အမိကမ္ဘာမြေ
Vol. 59 Ch. 782
ချင်မူမှာ ပြုံးရုံသာ ပြုံးလိုက်ပြီး နဂါးချီလင်နှင့် ရေချီလင်ကို အပြင်၌ နေကျန်ခဲ့စေလိုက်သည်။ “ဝင်ကြစို့”
ကုန်းစွန်းယန် အရှေ့မှ ဦးဆောင်သွားနေစဉ် ကောင်းကင်နတ်အရှင်ယွီသည် ဤမြေကမ္ဘာနန်းတော်ကို ကြောင်ကြောင်ငေးငေး စပ်စုနေ၏။
ခန်းမအပြင်တွင် ရေချီလင်မှာ ခေါင်းကို တွင်တွင်ငုံ့ထား၏။ နဂါးအိုကြီးကို မကြည့်ရဲသလို၊ ဇာမဏီငှက်ဆီသို့လည်း မော့ပင် မကြည့်ရဲပေ။
ဇာမဏီသည် သူတို့အရှေ့၌ ရပ်နေပြီး သူမ၏အမွှေးများကို အေးအေးလူလူ သပ်နေ၏။ နဂါးအိုကြီးက တိုင်လုံးကြီးကို ရစ်ပတ်လျက် မှုန်မှုန်ဝါးဝါး မျက်လုံးများဖြင့် သူခိုးဂျပိုးများကို စောင့်ကြည့်နေသကဲ့သို့ သူတို့ဆီသို့ ငုံ့ကြည့်နေသည်။ သူ့ခေါင်းက နဂါးချီလင်နှင့် ရေချီလင်၏ ခေါင်း နှစ်ခေါင်းပေါင်းစာထက်ပင် ကြီးမားချေသည်။
ရေချီလင်မှာ ရင်တဒိန်းဒိန်း ခုန်နေသည်။ အခြားတစ်ဖက်တွင် နဂါးချီလင်သည် မည်သည့်နေရာကမှန်းမသိ ဆေးလုံးများထုတ်ကာ နဂါးအိုကြီးထံ မေးလိုက်၏။ “ဆရာကြီး ဒါတွေ စားလားဗျ”
ရေချီလင် စိတ်ထဲတွင် ကြိတ်အော်လိုက်မိသော်လည်း နဂါးအိုကြီးက အကြောဆန့်ပြီးနောက် တိုင်လုံးကြီးဆီမှ ဆင်းလာကြောင်း တွေ့လိုက်ရသည်။ နဂါးအိုကြီးသည် နဂါးခေါင်းအဘိုးအိုအသွင် ပြောင်း၍ ဆေးလုံးတစ်လုံး စားကြည့်၏။ ထို့နောက် ချီးကျူးလေသည်။ “လန်းဆန်းသွားတာပဲကွ... ကောင်လေး၊ မင်း အခုထိ လူအသွင်မပြောင်းနိုင်သေးဘူးလား... ကမ္ဘာဦးနတ်ဘုရားတွေရဲ့ လမ်းစဉ်အတိုင်း အင်အားကြီးထွားဖို့ အစာတွေကို မှီခိုနေရတုန်းလား... ဒီလမ်းစဉ်က အလုပ်မဖြစ်တော့ဘူးကွယ့်... လူအသွင်ပြောင်းနိုင်မှပဲ ကောင်းကင်ရတနာတွေ၊ ကောင်းကင်နန်းဆောင်တွေကို ဖွဲ့တည်နိုင်ပြီး ကျင့်ကြံအားထုတ်နိုင်မှာ”
နဂါးချီလင်က တက်တက်ကြွကြွဖြင့် အကြံတောင်းခံသည်။ “ဂိုဏ်းသခင်က ကျွန်တော့်ကို ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်ဆိုတဲ့ ရှေးဟောင်းနဂါးကျင့်စဉ် သင်ပေးထားတယ်ဗျ... ဒါပေမဲ့ ကျွန်တော် ကျင့်ကြံတိုင်း တစ်ခုခု လွဲနေသလို အမြဲခံစားရတယ်.... ဂိုဏ်းသခင်ပြောပုံအရတော့ ကျွန်တော်က ချီလင်သွေးဆက်မလို့ ကျင့်စဉ်မကိုက်ညီတာတဲ့”
