← Chapters

အခန်း (၈၁၃)

Vol. 59 Ch. 813

အခန်း (၈၁၃)

Vol. 59 Ch. 813

‘တိုက်ပွဲတွေ နှစ်တစ်ထောင်လောက် ဆက်ဖြစ်နေရမှာတဲ့လား’

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

သူတို့က တွေးမိကြသည်။

ကျင့်ကြံခြင်းလောက၏ အခြေအနေသည် အလွန်တင်းမာနေပြီး မီးပွားတစ်ခုကြောင့် ချက်ချင်းလောင်ကျွမ်းသွားနိုင်သည်။

တာအိုဂိုဏ်းနှင့် ဓားဂိုဏ်းများ၏ မဟာစစ်ပွဲကြီးသည် စတင်တော့မည်ဖြစ်သည်။

သူတို့က ထိုဖြစ်ရပ်ကို ဆက်လက်ဖိနှိပ်ထားမည်ဆိုလျှင်ပင် အခွင့်အရေးကိုစောင့်ဆိုင်းနေသော မရေမတွက်နိုင်သည့်လူများက ပြဿနာရှာကြလိမ့်မည်။

ထိုသို့ဖြစ်လာလျှင် လူတိုင်းက မနေနိုင်တော့ဘဲ ဝင်ပါရန် တွန်းအားပေးခံရလိမ့်မည်။

“ဓားဘိုးဘေး၊ ကျင့်ကြံခြင်းလောကရဲ့ ဓားကျင့်ကြံသူတွေနဲ့ တာအိုတန်ခိုးရှင်တွေရဲ့ရန်ပွဲက ဓားဘိုးဘေးဖြစ်ချင်သလိုမျိုး ဆက်ဖြစ်မလာနိုင်ဘူး”

တာအိုဘိုးဘေးချီယုက ညင်သာစွာပြောသည်။

နတ်ဘုရားဘုရင်ယုကျန်းနှင့် နတ်ဘုရားဘုရင်ယုကျစ်၏ မျက်နှာထားကလည်း ရှုပ်ထွေးနေကြသည်။

သူတို့က ဓားလမ်းစဉ်နှင့် တာအိုလမ်းစဉ်၏ ထိပ်တန်းအဆင့်ပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း အခြေအနေက အတိုင်းအတာတစ်ခုအထိ ကြီးထွားလာခဲ့လျှင် ထိန်းချုပ်နိုင်တော့မည်မဟုတ်ပေ။

ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်သည်။

“ဓားတာအိုစည်းဝေးပွဲက စတင်တော့မယ်။ ငါတို့က ဓားစည်းဝေးပွဲကို အသုံးချပြီး ဓားကျင့်ကြံသူတွေရဲ့အာရုံစိုက်မှုကို လွှဲပြောင်းရမယ်”

သူက ဘေးတွင်ရှိနေသော ကျန်းကျီယန်ကို လှည့်ကြည့်သည်။

“ငါက ရှေးခေတ်နတ်ဘုရားခုံရုံးရဲ့ စာကြည့်တိုက်တွေအကြောင်း ပြောပြမယ်။ အဲဒီနေရာမှာ အဖိုးတန်ကျမ်းစာတွေ ရှိနေကြတယ်”

“မင်းတို့ သိုးငါးကောင်စံအိမ်က အဲဒီသတင်းကိုဖြန့်ပြီး တာအိုအင်အားစုကို ရှာဖွေခိုင်းလိုက်ပါ။ တာအိုဂိုဏ်းတွေက ကျမ်းစာတွေကို ရှာဖွေတဲ့နေရာမှာ အားသာချက်ရှိလိမ့်မယ်”

ဓားကျင့်ကြံသူများကို ဓားတာအိုစည်းဝေးပွဲဖြင့် အာရုံလွှဲပြီး တာအိုအင်အားစုကို ရှေးခေတ်နတ်ဘုရားခုံရုံး၏ စာကြည့်တိုက်များဖြင့် အာရုံလွှဲသည်။

