← Chapters

အမိကမ္ဘာမြေ၏ ကောင်းချီး

Vol. 59 Ch. 783

အမိကမ္ဘာမြေ၏ ကောင်းချီး

Vol. 59 Ch. 783

ချင်မူ၏ရင်ခုန်သံမှာ ဘီလူးကြီးတစ်ကောင် အသည်းအသန် ဗုံတီးနေသကဲ့သို့ တဒိန်းဒိန်း ခုန်နေသည်။ သူ၏ချီနှင့်သွေးတို့က ပြင်းပြင်းထန်ထန် လှုပ်ရှားအုံကြွနေပြီး အခိုးအငွေ့များပင် ထနေသည်။ လှိုင်းလုံးများ ရိုက်ခတ်နေသကဲ့သို့ တဝုန်းဝုန်း မြည်သံများလည်း ထွက်လာ၏။

“အမိကမ္ဘာမြေက မသိလောက်ပေမယ့် ကျွန်တော့်အစီအရင်က ချီနဲ့သွေးတွေ အုံကြွလာဖို့ လိုပါတယ်... အဲဒါမှာ အစီအရင်ရဲ့ စွမ်းအားကို အများဆုံး ထုတ်လွှတ်နိုင်မှာပါ”

ချင်မူ၏ခန္ဓာကိုယ်သည် ဖောင်းကားလာပြီး အရပ်ရှည်သထက် ရှည်လာ၏။ အရှိန်အဝါလည်း အားကောင်းသည်ထက် အားကောင်းလာသည်။ “ဒီမှော်အစီအရင်က ခန္ဓာကိုယ်ကို အင်မတန် ပင်ပန်းနွမ်းနယ်စေပါတယ်... ကောင်းကင်ယင်နတ်ဘုရားမကို အသက်သွင်းဖို့ ကြိုးစားခဲ့တုန်းကဆို ကျွန်တော့်မှာ သေလုမျောပါးဖြစ်တဲ့အထိပဲ... အဲဒီကိစ္စပြီးတော့ ကောင်းကင်ယင်နတ်ဘုရားမလည်း ကျွန်တော့်အတွက် စိတ်မကောင်းဖြစ်လို့ ရတနာတွေ လက်ဆောင်ပေးခဲ့သေးတယ်ဗျ”

အလင်းရောင်ထဲရှိ အမျိုးသမီးက သူ၏ရည်ရွယ်ချက်ကို သဘောပေါက်သွား၍ အပြုံးတစ်ခုဖြင့် ပြောလေသည်။ “စိတ်မပူပါနဲ့... ငါ ကောင်းကင်ယင်နတ်ဘုရားမထက် ကပ်စေးမနည်းပါဘူး... ကောင်းကင်ယင်နတ်ဘုရားမ မင်းကို ဘယ်လောက် လက်ဆောင်ပေးခဲ့လဲ... ငါ မင်းကို အဲဒီပမာဏရဲ့ ဆယ်ဆ ပေးနိုင်တယ်”

ချင်မူမှာ ဝမ်းမြောက်သွားပြီး ရှိသမျှစွမ်းအားအလုံးစုံဖြင့် ဝိညာဉ်လမ်းညွှန်ကို ထုတ်လွှတ်နေသော်လည်း ရင်ထဲတွင်တော့ ခါးသီးစွာ ညည်းတွားနေ၏။

ပြင်ပကောင်းကင်နတ်ဘုံ၏ လက်ချက်ကြောင့် အမိကမ္ဘာမြေ သေဆုံးခဲ့ရသည်ဟု သူ ထင်ခဲ့မိသည်။ ထို့ကြောင့် သူမကို ကယ်တင်၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် မဟာမိတ်ဖွဲ့စေခြင်းဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ လက်ရှိအခြေအနေများအတွက် အကျိုးရှိမည်ဟု တွေးထားခဲ့သည်။

သို့သော် အမိကမ္ဘာမြေကား ကောင်းကင်မဟာမိတ်အဖွဲ့၏ လက်ချက်ဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်နေသည်။

ထိုကောင်းကင်မဟာမိတ်အဖွဲ့က ထာဝရငြိမ်းချမ်းရေးအင်ပါယာရှိ ကောင်းကင်မဟာမိတ်မဟုတ်ပေ။ လွန်ခဲ့သော နှစ်တစ်သန်းက နဂါးဟန်ခေတ်တွင် ချင်မူ စကားတစ်ခွန်းဖြင့် တည်ထောင်ခဲ့သော မဟာမိတ်အဖွဲ့ဖြစ်၏။

နဂါးဟန်ခေတ်သို့ ပြန်ရောက်သွားတုန်းက ချင်မူ ကောင်းကင်မဟာမိတ်အဖွဲ့အကြောင်း ကောင်းကင်နတ်အရှင်လင်ဆီသို့ ပြောပြခဲ့သည်။ ထိုစဉ်အခါက ကောင်းကင်မဟာမိတ်အဖွဲ့၌ ချင်မူ၊ ခိုင်ဧကရာဇ်နှင့် ကောင်းကင်နတ်အရှင်လင် စသည့် လူသုံးယောက်သာ ရှိခဲ့လေသည်။