နဂါးအိုကြီးက ပြောသည်။ “အဲဒီလိုလား... နဂါးတွေဆိုတာ နဂါးသွေးကြောကနေ မွေးဖွားလာတာတွေပဲ... ငါကလည်း နဂါးသွေးကြောကနေ မွေးလာတာ... ရှေးဟောင်းနဂါးကျင့်စဉ်က နဂါးတွေအတွက် အကောင်းဆုံးကျင့်စဉ် ဖြစ်နေပြီသား... ဒါပေမဲ့ မင်းမှာက ချီလင်သွေးလည်း ရှိနေတော့ ရှေးဟောင်းနဂါးကျင့်စဉ်ကို ကျင့်ကြံဖို့ ခက်နေမှာပေါ့လေ.... ငါ့မှာလည်း ချီလင်မျိုးနွယ်အတွက် ကျင့်စဉ်မရှိဘူးကွ.... ဒါပေမဲ့ ဒီမှာ ချီလင်တွေ အများကြီးရှိတယ်... သူ့ကို လိုက်ရှာပြီး ထိပ်တန်းကျင့်စဉ်တွေ တောင်းကြည့်တာပေါ့... လိုက်ခဲ့”
နဂါးချီလင် သူ့နောက်မှ လိုက်သွားသည်။
ရေချီလင်မှာ မျက်လုံးအပြူးသားဖြင့် ကျန်ခဲ့၏။ ‘ဒီလောက် လွယ်တယ်လား’
နဂါးအိုကြီးက နဂါးချီလင်ကို သင်္ချိုင်းတစ်ခု အရှေ့သို့ ခေါ်သွားပြီး အသံကျယ်ကျယ်ဖြင့် အော်ခေါ်လိုက်သည်။ “အစောင့်အရှောက်လု၊ အစောင့်အရှောက်လု”
ကျောက်ချီလင်တစ်ကောင်သည် ကျောက်သားအဖြစ်မှ အံ့အားသင့်ဖွယ်ရာ ခံ့ညားသော မီးချီလင်အသွင် ပြောင်းသွားလေ၏။ “နဂါးမင်း ကျုပ်ကို ဘာလို့ခေါ်တာလဲ”
နဂါးအိုကြီးက ပြောလိုက်သည်။ “ငါ သူ့စွမ်းအင်ဆေးလုံးတွေ စားပြီးသွားတာနဲ့ သူ့ကို ဘာမှပြန်မပေးရင် မကောင်းတတ်လို့ မင်းဆီ ခေါ်လာတာ”
မီးချီလင်သည် နဂါးချီလင်ဆီသို့ ကြည့်၍ ပြော၏။ “မင်းက စောစောက ကောင်လေးကိုး... စွမ်းအင်ဆေးလုံးတွေ ရှိသေးလား”
နဂါးချီလင်က စွမ်းအင်ဆေးလုံးတချို့ အလျင်အမြန် ထုတ်ကာ ပြောလိုက်သည်။ “စောစောက နောင်ကြီးပုံစံက အင်အားကြီးမားပြီး ရဲဝံ့ခံ့ညားနေတာနဲ့ ကျွန်တော်လည်း စကားပြောဖို့ ရှိန်နေတာပါဗျ”
မီးချီလင် အတော်လေး ကျေနပ်သွားသည်။ “ငါတို့က တော်ဝင်သင်္ချိုင်းကို စောင့်ရှောက်ပေးဖို့ တာဝန်ကျနေတဲ့သူတွေပဲလေ... ရဲဝံ့ပြီး အင်အားကြီးမားနေမှ ဖြစ်မှာပေါ့ကွာ”
