ကြွားခြင်း
Vol. 59 Ch. 785
‘ဇာမဏီနတ်မင်း ချီရှားယွီပဲလား’
ချင်မူ့တွင် ထူးဆန်းသော အမူအရာ ရှိနေသည်။ ဇာမဏီနတ်မင်းချီရှားယွီ သစ္စာဖောက်ခဲ့သူ မည်မျှများသနည်း။
သိကြားဗုဒ္ဓနှင့် သူမ၏ ပတ်သက်မှုက မရှင်းလင်းသလို၊ ပိုင်ချွီအာကလည်း အဖြေတစ်ခုအတွက် သူမနောက် လိုက်နေသည်။ ယခုတွင် အမိကမ္ဘာမြေ၏ လက်အောက်ခံ ဇာမဏီမီးငှက်မျိုးနွယ်မှ ဖုန့်ချိုးယွင်ကလည်း သူမကို ရိုက်သတ်ချင်နေပြန်၏။
ဇာမဏီနတ်မင်းချီရှားယွီ အပြင်ထွက်လာသည်နှင့် ဒေါသတကြီး အော်ဟစ်သံများ အမြဲကြားရတတ်သည်။
‘ဒါပေမဲ့ ထူးဆန်းတယ်... ပိုင်ချွီအာ ချီရှားယွီနောက် လိုက်နေတဲ့ အကြောင်းရင်းက ပိုင်ချွီအာတို့ရဲ့ ချုံဧကရာဇ်ကောင်းကင်နတ်ဘုံကို ချီရှားယွီ သစ္စာဖောက်ခဲ့တာကြောင့်ပဲ... အခု ဖုန့်ချိုးယွင်က ဇာမဏီမျိုးနွယ်ကို သူ သစ္စာဖောက်တယ် ပြောတယ်... သူတို့ဇာမဏီမျိုးနွယ်က အမိကမ္ဘာမြေရဲ့ လက်အောက်က ဇာမဏီမျိုးနွယ်... အမိကမ္ဘာမြေကကျ မင်းဆက်ဆယ့်ငါးဆက် ရှိတဲ့ ချုံဧကရာဇ်ကောင်းကင်နတ်ဘုံကို အထောက်အပံ့ပေးတဲ့သူ...’
ချင်မူ အတွင်းထဲ နစ်မျောသွားသည်။ ‘အဲဒီကောင်းကင်နတ်ဘုံနှစ်ဘုံက တစ်ခုတည်းများလား... ပိုင်ချွီအာက နတ်နဂါးမင်းတစ်ပါးရဲ့ သွေးသား၊ နဂါးမျိုးနွယ်ကလည်း နတ်ဘုရားတစ်ပိုင်းအဖြစ် ထည့်တွက်လို့ရတယ်... သူက အမိကမ္ဘာမြေလက်အောက်ကများလား... ဒါပေမဲ့ အဲဒီလိုဟုတ်ပုံမရပါဘူး..’
ပိုင်ချွီအာသည် ချုံဧကရာဇ်၏ စကားတစ်ခွန်းကို ချင်မူ့ထံ ပြောပြခဲ့ဖူးသည်။ ထိုစကားက ‘လူ့အသက်သည် ကောင်းကင်ဘုံထက် ကြီးမြတ်သည်’ ဟူ၍ ဖြစ်၏။
ချင်မူမှာ အမိကမ္ဘာမြေထောက်ခံသော ချုံဧကရာဇ်ကောင်းကင်နတ်ဘုံအကြောင်း သိပ်မသိသော်လည်း ထိုချုံဧကရာဇ်ကောင်းကင်နတ်ဘုံ၏ ထောက်တိုင်အများစုက နတ်ဘုရားတစ်ပိုင်းများ ဖြစ်မှန်း သိထားသည်။ ထိုနတ်ဘုရားတစ်ပိုင်းတို့၏ အပြုအမူအများအရ လူ့အသက်ကို အရေးထားသောပုံစံ လုံးဝမရှိပေ။ သူတို့က လူသားမျိုးနွယ်အပေါ် စက်ဆုပ်ရွံရှာပြီး ရန်ငြိုးထားကြသည်။
ဥပမာ - ရေချီလင်။ ရေချီလင်သည် အသက်ဝင်လာပြီး ချင်မူ၊ ကောင်းကင်နတ်အရှင်ယွီနှင့် သိကြားဗုဒ္ဓတို့ကို မြင်ခဲ့စဉ်အခါက သူ့အတွက် ဗိုက်ဖြည့်စရာ အဆင့်နိမ့်သတ္တဝါလေးများအဖြစ်သာ မြင်ခဲ့သည်။
သို့သော် ပိုင်ချွီအာ နေထိုင်ခဲ့သော ချုံဧကရာဇ်ကောင်းကင်နတ်ဘုံတွင် လူ့အသက်သည် ကောင်းကင်ဘုံထက် ကြီးမြတ်၏။ လူ့အသက်ဟုဆိုရာ၌ နတ်ဘုရားများသာမက သာမန်ပြည်သူပြည်သားများ၏ အသက်လည်း ပါဝင်သည်။ မည်သူမဆို တန်းတူအရေးပါကြပြီး နတ်ဘုရားများက ပြည်သူပြည်သားများကို ကာကွယ်ရန် သူတို့အသက်ကိုပင် စွန့်ပေးခဲ့ကြသည်။