ထို့နောက်ပိုင်း ကောင်းကင်မဟာမိတ်အဖွဲ့ မည်ကဲ့သို့ တိုးတက်ကြီးထွားလာခဲ့မှန်း ချင်မူ မသိပေ။

ယခုကြည့်ရပုံထောက်လျှင် ကောင်းကင်မဟာမိတ်အဖွဲ့သည် နဂါးဟန်ခေတ်ကို ဖြတ်ကျော်နိုင်ခဲ့သည့်အပြင် ပြင်ပကောင်းကင်နတ်ဘုံ၏ သုတ်သင်ရှင်းလင်းခြင်း မခံခဲ့ရဘဲ အင်အားကြီးမားသည်ထက် ကြီးမားလာခဲ့ပုံပေါ်သည်။ ချုံဧကရာဇ်ခေတ်သို့ ရောက်သည့်အချိန်တွင် အမိကမ္ဘာမြေကိုပင် သတ်နိုင်ခဲ့၏။

ကောင်းကင်မဟာမိတ်အဖွဲ့က မည်သည့်အကြောင်းရင်းကြောင့် အမိကမ္ဘာမြေကို သတ်ခဲ့မှန်း သူ မသိပေ။ မည်ကဲ့သို့ရန်ကြွေးများ ကိန်းအောင်းနေမှန်းလည်း မရှင်းလင်းပေ။

သူ အမိကမ္ဘာမြေကို အသက်သွင်းလိုက်ပါက ကောင်းကင်မဟာမိတ်အဖွဲ့အပေါ် သက်ရောက်မှုရှိနေမည်လော။

လက်ရှိကောင်းကင်မဟာမိတ်အဖွဲ့သည် ထိုစဉ်တုန်းက သူ တည်ထောင်ခဲ့သော ကောင်းကင်မဟာမိတ်အဖွဲ့ ဟုတ်ပါသေး၏လော။

ပြီးခဲ့သည့် နှစ်တစ်သန်းအတွင် ကောင်းကင်မဟာမိတ် ပြောင်းလဲသွားခဲ့သည်လား...သို့မဟုတ် ကောင်းကင်မဟာမိတ်အဖွဲ့ကို တည်ထောင်ခဲ့သော သူ၏ရည်ရွယ်ချက်အတိုင်း ရပ်တည်နေသေးသည်လား။

သူ ကောင်းကင်မဟာမိတ်အဖွဲ့ကို တည်ထောင်ခဲ့သည့် ရည်ရွယ်ချက်သည် မျိုးနွယ်ပေါင်းစုံမှ ပါရမီရှင်လူငယ်များနှင့် ရိုးသားဖြောင့်မှန်သူများကို စည်းရုံး၍ လူသားမျိုးနွယ်နှင့် အဆင့်နိမ့်ပါးနေသော မျိုးနွယ်တို့၏ အသက်ရှင်သန်ရေးအတွက် တိုက်ခိုက်ရန် ဖြစ်ခဲ့၏။

သူ၏ရည်ရွယ်ချက်က ကောင်းမွန်ခဲ့သော်လည်း အာဏာမက်သွားပါက မူလရည်ရွယ်ချက်ကို လွယ်ကူစွာ မေ့ပျောက်သွားတတ်သည်။ အကျင့်ပျက်ခြစားကာ ပြောင်းလဲသွားနိုင်သည်။

ကောင်းကင်မဟာမိတ်အဖွဲ့ အကျင့်ပျက်ခြစားခြင်း မရှိခဲ့လျှင် အမိကမ္ဘာမြေကို သတ်ရန် ကောင်းကင်မဟာမိတ်အဖွဲ့၏ အားထုတ်မှုသည် အကြောင်းမဲ့သက်သက် ဖြစ်မည်မဟုတ်ပေ။ အမိကမ္ဘာမြေက ကောင်းကင်မဟာမိတ်အဖွဲ့၏ အစီအစဉ်များကို အနှောင့်အယှက်ပေးနိုင်သဖြင့် သေသင့်၍သာ ဖြစ်မည်။

ယခုတော့ ချင်မူမှာ ဆုပ်လည်းစူး၊ စားလည်း ရူး ဖြစ်နေတော့သည်။

အမိကမ္ဘာမြေကို မကယ်လျှင် အမိကမ္ဘာမြေက သူ့ကို သေချာပေါက် သတ်လိမ့်မည်။ ကယ်လိုက်ပြန်လျှင်လည်း အပြောင်းအလဲများစွာ ဖြစ်လာလိမ့်မည်။

ဝိညာဉ်လမ်းညွှန်သည် အမိကမ္ဘာမြေ၏ ဝိညာဉ်အမှုန်များကို လမ်းညွှန်ပေးနေ၏။ ဝိညာဉ်အမှုန်တို့က အနက်ရောင်သဲမှုန်များသဖွယ် ကမ္ဘာဦးဘုံ၏ နေရာပေါင်းစုံမှာ လွင့်မျောလာကြရင်း မြေကမ္ဘာနန်း‌တော်အတွင်းသို့ ရောက်လာကြပြီး အလင်းတန်းထဲသို့ ဝင်သွားကြ၏။

