← Chapters

အခန်း (၈၁၄)

Vol. 59 Ch. 814

အခန်း (၈၁၄)

Vol. 59 Ch. 814

ဟန်မူယဲ့က ရှင်းမပြပေ။

ရှင်းပြရန်လည်း မလိုအပ်ပေ။

သူက ထိုကိစ္စများကို ပြုလုပ်ရန်အတွက် အကြောင်းပြချက်ရှိသည်။

သူက အနောက်ဘက်နယ်စပ်ကုန်းမြေ၏ လူငယ်ဓားကျင့်ကြံသူလေးတစ်ယောက် မဟုတ်တော့ပေ။

သူက ဓားစံအိမ်၏ ဓားသခင်၊ ယွီလင်တာအိုဂိုဏ်း၏ မဟာအကြီးအကဲနှင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဖြစ်သော ဓားဘိုးဘေးမူယဲ့ ဖြစ်သည်။

သူ၏ စကားများနှင့် လုပ်ဆောင်ချက်တိုင်းသည် ကျင့်ကြံခြင်းလောက၏ မရေမတွက်နိုင်သော ကျင့်ကြံသူများကို သက်ရောက်စေလိမ့်မည်။

သူက အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကျင့်ကြံသူလေးတစ်ယောက် ဆက်ဖြစ်နေလျှင် အရင်းအမြစ်များကို ခွဲဝေပေးပြီး ကျင့်ကြံသူများအတွက် လမ်း‌ဖောက်ပေးလိမ့်မည်။

သို့သော် ယခုအချိန်တွင် ထိုသို့ မလုပ်နိုင်တော့ပေ။

သူက ကျင့်ကြံခြင်းလောကအတွက် အခက်အခဲများကို ပိုမိုဖန်တီးပေးရမည်။

ကြောက်ရွံ့မှုမရှိဘဲ လမ်းဖောက်နိုင်သော ကျင့်ကြံသူများကသာ စိန်ခေါ်မှုတိုင်းကို ကျော်လွှားနိုင်ကြလိမ့်မည်။

သူ့နေရာမှ ကြည့်လိုက်လျှင် ကျင့်ကြံခြင်းလောက၏ အကျိုးအကြောင်းမသင့်သော ကိစ္စအများအပြားသည် အစီအစဉ်တကျ ရှိနေသည်။

ဥပမာအနေဖြင့် နတ်ဘုရားခုံရုံးသည် လွှမ်းမိုးနိုင်စွမ်းကြီးမားသော်လည်း ဝိညာဉ်သံချပ်ကာမိစ္ဆာကလန်ကို အပြတ်ရှင်းမထုတ်နိုင်ဘဲ တိုက်ပွဲများ ဆက်တိုက်ဖြစ်နေစေခဲ့သည်။

ထို့အပြင် အဆင့်နိမ့်ကျင့်ကြံသူအများအပြားသည် ဆုံးရှုံးမှုများကို ခံစားရပြီး သေဆုံးသွားကြသည်။

ထိုအရာသည် အစစ်အမှန်သန်မာသူတစ်ယောက် ထွက်ပေါ်လာရန်အတွက် မရေမတွက်နိုင်‌သော အဆင့်နိမ့်ကျင့်ကြံသူများ၏အသက်ဖြင့် လမ်းဖောက်ပေးခြင်းဖြစ်သည်။

ထိုအရာသည် ရက်စက်သောနည်းလမ်းတစ်ခု ဖြစ်နိုင်သည်။

သို့သော် ယခုအချိန်တွင် ဟန်မူယဲ့က ထိုဆုံးဖြတ်ချက်မျိုးကို ပြုလုပ်နေသော်လည်း တုန်လှုပ်မှုမရှိတော့ပေ။

“ဘုန်း”

သူက ဓားဖြင့် ခုတ်ချလိုက်သောအခါတွင် ချိပ်စည်း၏ ချီစွမ်းအင်အလင်းသည် တိုက်ရိုက်ကွဲထွက်သွားပြီး ပေတစ်ထောင်မြင့်မားသော အက်ကွဲကြောင်းတစ်ခုကို ဖော်ပြသည်။

ဟန်မူယဲ့က ဓားထုတ်လိုက်သောအခါတွင် ကျားဝူက မျက်ခမ်းစပ်များ တွန့်သွားပြီး မျက်လုံးကို မှေးကျဉ်းလိုက်သည်။