ယင်းက ချင်မူ့စိတ်နှလုံးကို လှုပ်ခတ်သွားခဲ့သော အပြုအမူဖြစ်ခဲ့၏။ သူက ထိုခေတ်မှ ထွက်မခွာခင် ‘လူ့အသက်သည် ကောင်းကင်ဘုံထက် ကြီးမြတ်သည်’ ဆိုသော စာကြောင်းကို ကမ်းပါးနံရံ၌ပင် ရေးထွင်းခဲ့သေးလေသည်။
‘သဘောက ဇာမဏီနတ်မင်းချီရှားယွီက အမိကမ္ဘာမြေရဲ့ ဇာမဏီမျိုးနွယ်မှာ မွေးဖွားလာမယ်... နောက်ပိုင်း ဇာမဏီမျိုးနွယ်ကို သစ္စာဖောက်ပြီး ပိုင်ချွီအာရှိတဲ့ ကောင်းကင်နတ်ဘုံမှာ အညံ့ခံလိုက်လိမ့်မယ်... ဒါပေမဲ့ သူ ဇာမဏီနတ်မင်းအဟောင်းကို သတ်လိုက်တဲ့အချိန်မှာ ပြင်ပကောင်းကင်နတ်ဘုံက သူ့ကို အကျဉ်းသားအဖြစ် ဖမ်းပြီး အညံ့ခံ့ခိုင်းခဲ့တာပဲ...’
ချင်မူ မျက်တောင်ပုတ်ခတ်လိုက်မိသည်။ ‘ခိုင်ဧကရာဇ်ခေတ်ရောက်တော့ သူ လီရုံလန်နဲ့ ချစ်သူဖြစ်ပြီး သူ့ကိုလည်း သစ္စာဖောက်မိပြန်တယ်... ဒီမမကြီးချီရှားယွီမှာ ပြဿနာလေးတွေ ရှိနေတာပဲ... ဒါပေမဲ့ ပြဿနာက သူမဟုတ်ဘူး... ပိုင်ချွီအာတို့ရဲ့ ချုံဧကရာဇ်ကောင်းကင်နတ်ဘုံမှာ ရှိနေတာ...’
ချုံဧကရာဇ်ခေတ်၏ ‘လူ့အသက်သည် ကောင်းကင်ဘုံထက် ကြီးမြတ်သည်’ ဆိုသော အယူအဆက ခိုင်ဧကရာဇ်ခေတ်အတွင်း တန်ခိုးရှင်သစ်ခုတ်သမား၏ ပြုပြင်ပြောင်းလဲမှုအတွက် အခြေခံအုတ်မြစ်ဟု ဆိုနိုင်သည်။
ထို့အပြင် ဤအယူအဆသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာခေတ်သို့လည်း ကူးစက်လာခဲ့၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာက အစ်ကိုကြီးဝေ့စွေ့ဖုန်းဆီ သင်ကြားပေးခဲ့သော တန်ခိုးရှင်သစ်ခုတ်သမား၏ အဆုံးအမ၊ အယူအဆများကို နှလုံးမူသည်။ လူငယ်ဂိုဏ်းချုပ်သည် ထိုအဆုံးအမ၊ အယူအဆများကို ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံဆီသို့ လွှဲပြောင်းပေးအပ်ခဲ့ရာမှတစ်ဆင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ထောက်တိုင်ဖြစ်လာစေခဲ့၏။
ခေတ်သုံးခတ်၏ အယူအဆက တစ်ခေတ်မှတစ်ခေတ်သို့ လက်ဆင့်ကမ်းလျက် ရောက်ရှိလာပြီး ဆင့်ကဲတိုးတက်လာခဲ့သည်ဟု ပြောနိုင်ပေသည်။
“မြန်မြန် သွားကြစို့”
ဖုန့်ချိုးယွင် လောနေသည်။ “အဲဒီအပျက်မလေး လွတ်သွားဦးမယ်”
