ကမ္ဘာမြေမှုန်တာအိုသစ်သီး
Vol. 59 Ch. 784
ရေချီလင်က တော်ဝင်သင်္ချိုင်းများကို ဖြတ်ကျော်သွားပြီးနောက်ဆုံးတွင် နဂါးချီလင်ကို မြင်လိုက်ရသည်။ နဂါးချီလင်သည် နဂါးများ၊ ချီလင်များနှင့် ညီအစ်ကိုဖွဲ့၍ အကြီးအကျယ် ကြွားနေ၏။
“ကျွန်တော်က ကျွန်တော့်အတွက် စွမ်းအင်ဆေးလုံးတွေ ဖော်ပေးဖို့ လူသားတစ်ယောက်ကို ထိန်းကျောင်းထားတာဗျ...”
နဂါးမင်းများနှင့် ချီလင်များမှာ အားကျမနာလိုဖြစ်နေကြတော့သည်။ နဂါးချီလင် ထပ်ပြောရန် ပြင်လိုက်သည့်အချိန် ချင်မူတို့ လျှောက်လာနေသည်ကို မြင်လိုက်ရ၍ ကပျာကယာ ဘရိတ်အုပ်လိုက်သည်။
ကောင်းကင်နတ်အရှင်ယွီက နဂါးချီလင်ကို လှမ်းခေါ်လိုက်ပြီး နဂါးချီလင်မှာ ရုပ်ပျက်ဆင်းပျက် အခြေအနေဆိုးနေသော ချင်မူ့အား မြင်လျှင် တအံ့တဩဖြင့် အလျင်အမြန် မေးတော့သည်။ “ပေး ပေး ကျွန်တော့်ကို ပေး.... ကျွန်တော် ဂိုဏ်းသခင်ကို သယ်ပေးမယ်... ဂိုဏ်းသခင် စီးနေရတယ်လို့ မခံစားရအောင် ငြိမ်ငြိမ်လေး လျှောက်ပေးမယ်”
ကောင်းကင်တန်အရှင်ယွီက ချင်မူ့ကို နဂါးချီလင်၏ ကျောပေါ် တင်ပေးလိုက်သည်။ နဂါးချီလင်သည် ချင်မူ့ကို တစ်ချက် ခိုးကြည့်ပြီး သူ့မျက်နှာမကောင်းသည်ကို မြင်လျှင် စိုးရိမ်လာတော့၏။ ‘စောနက ငါ ပြောနေတာတွေ ဂိုဏ်းသခင် ကြားသွားသေးလားမသိဘူး...’
နဂါးမင်းများနှင့် ချီလင်များမှာတော့ သူ ချင်မူ့ကို သယ်လျက် ထွက်သွားသည်ကို ကြည့်ရင်း မနာလိုဖြစ်နေကြသည်။ သူတို့အဝေးရောက်သည့်အခါမှ ချီးကျူးလိုက်ကြသည်။ “ငယ်ရွယ်ပြီး အလားအလာကောင်းလိုက်တဲ့ ကောင်လေး...”
“လုံပိက ငယ်သေးပေမယ့် ဗဟုသုတတွေ၊ အမြင်တွေကတော့ ထူးခြားတယ်... လူသားတစ်ယောက်ကို ငါ့အတွက် စွမ်းအင်ဆေးလုံး ဖော်စပ်ပေးအောင် ထိန်းကျောင်းဖို့ ငါ ဘာလို့မတွေးခဲ့မိတာပါလိမ့်”
....
နဂါးချီလင်က ချင်မူ့ကို မြေအောက်ထဲမှ အပြင်သို့ သယ်သွားပြီး အိုမင်းပျက်စီးနေသော ဘုရားကျောင်း၏ ခန်းမထဲသို့ ရောက်လာကြသည်။ ဇာမဏီငှက်လည်း နောက်မှ လိုက်လာ၏။
ကုန်းစွန်းယန်က အခန်းကို ကပျာကယာ သန့်ရှင်းရင်း ပြောသည်။ “ဒီဘုရားကျောင်းထဲမှာ ကျွန်မပဲ အများဆုံးနေတာဆိုတော့ တခြားအခန်းတွေကို သန့်ရှင်းရေးမလုပ်ထားမိဘူး... မမဇာမဏီနဲ့ မောင်လေးချင်အတွက် သွားပြင်ပေးပါ့မယ်”
ဇာမဏီငှက်သည် တောက်ပလင်းထိန်နေသော ရွှေရောင်အသိုက်ကို ထုတ်လိုက်၏။ “သူများအိပ်ယာမှာ အိပ်ရတာ ငါ့အတွက် ကျင့်သားမရဘူး... ငါ့အသိုက်မှာပဲ ငါ အိပ်မယ်”
ကုန်းစွန်းယန် ခေါင်းညိတ်ပြီး ငှက်အသိုက်ကို သယ်သွားသည်။ များစွာမကြာလိုက်ဘဲ သူမက ချင်မူနေမည့်အခန်းကို သန့်ရှင်းပြီးသွား၍ ချင်မူလည်း အိပ်ယာဘေးတွင် ထိုင်လိုက်၏။ သူ့အသားအရေမှာ ယခင်ထက်စာလျှင် လန်းလန်းဆန်းဆန်း ဖြစ်လာသည်။ “မမကြီး၊ ကျွန်တော် အတော်လေး သက်သာနေပါပြီ... ကျွန်တော့်ကို စောင့်ရှောက်ပေးစရာ မလိုတော့ပါဘူး... အမိကမ္ဘာမြေဆီက သစ်သီးက တကယ် မဆိုးဘူးပဲဗျ ကျွန်တော့်ချီစွမ်းအင်တွေ ပြန်ပြည့်လာနေတာ ခံစားရတယ်... အခုဆို ပြဿနာ ကြီးကြီးမားမား မရှိတော့ဘူး”