ဘိုးဘေးပိုင်ကျီက လေးနက်သောမျက်နှာထားဖြင့် မျက်လုံးထဲတွင် ရွှေအလင်းကို ထုတ်ဖော်သည်။

ဟန်မူယဲ့က ဓားတစ်ချက်ဖြင့် မဟာပုဂ္ဂိုလ်ကြီးများ၏ချိပ်စည်းကို ချိုးဖျက်ခဲ့သည်။

ဟန်မူယဲ့၏ ဓားပညာရပ်သည် ထိုအဆင့်သို့ ရောက်နေပြီဖြစ်သည်။

ဝိညာဉ်သံချပ်ကာမိစ္ဆာများသည် တစ်ယောက်ပြီးတစ်ယောက် ပြေးထွက်လာကြသည်။ သူတို့က ဟန်မူယဲ့နှင့် တခြားလူများကို မြင်လိုက်ရသောအချိန်တွင် ကြောင်အသွားကြသည်။

ရွှေယွဲ့အာက ပျံသန်းလိုက်ပြီး အနက်ရောင်ကြေးခွံချပ်ဝတ်နှင့် အကြီးအကဲတစ်ယောက်၏ရှေ့သို့ ရောက်သွားသည်။

သူမ လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ နှုတ်ဆက်လိုက်ပြီး တီးတိုးပြောသည်။

လူအိုကြီး၏မျက်နှာထားက ပြောင်းလဲသွားသည်။ ထို့နောက် သူက ဓားတစ်ချက်ကြောင့် ကွဲထွက်သွားသော ချိပ်စည်းကို ကြည့်လိုက်ပြီး ခေါင်းညိတ်၍ ဘေးတွင် လိမ္မာစွာ ရပ်နေသည်။

“သွားကြစို့”

ဟန်မူယဲ့က ဝိညာဉ်သံချပ်ကာမိစ္ဆာများကို ကြည့်လိုက်သည်။ ထို့နောက် ကျားဝူကိုလှည့်ကြည့်၍ တည်ငြိမ်စွာပြောသည်။

“ဝိညာဉ်သံချပ်ကာမိစ္ဆာကလန်ကို ထိန်းချုပ်ဖို့လိုအပ်တယ်”

ကျားဝူက ခေါင်းညိတ်လိုက်ပြီး အာကာသအက်ကွဲကြောင်းထဲသို့ ဝင်သွားသည်။

ဟန်မူယဲ့ကလည်း နောက်မှလိုက်သွားသည်။

ဘိုးဘေးပိုင်ကျီက ပိုင်ကျီယုနှင့် ရွှေယွဲ့အာကို လှည့်ကြည့်သည်။

ပိုင်ကျီယုနှင့် ရွှေယွဲ့အာက ရှုပ်ထွေးသောမျက်နှာထားဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ဘိုးဘေးပိုင်ကျိကီု ဦးညွတ်ကြသည်။

“ဟားဟား၊ ငါတို့က နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျင့်ကြံခဲ့ပြီးပြီ။ သေခြင်းရှင်ခြင်း၊ ဂုဏ်သိက္ခာနဲ့အရှက်တရားက ငါတို့အတွက် အရေးမပါတော့ဘူး”

“လွတ်လွတ်လပ်လပ်နေနိုင်ရင် လုံလောက်ပြီ”

ဘိုးဘေးပိုင်ကျီက လက်ကိုဝှေ့ယမ်းလိုက်သောအခါ ရွှေရောင်ပုလဲတစ်လုံးသည် ပိုင်ကျီယု၏ရှေ့သို့ ရောက်သွားခဲ့သည်။

ပုလဲသည် သက်ဝင်လှုပ်ရှားနေပြီး ထူးခြားဆန်းကြယ်သောစွမ်းအားကို ထုတ်ပေးသည်။

ထိုပုလဲကို ကြည့်လိုက်လျှင် ကိုယ်ပိုင်အသိစိတ်ကို ဖြည်းဖြည်းချင်း စုပ်ယူနေသည်ဟု ခံစားရသည်။

“ဒါက ငါတို့ပိုင်ကျီကလန်ရဲ့ အမွေအနှစ်ရတနာပဲ။ မကြည့်သင့်တာကို မကြည့်နဲ့။ မပြောသင့်တာကို မပြောနဲ့”

ဘိုးဘေးပိုင်ကျီက တွန့်ဆုတ်နေသောမျက်လုံးတစ်စုံဖြင့် ပြောသည်။ သူက ပေါ့ပါးစွာပြုံးလိုက်ပြီး လေဟာနယ်လမ်းကြောင်းထဲသို့ ဝင်‌ရောက်သွားသည်။