ချင်မူ မအောင့်နိုင်တော့ဘဲ ပြောလိုက်မိသည်။ “မမကြီးချိုးယွင်၊ ကမ္ဘာဦးဘုံထဲက နတ်ဘုရားအားလုံးနီးပါး ကျောက်စိမ်းမြို့တော်ငယ်မှာ စုဝေးနေကြတာနော်... အမိကမ္ဘာမြေ အယောင်ဆောင်ထားတဲ့ တစ်ယောက်အပြင်၊ တခြားနတ်ဘုရားတွေ၊ မိစ္ဆာတွေလည်း တစ်ပုံကြီးပဲ... အဲဒီကို ရောက်နေတဲ့ အဆင့်မြင့်သိုင်းပညာရှင်တွေက တိမ်တိုက်တွေထက်တောင် များသေးတယ်... ကျွန်တော်တို့ အခုလို မဆင်မခြင် ဝင်သွားရင် ဇာမဏီနတ်မင်း လှုပ်ရှားမှာတောင် စောင့်နေစရာမလိုဘူး... တခြားအဆင့်မြင့်ပညာရှင်တစ်ယောက်က ကျွန်တော်တို့ကို သေအောင် ရိုက်သတ်လောက်တယ်ဗျ”
ဖုန့်ချိုးယွင်က ခေါင်းယမ်းသည်။ “အဲဒီအမိကမ္ဘာမြေက အမိကမ္ဘာမြေအတုပဲ... သူ့သရုပ်မှန်ကို ငါ ဖော်ထုတ်နိုင်တာနဲ့ နတ်ဘုရားတစ်ပိုင်းတွေ ငါ့ဘက် ရောက်လာလိမ့်မယ်... နတ်ဘုရားတစ်ပိုင်းတွေရဲ့ အင်အားနဲ့ အဲဒီသစ္စာဖောက်မ ချီရှားယွီကို သတ်ဖို့က အလွယ်လေးပဲ”
ချင်မူ အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “မမကြီးက ရိုးရိုးလေး တွေးနေတာကိုး... မမကြီး အတင်းဝင်သွားရင် အမိကမ္ဘာမြေအတုက နတ်ဘုရားတစ်ပိုင်းတွေကို အသုံးချပြီး မမကြီးကို တိုက်ခိုက်ခိုင်းလိမ်မ့ယ်.... ဒါဆို မမကြီး အားလုံးရဲ့ ပစ်မှတ်ဖြစ်သွားမယ်လေ... ချီရှားယွီနဲ့တောင် မတွေ့လိုက်ရဘဲ အသတ်ခံရလိုက်ရမှာ”
ဖုန့်ချိုးယွင်က ရပ်၍ လှည့်ကြည့်လာသည်။ “နင့်မှာ ဘာအကြံတွေ ရှိလို့လဲ”
ချင်မူ မေးလိုက်သည်။ “မမကြီးမှာ အမိကမ္ဘာမြေရဲ့ ပစ္စည်းတွေ ဘာတွေ ရှိလား... မမကြီးက မည်သူမည်ဝါဖြစ်ကြောင်း၊ အမိကမ္ဘာမြေက အစစ်ဖြစ်ကြောင်း သက်သေပြနိုင်မယ့် အရာမျိုးပေါ့”
ဖုန့်ချိုးယွင်က သရော်တော်တော် ပြော၏။ “အမိကမ္ဘာမြေက အမိကမ္ဘာမြေလေ... သူက ဘယ်သူဖြစ်ကြောင်း သက်သေပြစရာလိုလို့လား... ဘယ်လောက်တုံးလိုက်တဲ့ အတွေးလဲ”
ချင်မူ အေးအေးဆေးဆေး ရှင်းပြလိုက်သည်။ “မမကြီးမှာ အမိကမ္ဘာမြေရဲ့ ပစ္စည်းတွေ မရှိရင် တစ်ဖက်လူက အမိကမ္ဘာမြေအတုဖြစ်ကြောင်း ဘယ်လိုသက်သေပြနိုင်မလဲ... အဲဒီနတ်ဘုရားတစ်ပိုင်းတွေကို တစ်ဖက်လူက ခေါ်ထားတာဆိုတော့ သူတို့လက်ထဲမှာ သေချာပေါက် သက်သေပစ္စည်းတစ်ခုခုတော့ ရှိမှာပဲ... မမကြီးမှာ တစ်ခုမှ မရှိရင် အဲဒီနတ်ဘုရားတစ်ပိုင်းတွေရဲ့ ယုံကြည်မှုကို ဘယ်လိုရယူမလဲ”
ဖုန့်ချိုးယွင်မှာ မျက်မှောင်ကြုတ်သွားပြီး တခဏကြာသော် မေးလေ၏။ “ဒါဆို ငါတို့ ဘာလုပ်ကြမလဲ”
ချင်မူ ပြုံးလျက် ပြောလိုက်သည်။ “မမကြီးအနေနဲ့ ကျောက်စိမ်းမြို့တော်ဆီ သွားပြီး သူ့မျက်နှာဖုံးကို ခွာချချင်တယ်ဆိုရင် တခမ်းတနား ဝင်နိုင်လေလေ၊ ကောင်းလေလေပဲ... အမိကမ္ဘာမြေမှာ သူ့အဆင့်အတန်းကို ကိုယ်စားပြုတဲ့ ရထားလုံးတွေဘာတွေ ရှိလား”