ကုန်းစွန်းယန်က သူ့ကို ကြည့်လိုက်ပြီး အသားအရေ လန်းဆန်းလာကြောင်း မြင်လျှင် အလွန်အားကျသွားသည်။ “ဒီသစ်သီးက သာမန်သစ်သီးမှ မဟုတ်တာ... ကမ္ဘာဦးသစ်ပင်က သစ်သီးလေ... ကမ္ဘာမြေမှုန်တာအိုသစ်သီးလို့ ခေါ်တယ်... ကမ္ဘာဦးသစ်ပင်က ယွမ်တုထဲက ကောင်းကင်နဲ့မြေပြင်ရဲ့ အမြစ်ပဲ... ကောင်းကင်နဲ့မြေပြင်ထဲက ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူပေးပြီး အမိကမ္ဘာမြေရဲ့ ကျင့်စဉ်စွမ်းအင်ထဲ ဖြည့်ပေးတယ်.. ဒီသစ်သီးက သိပ်ကို ရှားတာ မောင်လေးရဲ့... အမိကမ္ဘာမြေ ကမ္ဘာမြေမှုန်တာအိုသစ်သီးကို တခြားသူတစ်ယောက်ဆီ ပေးတာမျိုး ရှားတယ်... နဂါးဟန်ခေတ်အစောပိုင်းကာလတုန်းကပဲ ရှေးဟောင်းနတ်ဘုရားတွေနဲ့ စားသောက်ပွဲမှာ တည်ခင်းကျွေးမွေးဖို့ ကောင်းကင်နတ်ဧကရာဇ်အတွက် ခူးပေးခဲ့ဖူးတာတဲ့... နဂါးဟန်ခေတ် ကောင်းကင်နတ်ဘုံ တည်ထောင်တဲ့အချိန်တုန်းက ကမ္ဘာမြေမှုန်တာအိုသစ်သီးကို စားပိုင်ခွင့်ရှိတဲ့ ရှေးဟောင်းနတ်ဘုရားတွေ များများစားစား ရှိတာမဟုတ်ဘူး”
ချင်မူ နောက်လှည့်ကြည့်သည့်အခါ ရောင်ခြည်စက်ဝန်းကလည်း သူနှင့်အတူ လှည့်လာသည်။ သူ့ခေါင်အနောက်၌ အမြဲကပ်နေသဖြင့် ချင်မူမှာ နောက်စေ့မလုံ ဖြစ်နေမိ၏။
ကမ္ဘာမြေမှုန်တာအိုသစ်သီးက အမိကမ္ဘာမြေ၏ ကောင်းချီးကြောင့် ဖွဲ့တည်လာသော ရောင်ခြည်စက်ဝန်းအတွင်း၌ ကိန်းအောင်းနေသည်။ ခြောက်ကပ်နေသော်လည်း အတွင်းထဲရှိ စွမ်းအားက အံ့အားသင့်ဖွယ်ရာကောင်းလေသည်။
သို့သော် သူ့ကို စိတ်မအေးမချမ်း ဖြစ်စေသည်မှာ သစ်သီးမဟုတ်... အမိကမ္ဘာမြေ၏ ကောင်းချီးဖြစ်သည်။
နဂါးဟန်ခေတ်သို့ ပြန်ရောက်သွားတုန်းက ကောင်းကင်နတ်အရှင်ခုနစ်ပါးအနက်မှ အများစုနှင့် ချင်မူ ဆုံတွေ့ခဲ့ဖူး၏။ သူတို့၏ခေါင်းအနောက်တွင် ရှေးဟောင်းနတ်ဘုရားများမှ ကောင်းချီးဖြစ်သော ရောင်ခြည်စက်ဝန်းများ ရှိကြသည်။
ရှေးဟောင်းနတ်ဘုရားတို့၏ ကောင်းချီးများက အသက်ရှင်ခြင်း၊ ချမ်းသာခြင်း၊ အို၊ နာ၊ သေဘေးမှ ကင်းလွတ်ခြင်း စသဖြင့် မျိုးစုံ ရှိကြသည်။ သို့သော် ရှေးဟောင်းနတ်ဘုရားအားလုံးဆီမှ ကောင်းချီးတို့ လက်ခံရရှိထားသော ကောင်းကင်နတ်အရှင်ယွီပင် အသတ်ခံခဲ့ရသည့်အပြင် ဝိညာဉ်လည်း ဖြိုခွဲခံခဲ့ရသည်။
နှစ်တစ်သန်းကြာသော် ချင်မူ သူ့ကို အသက်ပြန်သွင်းပေး၍ ပြန်ရှင်လာခဲ့သော်လည်း ကျပ်မပြည့်သော အရူးသဖွယ် ဖြစ်လာခဲ့သည်။ ဤအခြင်းအရာမှတစ်ဆင့် ကောင်းချီးများသည်ပင် လူတစ်ယောက်၏ ဘေးကင်းလုံခြုံမှုအား အာမ,မခံနိုင်ကြောင်း ပေါ်လွင်ပေသည်။
‘ငါ ကောင်းချီးပေးခံလိုက်ရတဲ့ ရောင်ခြည်စက်ဝန်းက မျက်ခြေမပြတ်ကြည့်နေတဲ့ သူလျှိုနဲ့ ပိုတူတယ်... ငါ ထွက်ပြေးရင် အမိကမ္ဘာမြေက ဒီရောင်ခြည်စက်ဝန်းကနေတစ်ဆင့် ငါ့ကို ရှာနိုင်သေးတယ်... ဒါကို ဘယ်လိုဖယ်ရှားရပါ့”