ရုတ်တရက် တခြားသင်္ချိုင်းများအရှေ့ရှိ ချီလင်များလည်း အသက်ဝင်လာပြီး မင်္ဂလာတိမ်တိုက်များကို နင်းလျက် နဂါးချီလင်၏ ပတ်ဝန်းကျင်တွင် ဆင်းသက်လိုက်ကြ၏။ သူတို့အားလုံး အပြုံးပန်းများ ဝေဆာနေကြသည်။ “ဆေးရနံ့က တော်တော်မွှေးမွှေးပဲ”
နဂါးချီလင်လည်း စွမ်းအင်ဆေးလုံးများ ထုတ်ကာ သူတို့ဆီသို့ ပေးလိုက်သည်။ “စောစောက ဒီကနေ ဖြတ်လာတုန်း နောင်ကြီးတို့ရဲ့ ကြောက်စရာအသွင်အပြင်တွေကို ကြည့်ရင်း ကျွန်တော်ဖြင့် သေးတောင် ပေါက်ချမိလို ဖြစ်သွားသေးတယ်”
ချီလင်များက သူ၏ချီးကျူးမှုကြောင့် ကျေနပ်သွားကြကာ တဟားဟား ရယ်လိုက်ကြ၏။ “ငါတို့ မင်းကို ခြောက်လှန့်ဖို့ပဲ ရှိနေတာလေကွာ... ဒါမှ သူခိုးတွေ ဝင်မလာရဲမှာပေါ့”
နဂါးချီလင် ရှိသမျှ စွမ်းအင်ဆေးလုံးမျိုးစုံ ထုတ်၍ ဝေပေးလိုက်ပြီး နဂါးအိုကြီးဆီသို့လည်း ပေးလိုက်သည်။ အားလုံး နဂါးချီလင်နှင့် ညီအစ်ကိုများ ဖြစ်လာကြကာ ရင်းရင်းနှီးနှီး ရယ်မောနေကြ၏။
နဂါးချီလင်မှာ ရင်ထဲတွင် ထိနေသည်။ ‘ဂိုဏ်းသခင် ချီလင်သွေးနဲ့ နဂါးသွေးနှစ်မျိုးလုံးအတွက် အရသာသင့်တော်တဲ့ စွမ်းအင်ဆေးလုံးတွေ ဖော်ပေးထားလို့ တော်သေးတယ်... မဟုတ်ရင် သူတို့နဲ့ ရောလို့ရမှာမဟုတ်ဘူး”
“ငါ့ညီ၊ မင့်ရဲ့သွေးမှာ နဂါးသွေးရော၊ ချီလင်သွေးရော ပါနေတာကိုး... မင်း လူအသွင် မပြောင်းနိုင်တာ အံ့ဩစရာမရှိဘူးပဲ”
ချီလင်နတ်ဘုရားတစ်ပိုင်းတစ်ယောက်က ပြောသည်။ “ကျင့်စဉ်နှစ်ခုလုံး တစ်ပြိုင်တည်း ကျင့်ရင် နှစ်ခုလုံး ကျွမ်းကျင်ဖို့ ခက်လိမ့်မယ်... ငါတို့ မင်းအတွက် ကျင့်စဉ် ပြောင်းလဲပေးမယ်လေ”
နန်းတော်၏အရှေ့တွင် ကျန်ခဲ့သော ရေချီလင်မှာ နဂါးချီလင်နှင့် နတ်ဘုရားတစ်ပိုင်းများ ဟေးလားဝါးလား ရယ်မောနေကြပြီး သူ့ကို ကျင့်စဉ်များ သင်နေကြောင်း မြင်လျှင် မနာလိုမဖြစ်မိဘဲ မနေတော့ပေ။ ‘ငါတို့နှစ်ယောက်လုံးက အစေခံတွေ ဖြစ်နေတာပါ... သူက ဘယ်လိုလုပ်ပြီး တခဏလေးအတွင်း နတ်ဘုရားတစ်ပိုင်းတွေထဲ ဝင်ရောနိုင်သွားတာတုန်း... ငါ့မှာတော့ ဒီဇာမဏီငှက်ရဲ့ မျက်စိအောက်မှာ ကျန်ခဲ့ရတယ်...’