ဖုန့်ချိုးယွင်က ပြောသည်။ “ရှိတာပေါ့... ဒါပေမဲ့ အဲဒါက ခမ်းနားလွန်းတယ်... ဆွဲပေးဖို့ နဂါးရှစ်ကောင်နဲ့ ဇာမဏီရှစ်ကောင်တောင် လိုတာ... ငါတို့ ရထားလုံးကို ယူသွားရင် အမိကမ္ဘာမြေလည်း မသင်္ကာဖြစ်သွားနိုင်တယ်... အမိကမ္ဘာမြေက အပျက်မချီကို သတ်ခွင့်ပြုမှာမဟုတ်ဘူး”
ချင်မူ စဉ်းစားကာ မေးလိုက်၏။ “အမိကမ္ဘာမြေမှာ နည်းနည်းရှိန်စရာကောင်းတဲ့ တခြားရတနာတွေရော ရှိလား”
ဖုန့်ချိုးယွင် မျက်လုံးများအရောင်တောက်သွားပြီး ပြုံးလိုက်သည်။ “အမိကမ္ဘာမြေက ကမ္ဘာပေါ်က အထွတ်အမြတ်နတ်ဘုရားတွေကို ဖိနှိပ်ဖို့ သစ်သားဓားတစ်လက် ဖန်တီးထားတာ ရှိတယ်... အဲဒါကို အမိကမ္ဘာမြေ ကမ္ဘာဦးဓားလို့ ခေါ်တယ်.. ဓားက ဘုရားကျောင်းထဲမှာပဲ... ငါ သွားယူလိုက်ဦးမယ်”
သူမက ပျက်စီးအိုမင်းနေသော ဘုရားကျောင်းထဲသို့ စိတ်လှုပ်ရှားစွာ ဝင်သွား၍ ချင်မူလည်း နောက်မှလိုက်သွားသည်။ ဖုန့်ချိုးယွင်က အမိကမ္ဘာမြေနတ်ရုပ်တုကို လေးလေးစားစား အရိုအသေပေးပြီးနောက် ကျောက်ရုပ်၏ကျောဘက်သို့ ဝင်သွား၏။ နံရံပေါ်၌ သစ်သားဓားတစ်လက် ချိတ်ဆွဲထားလေသည်။
ချင်မူ မှင်သက်သွားပြီး မေးလိုက်မိသည်။ “ဒီသစ်သားဓားက ကမ္ဘာလောကတွေကို ဖိနှိပ်ဖို့ သုံးတဲ့ အမိကမ္ဘာမြေ ကမ္ဘာဦးဓားဆိုတာလား... ဒီမှာ ချိတ်ထားတာပေါ့”
ဖုန့်ချိုးယွင်က ခေါင်းညိတ်ပြ၏။ “ဟုတ်တယ် ဒီဓားပဲ... များသောအားဖြင့် ဒီမှာပဲ ချိတ်ထားတာ”
ချင်မူက ထူးဆန်းသောအမူအရာဖြင့် ဘုရားကျောင်းကို အကဲခတ်နေသည်။ သူ့အကြည့်သည် ပူဇော်ရာစားပွဲခုံ၊ ကျောင်းဆောင်၊ အမွှေးတိုင်ထွန်းသည့် အိုး၊ ခန်းဆီးလိုက်ကာနှင့် ဖျာတို့အပေါ် ကျရောက်သွား၏။
‘အမိုးအောက်မှာ ဆွဲထားတဲ့ ကြေးခေါင်းလောင်းနှစ်လုံးကလည်း ပစ္စည်းကောင်းတွေများလား’
သူ ဤသို့တွေးနေစဉ် ဖုန့်ချိုးယွင်က ကျောက်စိမ်းမြို့တော်ဆီသို့ သွားချင်သည့်အကြောင်း နားပူနားဆာ လုပ်တော့သည်။ ချင်မူ ပြုံး၍ မေးကြည့်လိုက်သည်။ “မမကြီး၊ အမိကမ္ဘာမြေရဲ့ အရှေ့မှာ မမကြီးရဲ့ ရာထူးက ဘာလဲ”
ဖုန့်ချိုးယွင်မှာ အတန်ငယ် တိတ်ဆိတ်သွားပြီးနောက် ရှက်ရွံ့စွာ ပြောလေသည်။ “ငါတို့ဇာမဏီမျိုးနွယ်က ကမ္ဘာဦးသစ်ပင်ပေါ်မှာ နားပြီး အမိကမ္ဘာမြေရဲ့ ရင်ခွင်ကို ခိုလှုံခဲ့ကြတာပါ... ဒါကြောင့် ငါက အမိကမ္ဘာမြေအတွက် ရထားလုံးဆွဲပေးရတယ်... အမိကမ္ဘာမြေရဲ့ ရထားလုံးကို ဆွဲပေးတဲ့ ဇာမဏီရှစ်ကောင်ထဲမှာ ငါလည်း ပါတယ်... ချီရှားယွီလည်း အဲဒီထဲက တစ်ကောင်ပဲ... ဒါပေမဲ့ သူက ဘက်ပြောင်းသွားတယ်”