အလင်းရောင်ထဲရှိ အမျိုးသမီးမှာ အလွန်စိတ်လှုပ်ရှားနေ၍ အလင်းလှိုင်းဂယက်များ တအိအိ ဖြာဆင်းနေသည်။ သူမသည် ယန်ဝိညာဉ်သုံးခုအနက်မှ မြေဝိညာဉ်ကို ထိန်းသိမ်းထားနိုင်ခဲ့၏။ ပြိုကွဲသွားသည်က ကောင်းကင်ဝိညာဉ်နှင့် အသက်ဝိညာဉ် ဖြစ်ပေသည်။

သဘာဝအလျောက် မွေးဖွားလာသော ရှေး‌ဟောင်းနတ်ဘုရားများတွင် ယန်ဝိညာဉ်သုံးခုသာ ပါသည်။ ယင်ဝိညာဉ်ခုနစ်ခု မရှိပေ။ ကောင်းကင်နှင့်မြေပြင် စတင်ဖြစ်တည်ပြီးနောက်မှ ဖွားမြင်လာသော သက်ရှိသတ္တဝါများနှင့် နတ်ဘုရားတစ်ပိုင်းများတွင်သာ ယင်ဝိညာဉ်ခုနစ်ခု ရှိကြ၏။

ကောင်းကင်ဝိညာဉ်သည် ရွှမ်တုကို ကိုယ်စားပြုသည့် သန့်စင်သော ယန်ချီဖြစ်သည်။ အသက်ဝိညာဉ်က ယိုတုကို ကိုယ်စားပြုသည့် သန့်စင်သော ယင်ချီဖြစ်၏။ မြေဝိညာဉ်က ယင်ကို ကျောပေး၊ ယန်ကို မျက်နှာမူလျက် ယွမ်တုကို ကိုယ်စားပြုသည်။

အမိကမ္ဘာမြေ‌ မြေဝိညာဉ်ကို ထိန်းသိမ်းထားနိုင်သော အကြောင်းရင်းမှာ သူမက အမိကမ္ဘာမြေဖြစ်နေ၍လည်း ပါသည်။ သူမသည် ယွမ်တုမဟာတာအိုမှ မွေးဖွားလာသော အမိကမ္ဘာမြေဖြစ်၏။ သူမ၏မြေဝိညာဉ်ကို ဖယ်ရှားရန် တွေးမကြည့်နိုင်လောက်အောင် ခက်ခဲလိမ့်မည်။

အမိကမ္ဘာမြေ၏ ဝိညာဉ်က ကောင်းကင်ယင်နတ်ဘုရားမ၏ ဝိညာဉ်ထက် များစွာသန်မာအားကောင်းသည့်အတွက် အနက်ရောင်ဝိညာဉ်အမှုန်များက လှိုင်းများ ဖြာစီးနေသည့်နှယ် တဝေါဝေါ စီးဆင်းလာနေသည်။ ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်နှင့် တန်းတူညီမျှသော နတ်ဘုရားတစ်ပါး ပီသပေသည်။

ချင်မူ၏ချီစွမ်းအင်သည် လေထဲတွင် ပျံ့နှံ့နေပြီး သူ၏ချီနှင့်သွေးအခိုးအငွေ့များက လေဆင်နှာမောင်းတိုက်ခတ်နေသကဲ့သို့ ပြင်းထန်အား‌ကောင်းလာသည်။ သူ့နှုတ်မှ ယိုတုဘာသာစကားနှင့် နတ်ဘုရားဘာသာစကား ထွက်လာနေ၏။

ရှေး‌ဟောင်းဘာသာစကားအားလုံးတွင် နတ်ဘုရားတို့၏ ကဗျာအလင်္ကာ၊ မိစ္ဆာနတ်ဆိုးတို့၏ တမ်းချင်းတို့သဖွယ် နက်နဲသော အဓိပ္ပါယ်များ ရှိကြသည်။ မျက်လုံးပိတ်၍ ချင်မူ့တာအိုအသံကို နားထောင်ကြည့်လျှင် ကောင်းကင်နှင့်မြေပြင်မှ မွေးဖွားလာပြီး ကမ္ဘာလောကကြီး၏ မူလအစ၌ နတ်ဘုရားများနှင့်အတူ ကခုန်နေသော ခံစားချက်မျိုး ရရှိလိမ့်မည်။

“မှော်ဝိဇ္ဇာရှင်ကြီး ပီသပါပေတယ်”

အမိကမ္ဘာမြေသည် ပြိုကွဲနေသော ယန်ဝိညာဉ်အစိတ်အပိုင်းများ တစတစ ပြည့်စုံလာနေကြောင်း ခံစားနေရ၏။ ကမ္ဘာလောကထဲတွင် ပြန့်ကြဲနေသော ဝိညာဉ်အမှုန်များမှာ ဝိညာဉ်လမ်းညွှန်၏ လမ်းညွှန်မှုနှင့်အတူ ပြန်ရောက်လာကြပြီဖြစ်၍ ချင်မူ့အနေဖြင့် သူမ၏ကောင်းကင်ဝိညာဉ်နှင့် အသက်ဝိညာဉ်အား တည်‌ဆောက်လိုက်ရုံသာ လိုတော့သည်။ ယန်ဝိညာဉ်သုံးခု ပြည့်စုံသွားသည်နှင့် အမိကမ္ဘာမြေသည် အင်အားကြီးမားသော အသက်ဓာတ်ကို အမှီသဟဲပြုကာ အသက်ပြန်ရှင်နိုင်လိမ့်မည်။