ပိုင်ကျီယုက ပုလဲလုံးကို ဆုပ်ကိုင်လိုက်သောအခါတွင် အလင်းစက်ကွင်းတစ်ခုက သူ့ကို ဝိုင်းရံလိုက်သည်။ သူက လက်ဝါးဖြန့်ကြည့်သောအခါတွင် ပုလဲလုံးက ပျောက်ကွယ်သွားပြီး လက်ဝါးပေါ်တွင် မျက်လုံးမှိတ်ထားသော ပုံသဏ္ဍာန်တစ်ခုသာ ကျန်ရစ်ခဲ့သည်။

“ဘုန်း”

သူတို့၏ရှေ့တွင် ပေါက်ကွဲသံတစ်ခုသည် အာကာသထဲတွင် ပဲ့တင်ထပ်သွားသည်။

ရွှေယွဲ့အာက ပိုင်ကျီယု၏လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။

သိပ်မဝေးသောနေရာတွင်ရှိနေသည့် ဝိညာဉ်သံချပ်ကာမိစ္ဆာများအားလုံးက ပေါက်ကွဲထွက်လာသော လေဟာနယ်ကို မော့ကြည့်သည်။

ထိုအချိန်၌ တစ်ဖက်နယ်မြေတွင် အနက်ရောင်အငွေ့အသက်သည် လောကတစ်ခုလုံးကို လွှမ်းခြုံထားသည်။

ပေတစ်ရာမြင့်မားသော ပုံရိပ်တစ်ခုသည် ကျားဝူ၏နောက်တွင် ပေါ်လာသည်။

ပုံရိပ်၏ဦးခေါင်းထက်တွင် စက်ဝိုင်းပုံကြေးမုံခုနစ်ခုဖြင့် ဖွဲ့စည်းထားသော သရဖူတစ်ခု ရှိနေသည်။

ကြေးမုံခုနစ်ခုသည် အနက်ရောင်အလင်းကို ထုတ်လွှတ်ပြီး လောကတစ်ခုလုံးကို အကျဉ်းချလိုက်သည်။

“ဒီယင်ကောင်လေးတွေက ဘယ်နေရာမှာပုန်းနေတာလဲ ကြည့်ပါရစေ”

ဘိုးဘေးပိုင်ကျီက ရွှေရောင်တောက်နေသော မျက်လုံးတစ်စုံဖြင့် ရှေ့တက်လာသည်။

ရွှေရောင်အလင်းသည် အမှောင်ထုကို ထိုးဖောက်သွားပြီး လောကတစ်ခုလုံးကို ကြည့်နေပုံပေါ်သည်။

“တွေ့ပြီ”

သူက ညင်သာစွာရေရွတ်လိုက်သည်။ ရွှေရောင်မြားတစ်စင်းသည် သူ့ရှေ့တွင် စုစည်းလာပြီး တည့်မတ်စွာ ပြေးထွက်သွားသည်။

ဟန်မူယဲ့က ဖျတ်ခနဲလှုပ်ရှားလိုက်ပြီး မြား၏နောက်မှ လိုက်သွားသည်။

“ဘုန်း”

အလင်းရောင်သည် ကောင်းကင်ထက်တွင် ဖျတ်ခနဲပေါ်လာသည်။

ကောင်းကင်၏ဒေါသ ဖြစ်သည်။ ဤလောကသည် မိုးကြိုးကပ်ဘေးကို ဆင့်ခေါ်နေသည်။

လျှပ်စီးကြောင်းများသည် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ကျားဝူ၏ ကြေးမုံခုနစ်ခုသရဖူကို တိုက်ခိုက်သည်။

သို့သော် မိုးကြိုးနဂါး ဆင်းသက်မလာခင် ဟန်မူယဲ့က ဓားထုတ်လိုက်သည်။

“ရွှပ် ....”

ဓားတစ်ချက် ....