ချင်မူ တတွတ်တွတ် ရွတ်နေသည်။ “ရထားလုံး ဆွဲပေးရတယ်ဆိုတော့ မမကြီးက အခြွေအရံတစ်ယောက်ပေ့ါ... မမကြီးကို မှတ်မိပြီး မသင်္ကာဖြစ်မယ့် နတ်ဘုရားတစ်ပိုင်းတွေ သေချာပေါက် ရှိလာလိမ့်မယ်... မောင်လေးရဲ့ သိုင်းအဆင့်က နိမ့်ကျတယ်ဗျ.... ချီလင်တွေကလည်း တုံးအပြီး အသုံးမကျဘူး... ဒီတော့ မောင်လေးပဲ ဒုက္ခခံပြီး အမိကမ္ဘာမြေရဲ့ တပည့် လုပ်ရတော့မယ်”
ဖုန့်ချိုးယွင်မှာ သူဆိုလိုသည်ကို နားမလည်ပေ။
ချင်မူ သက်ပြင်းချကာ ပြောလိုက်သည်။ “ကျွန်တော်က ပုန်ကန်မှုကို နှိမ်နင်းပေးမယ့် အမိကမ္ဘာမြေရဲ့ သံတမန်နဲ့ တပည့်ပေါ့ဗျာ... မမကြီးတို့နှစ်ယောက်ကတော့ ကျွန်တော့်ရဲ့ အခြွေအရံ လုပ်ပေါ့... အဲ့အတိုင်းဆို ကမ္ဘာဦးဓားကို ကိုင်ထားပေးဖို့ မမကြီးချိုးယွင်ကိုပဲ ဒုက္ခပေးရတော့မယ်... မမကြီးလန်နဲ့ ညီလေးလန်အတွက် ကိုင်စရာတွေ မရှိသေးဘူးဗျ... တခြားရတနာတွေ ရှိသေးလား... ကျွန်တော်တို့ပုံစံက နွမ်းနွမ်းပါးပါး ဖြစ်နေရင် မယုံဘဲ နေကြလိမ့်မယ်”
ဖုန့်ချိုးယွင်းက ပြော၏။ “ခဏစောင့်.. မြင်းမြီးယပ်တစ်ခု ရှိသေးတယ်... အမိကမ္ဘာမြေက ကမ္ဘာဦးသစ်ပင်ရဲ့ အမြစ်တွေနဲ့ မြစ်ချောင်းတွေကို သုံးရင်း ဖန်တီးထားတာ... အရပ်ခြောက်မျက်နှာ မူလဓားလို့ ခေါ်တယ်... နောက်တစ်ခုက တောင်တန်းမြစ်ပြင်ဒယ်အိုးပဲ... မြေငလျင်တွေကို ဖိနှိပ်ဖို့ အမိကမ္ဘာမြေ သုံးတဲ့ရတနာပေါ့.... ငါ သွားယူပေးမယ်”
သူမက ပူဇော်ရာစားပွဲအောက်တွင် မွှေနှောက်နေပြီး ပြန့်ကြဲနေသော ပစ္စည်းများအထဲမှ မြင်းမြီးယပ်တစ်ခု ဆွဲထုတ်လိုက်သည်။ ထို့နောက် အမွှေးတိုင်ထွန်းသည့် အိုးထဲရှိ ပြာများကို သွန်ချကာ ဆေးလိုက်၏။ “သုံးလို့ ရသေးတယ်”
ချင်မူ ရင်ထဲတွင် အောင့်သွားသည်။ ဤဘုရားကျောင်းလေး၌ ရတနာများစွာ ရှိနေ၏။ အမှန်တကယ် ကြောက်စရာကောင်းပေသည်။
“ယန်အာ၊ နင်က မြင်းမြီးယပ်ကို ကိုင်”
ဖုန့်ချိုးယွင်က မြင်းမြီးယပ်ကို ကုန်းစွန်းယန်ဆီသို့ ပေး၍ ပြောလိုက်သည်။ “ဒီမြင်းမြီးယပ်က အင်မတန် လေးတယ်... ချီစွမ်းအင်နဲ့ အသက်သွင်းလိုက်ရင် မြင်းမြီးတွေက တောင်တန်းမြစ်ပြင်တွေနဲ့ ဖွဲ့တည်ထားတဲ့ ဓားရောင်တွေအသွင် ပြောင်းသွားလိမ့်မယ်... အန္တရာယ်များတယ် သတိထား... ကောင်းကင်နတ်အရှင်ယွီ၊ ဒီကိုလာ..”