ဇာမဏီက သူ့ကို မျက်ခြေမပြတ် စိုက်ကြည့်နေပြီး ရုတ်တရက် လေသံချိုသွေးလျက် မေးလေသည်။ “နင့်မှာ စွမ်းအင်ဆေးလုံးတွေ ရှိလား”
ရေချီလင် အမှန်အတိုင်း ပြောလိုက်သည်။ “မရှိပါဘူးဗျ”
ဇာမဏီငှက်က သူ့ကို ဆက်၍ စိုက်ကြည့်နေတော့သည်။
ရေချီလင်မှာ ဝမ်းနည်းလာ၏။ ‘သခင်လေးလန် ဘယ်အချိန်မှ ဆေးဖော်တတ်မှာလဲဗျာ’
မြေကမ္ဘာနန်းတော်သည် အလွန်ကြီးမားလွန်းသဖြင့် တံခါးမှ အထဲသို့ အတော်လေး လျှောက်ဝင်ရဿည်။ အထဲရောက်လာသည့်အခါ ချင်မူမှာ အားကောင်းပြင်းထန်သော အရှိန်အဝါတို့နှင့် ကြမ်းတမ်းသော နဂါးဟန်ခေတ်ဆီသို့ ပြန်ရောက်သွားသည့်အလား ခံစားနေရ၏။
ကောင်းကင်နတ်အရှင်ယွီက နန်းတော်ကို ငေးငေးကြောင်ကြောင် ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်နေသည်။ “ဒီနေရာကို အရင်က ရောက်ဖူးသလိုပဲ ... ရင်းနှီးနေတယ်”
ချင်မူ ခြေလှမ်းများကို နှေးလိုက်ရင်း မျှော်လင့်ချက်များဖြင့် မေးလိုက်မိ၏။ “ညီလေး တစ်ခုခု မှတ်မိလို့လား”
ကောင်းကင်နတ်အရှင်ယွီမှာ ပို၍ပင် ငိုင်ငိုင်ငေးငေး ဖြစ်လာသည်။ သူက သူ့ခေါင်းသူ ခေါက်ပြီး ဘယ်ညာယမ်းလိုက်၏။ “ဘာမှ မမှတ်မိဘူး.. အစ်ကိုကြီး၊ အစ်ကိုကြီးက ကျွန်တော့်အစ်ကိုအရင်းလို့ မထင်ဘူးနော်”
သူ့မျက်နှာအမူအရာက လေးနက်နေသည်။
ချင်မူမှာ တဟားဟား ရယ်လိုက်မိ၏။ “ဘာတွေ ပြောနေတာတုန်းကွာ... မင့်မျိုးရိုးက လန်၊ ငါ့မျိုးရိုးက ချင်... ငါတို့က ညီအစ်ကိုအရင်း ဘယ်ဟုတ်မလဲကွ”
သူက ကုန်းစွန်းယန်နောက်မှ အလျင်အမြန် လိုက်သွားပြီး ခန်းမ၏ အခင်းအကျင်းကို လေ့လာနေသည်။ ခန်းမထဲရှိ အပြင်အဆင်များသည် ရိုးရှင်းသည့်အပြင် နံရံများအပေါ်၌ မည်သည့်ရုပ်ကြွပန်းချီမှ မမြင်ရပေ။ မြေပြင်ညီတွင်သာ ဆေးရေးပန်းချီတချို့ ရှိနေသည်။
ချင်မူ့အနောက်၌ မူလဝိညာဉ် ဖွဲ့တည်လာကာ အပေါ်စီးမှ ငုံ့ကြည့်လိုက်သည်။ ထိုအခါမှ ပန်းချီများကို ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရ၏။
ဤပန်းချီများက အလွန်ကြီးမားလေသည်။ ပန်းချီတစ်ခုက ကောင်းကင်နှင့်မြေပြင်၏ မွေးဖွားခန်းကို ရေးဆွဲထားသည်။ သစ်ပင်ကြီးတစ်ပင်က ရှေးဟောင်းမြေပြင်ထဲတွင် အမြစ်ချထားပြီး ကောင်းကင်နှင့်မြေပြင်အကြား အုံကြွနေသော မီး၊ ရေ၊ လေနှင့် မြေဓာတ်များကို ထိန်းနေသည်။
အမျိုးသမီးတစ်ယောက် သစ်ပင်အောက်၌ လဲနေပြီး အိပ်မက်တစ်ခုမှ နိုးထလာသောပုံစံ ရှိသည်။ သူမဘေးတွင် အမျိုးသားတစ်ယောက်က သူမကို ဆွဲထူရန် လက်ကမ်းပေးနေသည်။
ကောင်းကင်ထက်၌ အလင်းရောင်များဖြင့် ဖွဲ့တည်ထားသည့် ဘီလူးကြီးတစ်ကောင် ရှိပြီး မြေကြီးအောက်၌မူ ကျားခေါင်းကျွဲချိုဖြင့် ထူးဆန်းသော လူတစ်ယောက် ရှိနေသည်။