ထို့ကြောင့် အင်အားစုများ၏ ရန်ပွဲသည် ဦးတည်ချက်ပြောင်းသွားလိမ့်မည်။

သူတို့အားလုံးက အံ့အားသင့်သွားကြသည်။

ဟန်မူယဲ့က နတ်ဘုရားခုံရုံးကို မတည်ဆောက်သော်လည်း အင်အားပြ၍ အားလုံးကို တင်းကျပ်စွာထိန်းချုပ်ထားမည်ဟု ထင်ခဲ့ကြသည်။

သို့သော် သူက အခွင့်အရေးများကို ထုတ်ပေးနေပြန်သည်။

တာအိုအင်အားစုအတွက် နတ်ဘုရားခုံရုံး၏စာကြည့်တိုက်သည် ရှားပါးသောအခွင့်အရေးတစ်ခု ဖြစ်သည်။

“ဓားဘိုးဘေး၊ ရှေးခေတ်စာကြည့်တိုက်တွေနဲ့ ဓားတာအိုစည်းဝေးပွဲ ပြီးသွားရင်တောင် ဓားလမ်းစဉ်နဲ့ တာအိုလမ်းစဉ်ရဲ့ ရန်ငြိုးကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး”

ခရမ်းရောင်ဝတ်စုံနှင့် ကျန်းကျီယန်က ညင်သာစွာပြောလိုက်ပြီး ခေါင်းခါသည်။

ရှေးခေတ်စာကြည့်တိုက်နှင့် ဓားတာအိုစည်းဝေးပွဲသည် အချိန်ဆွဲထားရုံသာ တတ်နိုင်သည်။

ထိုဖြစ်ရပ်နှစ်ခုသည် အင်အားစုနှစ်ခုကို အချိန်ဆွဲထားပြီး ပိုမိုအားကောင်းလာစေလိမ့်မည်။

ဟန်မူယဲ့က ယွီလင်တာအိုဂိုဏ်း၏ မဟာအကြီးအကဲအဖြစ် ထွက်ပေါ်လာပြီး ဓားလမ်းစဉ်နှင့် တာအိုလမ်းစဉ်ကို စုစည်း၍ နတ်ဘုရားခုံရုံးအား ပြန်လည်တည်ဆောက်လိုက်လျှင် အရာအားလုံး ပြေလည်သွားလိမ့်မည်။ ကျန်းကျီယန်က ဟန်မူယဲ့၏လုပ်ဆောင်ချက်ကို နားမလည်နိုင်ပေ။

‘သူက ဘာဖြစ်လို့ အဲဒီလိုမလုပ်ချင်တာလဲ’

‘သူက တာအိုအင်အားစုနဲ့ မပတ်သတ်ချင်တာလား။ ဒါမှမဟုတ် နတ်ဘုရားခုံရုံးကို ပြန်လည်တည်ဆောက်ဖို့အတွက် အချိန်ကုန်မခံချင်တာလား’

စံအိမ်ထဲတွင် လူတိုင်းက ဟန်မူယဲ့ကို တိတ်ဆိတ်စွာကြည့်လိုက်ကြသည်။

‘သူက အရင်းအမြစ်တွေကို ဘယ်နှကြိမ်လောက် ထောက်ပံ့ပေးနိုင်မှာလဲ’

‘တစ်ကြိမ်လား၊ နှစ်ကြိမ်လား။ မရေမတွက်နိုင်အောင်လား’

“ဓားစည်းဝေးပွဲကို နှစ်ပေါင်းငါးရာတိုင်းမှာတစ်ကြိမ် ကျင်းပမယ်။ ကောင်းကင်အဆင့် ကျင့်ကြံသူတွေကလည်း ဝင်‌ရောက်ယှဉ်ပြိုင်နိုင်တယ်။ တခြားကမ္ဘာတွေက ကိုယ်ပိုင်ဓားစည်းဝေးပွဲကို နှစ်တစ်ရာ၊ နှစ်ရာမှာ တစ်ကြိမ် ပြုလုပ်နိုင်တယ်။ ဆုကြေးကို ငါက ထောက်ပံ့ပေးမယ်”

ဟန်မူယဲ့က ကျယ်လောင်စွာကြေညာသည်။

“တာအိုဂိုဏ်းတွေအတွက် အာကာသထဲမှာ ပုန်းကွယ်နေတဲ့ ဆေးပင်ဥယျာဉ်နဲ့ နတ်ဘုရားခုံရုံးရဲ့ အကြွင်းအကျန်ရတနာတွေကို နှစ်တစ်ရာတိုင်းမှာ တစ်ခု၊ နှစ်ခုလောက် ဖွင့်ပေးမယ်”