ချင်မူ အားအင်ကုန်ခမ်းနေသော ပုံစံဖြင့် သမ်းဝေလိုက်သည်။ ကုန်းစွန်းယန်က အလျင်အမြန် ထသွားပြီး ပြောလေသည်။ “မောင်လေးချင်၊ အရင်ဆုံး နားလိုက်ဦးနော်”
သူမက အခန်းထဲမှ ခပ်သုတ်သုတ် ထွက်သွားကာ တံခါးပိတ်လိုက်သည်။ ချင်မူ ငေါက်ခနဲ ထရပ်ပြီး လန်းဆန်းတက်ကြွနေ၏။ စောစောက ပင်ပန်းနွမ်းနယ်နေသောပုံစံအား မည်သည့်နေရာတွင်မှ မမြင်ရတော့ပေ။
သူက ဖန်ဆင်းပညာ ထုတ်ဖော်၍ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်အသွင် ပြောင်းလိုက်သည်။ ခေါင်းသုံးလုံး ထွက်လာသည့်အခါ ရောင်ခြည်စက်ဝန်းကို သူ ကြည့်နိုင်သွား၏။
ရောင်ခြည်စက်ဝန်းအတွင်း၌ အလွန်အနုစိတ်သော သင်္ကေတအမှတ်အသားများ စီးဆင်းနေသည်။ သင်္ကေတအမှတ်အသားများက ရောင်ခြည်စက်ဝန်းကို ဖွဲ့စည်းထားခြင်း ဖြစ်ပြီး အသေးငယ်ဆုံး အမှုန်အရွယ်အစားအထိ သေးမှုန်နေကြသည်။
ချင်မူ ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။
သံလိုက်ဆွဲအား သင်္ကေတအမှတ်အသားများအပြင် တခြားသင်္ကေတအမျိုးအစားများလည်း ရှိချေသည်။ သူ ထင်ထားသည်ထက် များစွာရှုပ်ထွေးနေသည်။
သံလိုက်ဆွဲအား သင်္ကေတများသာဆိုလျှင် အဆင်ပြေသေးသည်။ အဘွားစစ်က သံလိုက်ဆွဲအား သင်္ကေတအမှတ်အသား ၁၉၀၀ မျိုး ထုတ်ဖော်ထားပြီး ဖြစ်သည့်အတွက် သူ့တွင် ဖြေရှင်းစရာ နည်းလမ်း ရှိ၏။
သို့တိုင်အောင် အခြားသင်္ကေတအမှတ်အသားများက အတော်လေး လက်ပေါက်ကပ်ချေသည်။ ၎င်းတို့က မျဉ်းကြောင်းများ၊ မြစ်များ၊ ပင်လယ်များ၊ ကန်များအစရှိသဖြင့် အမျိုးမျိုး ဖွဲ့တည်ထားကြသည်။ မြက်သဏ္ဍာန်၊ သစ်ပင်သဏ္ဍာန်နှင့် ပန်းပွင့်သဏ္ဍာန်များလည်း တွေ့မြင်ရပြီး တချို့ဆိုလျှင် သူ မည်သည့်နေရာတွင် သုံးမှန်း သိပင် မသိတော့အောင် နက်နဲလှ၏။
အမိကမ္ဘာ၏ မဟာတာအိုက မုချ ရှုပ်ထွေးလိမ့်မည်။
ထို့အပြင် ရောင်ခြည်တို့က ဤသင်္ကေတအမှတ်အသားများဖြင့် ဖော်ဆောင်ထားသော ကောင်းကင်နတ်သိုင်းတစ်ခု ဖြစ်၏။ ချင်မူမှာ အမိကမ္ဘာမြေ ခြေရာမခံနိုင်အောင် မည်သို့ထွက်ပြေးရမည်မှန်း မစဉ်းစားတတ်တော့ပေ။
‘ဟုတ်သား ကောင်းကင်ဆရာသခင် ကျစ်ရှီ ရှိသေးတာပဲ’
ချင်မူ့မျက်လုံးများ အရောင်တောက်သွားသည်။ ကောင်းကင်ဆရာသခင်လေးပါးအနက် စာပေသမားသည် တန်ခိုးရှင်သစ်ခုတ်သမားလောက် ဗဟုသုတမနှံ့စပ်သော်လည်း သိုင်းအဆင့်က သူ့ထက် အများကြီးသာ၏။ သူမတွင် ဤရောင်ခြည်စက်ဝန်းကို ဖယ်ရှားနိုင်မည့် နည်းလမ်းတစ်ခုတော့ ရှိကောင်းရှိလိမ့်မည်။
သူက ဤနေရာထိ တွေးနေရင်း လွင့်မျောနေသော သစ်သီးကို လှမ်းယူလိုက်သည်။ သူ သစ်သီးကို လှမ်းဆုပ်လိုက်သည်နှင့် ရောင်ခြည်စက်ဝန်းအပြင် ထုတ်ရန် အခက်အခဲရှိကြောင်း ခံစားလိုက်ရသည်။
သစ်သီးကို သူ ဆွဲထုတ်ပါက ရောင်ခြည်စက်ဝန်း၏ ပတ်ပတ်လည်တွင် အလင်းတန်းများ ကွန့်မြူးလာပြီး အပ်ချည်ကြိုးများသဖွယ် တာအိုသစ်သီးနှင့် တွဲဆက်ထား၏။ နည်းနည်းလေး ဆွဲလိုက်သည်နှင့် နောက်မှပြန်ဆွဲနေသော တင်းအားကို ခံစားရသည်။