ကောင်းကင်နတ်အရှင်ယွီမှာ ချင်မူ့အဖြေကို ကြားလျှင် မျက်နှာညှိုးကျသွားကာ တိုးညှင်းစွာ ရေရွတ်လိုက်၏။ “ကျွန်တော့်ကို အမှိုက်ပုံထဲက ကောက်လာတာမှန်း သိပါတယ်... ကျွန်တော့်မိဘအရင်းတွေက ဘယ်မှာလဲ”
ချင်မူမှာ ခြေထောက်အောက်ရှိ ပန်းချီကို ကြည့်နေရာမှ ကောင်းကင်နတ်အရှင်ယွီ၏စကား ကြားလျှင် ဟပ်ထိုးလဲကျတော့မလို ဖြစ်သွားတော့သည်။ သူ ခေါင်းယမ်းလိုက်မိ၏။ ‘ကောင်းကင်နတ်အရှင်ယွီရဲ့ ဦးနှောက်လေးထဲမှာ ဘယ်လိုပေါက်ကရတွေ ပြည့်နေတာပါလိမ့်’
ချင်မူ ဒုတိယပန်းချီဆီသို့ ကြည့်လိုက်ပြီး ဤပန်းချီထဲတွင် အမျိုးသမီးနှင့် သစ်ပင်ကြီးသည် ကောင်းကင်နှင့်မြေပြင်နှစ်ခုလုံးအား ထောက်ကန်ထားနိုင်သွား၏။ သစ်ပင်၏သစ်ရွက်များက ကမ္ဘာလောကများအဖြစ် ပြောင်းလဲလာပြီး ဤကမ္ဘာများအတွင်း၌ နတ်ဘုရားတစ်ပိုင်းများ၊ ရှေးဟောင်းနတ်ဘုရားများ ပျော်ရွှင်စွာ နေထိုင်နေကြသည်။ သစ်ပင်အောက်ရှိ သစ်မြစ်ကြီးများက မြေပြင်တစ်လျှောက် ဖြာထွက်သွားကာ အရွယ်အစား၊ ပုံသဏ္ဍာန်မျိုးစုံရှိသော တောင်တန်းများ၊ မြစ်ပြင်များနှင့် နဂါးသွေးကြောများ ဖြစ်ပေါ်လာစေသည်။
တချို့နဂါးသွေးကြောများက စိတ်ဝိညာဉ်ဖွဲ့တည်လာပြီးနောက် နတ်နဂါးအဖြစ် ပြောင်းလဲကုန်ကြ၏။
“မိဘအရင်းတွေဟုတ်လား”
ဤအချိန်တွင် အမိကမ္ဘာမြေ၏ အသိစိတ်အလျဉ်က ရောက်လာကာ ဇဝေဇဝါ မေးလေသည်။ “ကောင်းကင်နတ်အရှင်ယွီ၊ မင်းရဲ့မိဘတွေက ကွယ်လွန်သွားတာ ကြာပြီလေ မမှတ်မိဘူးလား”
ကောင်းကင်နတ်အရှင်ယွီ မှင်သက်သွားသည်။ သူက တစ်ဖက်သို့ ခေါင်းလှည့်၍ မျက်ရည်များကို တိတ်တိတ်လေး သုတ်နေ၏။
ချင်မူမှာ မြေပြင်ပေါ်ရှိ ပန်းချီများအား ဂရုမစိုက်အားတော့ဘဲ အသံလာရာဆီသို့ လှမ်းကြည့်လိုက်သည်။ အလင်းရောင်ဖြန့်ကျက်နေသော အသိစိတ်အလျဉ်ကို မြင်လိုက်ရပြီး ထိုအလင်းရောင်သည် နန်းတော်ဆီမှ အလင်းရောင်နှင့် မတူပေ။ နန်းတော်၏အလင်းရောင်က တောက်ပလွန်းသော်လည်း ဤအလင်းရောင်သည် အလွန်နွေးထွေးပြီး ညင်သာ၏။ အထဲတွင် အသက်ဓာတ် ရှိနေသယောင် ထင်ရသည်။
အလင်းရောင်ထဲ၌ ရှေးဟောင်းအသိစိတ်အလျဉ်တစ်ခု ကိန်းဝပ်နေပြီး နေရောင်ထဲက ရောင်ပြန်လှိုင်းဂယက်များလို တဖျတ်ဖျတ် လှုပ်နေ၏။ လှိုင်းဂယက်များအတွင်းတွင် အမျိုးသမီးတစ်ယောက် ဟိုမှသည် လွင့်မျောသွားလာနေသည်။
အမျိုးသမီး၏အနောက်၌ အလင်းရောင်ဖြင့် ဖွဲ့စည်းထားသော နှလုံးသားတစ်ခု ရှိသည်။ သံချေးတက်နေသော သံဓားတစ်လက်က နှလုံးသားအထဲသို့ စိုက်ဝင်နေ၏။
ချင်မူ သေသေချာချာ ကြည့်လိုက်သည့်အခါမှ အမျိုးသမီး၏မျက်နှာကို သဲသဲကွဲကွဲ မြင်လိုက်ရသည်။ သူမက ဘုရားကျောင်းထဲရှိ နတ်ဘုရားရုပ်တုနှင့် ချွတ်စွပ်တူလေသည်။
သစ်ပင်တစ်ပင်မှ အမြစ်များပမာ နှလုံးသားဆီမှ ဖြာထွက်လာသော သွေးကြောများကိုပင် မြင်တွေ့ရလိုက်သည်။
‘ဒီမြေအောက်နေရာထဲက အမြစ်တွေက မဟုတ်မှ ဒါတွေလား... ဒီနှလုံးသားက...’