သူက ဓားစည်းဝေးပွဲအတွက် ဆုချီးမြှင့်ပေးမည်။

တာအိုအင်အားစုအတွက် မရေမတွက်နိုင်သော အခွင့်အရေးများကို ရှာဖွေပေးမည်။

ကျင့်ကြံခြင်းလောကတစ်ခုလုံးအား ဖုံးလွှမ်းသွားနိုင်သော ဆုံးဖြတ်ချက်သည် အလွန်ကလေးဆန်နေသည်။

‘ဒီလိုမျိုး ကြွယ်ဝချမ်းသာမှုနဲ့ ပစ်ပေါက်ပြီး ဖြေရှင်းလိုက်တာလား’

“ဓားဘိုးဘေးက ဘာဖြစ်လို့ ဒီလိုမျိုး ဆုံးဖြတ်ခဲ့တာလဲ”

တာအိုဘိုးဘေးချီယုက မျက်မှောင်ကြုတ်လိုက်ပြီး ညင်သာစွာမေးသည်။

သူက နားမလည်နိုင်ပေ။

‘ဟန်မူယဲ့က ကိုယ်ပိုင်ရတနာတွေနဲ့ ကျင့်ကြံခြင်းလောကတစ်ခုလုံးကို ထောက်ပံ့ပေးတော့မလို့လား’

ထိုရတာနှင့်အခွင့်အရေးများသည် နတ်ဘုရားခုံရုံး၏ အကြွင်းအကျန်များ ဖြစ်နေလျှင်ပင် ဟန်မူယဲ့တစ်ယောက်တည်းကသာ သိထားသည်။

ထိုအခွင့်အရေးများကို အသုံးပြု၍ သူ၏ ကျင့်ကြံခြင်းနှင့် တိုက်ခိုက်နိုင်စွမ်းကို တိုးမြှင့်လိုက်ခြင်းသည် ကျင့်ကြံခြင်းလောကတစ်ခုလုံးအား တိတ်တဆိတ်ထောက်ပံ့နေခြင်းထက် ပိုမိုအသုံးဝင်သည်။

“ကျင့်ကြံခြင်းက ယှဉ်ပြိုင်မှုကနေတစ်ဆင့် ဖြစ်လာတယ်။ နတ်ဘုရားခုံရုံးကို ပြန်လည်မတည်ဆောက်ဘဲ လူတိုင်းကို ဆက်တိုက်ယှဉ်ပြိုင်နေအောင် လုပ်ထားမယ်ဆိုရင် ကျင့်ကြံခြင်းလောကတစ်ခုလုံးက အသက်ဝင်နေလိမ့်မယ်”

ဟန်မူယဲ့က ရှေ့သို့ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

ငြိမ်းချမ်းနေသော ကျင့်ကြံခြင်းလောကသည် ဖြည်းဖြည်းချင်း ကျဆင်းသွားလိမ့်မည်။

သူက မရေမတွက်နိုင်အောင် တွက်ချက်ကြည့်ပြီး ဆုံးဖြတ်ခဲ့သည်။

“နှစ်တစ်ထောင်အကြာမှာ သန်မာတဲ့ကျင့်ကြံသူတွေ ပေါ်ထွက်လာကြလိမ့်မယ်။ နှစ်သုံးထောင်အကြာမှာ ထိပ်တန်းအဆင့်ကျွမ်းကျင်သူတွေက လောကကို လွှမ်းမိုးဖို့ ကြိုးစားလာကြလိမ့်မယ်။ အဲဒီအချိန်မှာ အင်မော်တယ်တက်လှမ်းစင်မြင့်ကို ပြန်ဖွင့်မယ်”

ဟန်မူယဲ့၏စကားကြောင့် လူတိုင်းက အသက်အောင့်ထားမိသည်။

အင်မော်တယ်တက်လှမ်းစင်မြင့်ကို ပြန်ဖွင့်မည်။

သူတို့က ထိုအကြောင်းကို တစ်ခါမှ မစဉ်းစားခဲ့ပေ။

“ငါက ဒီလောကမှာ တစ်သက်လုံးနေသွားလိမ့်မယ်လို့ ထင်နေကြတာလား”