‘တခြားသူတွေက ပစ္စည်းတွေ အရောင်းအဝယ် လုပ်ကြပေမယ့် အမိကမ္ဘာမြေကတော့ ကောင်းချီးကို အသုံးချပြီး ကမ္ဘာမြေမှုန်တာအိုသစ်သီးကို ငါ့ဆီ ပေးတယ်... ငါ့မှာ ငြင်းလို့တောင် မရဘူး’
ချင်မူ တနုံ့နုံ့ ဒေါသထွက်နေသည်။ တာအိုသစ်သီးနှင့် ရောင်ခြည်စက်ဝန်းက သူ့ခေါင်းနောက်၌ ကပ်နေပြီး မည်သို့မျှ ဖယ်ရှားမရ ဖြစ်နေသည်။
အခြားသူများအတွက် အမိကမ္ဘာမြေ၏ ကောင်းချီးနှင့် ကမ္ဘာမြေမှုန်တာအိုသစ်သီးက အိပ်မက်သာ မက်နိုင်သော ရတနာများ ဖြစ်ကြသော်လည်း ချင်မူ့အတွက်မူ ဝန်ထုပ်ဝန်ပိုးများ၊ အန္တရာယ်များနှင့် မခြားပေ။ သူ့မှာ ၎င်းတို့ကို လွှတ်ပစ်ရန် မစောင့်နိုင်ဖြစ်နေတော့သည်။
စွမ်းအင်လှိုင်းများက ကမ္ဘာမြေမှုန်သစ်သီးဆီမှ သူ၏ကောင်းကင်ရတနာများအတွင်းသို့ အဆက်မပြတ် စီးဆင်းနေပြီး သူ၏မူလဝိညာဉ်၏ စုပ်ယူခြင်း ခံနေရသည်။ အတင်းအကြပ် ဝင်လာသည့် စွမ်းအင်လှိုင်းများကြောင့် သူ၏အရပ်ခြောက်မျက်နှာမြေပြင်မှာ ပိုမိုခိုင်ခံလာပြီး ကျယ်ဝန်းနက်ရှိုင်းလာ၏။
‘ဒီကမ္ဘာမြေမှုန်တာအိုသစ်သီးရဲ့ ကောင်းကျိုးတွေက တော်တော် အံ့အားသင့်စရာကောင်းပေမယ့် အမိကမ္ဘာမြေရဲ့ အသိစိတ်အလျဉ် ကိန်းအောင်းနေနိုင်ခြေရှိတာ နှမြောစရာပဲ... သူ ငါ့တည်နေရာကို သိနေလိမ့်မယ်’
ချင်မူမှာ သစ်သီးကို မည်သို့မျှ ဆွဲမထုတ်နိုင်သဖြင့် လက်လျှော့လိုက်ရတော့သည်။ ‘သစ်သီးထဲက စွမ်းအင်တွေကို စုပ်ယူနိုင်လိုက်ရင် စောင့်ကြည့်ခံနေရတဲ့အဖြစ်ကနေ လွတ်မြောက်မသွားဘူးလား’
ချင်မူက လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်၏ လှည့်ပတ်နည်းအတိုင်း တာအိုသစ်သီးဆီမှ စွမ်းအင်များကို စုပ်ယူရင်း သန့်စင်သောမှော်စွမ်းအင်အဖြစ် ပြောင်းလဲနေသည်။ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်သည်လည်း သူ၏မူလဝိညာဉ်၊ ရုပ်ခန္ဓာနှင့် ကောင်းကင်ရတနာများကို ခိုင်မာတောင့်တင်းလာအောင် အားဖြည့်ပေးနေ၏။
သူ၏မှော်စွမ်းအင်နှင့် ကျင့်စဉ်စွမ်းအင်က ရေလှိုင်းလုံးကြီးလို တရှိန်ထိုး မြင့်တက်လာသည်။ ဤနှုန်းထားအတိုင်း ဆက်လက်ကျင့်ကြံသွားလျှင် သူ၏မှော်စွမ်းအင်က သေခြင်းရှင်ခြင်းကောင်းကင်ရတနာ အတားအဆီးနံရံကို ချိုးဖျက်ရန် လုံလောက်သွားလိမ့်မည်။
‘ငါ့အရပ်ခြောက်မျက်နှာမြေပြင်ထဲက သစ်ပင်သန္ဓေတည် ကောင်းကင်တံတားက တာအိုသစ်သီးရဲ့ စွမ်းအင်ကို စုပ်ယူနေတာပါလား... လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ထက်တောင် မြန်သေးတယ်”
ချင်မူမှာ အံ့ဩမဆုံးတော့ပေ။ သစ်ပင်သန္ဓေတည် ကောင်းကင်တံတားသည် ရှုရှန်းဟွာ၏ စိတ်ကူးဖြစ်ပြီး သူတို့နှစ်ယောက်အတူတူ ပြီးပြည့်စုံအောင် မွမ်းမံခဲ့ကြခြင်း ဖြစ်သည်။
ယခုတွင် သစ်ပေသန္ဓေသည် တာအိုသစ်သီးဆီမှ စွမ်းအင်များကို အသည်းအသန် စုပ်ယူရင်း ကြီးထွားလာနေ၏။
ချင်မူ မှင်သက်သွားသည်။ အရပ်ခြောက်မျက်နှာမြေပြင်ထဲ၌ သစ်ပင်သန္ဓေ အမြစ်တွယ်ထားသော မြင်ကွင်းသည် ရှေးဟောင်းကမ္ဘာဦးဘုံနှင့် အလွန်ဆင်တူနေသည် မဟုတ်လော...