သူမက အူတူတူ ကောင်းကင်နတ်အရှင်ယွီကို ကြည့်ပြီး ခေါင်းယမ်းလိုက်၏။ “နင် ဒယ်အိုးကို မသယ်တာ အကောင်းဆုံးပဲ... နင့်ခေါင်းနောက်ထဲက ရောင်ခြည်စက်ဝန်းထဲပဲ ထည့်ပေးထားမယ်”
သူမ တောင်တန်းမြစ်ပြင်ဒယ်အိုးကို ပင့်မြှောက်လိုက်သည့်အခါ ဒယ်အိုးက ကောင်းကင်နတ်အရှင်ယွီ၏ ခေါင်းအနောက်ရှိ ရောင်ခြည်စက်ဝန်းထဲ ဝင်သွားပြီး နိမ့်ချည်မြင့်ချည် ပျံဝဲနေသည်။ ထို့နောက် ဖုန့်ချိုးယွင်က ချင်မူ့ကို ကြည့်၍ မေးသည်။ “အခု သွားလို့ရပြီလား”
ချင်မူက အခက်တွေ့နေသော အမူအရာ လုပ်လိုက်၏။ “မောင်လေးမှာကျ ဘာရတနာမှ မရှိသေးဘူးလေ... မောင်လေးပုံစံက နည်းနည်း နုံချာနေသေးသလားလို့”
ဖုန့်ချိုးယွင် မျက်တောင်ပုတ်ခတ်လိုက်သည်။ “ငါတို့က နင့်ရဲ့ အခြွေအရံတွေလေ... နင့်မှာ အစေခံကောင်လေးတစ်ယောက်တောင် ရှိနေသေးတယ်... ငါတို့လက်ထဲက ရတနာတွေကလည်း နင် သုံးဖို့ပဲ မလား... နင် ကိုယ်တိုင် သယ်တာက မထူးဆန်းဘူးလား”
ချင်မူ ခြောက်ကပ်ကပ် ရယ်လိုက်သည်။ “အမှန်ပေါ့ဗျာ... ဒါပေမဲ့ ကြွားတာက မလုံလောက်သေးဘူး... အမိကမ္ဘာမြေရဲ့ ရထားလုံးကိုသာ ရရင်...”
ဖုန့်ချိုးယွင်က မျက်စောင်းထိုး၍ ပြောတော့သည်။ “အဲဒါက အမိကမ္ဘာမြေကိုယ်တိုင် ထွက်လာသလို ဖြစ်မှာပေါ့ဟဲ့... ဒီလောက်နဲ့ လုံလောက်တယ်.... မြန်မြန်လာစမ်းပါ.. အပျက်မလေး ထွက်ပြေးသွားဦးမယ်... သူက တော်တော့်ကို မြန်တာ”
ချင်မူမှာ တံစက်မြိတ်၌ ချိတ်ဆွဲထားသည့် ခေါင်းလောင်းကြီးများနှင့် ဖျာများကို ကြည့်ကာ ကြိတ်၍ သက်ပြင်းချနေတော့သည်။ “အချိန်သာရရင် ရထားလုံးတစ်လုံး ဆောက်ပြီး ဖက်တီးနဂါးနဲ့ အားရွှေကို ဆွဲခိုင်းပါတယ်... ညီလေးလန်က ရထားလုံးအရှေ့မှာ ကြာပွတ်တစ်လက်နဲ့ ထိုင်၊ မမကြီးတို့နှစ်ယောက်က ကျွန်တော့်ဘယ်ပေါင်နဲ့ ညာပေါ်အပေါ် ခေါင်းလေးတင်... ကျွန်တော်ကတော့ လိုက်ကာနောက်က ပလ္လင်ပေါ်မှာ ထိုင်....”