ဓားသည် ကောင်းကင်ထက်မှ ဆင်းသက်လာပြီး ပတ်ဝန်းကျင်တွင်ရှိသော သဘာဝစွမ်းအင်များကို မရေမတွက်နိုင်သော ဓားအလင်းများအဖြစ် ပြောင်းလဲ၍ မိုးကြိုးနဂါးကို တစ်ပိုင်းတစ်စီ ခုတ်ဖြတ်လိုက်သည်။

မိုးကြိုးတိမ်တိုက်များသည် ဆက်တိုက်စုစည်းလာပြီး လှုပ်ရှားနေသည်။ ရုတ်တရက်ဆိုသလိုပင် ပေထောင်ချီမြင့်မားသော နွားသိုးတစ်ကောင်၏ပုံရိပ်သည် ဟန်မူယဲ့၏နောက်တွင် ပေါ်လာခဲ့သည်။ ထိုနွားသိုးက ဟိန်းဟောက်လိုက်ပြီး ကောင်းကင်ထက်တွင်ရှိသော မိုးကြိုးတိမ်တိုက်များအားလုံးကို တစ်ချက်တည်း မြိုချပစ်ခဲ့သည်။

ခွေသားရဲ၏ သွေးမျိုးဆက်အမွေအနှစ်သည် ပါ့ရှားသွေးမျိုးဆက်ထက် အားမနည်းပေ။

သူက ပါ့ရှား၏ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ပါ့ရှားသွေးမျိုးဆက်က ပိုမိုသိပ်သည်းသောကြောင့် ခွေသားရဲ၏သွေးမျိုးဆက်ကို သိပ်မသုံးခဲ့ပေ။

ယခုအချိန်တွင် သူက ပါ့ရှား၏သွေးမျိုးဆက်ကို အသုံးမပြုရန် ဆုံးဖြတ်ထားသောကြောင့် ခွေသားရဲ၏ သွေးမျိုးဆက်ကို အသုံးပြုမည်။ ထို့အပြင် ခွေသားရဲ၏ သွေးမျိုးဆက်သည် မိုးကြိုးကပ်ဘေးနှင့် ရင်ဆိုင်ရာတွင် ပိုမိုထိရောက်သည်။

ခွေပုံရိပ်က မိုးကြိုးတိမ်တိုက်ကို ဝါးမြိုပြီးသောအခါတွင် လျှပ်စီးကြောင်းများဖြင့် တစ်ကိုယ်လုံး ဖုံးလွှမ်းသွားသည်။ ထို့နောက် ခန္ဓာကိုယ်တွင် ရွှေရောင်ချပ်ဝတ်တစ်ခု ပေါ်လာသည်။

ဟန်မူယဲ့က မိုးကြိုးကပ်ဘေးကို ဖြိုခွဲပြီး မြားရှည်၏နောက်သို့ ဆက်လိုက်သွားသည်။ ခွေသားရဲ၏ ဧရာမပုံရိပ်သည် ရွှေရောင်သန်းနေပြီး လျှပ်စီးကြောင်းများကို ထုတ်လွှတ်နေသည်။

ကောင်းကင်ထက်တွင် မိုးကြိုးတိမ်တိုက်များ စုစည်းလာလျှင် ခွေသားရဲက ပါးစပ်ဖွင့်၍ ဝါးမြိုပစ်လိမ့်မည်။ သားရဲက တစ်ချက်လှုပ်ရှားလိုက်ရုံဖြင့် ကောင်းကင်နှင့်မြေကြီး၏ ချုပ်နှောင်မှုကို ဖျက်ဆီးနိုင်သည်။

“ရွှပ် ....”

ဟန်မူယဲ့က ဓားထုတ်ပြီး ခုတ်ချသည်။ အစိမ်းရောင်ဓားအလင်းသည် အောက်တွင်ရှိနေသော ကျယ်ပြန့်သည့် မြစိမ်းရောင်ရေပြင်ကို ထိုးခွဲသည်။

တည်ငြိမ်နေသောပင်လယ်သည် ကြမ်းတမ်းစွာလှုပ်ရှားလာသည်။

“ဂါး ....”

ဝိညာဉ်သံချပ်ကာမိစ္ဆာတစ်ကောင်သည် ဓားချက်ကြောင့် သွေးများစိုရွှဲနေသော ဒဏ်ရာများဖြင့် ရေပြင်ပေါ်သို့ ခုန်တက်လာသည်။

ထိုမိစ္ဆာသည် ပေတစ်သောင်းရှည်လျားပြီး သွေးချီကို သူတော်စင်တစ်ဝက်အဆင့်အထိရောက်အောင် ကျင့်ကြံထားနိုင်သည်။

ပင်လယ်ရေလှိုင်းများသည် မရေမတွက်နိုင်သော ပုံရိပ်များအဖြစ် ပြောင်းလဲသွားပြီး ဟန်မူယဲ့ကို တိုက်ခိုက်လိုက်ကြသည်။