ကမ္ဘာဦးဘုံတွင်လည်း ကောင်းကင်နှင့်မြေပြင်၏ အလယ်ဗဟို၌ အမြစ်တွယ်နေသည့် နတ်သစ်ပင်ကြီးတစ်ပင် ရှိသည်။
“ရှုရှန်းဟွာက ငါ့အောက် နည်းနည်းလေးပဲ နိမ့်ကျတဲ့ လောကသခင်ခန္ဓာအတု ပီသပါပေတယ်... ဒီသစ်ပင်သန္ဓေတည် ကောင်းကင်တံတားက ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအိုနဲ့ မထင်မှတ်ဘဲ သွားတူနေတာပဲ... အမှန်တကယ် လေးစားစရာကောင်းတယ်”
ချင်မူ တလေးတစား စုပ်သပ်နေမိ၏။ “သစ်ပင်သန္ဓေတည် ကောင်းကင်တံတားက တာအိုသစ်သီးရဲ့ စွမ်းအင်တွေကို စုပ်ယူနိုင်လိုက်ရင် ငါ ဒီတာအိုသစ်သီးကို မြန်မြန်အစာချေပြီး အမိကမ္ဘာမြေရဲ့ မျက်စိအောက်ကနေ လွတ်မြောက်သွားလိမ့်မယ်”
သို့သော် သူက အသက်ငယ်လွန်းသေးကြောင်း သဘောပေါက်လိုက်သည်။ သစ်သီးမှ စီးဝင်လာသော စွမ်းအားများကို အတတ်နိုင်ဆုံး ချေဖျက်နေပြီး သစ်ပင်သန္ဓေတည်ကောင်းကင်တံတားမှာလည်း ပိုမိုအသက်ဝင်လာသော်လည်း သစ်သီးထဲရှိ စွမ်းအင်က လျော့ကျသွားသော အရိပ်အယောင် မပြသေးပေ။
သူ သုံးစွဲပြီးသွားသည့် စွမ်းအင်မှာ ကမ္ဘာမြေမှုန်သစ်သီး၏ စုစုပေါင်းစွမ်းအင်မှ တစ်ထောင်ပုံတစ်ပုံအသာထား၊ တစ်သန်းပုံ တစ်ပုံပင် မရှိသေးချေ။
“အမိကမ္ဘာမြေက တော်တော် ရက်ရောတာပဲ...”
ချင်မူမှာ ခေါင်းကိုက်လာတော့သည်။ သူက တံခါးကို တွန်းဖွင့်၍ အပြင်ထွက်လိုက်၏။ တံခါးအပြင်တွင် နဂါးချီလင်က ခြေနှစ်ချောင်းကို ကားလျက် နံရံကို မှီထားသည်။ သူ့ပုံစံက ဖင်ထိုင်လျက် ထိုင်၍ ကျင့်ကြံအားထုတ်နေသောအသွင် ရှိနေသည်။
ချင်မူ ထွက်လာသည်ကို မြင်လျှင် နဂါးချီလင်က ကပျာကယာ ကုန်းရုန်းထပြီး မေးလေသည်။ “ဂိုဏ်းသခင်၊ အစာစားရမယ့် အချိန်လား”
“အေး”
ချင်မူက စွမ်းအင်ဆေးလုံးများ ထုတ်၍ တစ်ဇလုံးစလုံးအပြည့် ထည့်ပေးလိုက်သည်။ “ဖက်တီးနဂါး၊ မင်းရဲ့ လူထိန်းကျမ်းစဉ် အခြေအနေ ဘယ်လိုရှိတုန်းကွ”
နဂါးချီလင်က ခေါင်းမဖော်ဘဲ စားနေရာမှ ပြန်ဖြေသည်။ “ဒုတိယအတွဲရဲ့ ဆဋ္ဌမအခန်း မပြီးသေး...”