ဟန်မူယဲ့က သူတို့ကို ကြည့်သည်။

“သိပါပြီ”

အင်မော်တယ်တက်လှမ်းစင်မြင့် ပြန်ပွင့်လာခဲ့လျှင် ဟန်မူယဲ့က ပိုမိုများပြားသောကျွမ်းကျင်သူများနှင့် အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းပြီး အင်အားစုတစ်ခုကို တည်ဆောက်နိုင်လိမ့်မည်။

သူက ကျွမ်းကျင်သူများကို မွေးထုတ်ရန်အတွက် ကျင့်ကြံခြင်းလောကကို တမင်သက်သက် ရှုပ်ထွေးနေစေခဲ့သည်။

‘ဒါက ထိပ်တန်းအဆင့်ကျွမ်းကျင်သူတစ်ယောက်ရဲ့ တွက်ချက်မှုလား’

‘ကျင့်ကြံခြင်းလောကတစ်ခုလုံးကို ကျားကွက်လိုပဲ သဘောထားတယ်’

စံအိမ်ထဲတွင် လူတိုင်းက ဦးညွတ်လိုက်ကြသည်။

ဟန်မူယဲ့က လှုပ်ရှားလိုက်ပြီး ပျောက်ကွယ်သွားသည်။

“ဓားဘိုးဘေးမူယဲ့က တကယ်ကို နက်နဲတာပဲ ....”

နတ်ဘုရားဘုရင်ယုကျန်းက ခေါင်းခါလိုက်ပြီး ညင်သာစွာပြောသည်။

တခြားလူများက ရှုပ်ထွေးသောမျက်နှာထားဖြင့် ခေါင်းညိတ်လိုက်ကြသည်။

ဟန်မူယဲ့က ကျင့်ကြံခြင်းလောက၏ ရုန်းကန်မှုများကို ကျော်လွန်ပြီး အင်မော်တယ်ကမ္ဘာအတွက် အစီအစဉ်ချနေသည်။

သူတို့က နတ်ဘုရားခုံရုံးကို ပြန်လည်တည်ဆောက်ချင်ပြီး ဤလောက၏ အမိန့်အာဏာကို စွဲလမ်းနေသည့်အတွက် ရှက်စရာကောင်းလှသည်။

ဤလောက၏စွမ်းအားက လွှမ်းမိုးနိုင်စွမ်းရှိမည်ဆိုလျှင်ပင် မည်သည့်ကွာခြားချက်ကို ပြုလုပ်နိုင်မည်နည်း။

သူတို့က ဤလောကမှ ထွက်သွားမည်ဆိုလျှင် မည်မျှ ယူသွားနိုင်မည်နည်း။

“ဟားဟား။ ဓားဘိုးဘေးမူယဲ့ရဲ့အစီအစဉ်က အင်မော်တယ်ကမ္ဘာအထိ ရောက်နေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ”

တာအိုဘိုးဘေးချီယုက တောက်ပနေသောမျက်လုံးများဖြင့် ဓားဆန္ဒကို ထုတ်ဖော်သည်။

“ဒီနေ့စကပြီး ငါက နတ်ဘုရားဘုရင်အဆင့်ကိုရောက်ဖို့ အစွမ်းကုန်ကြိုးစားတော့မယ်။ အနာဂတ်မှာ ငါက ဓားဘိုးဘေးမူယဲ့နဲ့အတူ အင်မော်တယ်ကမ္ဘာကို သွားမယ်”

တာအိုဘိုးဘေးချီယုက စိတ်ကျေနပ်စွာရယ်လိုက်ပြီး ဓားအလင်းကို ထုတ်ဖော်သည်။ စံအိမ်လေးက ပျက်စီးသွားခဲ့သည်။

“ဟားဟား၊ တာအိုဂိုဏ်းတဲ့လား။ တာအိုဂိုဏ်းက ဘာတွေများ ထူးခြားနေလို့လဲ ....”