ချင်မူ့ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွား၏။ အလင်းရောင်ထဲရှိ နှလုံးက အတိုင်းထက်အလွန် ကြီးမားသည်။ နေရာဟင်းလင်းပြင်တစ်ခုထဲ၌ ပုန်းဝှက်နေသယောင်ပင် ထင်ရသည်။ ခန်းမထဲတွင် ရှိနေသည့်အလား ထင်ရသော်လည်း အမှန်တွင် အတိုင်းအဆမဲ့လောက်အောင် ဝေးကွာနေ၏။
“မင်းက ကောင်းကင်နတ်အရှင်ယွီ ဖြစ်မယ်...မင်းဆီမှာ ငါ့ရဲ့ကောင်းချီအငွေ့အသက် ခံစားနေရတယ်”
အမျိုးသမီးက နှလုံးသား၏အရှေ့နေရာသို့ လွင့်မျောလာကာ အလင်းရောင်ထဲမှတစ်ဆင့် သူတို့ဆီသို့ ကြည့်နေသည်။ ရှေးဟောင်းအသိစိတ်အလျဉ်သည် မဆိုစလောက်သာ တုန်ခါသွားသော်လည်း ချင်မူတို့၏ စိတ်ထဲသို့ ရောက်လာသည့်အခါ ခေါင်းလောင်းသံသဖွယ် ကျယ်လောင်နေ၏။ “မင်း ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာကို ဖွင့်လှစ်ခဲ့တုန်းက ရှေးဟောင်းနတ်ဘုရားတွေနဲ့ ငါ ဆင်းသက်လာပြီး မင်းကို ကောင်းချီးပေးခဲ့ကြတယ်... မင်းကိုယ်မှာ ငါ့ကောင်းချီး ရှိတာဆိုတော့ ငါ မမှားနိုင်ဘူး... ဒါပေမဲ့ ဘာကြောင့် ငါ့ကိုရော ၊ အတိတ်ကိုရော မမှတ်မိတော့တာလဲ”
ချင်မူ ပြောလိုက်သည်။ “အမိကမ္ဘာမြေ၊ သူ့ဝိညာဉ်က မပြည့်စုံတော့လို့ မှတ်ဉာဏ်တွေ ပျောက်ဆုံးနေတာပါ”
“အဲဒီလိုလား”
အလင်းရောင်ထဲရှိ အမျိုးသမီးက ဝမ်းနည်းကြေကွဲစွာ ပြောသည်။ “ကောင်းကင်နတ်အရှင်ယွီ ဘယ်တုန်းက သေသွားတာလဲ... လွန်ခဲ့တဲ့ နှစ်တစ်သန်းတုန်းက နဂါးသွဲ့ရေကန် တွေ့ဆုံပွဲမှာ အသတ်ခံခဲ့ရတာလား... ကောင်းကင်နတ်အရှင်ယွီ လုပ်ကြံခံခဲ့ရတဲ့အကြောင်း ကြားတုန်းက ငါ တစ်ချက် သွားကြည့်သေးတယ်... ကောင်းကင်နတ်အရှင်ယွီကို တွေ့ခဲ့ရပေမယ့် ငါ့မှတ်ဉာဏ်ထဲက ကောင်းကင်နတ်အရှင်ယွီ မဟုတ်ခဲ့ဘူး... သူ့မှာ နတ်ဘုရားတွေရဲ့ ကောင်းချီးတွေ ကင်းမဲ့နေတယ်... အဲဒီအချိန်ကတည်းက ကောင်းကင်နတ်အရှင်ယွီက တကယ့်ကောင်းကင်နတ်အရှင်ယွီ ဟုတ်ရဲ့လား သံသယဝင်ခဲ့မိတာပဲ”