သူ ရုတ်တရက် သဘောပေါက်သွား၍ သွေးများ အေးစက်သွားတော့သည်။
ချင်မူ သရော်တော်တော် ပြောလိုက်၏။ “မင်း ရေးတာ နှေးလွန်းတယ်”
နဂါးချီလင်မှာ ပေါင်နှစ်ချောင်းကြား အမြီးကုပ်ထားပြီး စကားမပြောရဲတော့ပေ။
ချင်မူက နှာခေါင်းရှုံ့နေသဖြင့် နဂါးချီလင် ချွေးတဖြိုက်ဖြိုက် ကျလာသည်။ ဤအချိန်တွင် ကုန်းစွန်းယန်နှင့် ကောင်းကင်နတ်အရှင်ယွီတို့နှစ်ယောက် ဘုရားကျောင်း၏အနောက်ဘက်မှ ပြန်လာကြသည်။ ကုန်းစွန်းယန်က သစ်သီးလင်ဗန်းတစ်ဗန်း ကိုင်ထားပြီး ချင်မူ အခန်းအပြင် ထွက်လာသည်ကို မြင်လျှင် ဝမ်းသာအားရ ပြောလေသည်။ “မောင်လေးချင်ရေ မောင်လေးစားဖို့ သစ်သီးတွေ ခူးလာတယ်... ဒါတွေအားလုံး အစ်မကိုယ်တိုင် စိုက်ထားတာ ... သိပ်လတ်ဆတ်တယ်”
ချင်မူ ကပျာကယာ ကျေးဇူးတင်၍ စားကြည့်လိုက်၏။ သစ်သီး၏ အရသာက လျှာပေါ်တွင် စွဲနေ၍ ချီးကျူးလိုက်မိသည်။ “မမကြီးရဲ့ သစ်သီးတွေက ကြီးလည်း ကြီးတယ်.. ချိုလည်း ချိုတယ်နော်”
ကုန်းစွန်းယန်မှာ အလွန်ပျော်သွားသည်။ “မောင်လေးလန်၊ မမဇာမဏီဆီကိုလည်း သွားပို့လိုက်ဦး ... သူလည်း မြည်းကြည့်ရအောင်”
“မလိုဘူး”
ခန်းမ၏အမိုးထက်မှ ဇာမဏီငှက်၏အသံ ထွက်လာသဖြင့် ချင်မူ ခေါင်းမော့ကြည့်လိုက်မိသည်။ ဇာမဏီငှက်သည် တောက်ပြောင်လှပသော အဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်အသွင် ပြောင်းထားကြောင်း မြင်လိုက်ရ၏။ သူမက ကျောက်စိမ်းမြို့တော်ဆီသို့ မမှိတ်မသုန် ကြည့်နေသည်။ မဟာရန်သူတော်တစ်ယောက်ကို စောင့်နေသကဲ့သို့ သူမဆီမှ ပြင်းထန်အားကောင်းသော သတ်ဖြတ်လိုစိတ် ထွက်ပေါ်နေသည်။
ချင်မူ ရင်ထဲတွင် လှုပ်ခတ်သွားပြီး အမိုးပေါ် ခုန်တက်လိုက်သည်။ ဇာမဏီငှက်က အလိုမကျဖြစ်သွားကာ အော်ငေါက်၏။ “အောက်ဆင်းစမ်း... ဒါက နင် လာနိုင်တဲ့နေရာ မဟုတ်ဘူး”
ချင်မူ ပျာပျာသလဲ ပြောလိုက်သည်။ “မောင်လေးက မမကြီးအတွက် ဆေးလုံးတွေ ဖော်ထားပြီးပြီမလို့ မမကြီး အရသာတွေ့ရဲ့လား မြည်းကြည့်စေချင်လို့ပါ... မမကြီး အရသာမတွေ့ရင် မောင်လေး ဆေးညွှန်းပြောင်းပေးမယ်”
ဇာမဏီငှက်၏မျက်နှာအမူအရာ ပျော့ပျောင်းသွားပြီး သူမက ပြောလေသည်။ “ငါ့ကို မမကြီးလို့ ခေါ်ပြီး ရင်းနှီးသလို လုပ်မနေနဲ့... ငါ့နာမည်က ဖုန့်ချိုးယွင်.... နတ်ဘုရားမချိုးယွင်လို့ပဲ ခေါ်”
ဖုန့်ချိုးယွင်က တစ်လုံးစားကြည့်ပြီး ပြောသည်။ “မီးဓာတ်က နည်းနည်း လေးနေတယ်.. ငါက အထွတ်အမြတ်မီးလျှံမဟာတာအိုကို ကျင့်ကြံတဲ့ ဇာမဏီဖုန့်ဟွမ်ငှက်ပဲ... စွမ်းအင်ဆေးလုံးထဲက မီးဓာတ်က အရည်အသွေးနိမ့်လွန်းလို့ အရသာမတွေ့ဘူး....