ချင်မူ မရပ်မနား ရွတ်ဖတ်နေစဉ် ရုတ်တရက် အက်ကွဲသံသဲ့သဲ့ ထွက်လာသည်။

အလင်းရောင်ထဲရှိ အမျိုးသမီး၊ ကောင်းကင်နတ်အရှင်ယွီနှင့် ကုန်းစွန်းယန်တို့ အလျင်အမြန် လှည့်ကြည့်လိုက်သည့်အခါ ချင်မူ၏အရေပြား အက်ကွဲလာနေသည်ကို မြင်တွေ့လိုက်ရ၏။ သွေးများက တရဟော စီးကျလာသော်လည်း အုံကြွနေသော ချီစွမ်းအင်နှင့် ထိတွေ့လိုက်သည့်အခါ အငွေ့ပျံသွားပြီး သွေးအခိုးအငွေ့များအသွင်ဖြင့် သူ့ကို လှည့်ပတ်နေကြတော့သည်။

သူတို့သုံးယောက် အံ့အားသင့်သွားကြသည်။ ချင်မူ၏ ကောင်းကင်နတ်သိုင်းက အလွန်အင်အားသုံးစွဲလွန်းသည့်အတွက် သူ၏ရုပ်ခန္ဓာပင် တောင့်မခံနိုင်တော့ပေ။

‘ငါက အင်အားကြီးမားလွန်းတယ်.... ငါ့ကို အသက်သွင်းဖို့က ကောင်းကင်ယင်နတ်ဘုရားမကို အသက်သွင်းဖို့ထက် အဆပေါင်းများစွာ ခက်မှာပဲ’

အလင်းရောင်ထဲရှိ အမျိုးသမီးမှာ စိုးရိမ်ကြောင့်ကြလာတော့သည်။ ‘ဒီလိုပြင်းအားမျိုးနဲ့ သူ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ မသိဘူး... ငါ့ဝိညာဉ်နှစ်ခုကို ပြန်တည်ဆောက်နိုင်ပါ့မလား’

ချင်မူ့အခြေအနေသည် အမှန်ပင် ဆိုးရွားပြီး အချိန်ကြာလာသည်နှင့်အမျှ ဆိုးဝါးသထက် ဆိုးဝါးလာနေ၏။ သူ၏အရေပြားမှာ သဲမှုန်များဖြင့် ထိုးဖောက်ခံထားရသကဲ့သို့ ပေါက်ပြဲနေပြီး ဒွါရပေါက်အားလုံးမှ သွေးများ ယိုစီးကျလာနေသည်။ အထူးသဖြင့် သူ့နှာခေါင်းမှသွေးတို့က နှလုံးခုန်နေသည့် စည်းချက်အတိုင်း ပန်းထွက်လာတတ်သည်။

ကောင်းကင်နတ်အရှင်ယွီက ကပျာကယာ လှမ်းပြောသည်။ “အစ်ကိုကြီး ရပ်လိုက်တော့... ဆက်လုပ်နေရင် အစ်ကိုကြီးရဲ့ သွေးတွေ ကုန်တော့မယ်”

ချင်မူက လျစ်လျူရှု၍ အစီအရင်ထုတ်လွှတ်ရာတွင်သာ အာရုံဆက်စိုက်ထားသည်။

ကုန်းစွန်းယန်မှာ မကြည့်ရက်တော့သဖြင့် ကျယ်လောင်စွာ အော်ပြောလိုက်၏။ “အမိကမ္ဘာမြေ၊ သူ့သိုင်းအဆင့်က မလုံလောက်ဘူး... သူ့ကို နားခွင့်ပေးလိုက်ပါတော့”

အမျိုးသမီးမှာ အလွန်အမင်း စိုးရိမ်ပူပန်နေပြီး ပြန်ပြောသည်။ “နည်းနည်းလေးပဲ... နည်းနည်းလေးပဲ ထပ်စောင့်ရအောင်... သူက ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက် မဟုတ်လား... သူ့ကိုယ်ထဲမှာ သွေးအများကြီး ရှိပါတယ်... သူ့ချီနဲ့သွေးတွေကလည်း အားကောင်းပြင်းထန်နေတုန်းပဲ.... သူ နည်းနည်းလောက် ထပ်တောင့်ခံနိုင်ဦးမှာပါ...”