ချင်မူက ပြောလိုက်၏။ “ကောင်းကင်နတ်အရှင်ယွီက နဂါးသွဲ့ရေကန်တွေ့ဆုံပွဲမှာ အမှန်တကယ် လုပ်ကြံခံခဲ့ရပါတယ်”
အလင်းရောင်ထဲရှိ အမျိုးသမီးက ပြောလေသည်။ “ထင်ထားတဲ့အတိုင်းပါပဲ... မင်း သူ့ခန္ဓာကိုယ်ကို အခုထက်ထိ ဘယ်လိုထိန်းသိမ်းထားပြီး ဝိညာဉ်ပြန်တည်ဆောက်နိုင်ခဲ့တာလဲ”
ချင်မူက မျက်နှာအမူအရာ မပြောင်းသွားဘဲ အပြုံးတစ်ခုဖြင့် ပြော၏။ “အမိကမ္ဘာမြေ ဘာကြောင့် ဒီလိုမေးတာပါလဲ... ကောင်းကင်နတ်အရှင်ယွီရဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းပေးခဲ့တာ ကျွန်တော်မဟုတ်ဘူး... မရဏတမန်တော်ပါ... မရဏတမန်တော်က သူ့ကို အသက်သွင်းပေးဖို့ လာခေါ်လို့သာ ကျွန်တော်လည်း အသက်သွင်းပေးနိုင်ခဲ့တာပါ”
အမျိုးသမီးက အလင်းရောင်ထဲ၌နေ၍ သူ့ဆီသို့ ကြည့်ကာ ပြုံးလိုက်သည်။ “မင်း နဂါးသွဲ့ရေကန်တွေ့ဆုံပွဲမှာ ရှိခဲ့တယ် ထင်တာ”
ချင်မူ အံ့အားသင့်သွားဟန်ဖြင့် တဟားဟား ရယ်မောလိုက်၏။ “အမိကမ္ဘာမြေကတော့ နောက်ပြီ... နဂါးသွဲ့ရေကန်တွေ့ဆုံပွဲက လွန်ခဲ့တဲ့နှစ်တစ်သန်းကလေ... ကျွန်တော်က ဘယ်လိုလုပ်ပြီး အဲဒီကို ရောက်နေမှာတုန်း”
အမျိုးသမီးက ပြော၏။ “ကောင်းကင်နတ်အရှင်ယွီ နဂါးသွဲ့ရေကန်မှာ လုပ်ကြံခံခဲ့ရပြီး ပြန်ရှင်လာတုန်းက ငါ ကိုယ်တိုင်မြင်ခဲ့ရတယ်... သူ့အဟန့်အထည်က မင်းနဲ့ တော်တော်လေးဆင်ပေမယ့် ရုပ်ကတော့ မတူဘူး... ဒါကြောင့် ကောင်းကင်ယင်နတ်ဘုရားမဆီက မင်းအကြောင်း ကြားလိုက်တာနဲ့ မင်းကို ဖိတ်ခေါ်ခဲ့တာပါ... ငါ ဖိတ်ခေါ်ရတဲ့ ရည်ရွယ်ချက်ကို မင်း သိသင့်ပါတယ် ဟုတ်တယ်မလား”
ချင်မူ အလေးအနက် ပြောလိုက်သည်။ “အမိကမ္ဘာမြေက ကောင်းကင်ယင်နတ်ဘုရားမ သေရွာက ပြန်ရှင်လာတာ မြင်ရတော့ အမိကမ္ဘာမြေကိုလည်း ကျွန်တော် အသက်သွင်းပေးစေချင်တာ မဟုတ်လား”
အမျိုးသမီးသည် ပြုံးလိုက်၏။ “ကောင်းကင်ယင်နတ်ဘုရားက မင်းကို ချီးကျူးလို့ကို မဆုံးဘူး... ဒီကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းတဲ့ မှော်ဝိဇ္ဇာရှင်တဲ့လေ...”