“အောက်ဆင်း ... ဒီနေရာက မင်း ရှိသင့်တဲ့နေရာမဟုတ်ဘူး... စွမ်းအင်ဆေးလုံးကိစ္စကို ဘေးဖယ်ထား.. အမိကမ္ဘာမြေရဲ့ကိစ္စက အရေးကြီးတယ်... မြန်မြန်ကျင့်ကြံအားထုတ်ချည်”
ချင်မူ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “မမကြီးချိုးယွင်၊ ကျွန်တော်က တံခါးပိတ်ကျင့်ကြံရတာမျိုးနဲ့ ကျင့်သားမရဘူးဗျ... အနောက်ပြေးလိုက်၊ ရှေ့ပြေးလိုက် လှုပ်ရှားရင်း ကျင့်ကြံတာပဲ များတယ်... တိုက်ခိုက်ရင် ကျွန်တော့်သိုင်းကျင့်နှုန်းက ပိုတောင် မြန်သေးတယ်... မမကြီးချိုးယွင် ဘာကို ကြည့်နေတာလဲ”
ဖုန့်ချိုးယွင်က မမကြီးဟု ခေါ်နေသေးသည်ကို ကြားလျှင် မှုန်ကုပ်သွား၏။ သို့သော် သူ့စိတ်တိုင်းကျသာ ခေါ်ခွင့်ပေးထားလိုက်သည်။ “တိုက်ခိုက်ရင် သိုင်းကျင့်နှုန်း ပိုမြန်တာလား”
ချင်မူ ခေါင်းညိတ်လိုက်သည်။
“ဒါဖြင့် ငါ နင့်ကို တိုက်ခိုက်ဖို့ ခေါ်သွားပေးမယ်”
ဖုန့်ချိုးယွင်က ပြောသည်။ “ယန်အာ၊ နင်တို့ ဒီမှာ နေခဲ့... ငါ သူ့ကို ခေါ်ပြီး မြို့တော်မှာ သွားတိုက်ခိုက်ဦးမယ်”
ကုန်းစွန်ယန် ကမန်းကတန်း မေးလိုက်၏။ “အဆင်ပြေပါ့မလား မမရယ်... မောင်လေးချင် ဒဏ်ရာအပြင်းအထန် ရထားတာလေ... သူ့ကို ခေါ်ပြီး ဘယ်လိုတိုက်ခိုက်မှာတုန်း... သူ တစ်ခုခုဖြစ်သွားရင် မမ အမိကမ္ဘာမြေဆီ ဘယ်လိုဖြေမလဲ”
ခေါင်မိုးပေါ်ရှိ ဇာမဏီငှက်မှာ ဒေါသထွက်သွားပုံရပြီး ရှေ့လျှောက်၊ နောက်လျှောက်ရင်း ဂနာမငြိမ် ဖြစ်နေတော့သည်။
ချင်မူ စိတ်ရှုပ်ထွေးစွာဖြင့် မေးကြည့်မိ၏။ “မမကြီးချိုးယွင်၊ စိတ်ထဲ တစ်ခုခုရှိနေလို့လား”
ဖုန့်ချိုးယွင်က ပြန်မဖြေ။ ခြေလှမ်းများကို ရပ်၍ ကျောက်စိမ်းမြို့တော်ဆီသို့ စိုက်ကြည့်နေသည်။
ကုန်းစွန်းယန်က လှမ်းခေါ်သည်။ “မောင်လေးချင်၊ အောက်မှာ သစ်သီးလာစားလှည့်ဦး... အများကြီး ကျန်သေးတယ်”
ချင်မူမှာ အမိုးပေါ်မှ ဆင်းလိုက်ပြီး ဗိုက်ပြည့်သွားသည့်တိုင်အောင် သစ်သီးများ စားလိုက်ရသည်။ လင်ဗန်းပေါ်ရှိ အသီးများ ကုန်သွားသည့်အခါ ကုန်းစွန်းယန်က ထပ်သွားခူးရန် ပြင်နေသဖြင့် ချင်မူ ပြုံးလျက် ပြောလိုက်၏။ “မမကြီးယန်၊ ကျွန်တော် ဗိုက်ပြည့်သွားပြီ... ဒါနဲ့ မမကြီးရဲ့ ခေါင်းနောက်က ဒီအပင်ပေါက်လေးက ဘာလေးလဲ”
သူက ပြောရင်းဆိုရင်း ကုန်းစွန်းယန်၏ ခေါင်းအနောက်မှ ရောင်ခြည်စက်ဝန်းထဲရှိ အပင်ပေါက်လေးကို လှမ်းထိကြည့်သည်။
ကုန်းစွန်းယန်ဆီမှ ခပ်တိုးတိုး ညည်းသံလေး ထွက်လာကာ သူမမျက်နှာမှာလည်း နီရဲသွားတော့သည်။ သူမက အသံတိုးတိုးလေးဖြင့် ရှက်ရွံ့စွာ ပြော၏။ “မထိနဲ့... ထိလို့မရဘူး...”