ကုန်းစွန်းယန်မှာ တွန့်ဆုတ်သွားပြီး မည်သို့မျှ ဆက်မပြောတော့ပေ။ သူမမှာ ငြိမ်ငြိမ်မရပ်နိုင်တော့ဘဲ ရှေ့လျှောက်နောက်လျှောက် လျှောက်နေသည်။

ချင်မူက ကောင်းကင်အလိုတော်မုခ်ဝကို လှည့်၍ ကောင်းကင်နယ်စားမင်း၏ စွမ်းအားကို ငှားယူနေသော နေရာသို့ ရောက်နေပြီဖြစ်သည်။ ကောင်းကင်ဝိညာဉ်ကို ဖွဲ့တည်နေသည့်အချိန်တွင် မုခ်ဝထဲမှ အလင်းတန်းတစ်တန်း ထွက်လာ၏။ ရုတ်တရက် ချင်မူ့ခန္ဓာကိုယ် တောင့်တင်းသွားပြီး မျက်နှာဖြင့် လဲကျသွားသည်။ သူကား သတိလစ်သွားချေပြီ။

ကောင်းကင်နတ်အရှင်ယွီမှာ ခြေမကိုင်နိုင်လက်မကိုင် ဖြစ်သွားပြီး ကမန်းကတန်း ပြေးချလာသည်။ ချင်မူ့နှာခေါင်းမှ သွေးများပန်းထွက်နေသေးသော်လည်း တဖြည်းဖြည်း နည်းသွား၏။ ချင်မူက နှစ်ကြိမ်ထပ်၍ ပန်းထွက်သွားအောင် ကြိုးစားလိုက်ပြီးနောက်မှ သွေးများပန်းထွက်နေသည်မှာ ရပ်သွားတော့သည်။

ကောင်းကင်နတ်အရှင်ယွီက ချင်မူ အသက်ရှူသေးသည်လား ကပျာကယာ စစ်ဆေးကြည့်သည့်အချိန် ချင်မူ့နှာခေါင်းမှ သွေးတန်းနှစ်တန်း ပန်းထွက်လာပြန်သဖြင့် လန့်သွားသည်။ သူ ဝမ်းသာသွားလေသည်။ “အစ်ကိုကြီး အသက်ရှိသေးတယ်”

ကုန်းစွန်းယန်လည်း ချင်မူ့နှလုံးခုန်သံကို အပြေးအလွှား လာနားထောင်သည်။ သူ့နှလုံးခုန်သံမှာ အလွန်အားနည်းနေပြီး ချီနှင့်သွေးတို့ ခမ်းနေသလို သူမ ခံစားလိုက်ရ၏။ အသက်တော့ ရှိသေးသော်လည်း စိုးရိမ်ရသော အခြေအနေ ဖြစ်သည်။

ကုန်းစွန်းယန် အံတင်းတင်းကြိတ်လိုက်ပြီး သူမခေါင်းအနောက်ရှိ အလင်းရောင်ထဲမှ အစိမ်းရောင် အပင်ပေါက်လေးသည် ချင်မူ့မျက်ခုံးနှစ်ဖက်ကြားသို့ ဆင်းသက်လာ၏။ သစ်ပင်ဆီမှ အလင်းရောင်က ချင်မူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားကာ အသက်ဓာတ်ဖြည့်တင်းပေးနေသည်။

တခဏကြာသော် ချင်မူ၏အသက်ရှူသံများ မှန်လာသည်။ သို့သော် အပင်ပေါက်လေးမှာ အသက်မရှိတော့သည့်အလား ညှိုးနွမ်းသွား၏။ သစ်ရွက်လေးနှစ်ရွက်သည် ပူးကပ်က ကျုံ့သွားလေသည်။

ကုန်းစွန်းယန်၏မျက်နှာမှာ အနည်းငယ် ဖြူလျော်သွားသည်။ သူမက အပင်ပေါက်လေးကို အလင်း‌ရောင်ထဲ ပြန်ပို့ကာ အားဖြည့်ပေးလိုက်သည်။

ယခုတွင် ချင်မူ၏အစီအရင် ပျက်စီးသွားသဖြင့် ကောင်းကင်အလိုတော်မုခ်ဝ လွင့်ပျယ်သွားသည်။ ကောင်းကင်နယ်စားမင်း၏ စွမ်းအားလည်း တမုဟုတ်ချင်း ပျောက်ကွယ်သွား၍ ကောင်းကင်အလင်းတန်းများ ဖြာကျမလာတော့ပေ။

အလင်းရောင်ထဲရှိ အမျိုးသမီးက ဝိညာဉ်အမှုန်များကို ကမန်းကတန်း ထိန်းချုပ်နေပြီး ကောင်းကင်ဝိညာဉ် တချို့တစ်ဝက် ဖွဲ့တည်နေပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။ သို့သော် ပြည့်စုံရန် လိုသေးသဖြင့် သူမ နှမြောတသ သက်ပြင်းချနေ၏။

ချင်မူက ဖြည်းဖြည်းချင်း နိုးလာပြီး ကောင်းကင်နတ်အရှင်ယွီ၏ အကူအညီဖြင့် ထရပ်သည်။ သူက လည်ချောင်းထဲမှ သွေးများကို ထွေးထုတ်နေပြီး အသက်ရှူသံမှာ အားနည်းနေ၏။ “ကျွန်‌တော် အဆင်ပြေပါတယ်... အစီအရင်ကို ဆက်လုပ်နိုင်ပါသေးတယ်”

“မှော်ဝိဇ္ဇာရှင်ကြီး.... ဒီလောက် အလောကြီးစရာမလိုပါဘူး”