သို့သော် ထိုပုံရိပ်များ ဖြစ်ပေါ်လာသောအချိန်တွင် ဓားအလင်းသည် ရေထုထဲမှ ပျံသန်းထွက်လာပြီး ဧရာမမိစ္ဆာကြီးနှင့် ပုံရိပ်များအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

ခွေသားရဲကဟိန်း‌ဟောက်ပြီး သွေးနှင့်ချီစွမ်းအားများကို စုပ်ယူ၍ မိုးကြိုးစွမ်းအားဖြင့် သန့်စင်လိုက်သည်။

သွေးနီရောင်ချပ်ဝတ်အလွှာများသည် ဟန်မူယဲ့၏ ခန္ဓာကိုယ်ပတ်ဝန်းကျင်တွင် ပေါ်ထွက်လာကြသည်။

ဟန်မူယဲ့က ပေတစ်သောင်းမြင့်မားသော ရေမျက်နှာပြင်ထက်တွင်ရပ်နေပြီး ဓားဖြင့် ရှေ့သို့ညွှန်ပြသည်။

အဆုံးမဲ့နတ်ဘုရားဘုရင်က ဤလောက၏ အစိတ်အပိုင်းကို အကျဉ်းချထားသည်။ ဤနေရာမှ ထွက်ပြေးနိုင်သော မိစ္ဆာများသည် အနည်းဆုံး ကောင်းကင်အဆင့်သို့ ရောက်နေသော မဟာမိစ္ဆာများ ဖြစ်ကြသည်။

ပုံရိပ်များသည် ရှေ့တွင် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာကြသည်။

“ဝီ”

လေထုသည် မရေမတွက်နိုင်သော နတ်အာရုံများကြောင့် တုန်ခါသွားသည်။

နတ်အာရုံတချို့က ဒေါသထွက်နေပြီး တချို့က မေးခွန်းထုတ်နေသည်။ တချို့က စိတ်ရှုပ်ထွေးနေကြသည်။

“ငါတို့ ဝိညာဉ်သံချပ်ကာမိစ္ဆာကလန်က မင်းတို့နဲ့ ရန်ငြိုးရှိလို့လား။ ဘာဖြစ်လို့ ငါတို့ရဲ့နယ်မြေကို ရောက်လာပြီး ငါတို့ကို သတ်ဖြတ်နေတာလဲ”

မြင့်မားသော အနက်ရောင်ပုံရိပ်သည် ဖျတ်ခနဲလှုပ်ရှားလိုက်ပြီး အနက်ရောင်ချပ်ဝတ်နှင့် လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။ ထိုလူက ဟန်မူယဲ့နှင့် ပေတစ်သောင်းအကွာတွင် ရပ်နေပြီး အမိန့်ပေးသောလေသံဖြင့် ပြောသည်။

သူက ဟန်မူယဲ့၏နောက်တွင်ရှိသော ခွေပုံရိပ်ကိုကြည့်လိုက်ပြီး ပြောသည်။

“ချီစွမ်းအင်ကျင့်ကြံခြင်းပဲ။ မင်းက အင်မော်တယ်ကမ္ဘာတစ်ခုရဲ့ လက်အောက်မှာရှိတဲ့ ကျင့်ကြံခြင်းကမ္ဘာတွေကနေ ရောက်လာတာမဟုတ်လား”

အင်မော်တယ်ကမ္ဘာနှင့် နတ်ဘုရားကမ္ဘာသည် ချီစွမ်းအင်ကို မကျင့်ကြံကြပေ။ အဆင့်နိမ့်လောကများကသာ ချီစွမ်းအင်ကို ကျင့်ကြံကြသည်။

သူတို့ရှိနေသောကမ္ဘာသည် အဆင့်နိမ့်ကမ္ဘာပင် ဖြစ်သည်။

လူသန်ကြီးက ဟန်မူယဲ့၏ဓားအလင်းကို ကြည့်လိုက်ပြီး မျက်လုံးများကို မှေးကျဉ်းသည်။

“ဓားတာအိုကျင့်ကြံခြင်းက တကယ်အားကောင်းတာပဲ”

“မင်းက ဒီကမ္ဘာကို ကျူးကျော်မလို့လား”

