးကမ္ဘာ မဟုတ်ပေမဲ့ ကောင်းကင်တာအိုရဲ့ ပြီးပြည့်စုံတဲ့ နိယာမတွေကြောင့် ပဋိပက္ခရဲ့ ပထမဆုံး ကမ္ဘာထက် ကျော်လွန်သွားပြီ”
ဟန်ကျွယ်က မေးလိုက်ပါတယ် “အရှင်မင်းကြီးက ဒီနေရာကို ဘယ်လို ရှာတွေ့တာလဲ”
ပဋိပက္ခမှာ ဒီလိုမျိုး ကန့်သတ်စည်းတွေ မရေမတွက်နိုင်အောင် ရှိပါတယ်။ သာမန်အခြေအနေမှာ မဟာတာအိုပညာရှိတောင် ဒီကန့်သတ်စည်းတွေထဲ စိတ်လိုက်မာန်ပါ မဝင်ရဲပါဘူး။ ဒါတွေက တခြား မဟာတာအိုပညာရှိတွေရဲ့ တာအိုစက်ကွင်းတွေ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဒီကန့်သတ်စည်းနောက်မှာ တာအိုစက်ကွင်း ရှိလား မရှိဘူးလားဆိုတာကို အတပ်သိနိုင်စရာ အကြောင်း လုံးဝ မရှိပါဘူး။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပါတယ် “တကယ်တော့ ငါ့ကို ရှေးဟောင်း တည်ရှိမှုတစ်ခုက လမ်းညွှန်ပေးတာ၊ ဒါပေမဲ့ ငါ ဒီရှေးဟောင်းတည်ရှိမှုရဲ့ နာမည်ကို ပြောလို့မရဘူး”
ဟန်ကျွယ်ဟာ မျက်နှာတစ်ချက် ပြောင်းမသွားပေမဲ့ စိတ်ထဲမှာတော့ လန့်သွားပါတယ် ‘ပဋိပက္ခသိစိတ်များလား...’
“ကျေးဇူးပါပဲ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... နောက်ပိုင်းကိစ္စကိုတော့ တာအိုပညာရှိကို ဒုက္ခမပေးတော့ပါဘူး၊ နောက်ကျရင် ကောင်းကင်တာအိုရဲ့ ပဋိပက္ခ ကောင်းကင်လမ်းကို ဒီနေရာထိ ချဲ့ထွင်ပြီး သက်ရှိတွေကို တာအိုဟောကြားလို့ ရပါတယ်” မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပြီး ဝဲကတော့နက်ထဲကို လှမ်းဝင်လိုက်ပါတယ်။ ဒီအချိန်မှာပဲ အလင်းတန်းတစ်ခုဟာ ဟန်ကျွယ်ဆီကနေ ထွက်ပေါ်လာပြီး စစ်ပွဲဗုဒ္ဓရဲ့ နဖူးထဲကို ဝင်ရောက် ပျောက်ကွယ်သွားပါတယ်။
အဲဒီနောက် ဝဲကတော့နက်ဟာ ပျောက်ကွယ်သွားပါတယ်။
ဟန်ကျွယ်ဟာ တတိယ တာအိုစက်ကွင်းကို ပြန်ရောက်တဲ့အခါ အသွင်တူ လက်ရည်စမ်းပွဲနဲ့ ပတ်ဝန်းကျင်ကို ပထမဆုံး စစ်ဆေးကြည့်လိုက်ပါတယ်။ ဘယ်လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုမှ သူ့နောက်လိုက်မလာတာကို သိလိုက်ရမှ ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပါတယ်။
ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ပဋိပက္ခရဲ့ ပထမဆုံးကမ္ဘာအကြောင်း ဘယ်သူ ပြောတာလဲ”
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
တာအိုဖန်တီးရှင်။
ဆက်တွက်မယ်။
[သဏ္ဍာန်မဲ့နတ်မင်း: ကျင့်ကြံမှုမသိ၊ ပဋိပက္ခ နတ်မင်း၊ အာဏာ အထက်၊ အရာအားလုံးထက် သာလွန်သူ၊ ပြော၍မရသော အမည်နာမ။]
‘တကယ်ကြီး ပဋိပက္ခသိစိတ် မဟုတ်ဘူးလား...’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး စနစ်ကို ထပ်မေးလိုက်ပါတယ် “တာအိုဖန်တီးရှင်က ဘယ်နှပါးတောင် ရှိနေတာလဲ”
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[ငါးပါး။]
ဟန်ကျွယ်ဟာ အတွေးနက်သွားပါတယ် ‘နဝမပဋိပက္ခ၊ ပဋိပက္ခသိစိတ်၊ သဏ္ဍာန်မဲ့နတ်မင်းနဲ့ ငါ မသိသေးတဲ့ နောက်ထပ် တည်ရှိမှုနှစ်ခု...’
တာအိုဖန်တီးရှင် ငါးပါးက များလည်း မများသလို နည်းလည်း မနည်းပါဘူး။ နောက်ပြီး ဒီငါးပါးက ပဋိပက္ခကနေ လွတ်မြောက်သွားကြပါပြီ။ သက်ရှိအားလုံးက သူတို့ကို မသိကြပါဘူး။
ဟန်ကျွယ်ဟာ ထပ်မေးလိုက်ပါတယ် “ပဋိပက္ခထဲမှာပဲဖြစ်ဖြစ် ပဋိပက္ခရဲ့ အပြင်ဘက်မှာပဲ ဖြစ်ဖြစ် နဝမပဋိပက္ခက အစွမ်းအထက်ဆုံးလား”
[သက်တမ်း ၁၀၀ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လောလောဆယ် အစွမ်းအထက်ဆုံး ဖြစ်သည်။]
ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို ဖိနှိပ်ဖို့ ပန်းတိုင်ချလိုက်ပါတယ်။ ထိပ်ဆုံးက ဟန်ကျွယ်ရဲ့ လက်တစ်ကမ်းကို ရောက်လာခဲ့ပါပြီ။
ဒါပေမဲ့ နဝမပဋိပက္ခက ဟန်ကျွယ်ရဲ့ နောက်ဆုံး ပန်းတိုင် မဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို ဖိနှိပ်ပြီးရင် ဖန်တီးရှင်သခင်အဆင့်ကို ထိုးဖောက်ဦးမှာပါ။ ဟန်ကျွယ်ဟာ တစ်ဆင့်ထက် တစ်ဆင့် ပိုမြင့်မားချင်တာပါ။ တွေးကြည့်ရုံနဲ့တောင် ဟန်ကျွယ်ဟာ စိတ်လှုပ်ရှားသွားပါတယ်။
‘နေပါဦး... သဏ္ဍာန်မဲ့ နတ်မင်းက မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ဘာဖြစ်လို့ ပဋိပက္ခရဲ့ ပထမဆုံး ကမ္ဘာအကြောင်း ပြောရတာလဲ... သူက ပဋိပက္ခရဲ့ အခြေအနေကို ဝင်စွက်ဖက်တော့မှာလား... ဟုတ်တယ်၊ ဒါပဲ ဖြစ်ရမယ်’
ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “သဏ္ဍာန်မဲ့နတ်မင်းက မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ဘာဖြစ်လို့ ကူညီတာလဲ”
[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
မြန်မာပြည် ငြိမ်းချမ်းပါစေ။