အမျိုးသမီးသည် နူးညံ့ကြင်နာသောအသံဖြင့် ပြော၏။ “စောစောက မှော်အစီအရင်ကို ထုတ်လွှတ်နေတုန်း ခန္ဓာကိုယ်ခံနိုင်တဲ့ အတိုင်းအတာထက် အင်အားသုံးစွဲမိထားတယ်မလား... ချီနဲ့သွေးတွေလည်း ခမ်းနေပြီဆိုတော့ ဆက်လုပ်နေရင် ပင်ပန်းလွန်းလို့ သေသွားပါလိမ့်မယ်... မှော်ဝိဇ္ဇာရှင် သေသွားရင် ငါ့ကို အသက်သွင်းပေးနိုင်တဲ့ မှော်ဝိဇ္ဇာရှင်နောက်တစ်ယောက်ကို ဘယ်က သွားရှာရတော့မလဲ... ငါ စောင့်နိုင်ပါတယ်... မှော်ဝိဇ္ဇာရှင် အေးအေးဆေးဆေးသာ အနားယူပြီး ကိုယ့်ဒဏ်ရာတွေကိုယ် ကုသလိုက်ပါ”

သူမက အပြုံးတစ်ခုဖြင့် ပြောလေသည်။ “မှော်ဝိဇ္ဇာရှင်ရဲ့ သိုင်းအဆင့်က ကောင်းကင်နတ်အသွင်အဆင့်ရဲ့ အထွတ်အထိပ် ရောက်နေမှန်း ငါ မြင်ရတယ်... ‌ရှေ့တစ်လှမ်း လှမ်းလိုက်တာနဲ့ ယိုတုထဲ ဝင်ပြီး သေခြင်းရှင်ခြင်းကောင်းကင်ရတနာ ဖွင့်နိုင်ဖို့ သိပ်မလိုတော့ဘူး.. သေခြင်းရှင်ခြင်းအဆင့် ရောက်ရင် မှော်ဝိဇ္ဇာရှင် အစီအရင်ကို လွတ်လွတ်လပ်လပ် ထုတ်ဖော်နိုင်မှာ သေချာပါတယ်... အဲဒီကျမှ ငါ့ဝိညာဉ်ကို ပြန်တည်ဆောက်ပေးပေါ့”

ချင်မူက ချောင်းတဟွတ်ဟွတ် ဆိုး၍ မောဟိုက်ပင်ပန်းစွာ အသက်ရှူနေသည်။ သူ့အသံသည် ဝမ်းနည်းကြေကွဲနေ၏။ “ကျွန်တော်က တုံးအတဲ့လူမလို့ သေခြင်းရှင်ခြင်းအဆင့် ရောက်တဲ့အထိ ဘယ်လောက်ကြာကြာ ကျင့်ကြံရမလဲ မပြောတတ်ပါဘူးဗျ... ဒဏ်ရာလည်း အပြင်းအထန် ရထားတော့ အမိကမ္ဘာမြေကို စိတ်ပျက်စေမိမှာ စိုးပါတယ်”

အလင်းရောင်ထဲရှိ အမျိုးသမီးသည် ပြုံးနေ၏။ “ယွမ်တုက အသက်ဓာတ်ရဲ့ အရင်းအမြစ်ပဲ... မင်းရဲ့ ချီနဲ့သွေး ခမ်းခြောက်သွားတာက ငါ့အတွက် ဘာမှမဟုတ်ဘူး... မင်းက ငါ့ဝိညာဉ်နှစ်ခုကို ပြန်တည်ဆောက်ပေးဖို့ ကူညီနေတာဆိုတော့လည်း ငါ မင်းကို မျက်ကွယ်မပြုရက်ပါဘူး”

အလင်းရောင်ထဲမှ ခြောက်ကပ်နေသော သစ်သီးတစ်လုံးက ချင်မူ့မျက်နှာဆီသို့ ပျံသန်းလာသည်။

ဤသစ်သီးသည် နေရောင်ကြောင့် ရှုံ့တွခြောက်ကပ်သွားသော လိမ္မော်သီးတစ်လုံးနှင့် တူ၏။ အစိုဓာတ်ဟူ၍ မရှိဘဲ လိမ်ဖယ်‌ခြောက်သွေ့နေလေသည်။

အမျိုးသမီးက ပြောသည်။ “ဒီသစ်သီးက ငါ့အနောက်က နတ်သစ်ပင်ကနေ မွေးဖွားလာတဲ့ သစ်သီးပဲ... ခြောက်ကပ်နေပြီဆိုပေမယ့် ကိန်းဝပ်နေတဲ့ စွမ်းအားက သမုဒ္ဒရာတစ်စင်းလို ဖြစ်နေသေးတယ်... အရင်ဆုံး သိမ်းထားလိုက်၊ တစ်ခါတည်း မစားပစ်နဲ့... ချီစွမ်းအင်ကို သုံးပြီး ဖြည်းဖြည်းချင်း စား... ဒါဆို မင်းရဲ့သိုင်းအဆင့်က မြန်မြန်ဆန်ဆန် တိုးတက်လာပြီး သေခြင်းရှင်ခြင်းအဆင့်ဆီ ရောက်သွားလိမ့်မယ်... သစ်သီးထဲက စွမ်းအားက အင်မတန် အင်အားကြီးတယ်.... မင်း တန်းစားလိုက်ရင် ခံနိုင်ရည်ရှိမှာမဟုတ်ဘူး”