သူက နှာမှုတ်လိုက်ပြီး အေးစက်စွာပြောသည်။

“မင်းက ငါတို့ ဝိညာဉ်သံချပ်ကာမိစ္ဆာကလန်ရဲ့အကြောင်းကို သိနေတယ်ဆိုရင် ငါတို့ရှိတဲ့နေရာက မင်းတို့အတွက် အရင်းအမြစ်တွေမကျန်ဘူးဆိုတာကို သိမှာပါ”

ဝိညာဉ်သံချပ်ကာမိစ္ဆာကလန် ဖြတ်သန်းသွားသောနေရာတိုင်းတွင် မည်သည့်အရာမှ မကျန်ခဲ့ပေ။

ထို့ကြောင့် ကျင့်ကြံခြင်းလောကသည် အကောင်းဆုံးကြိုးစားပြီး ဝိညာဉ်သံချပ်ကာမိစ္ဆာများကို နှင်ထုတ်နေကြသည်။

“ဘုန်း”

ကျားဝူက ဟန်မူယဲ့၏ဘေးသို့ ရောက်လာသည်။

ရွှေရောင်မျက်လုံးတစ်စုံနှင့် အဖြူရောင်ဝတ်စုံဝတ်ထားသော ပိုင်ကျီကလည်း နောက်မှ နီးကပ်စွာလိုက်လာသည်။

ပိုင်ကျီနှင့်ကျားဝူသည် ထိတ်လန့်ဖွယ်ကောင်းသောစွမ်းအားကို ထုတ်လွှတ်နေကြသည်။

အနက်ရောင်ဝတ်စုံနှင့်လူက သူတို့ကိုကြည့်လိုက်ပြီး စိုးရိမ်စိတ်များဖြင့် နောက်ဆုတ်သည်။

“မင်းက ငါတို့နဲ့စကားပြောဖို့ အဆင့်မမီဘူး”

ဟန်မူူယဲ့က ခေါင်းခါလိုက်ပြီး အနက်ရောင်ချပ်ဝတ်နှင့်လူကို ကျော်ဖြတ်၍ ကောင်းကင်၏ အဝေးတစ်နေရာကို ကြည့်သည်။

“မင်းက ဒီလောကမှာရှိတဲ့ ဝိညာဉ်သံချပ်ကာမိစ္ဆာကလန်ရဲ့ ဘုရင်မ မဟုတ်လား”

ဘုရင်မ ....

အနက်ရောင်ချပ်ဝတ်နှင့်လူ၏ မျက်နှာထားက ပြောင်းလဲသွားပြီး တစ်ဖက်သို့ လှည့်ကြည့်သည်။ ပုံရိပ်တစ်ခုသည် လေထုထဲတွင် ဖြည်းဖြည်းချင်း လျှောက်လာသည်။

သူမက အဖြူရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည်။ သူမ၏ ခြေထောက်ဘေးတွင် ကြာပန်းသုံးပွင့် ရှိနေသည်။

ထိုကြာပန်းများသည် ပွင့်လိုက်ပိတ်လိုက်ဖြစ်နေပြီး လောကတစ်ခု၏ ပျက်စီးခြင်းကို ယူဆောင်လာနိုင်ပုံရသည်။

သူမက အစိမ်းရောင်ဆံပင်ရှည်ကို ပင့်မြှောက်စည်းပြီး ပုလဲတစ်လုံးဖြင့် အလှဆင်ထားသည်။

ထိုပုလဲသည် နတ်ဘုရားအလင်းကို ထုတ်လွှတ်နေပြီး ပတ်ဝန်းကျင်လေဟာနယ်ကို ထိုးခွဲနိုင်ပုံပေါ်သည်။

သူမက အလွန်လှပပြီး မွန်းကျပ်စေနိုင်သော ညှို့ဓာတ်ကို ပိုင်ဆိုင်ထားသည်။

သူမ၏မျက်နှာသည် ပန်းချီကားတစ်ချပ်ကဲ့သို့ အချိုးအစားကျပြီး မျက်လုံးများက ခုနစ်ရောင်အလင်းကို ထုတ်လွှတ်ပေးနေသည်။

သူမ၏ မျက်လုံးထဲတွင်ရှိသော ခုနစ်ရောင်အလင်းသည် အနည်းငယ်လှုပ်ရှားနေပြီး လူတစ်ယောက်၏ဝိညာဉ်ကို အရည်ပျော်သွားစေနိုင်သည်။

“တာအိုရောင်းရင်းတို့ ဘာဖြစ်လို့ ကျွန်မရဲ့ တိမ်တိုက်ရေလောကကို ရောက်လာတာပါလဲ”

All Chapters