ဓားအလင်းသည် ယွီလင်တာအိုဂိုဏ်း၏ အနောက်ဘက်တောင်တန်းကို မိုင်တစ်ထောင်အထိ ဖျက်ဆီးပြီး အဝေးသို့ ပျံသန်းသွားသည်။

နတ်ဘုရားဘုရင်ယုကျန်းနှင့် နတ်ဘုရားဘုရင်ယုကျစ်က အကြည့်ချင်းဖလှယ်၍ အေးစက်စွာနှာမှုတ်လိုက်ပြီး ချီစွမ်းအင်အလင်းကို ထုတ်ဖော်လျက် ဓားအလင်းကို လိုက်ဖမ်းသည်။

မဟာတိုက်ပွဲကြီးကြောင့် တာအိုဂိုဏ်းနှင့်ဓားဂိုဏ်းများ၏ ဆက်ဆံရေးသည် မပြုပြင်နိုင်အောင် ဆိုးရွားသွားခဲ့သည်။

ထိုတိုက်ပွဲကြောင့် ရှေးခေတ်နတ်ဘုရားခုံရုံး၏ စာကြည့်တိုက်ကို ရှာတွေ့ခဲ့သည်။ နတ်ဘုရားဘုရင်ယုကျန်းနှင့် နတ်ဘုရားဘုရင်ယုကျစ်က တာအိုဂိုဏ်းများကို ဦးဆောင်၍ စာကြည့်တိုက်နယ်မြေကို စူးစမ်းရှာဖွေခဲ့သည်။

တစ်ချိန်တည်းတွင် ထိတ်လန့်ဖွယ်တိုက်ခိုက်နိုင်စွမ်းကို ပြသခဲ့သည့် တာအိုဘိုးဘေးချီယုက ဓားစံအိမ်တွင် တံခါးပိတ်ကျင့်ကြံနေသည်။

သုံးလအကြာတွင် တာအိုဘိုးဘေးချီယုက နတ်ဘုရားဘုရင်အဆင့်သို့ ရောက်သွားခဲ့သည်။

လောက၏ ဓားကျင့်ကြံသူများသည် နတ်ဘုရားဘုရင်ချီယု၏ ဦးဆောင်မှုအောက်တွင် တာအိုအင်အားစုနှင့် အပြတ်အသတ်တိုက်ခိုက်ရန် လက်ယားနေကြသည်။ သို့သော် ဟန်မူယဲ့၏ အမိန့်စာက သူတို့၏အစီအစဉ်ကို ဖျက်ဆီးပစ်လိုက်သည်။

ဝိညာဉ်သံချပ်ကာမိစ္ဆာကလန်က ကျင့်ကြံခြင်းလောကမှ ပျောက်ကွယ်သွားသောအချိန်တွင် ဓားဘိုးဘေးမူယဲ့က အဆုံးမဲ့နတ်ဘုရားဘုရင်ကို ဖိတ်ခေါ်၍ ပူးပေါင်းစစ်ဆေးခဲ့ကြသည်။

ဟန်မူယဲ့က တခြားနေရာသို့ ရောက်နေသောအချိန်တွင် ကျင့်ကြံခြင်းလောက၏ အင်အားစုများကို စစ်ပွဲမဖြစ်ရန် တားမြစ်ခဲ့သည်။ ကျင့်ကြံသူတစ်သန်းကျော်ပါဝင်နေသော တိုက်ပွဲကို စတင်ခဲ့သည့် ဓားကျင့်ကြံသူဖြစ်စေ၊ တာအိုတန်ခိုးရှင်ဖြစ်စေ ဓားစံအိမ်နှင့် ယွီလင်တာအိုဂိုဏ်း၏ ပူးပေါင်းဖိနှိပ်မှုကို ခံစားရမည်။

ထိုအမိန့်စာ ထွက်ပေါ်လာသောအခါတွင် နတ်ဘုရားဘုရင်ချီယုက ချက်ချင်းတုံ့ပြန်၍ ဓားစံအိမ်၏ပတ်ဝန်းကျင်တွင် စုစည်းနေသော အင်အားစုများကို လူတစ်သန်းအောက်သို့ အုပ်စုခွဲလိုက်သည်။

ယွီလင်တာအိုဂိုဏ်းနှင့် အဆုံးမဲ့တာအိုဂိုဏ်းကလည်း အင်အားစုများကို လျော့ချလိုက်ကြသည်။