ချင်မူမှာ ဒယိမ်းဒယိုင် ယိမ်းယိုင်နေရင်းဖြင့် သူမကို ကျေးဇူးတင်လိုက်သည်။

အမျိုးသမီးက လက်ယမ်းကာ ပြောလေသည်။ “မင်း ငါ့ကို ကယ်ပေးနေလို့သာ ငါ မင်းကို ဒီရတနာ ပေးတာ... မင်းက ငါ့အတွက် အသုံးမတည့်ရင် မင်းကို ငါ ကြည့်မှာတောင် မဟုတ်ဘူး.... မှော်ဝိဇ္ဇာရှင်ဦ၊ အရင်ဆုံး အနားယူလိုက်ပါဦး... သေခြင်းရှင်ခြင်းအဆင့် ကောင်းကင်ရတနာကို ဖွဲ့တည်ပြီးရင် ပြန်လာလှည့်ပါ”

အလင်းရောင်ထဲတွင် ခပ်ကွေးကွေး အလင်းတန်းတစ်တန်း ပျံထွက်လာကာ ချင်မူ့အနောက်၌ ရောင်ခြည်စက်ဝန်းတစ်ခု ဖွဲ့တည်လိုက်သည်။ ခြောက်ကပ်နေသော သစ်သီးက ထိုစက်ဝန်းထဲ ဝင်သွား၏။

“ငါ ကောင်းကင်နတ်အရှင်ခုနစ်ပါးထဲက တချို့ကို ကောင်းချီးပေးခဲ့ပေမယ့် မင်းကိုတော့ ကောင်းချီးမပေးရသေးဘူး... ဒီကောင်းချီးက မင်းအတွက် ကောင်းသော ကံကြမ္မာ၊ မအိုမင်းသော ရုပ်သွင်နဲ့ မသေနိုင်သော ခန္ဓာ ရစေဖို့ပဲ”

အလင်းရောင်ထဲရှိ အမျိုးသမီးက ပြုံးလိုက်သည်။ “ငါ့ကောင်းချီးနဲ့ဆို မင်း ဒီသစ်သီးကို ပိုပြီး လွယ်လွယ်ကူကူ  အစာခြေနိုင်လိမ့်မယ်”

တမုဟုတ်ချင်း သူ၏ကောင်းကင်ရတနာများအတွင်းသို့ သန့်စင်သော စွမ်းအားလှိုင်းများ ဖြာဆင်းလာပြီး သူ၏ချီနှင့်သွေးများ ဖြည်းဖြည်းချင်း ပြန်ပြည့်လာသည်ကို ချင်မူ ခံစားလိုက်ရသည်။ သူက ကမန်းကတန်း ကျေးဇူးတင်လိုက်လေသည်။

“ယန်အာ၊ မှော်ဝိဇ္ဇာရှင်ကို နားဖို့ လိုက်ပို့လိုက်ပါဦး... ငါ့ဧည့်သည်ကို မျက်နှာမပျက်စေနဲ့”

ကုန်းစွန်းယန်လည်း ခေါင်းညိတ်နာခံ၍ ချင်မူနှင့် ကောင်းကင်နတ်အရှင်ယွီကို အပြင်သို့ ခေါ်သွားသည်။ မြေကမ္ဘာနန်းတော်က ကြီးမားလွန်းသဖြင့် အပြင်ရောက်ရန် အတော်လေး လျှောက်လိုက်ရလေသည်။

နန်းတော်အပြင် ရောက်သည်နှင့် ရေချီလင်က ချင်မူ့ကို နှုတ်ဆက်ရန် လာသော်လည်း တစ်ကိုယ်လုံး သွေးများရွှဲနေသည်ကို မြင်လျှင် အံ့ဩတုန်လှုပ်သွားသည်။ ကောင်းကင်နတ်အရှင်ယွီက အလျင်အမြန် မေးလိုက်၏။ “အားရွှေ၊ ဖယ်တီးနဂါး ဘယ်မှာလဲ” (ရွှေ = ရေ)

ရေချီလင်က မနာလိုမှုအပြည့်ဖြင့် ဖြေလိုက်သည်။ “သူက ချီလင်တွေ၊ နဂါးတွေနဲ့ သွားရောနေတယ်”

ချင်မူ အားနည်းဖျော့တော့စွာ ပြောလိုက်၏။ “ငါ့ခန္ဓာကိုယ်က အခု အားနည်းနေတော့ သူ့ကို မခေါ်နိုင်ဘူး... မင်းတို့ထဲက ဘယ်သူ သွားခေါ်ပေးမှာလဲ”

‌ရေချီလင် နဂါးချီလင်အား အော်ခေါ်ရန် ပြင်လိုက်စဉ် ကုန်းစွန်းယန်က ကပျာကယာ သတိပေးလေသည်။ “အခေါင်းထဲက ချုံဧကရာဇ်တွေ နိုးသွားဦးမယ်... သူ့ဆီ အရင်လျှောက်သွားကြပြီးမှ ခေါ်တာပေါ့”