ဖုန့်ချိုးယွင်က သူ့ကို လောသည်။ “အဲဒီအပျက်မလေးကို သတ်ပြီးလို့ အမိကမ္ဘာမြေကို ကယ်ပြီးရင် နင့်ကို ဇိမ်နဲ့နေခိုင်းမယ် ဟုတ်ပြီလား... အခု အချိန်မရှိဘူး မြန်မြန်သွားရအောင်”
ချင်မူ နဂါးချီလင်ဆီသို့ ကြည့်လိုက်သည်နှင့် နဂါးချီလင်က ဒက်ခနဲ သဘောပေါက်သည်။ သူက မြေကြီးပေါ်တွင် လှိမ့်၍ တစ်ရာ့နှစ်ဆယ်ကိုက် မြင့်မားသော ဧရာမသားရဲကြီးအသွင် ပြောင်းလိုက်၏။
ချင်မူက ကောင်းကင်နတ်အရှင်ယွီ၏မျက်နှာကို ပွတ်ကာ အစေခံကောင်လေးတစ်ယောက်နှင့်တူအောင် ရုပ်ပြောင်းပေးလိုက်သည်။ ထို့နောက် ဓားစက်လုံးတစ်လုံး ထုတ်လိုက်ပြီး ဓားစက်လုံးသည် လက်ကိုင်ကြိုးတစ်ချောင်းပါသော လည်ပတ်ကြိုးအသွင် ပြောင်းသွား၏။ သူက လည်ပတ်ကြိုးကို နဂါးချီလင်၏ လည်ပင်း၌ စွပ်ပြီး ရေချီလင်ကို ချီလင်ခေါင်းနှင့် နတ်ဘုရားတစ်ပိုင်းအဖြစ် ပြောင်းစေကာ လက်ကိုင်ကြိုးအား ကိုင်စေလိုက်သည်။
ကုန်းစွန်းယန်နှင့် ဖုန့်ချိုးယွင်က နဂါးချီလင်၏ ခေါင်းပေါ် တက်လာပြီး ချင်မူက အလယ်တွင် ဝင်ထိုင်လိုက်သည်။ သူက ကောင်းကင်နတ်အရှင်ယွီကို သူ့အနောက်၌ ရပ်နေပြီး ကုန်းစွန်းယန်ကို ဆွဲကာ သူ့ပခုံးပေါ် ခေါင်းတင်စေလိုက်၏။ ဖုန့်ချိုးယွင်ကိုလည်း ဆွဲရန် ပြင်လိုက်သော်လည်း အစိုက်ကြည့်ခံလိုက်ရလေသည်။ သူမက သစ်သားဓားဖြင့် ခြိမ်းခြောက်နေသည်။
ချင်မူမှာ သူ့အတွေးများကို လက်လျှော့လိုက်ရတော့သည်။ “ဖက်တီးနဂါး၊ အမိကမ္ဘာမြေအတုနဲ့ သွားတွေ့ကြစို့”
နဂါးချီလင်က တိမ်တိုက်များကို နင်း၍ တရှိန်ထိုး ပြေးသည်။ ရေချီလင်က အရှေ့မှ ဦးဆောင်၍ ကျောက်စိမ်းမြို့တော်ဆီသို့ ခေါ်သွား၏။
ချင်မူက အရှေ့သို့ ကြည့်ရင်း ပြုံးနေသည်။ ‘မမကြီးချိုးယွင်ကို အမိကမ္ဘာမြေက ငါ့ကို စောင့်ကြည့်ဖို့ လွှတ်ထားတာ... ချီရှားယွီ မမကြီးချိုးယွင်ကို သတ်လိုက်ရင် ငါ ဒီရတနာတွေကို မပြီး ထွက်ပြေးနိုင်ပြီ”
သူ့မှာ တွေးလေလေ၊ စိတ်လှုပ်ရှားလေလေ ဖြစ်နေတော့သည်။ သူ့အပြုံးသည် တစတစ တောက်ပလာ၏။ ‘ချီရှားယွီက ခေါင်းကိုးလုံးဇာမဏီမီးငှက်ပဲ.. ဧကရာဇ်ပလ္လင်အဆင့်လည်း ရောက်နေပြီ... သူ့ရဲ့ဗျပ်စောင်းသံစဉ်ကတင် သိကြားဗုဒ္ဓကို ဒဏ်ရာအပြင်းအထန် ရသွားစေနိုင်တယ်... ဖုန့်ချိုးယွင်အနေနဲ့ အမိကမ္ဘာမြေ ကမ္ဘာဦးဓားကို ကိုင်ထားရင်တောင် ချီရှားယွီရှေ့မှာ လည်စင်းခံနေသလိုပဲ ဖြစ်လိမ့်မယ်...’