သို့သော် ထိုသို့ လူစုခွဲလိုက်ခြင်းသည် ဓားဘိုးဘေးမူယဲ့၏ အမိန့်စာကို တုံ့ပြန်ရန်သာဖြစ်သည်။

လူတစ်သန်းပါဝင်သော တိုက်ပွဲများကို ခွင့်ပြုမထားသော်လည်း လူတစ်သိန်းပါဝင်သည့်တိုက်ပွဲကို ခွင့်ပြုထားသည်ဟု ပြောနိုင်သည်။

ဓားဘိုးဘေးမူယဲ့က အထက်ဘုံမှ ထွက်ခွာသွားပြီး သုံးနှစ်အကြာတွင် အမျိုးမျိုးသော အသေးစားတိုက်ပွဲများသည် နေရာအနှံ့တွင် ဖြစ်ပေါ်လာခဲ့ကြသည်။

သို့သော် ဓားကျွမ်းကျင်သူများသည် ဓားတာအိုစည်းဝေးပွဲအတွက် ပြင်ဆင်နေကြပြီး တာအိုဂိုဏ်းများက စာကြည့်တိုက်ကို စူးစမ်းရှာဖွေရန် အားစိုက်ထားကြသည်။ ထို့ကြောင့် သူတို့က အသေးစားတိုက်ပွဲများတွင် မပါဝင်ကြပေ။

ထိုအသေးစားတိုက်ပွဲများကြောင့် အဆင့်နိမ့်ကျင့်ကြံသူများသည် ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်နိုင်ပြီး အခွင့်အရေးများကို ပိုင်ဆိုင်လာခဲ့ကြသည်။

ကျင့်ကြံခြင်းလောက၏ အင်အားစုများသည် ဟန်မူယဲ့၏တည်နေရာကို မသိကြပေ။

ယခုအချိန်တွင် ဟန်မူယဲ့က အတားအဆီးအလွှာတစ်ခု၏ရှေ့တွင် အဆုံးမဲ့နတ်ဘုရားဘုရင်၏ ကိုယ်ပွားဖြစ်သော ကျားဝူ၊ ဘိုးဘေးပိုင်ကျီတို့နှင့်အတူ ရပ်နေသည်။

သူတို့၏နောက်တွင် ဓားရှည်တစ်လက်ကို လွယ်ထားသော ပိုင်ကျီယုနှင့် အစိမ်းရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော ရွှေယွဲ့အာတို့ ရှိနေကြသည်။

“ဒါက ဝိညာဉ်သံချပ်ကာမိစ္ဆာတွေရဲ့ နယ်မြေကို ဦးတည်သွားတဲ့ လမ်းကြောင်းပဲ”

ရွှေယွဲ့အာက ရှုပ်ထွေးနေသောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်သည်။

“ဓားဘိုးဘေးမူယဲ့၊ ရှင်က တကယ်ပဲ ဒီလမ်းကြောင်းကိုဖွင့်ပြီး ဝိညာဉ်သံချပ်ကာမိစ္ဆာတွေကို ပြန်လာခိုင်းတော့မှာလား”

ဓားဘိုးဘေးမူယဲ့က သူမကိုရှာပြီး ဤနေရာကို မေးမြန်းခဲ့သည်။

ဝိညာဉ်သံချပ်ကာမိစ္ဆာကလန်သည် ကျင့်ကြံခြင်းလောကအများစုအတွက် ခေါင်းကိုက်စရာတစ်ခု ဖြစ်သည်။ ဟန်မူယဲ့က ဝိညာဉ်သံချပ်ကာမိစ္ဆာအများစုကို စတေးရန်အတွက် အလွန်အားထုတ်ခဲ့ရပြီး ကျွမ်းကျင်သူများကို အင်မော်တယ်ကမ္ဘာသို့ လမ်းဖွင့်ပေးခဲ့သည်။

သို့သော် ယခုအချိန်တွင် သူက ဝိညာဉ်သံချပ်ကာမိစ္ဆာကလန်၏ ချိပ်ပိတ်ထားသောလမ်းကြောင်းကို ပြန်ဖွင့်ချင်နေသည်။

“ကျင့်ကြံခြင်းလောကကို အသက်သွင်းပြီး ပြင်ပအင်အားစုတွေရဲ့ ခြိမ်းခြောက်မှုကို ကာကွယ်ချင်ရင် ဒါက အကောင်းဆုံးရွေးချယ်မှုပဲ”