ချင်မူက ရှေ့သို့ လျှောက်သွားကာ အလင်းရောင်ထဲရှိ အမျိုးသမီးကို စစ်ဆေးကြည့်ရှုလိုက်သည်။ တခဏကြာသော် သူက ခေါင်းယမ်းပြီး ပြော၏။ “အမိကမ္ဘာမြေ၊ အမိကမ္ဘာမြေမှာ ရုပ်ခန္ဓာမရှိတော့ဘူး... ကျွန်တော် အမိကမ္ဘာမြေအတွက် ယန်ဝိညာဉ်သုံးခုကို ပြန်စုဝေးပေးနိုင်ရင်တောင်မှ အသက်ပြန်မရှင်နိုင်တော့ဘူး... အမိကမ္ဘာမြေရဲ့ ရုပ်ခန္ဓာက ဘယ်မှာလဲ”
အလင်းရောင်ထဲရှိ အမျိုးသမီးက ပြောသည်။ “အဲဒီသူပုန်တွေကြောင့် အပိုင်းပိုင်းခုတ်ထစ်ခံလိုက်ရတယ်... ငါ့နှလုံးသားမှာ စိုက်နေတဲ့ ဓားကလည်း အဲဒီသူပုန်တွေရဲ့ လက်ချက်ပဲ... ကံကောင်းလို့ သူတို့က ငါ့ကို လျှော့တွက်ထားပြီး ငါ့အသက်ဓာတ် ဘယ်လောက်အင်အားကြီးမားမှန်း မသိကြဘူး... အဲဒါကြောင့် ငါ့ရဲ့ မြေဝိညာဉ် လွတ်မြောက်လာခဲ့တာ... ဒါပေမဲ့ ကျန်တဲ့ဝိညာဉ်နှစ်ခုကတော့ သူတို့ကြောင့် ပြိုကွဲသွားတယ်... မပူနဲ့ မင်း ကျန်တဲ့ဝိညာဉ်နှစ်ခုကို ပြန်စုစည်းပေးနိုင်တာနဲ့ ငါ့မှာ အသက်ပြန်ရှင်နိုင်မယ့် နည်းလမ်း ရှိပါတယ်”
ချင်မူ သက်ပြင်းတစ်ချက် မှုတ်ထုတ်၍ ပြောလိုက်လေသည်။ “ဝိညာဉ်နှစ်ခုပဲ စုပေးရမှာဆိုရင် ကျွန်တော် လုပ်ပေးနိုင်ပါတယ်... ဒါပေမဲ့ အမိကမ္ဘာမြေရဲ့ သိုင်းအဆင့်က ကောင်းကင်ယင်နတ်ဘုရားမထက် မြင့်မားတော့ ကျွန်တော့်ရဲ့ လက်ရှိသိုင်းအဆင့်နဲ့ အောင်မြင်ပါ့မလားမသိဘူး”
သူက မျက်ခုံးနှစ်ဖက်ကြားမှ မိုးမခသစ်ရွက်ကို ခွာလိုက်ပြီး သူ့အနောက်တွင် ကောင်းကင်အလိုတော်မုခ်ဝတစ်ခု ဖွဲ့တည်လာသည်။ “အမိကမ္ဘာမြေကို သတ်ခဲ့တဲ့ သူပုန်တွေက ဘယ်သူလဲ... အမိကမ္ဘာမြေလို ပုဂ္ဂိုလ်တစ်ယောက်ကိုတောင် သတ်နိုင်တဲ့အထိ သူတို့က ဘာကြောင့် အင်အားကြီးကြတာလဲ”
အလင်းရောင်ထဲရှိ အမျိုးသမီးသည် အံတင်းတင်းကြိတ်လိုက်ကာ မုန်းတီးနာကြည်းစွာဖြင့် ပြောလေ၏။ “ကောင်းကင်မဟာမိတ်အဖွဲ့”
ချင်မူ ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားတော့သည်။
လျှပ်စီးလို လျင်သော အမျိုးသမီး၏အကြည့်က သူ့အမူအရာကို တမုဟုတ်ချင်း ရိပ်စားမိသည်။ “မှော်ဝိဇ္ဇာရှင်၊ ကောင်းကင်မဟာမိတ်အဖွဲ့လို့ ကြားလိုက်တာနဲ့ ဘာကြောင့် မင်းရဲ့ ချီနဲ့သွေးတွေ ပြင်းပြင်းထန်ထန် လှုပ်ရှားသွားပြီး နှလုံးခုန်နှုန်းလည်း မြန်လာတာလဲ”