သူက ကုန်းစွန်းယန်၏ လက်သွယ်သွယ်လေးကို ဆုပ်ကိုင်ထားရင်း ပြုံးနေသည်။ သူ၏အပြုအမူက ဘေးရှိ မိန်းကလေးကို ရင်ခုန်လာစေ၏။ သူမမှာ သူ့ကို ခိုးခိုးကြည့်နေလေသည်။
သို့သော် ချင်မူမှာ သူ့ဘေးရှိ မိန်းကလေး၏အခြေအနေကို သတိမထားမိဘဲ ကမ္ဘာမြေမှုန်တာအိုသစ်သီး၏ စွမ်းအင်အား ကုန်းစွန်းယွင်၏ကိုယ်ထဲသို့ ဆက်လက်ပို့လွှတ်နေသည်။ သူက သူ့ဘာသာသူ တွေးလိုက်၏။ ‘စာပေသမားလည်း ကျောက်စိမ်းမြို့တော်မှာ ရောက်နေတယ်... အမိကမ္ဘာမြေရဲ့ ကောင်းချီးကို သူ ဖယ်ပေးနိုင်လောက်တယ်... မမကြီးယန်ကလည်း ကမ္ဘာမြေမှုန်သစ်သီးရဲ့စွမ်းအင်ကို စုပ်ယူပေးနိုင်တော့ အမိကမ္ဘာမြေရဲ့ လက်ထဲကနေ ငါ သေချာပေါက် ရုန်းထွက်နိုင်မှာပါ’
ကုန်းစွန်းယန်သည် ကမ္ဘာမြေမှုန်သစ်သီးဆီမှ စွမ်းအင်ကို လျင်မြန်စွာ စုပ်ယူနေသော်လည်း ချင်မူမှာ စိတ်မရှည်ဖြစ်နေသည်။ စွမ်းအင်မည်မျှ စုပ်ယူစေကာမူ ကမ္ဘာမြေမှုန်တာအိုသစ်သီး၏ စွမ်းအင်က သိသိသာသာ လျော့ကျသွားပုံမရပေ။
‘ဒီကမ္ဘာမြေမှုန်သစ်သီးကို ခဏလေးနဲ့ စုပ်ယူလို့မရရင်တော့ မမကြီးယန်ကို ပြန်ပေးဆွဲရတော့မယ်’ ချင်မူ သူ့ဘေးရှိ မိန်းကလေးဆီသို့ လှည့်ကြည့်ကာ အပြစ်ကင်းသော အပြုံးဖြင့် တောက်ပစွာ ပြုံးပြလိုက်၏။
ကုန်းစွန်းယန်မှာ ရှက်သွားပြီး ခေါင်းကလေးငုံ့သွားသည်။ သူမက နဂါးချီလင်၏လည်ဂုတ်ကို စိုက်ကြည့်ရင်း ရင်ထဲတွင် တဒိန်းဒိန်း ခုန်နေတော့သည်။ ‘သူ ငါ့ကို မပြောမဆိုနဲ့ နမ်းရင် ဘာလုပ်ရမလဲ... ရုန်းရမလား.. စိတ်ဆိုးချင်ယောင်ဆောင်ရမလား... ဒါမှ အနမ်းခံပြီးမှ ပါးရိုက်ရမလား’
ချင်မူက ရှေ့ဆက်မတိုးလာ၍ ကုန်းစွန်းယန် စိတ်သက်သာရာရသွားသည်။ သို့သော် သူမမှ အနည်းငယ် စိတ်ပျက်နေ၏။ ‘သူက ငါ့ထက်တောင် ရှက်တတ်တဲ့ပုံပဲ...’
‘မမကြီးယန်ကို ပြန်ပေးဆွဲပြီးရင် သူ့မူလဝိညာဉ်ကို ငှားပြီး ကမ္ဘာမြေမှုန်သစ်သီးကို အကုန်စုပ်ယူနိုင်မယ်’
ချင်မူမှာ တွေးရင်း ပျော်နေတော့သည်။ ‘အမိကမ္ဘာမြေ ကမ္ဘာဦးဓား၊ တောင်တန်းမြစ်ပြင်ဒယ်အိုးနဲ့ အရပ်ခြောက်မျက်နှာ မူလဓားကိုတောင် ရနိုင်သေးတယ်... ဒါ အကောင်းဆုံးအခွင့်အရေးပဲ.. အမိကမ္ဘာမြေရဲ့ ရထားလုံးကို မယူနိုင်ခဲ့တာတော့ ဆိုးတယ်’
ကျောက်စိမ်းမြို့တော်ကား အရှေ့တွင် ဖြစ်သည်။
ရေချီလင်က နဂါးချီလင်ကို ဆွဲလျက် မြို့ထဲ ဝင်သွား၏။
၎
င
၎
၎