ဟန်မူယဲ့က ဖြေဆိုရန်မလိုဘဲ ဘိုးဘေးပိုင်ကျီက ပြောလိုက်သည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

“ဒါက ဝိညာဉ်သံချပ်ကာမိစ္ဆာတွေပဲ မဟုတ်သေးဘူး။ ငါက အဆုံးမဲ့နတ်ဘုရားဘုရင်နဲ့ ဆွေးနွေးပြီးပြီ။ နှစ်ပေါင်းတစ်ထောင်အကြာမှာ အဆုံးမဲ့ပင်လယ်ရဲ့ အငြိုးအတေးစွမ်းအားတွေ ပေါက်ကွဲထွက်လာပြီး ငရဲဝိညာဉ်တွေက ကျင့်ကြံခြင်းလောကကို ဝင်ရောက်လာကြလိမ့်မယ်”

ဝိညာဉ်သံချပ်ကာမိစ္ဆာများကို ကျင့်ကြံခြင်းလောကသို့ ပြန်လည်ခေါ်ယူမည်။

အဆုံးမဲ့ပင်လယ်၏ ငရဲဝိညာဉ်များကိုလည်း လွှတ်ပေးမည်။

ထိုဖြစ်ရပ်နှစ်ခုလုံးသည် ကျင့်ကြံခြင်းလောကအတွက် ကပ်ဘေးများဖြစ်ကြပြီး ကျင့်ကြံသူအများအပြားကို ထိခိုက်သွားစေလိမ့်မည်။

ကျင့်ကြံခြင်းလောကကို အမှန်တကယ်ဆန့်ကျင်သော အပြစ်သားမျိုးကသာ ထိုကိစ္စမျိုးကို လုပ်ဆောင်လိမ့်မည်။

သို့သော် နတ်ဘုရားဧကရာဇ်၏ အမွေဆက်ခံသူဖြစ်သော ကျင့်ကြံခြင်းလောက၏ နံပတ်တစ်ပုဂ္ဂိုလ် ဟန်မူယဲ့က ထိုကိစ္စများကို ပြုလုပ်ခဲ့သည်။

သူက အပြစ်ရှိနေသည်ဟု မခံစားရပေ။

ပိုင်ကျီယုက အနည်းငယ်မျက်မှောင်ကြုတ်လိုက်သော်လည်း တိတ်ဆိတ်နေသည်။

သူ၏ ကျင့်ကြံဆင့်နှင့် အဆင့်အတန်းသည် ဟန်မူယဲ့ကို ပြစ်တင်ပြောဆိုရန် အဆင့်မမီပေ။

“အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားမှ တချို့ကိစ္စတွေကို နားလည်နိုင်လိမ့်မယ်”

ဘိုးဘေးပိုင်ကျီက ပိုင်ကျီယုကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

“ဓားဘိုးဘေးမူယဲ့က ကျင့်ကြံခြင်းလောကတစ်ခုလုံးရဲ့ တိုးတက်မှုကို ဦးစားပေးဖို့လိုတယ်။ ပြင်ပရန်သူတွေနဲ့ အခက်အခဲတွေကို ဆက်တိုက်ရင်ဆိုင်မှ ကျွမ်းကျင်သူတွေ ပေါ်ထွက်လာနိုင်လိမ့်မယ်”

“သက်တော့သက်သာရှိနေတဲ့ဘဝက ကျွမ်းကျင်သူတွေကို မွေးထုတ်မပေးနိုင်ဘူး”

မရေမတွက်နိုင်သော စမ်းသပ်မှုနှင့် အခက်အခဲများကို ကျော်ဖြတ်နိုင်မှသာ ခွန်အားကို ရရှိလိမ့်မည်။

အရင်းအမြစ်များကို စုဆောင်းထားရုံဖြင့် အစစ်အမှန်ခွန်အားကို ရရှိမည်မဟုတ်ပေ။

ပိုင်ကျီယုက ခေါင်းညိတ်လိုက်သည်။ ဘိုးဘေးပိုင်ကျီ၏စကားက မှန်ကန်သော်လည်း သူက မသက်မသာဖြစ်နေသည်။

All Chapters