ချင်မူ အူကြောင်ကြောင် ဖြစ်သွားသည်။ “ဘာလို့ထိလို့မရတာလဲ”
ကုန်းစွန်းယန်၏မျက်နှာမှာ ပို၍ပင် နီရဲလာပြီး အသံမထွက်ရဲတော့ပေ။
“အရူး”
ဖုန့်ချိုးယွင်က ခေါင်းမိုးအပေါ်မှ ခုန်ဆင်းပြီး သရော်တော်တော် ပြောသည်။ “အဲဒါက ယန်အာရဲ့ မူလဝိညာဉ်ဟဲ့... နင် ဘာလို့ သူ့မူလဝိညာဉ်ကို လက်ရဲဇက်ရဲ သွားထိနေတာလဲ... အဲဒါက သူ့ကို လှုံ့ဆော်ရာရောက်တယ်... သူ့ခန္ဓာကိုယ်ကို နင် တိုက်ရိုက်ထိတာထက်တောင် ပိုဆိုးသေးတယ်.... ယန်အာက အစတုန်းက ကမ္ဘာမြေမှုန်တာအိုသစ်သီးတစ်လုံးရဲ့ အူတိုင်ကနေ မွေးဖွားလာတဲ့ အပင်ပေါက်လေးတစ်ပင်ပဲ... အမိကမ္ဘာမြေက ကောင်းကင်ယင်ကမ္ဘာရဲ့ ရေနဲ့ သူ့ကို လောင်းပေးလိုက်လို့မှ အသိဉာဏ်ဖြစ်တည်လာတာ... ဒါပေမဲ့ သစ်သီးရဲ့ အူတိုင်ဆိုမှတော့ သူ့မှာ ဘာရှိမလဲ... သူ့မူလဝိညာဉ်က စုပ်ယူစရာ အာဟာရဓာတ်မရှိလို့ အင်မတန် အားနည်းနေတယ်”
ချင်မူ့မျက်နှာလည်း နီရဲသွားသည်။ “မမကြီးယန်က မူလဝိညာဉ်ကို သုံးပြီး ကျွန်တော့်အသက် ကယ်ပေးခဲ့တယ်... ကျွန်တော့်မှာ မမကြီးဆီ ပြန်ပေးစရာလည်း မရှိဘူး...”
“လက်ထပ်ပေးလိုက်ပေါ့” ဖုန့်ချင်းကျိုးသည် ဆတ်ဆတ်ကြဲ ဒေါသထွက်တတ်ပုံရ၏။ သူမက အမျက်တချောင်းချောင်း ထွက်နေသော အမူအရာဖြင့် ရှေ့လျှောက် နောက်လျှောက် လျှောက်နေလေသည်။
ချင်မူ့မျက်ဝန်းများ အရောင်တောက်သွားသည်။ “ကမ္ဘာမြေမှုန်တာအိုသစ်သီးက မမကြီးကို ကူညီပေးနိုင်မလား မသိဘူး... ကမ္ဘာမြေမှုန်တာအိုသစ်သီးထဲက စွမ်းအင်နဲ့ မမကြီးရဲ့ မူလဝိညာဉ်ကို သန်မာလာအောင် လုပ်ပေးလို့ရလား”
ကုန်းစွန်းယန်က ပျာပျာသလဲ ငြင်းသည်။ “ဘယ်လိုလုပ် သင့်တော်ပါ့မလဲ... တာအိုသစ်သီးက သေခြင်းရှင်ခြင်းကောင်းကင်ရတနာ ဖွဲ့တည်နိုင်အောင် မောင်လေးဆီကို အမိကမ္ဘာမြေကိုယ်တိုင် ပေးထားတဲ့ ရတနာလေ... အစ်မက ဘယ်လိုလုပ်ပြီး....”
ချင်မူ အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “တာအိုသစ်သီးထဲက စွမ်းအင်တွေက သုံးလို့တောင် မကုန်ပါဘူးဗျာ.. သေခြင်းရှင်ခြင်းကောင်းကင်ရတနာ ဖွဲ့တည်ပြီးရင်တောင် ပိုနေဦးမှာ”
ချင်မူက ကုန်းစွန်းယန်၏လက်ကို ဆုပ်ကိုင်ပြီး တာအိုသစ်သီးထဲမှ စွမ်းအင်တချို့အား သူမဆီသို့ လမ်းညွှန်ပေးလိုက်သည်။ ကုန်းစွန်းယန်မှာ ငြင်းရန် ပြင်နေသော်လည်း စွမ်းအင် စီးဆင်းဝင်ရောက်လာသည့်အခါ အလွန်သက်တောင့်သက်သာ ဖြစ်သွား၏။ အမိဝမ်းထဲ၊ သစ်သီး၏အူတိုင်ထဲသို့ ပြန်ရောက်သွားသည့်အလား လွန်စွာသက်တောင့်သက်သာ ရှိလေသည်။
သူမခေါင်းအနောက်ရှိ အပင်ပေါက်လေး၏ နူးညံ့သော အရွက်လေးနှစ်ဖက်သည် ပူးကပ်နေရာမှ တဖြည်းဖြည်း ကွာလာကာ ညင်သာစွာ လှုပ်ခတ်နေ၏။
“မဖြစ်တော့ဘူး”
ဖုန့်ချိုးယွင်က ဒေါသများဖြင့် ဝုန်းခနဲ ထခုန်လိုက်ပြီး ဇာမဏီမီးလျှံများက သူမတစ်ကိုယ်လုံး လွှမ်းခြုံသွားတော့သည်။ “အဲဒီခွေးမလေးကို ရှာပြီး ပညာပေးရမယ်”
ချင်မူမှာ လန့်သွားရာမှ မေးလိုက်၏။ “မမကြီးချိုးယွင် ပြောနေတာ ဘယ်သူလဲ”
“ချီရှားယွီ”
ဖုန့်ချိုးယွင်မှာ ဒေါသအမျက်ကို မမြိုသိပ်နိုင်တော့ဘဲ အံတင်းတင်းကြိတ်နေသည်။ “အဲဒီအပျက်မလေးက ဇာမဏီဖုန့်ဟွမ်မျိုးနွယ်တစ်စုလုံးကို သစ္စာဖောက်သွားတာလေ... ငါနဲ့ ကျောက်စိမ်းမြို့တော်ဆီ လိုက်ခဲ့.. ငါ သူ့ကို သေအောင် ရိုက်သတ်ပစ်မယ်”