ကောင်းကင်နတ်အရှင်ယွီက ချင်မူ့ကို ကူတွဲ၍ ရေချီလင်၏ကျော‌ပေါ် တင်ပေးသည်။ ရေချီလင် သူ့ဘာသာသူ တွေးလိုက်မိ၏။ ‘ဘာလို့ နဂါးချီလင်ရဲ့သခင်က ချီစွမ်းအင်တွေ စုပ်ယူခံလိုက်ရတဲ့ပုံပေါ်နေတာလဲ... ဘယ်လိုလုပ်ပြီး ဒီလောက်အားနည်းသွားတာပါလိမ့်’

သူတို့ ရှေ့ဆက်လျှောက်သွားကြသည့်အခါ ဇာမဏီငှက်သည် ရုတ်တရက် ဇာမဏီမျက်ဝန်းများရှိသော အမျိုးသမီးတစ်ယောက် အသွင်ပြောင်းလိုက်ပြီး သူတို့နောက်မှ လိုက်လာ၏။

ချင်မူ သူမဆီသို့ တစ်ချက်ကြည့်ကာ အားနည်းနေသောအသံဖြင့် မေးလိုက်သည်။ “မမကြီး၊ ဘာလို့လိုက်လာတာလဲ”

ဇာမဏီငှက်က အပြုံးအရယ်ကင်းမဲ့နေသည့် မျက်နှာထားဖြင့် ပြန်ဖြေသည်။ “အမိကမ္ဘာမြေရဲ့ အမိန့်ကြောင့်... သူ့ကို နင် ဘေးကင်းအောင် စောင့်ရှောက်ထားတဲ့”

ချင်မူ ကျေးဇူးတင်စကားဆိုကာ မေးလိုက်သည်။ “မမကြီး စွမ်းအင်ဆေးလုံးတွေ စားလား... ကျွန်တော် သက်သာတာနဲ့ မမကြီးအတွက် ဆေး‌ဖော်ပေးမယ်”

ဇာမဏီငှက်၏မျက်လုံးများ အရောင်တောက်သွားပြီး သူမက ပြုံးလေသည်။ “နင်က ဒီရေသတ္တဝါထက် အလိုက်သိတတ်တာပဲ”

ရေချီလင်မှာ အောင့်သက်သက် ဖြစ်သွားပြီး ကောင်းကင်နတ်အရှင်ယွီကို ဆေးမဖော်တတ်သည့်အတွက် အပြစ်တင်နေတော့သည်။

ဇာမဏီငှက်က မေးလေသည်။ “နင်တို့တွေ အပြင်ထွက်ဖို့ လုပ်နေကြတာလား”

ချင်မူက အရိပ်အခြည်ကြည့်၍ ပြောလိုက်သည်။ “ဒီမြေကမ္ဘာနန်းတော်ရဲ့ ယင်အရှိန်အဝါက အားကောင်းလွန်းတယ်... ဧကရာဇ်ပလ္လင်အဆင့် အ‌လောင်းတွေလည်း ဒီမှာ အများကြီးပဲ... ကျွန်တော့်ခန္ဓာက အခု အင်မတန် အားနည်းနေတော့ အပြင်မှာ အားပြန်ဖြည့်ရမှာမလို့ပါ”

ဇာမဏီငှက်က ပြော၏။ “အပြင်ထွက်လို့ရတယ်... အဝေးကြီးတော့ မသွားရဘူး”

ချင်မူ့ဦးနှောက်က တမုဟုတ်ချင်း အလုပ်လုပ်နေသည်။ ‘ဒီဇာမဏီမမကြီးရဲ့ သိုင်းအဆင့်က ဘာလဲမသိဘူး... သိုင်းအဆင့်မြင့်လွန်းရင် ငါ သူ့ကို အဆိပ်ခတ်သတ်လို့မရဘူး... ဒုက္ခရောက်သွားလိမ့်မယ်... ဒီနေရာကနေ ဘယ်လိုထွက်ပြေးရပါ့”

ချင်မူ ချောင်းတဟွတ်ဟွတ် ဆိုး၍ မေးကြည့်လိုက်၏။ “အပြင်မှာ နတ်ဘုရားတွေအများကြီးပဲနော်... အမိကမ္ဘာမြေအယောင်ဆောင်ထားတဲ့ တစ်ယောက်တောင် ရှိသေးတယ်... မမကြီးရဲ့ သိုင်းအဆင့်က ဘာလဲဗျ... အဲဒီလူဆိုးတွေနဲ့ မမကြီး ယှဉ်နိုင်လား”

ဇာမဏီဖုန့်ဟွမ်ငှက်က ပြောလသည်။ “ငါက နတ်ကောင်းကင်ခန်းမအဆင့် ရောက်နေပြီ.. အဲဒီကလေကချေတွေကို ကြောက်စရာလား... ဒါပေမဲ့ အမိကမ္ဘာမြေက သူတို့ကို လုပ်ချင်သာလုပ်ခွင့် အရင်ပေးထားပြီး သူ ပြန်ရှင်လာမှ တစ်ခါတည်း စာရင်းရှင်းမယ် ပြောတယ်”

ချင်မူ့မျက်နှာ ညှိုးကျသွားသည်။ ‘သူ့သိုင်းအဆင့်က တော်တော်မြင့်တာပဲ... သေအောင် အဆိတ်ခတ်သတ်လို့ မရလောက်ဘူး... ဘိုးဘိုးဆေးဆရာသာ ရှိရင် ကောင်းမှာ....’

All Chapters