← Chapters

အခန်း (၈၁၇)

Vol. 59 Ch. 817

အခန်း (၈၁၇)

Vol. 59 Ch. 817

ထိုဓားအလင်း ပေါ်လာသောအခါ သူ့ရှေ့တွင်ရှိနေသော ကျင့်ကြံသူသုံးယောက်၏ မျက်နှာထားက ပြေလျော့သွားသည်။

သက်လတ်ပိုင်းအရွယ်ဓားကျင့်ကြံသူက ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ငါက ဖူလျန်မြေရိုင်းမှာ တာဝန်ကျနေတဲ့ ဓားဂိုဏ်းရဲ့အစောင့်အကြပ် ဝမ်ကျင်းထိုက်ပဲ”

“အဲဒီအမှတ်အသားက မင်းရဲ့အထောက်အထားကို ဆုံးဖြတ်ပေးဖို့ မလုံလောက်ဘူး။ ငါ့နောက်ကနေ လိုက်ခဲ့ပါ”

သူက လှုပ်ရှားလိုက်ပြီး အစိမ်းရောင်သန်းနေသော လေးထပ်ဓားစံအိမ်ထဲသို့ ဝင်ရောက်သွားသည်။

ဓားစံအိမ် သို့မဟုတ် ဓားမျှော်စင် ....

ထိုဓားမျှော်စင်သည် အထက်ဘုံ၏ ဓားစံအိမ်တွင်ရှိနေသော ကိုးထပ်ဓားမျှော်စင်နှင့် တူညီသော်လည်း အနည်းငယ် ကွာခြားသည်။

ထိုဓားမျှော်စင်သည် ပိုမိုကြမ်းတမ်းပြီး အံ့ဖွယ်ကိုးပါးတောင်တွင်ရှိသော ဓားများကိုသာ သိမ်းဆည်းထားနိုင်သည့် ဓားစံအိမ်နှင့် မတူညီပေ။

အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ တပည့်များအတွက် ဓားမျှော်စင်သည် ကိုယ်ပိုင်နယ်မြေဖြစ်သည်။

အပြင်လူများသည် ဓားမျှော်စင်၏ပိုင်ရှင်ထက် ဆယ်ဆခန့်ပိုမိုအစွမ်းမထက်ဘဲ ဓားမျှော်စင်ထဲမှ ထွက်သွားနိုင်မည်မဟုတ်ပေ။

ဂိုဏ်းတူတပည့်များဆိုလျှင်တော့ ထိုအကြောင်းနှင့်ပတ်သတ်၍ စိုးရိမ်ရန်မလိုအပ်ပေ။

ဟန်မူယဲ့က တုံ့ဆိုင်းမနေဘဲ လှုပ်ရှားလိုက်ပြီး ဓားမျှော်စင်ထဲသို့ ဝင်သွားသည်။

လူငယ်ဓားကျင့်ကြံသူတစ်ယောက်က သူ့နောက်မှ လိုက်လာသည်။ တခြားတစ်ယောက်က တုစန်ကျန်းကို ပြောလိုက်သည်။

“သူက ငါတို့ဂိုဏ်းရဲ့ တပည့်မဟုတ်ရင်တောင် မင်းရဲ့ဆုကြေးကို လျော့ချမှာမဟုတ်ဘူး”

သူက ထိုသို့ပြောလိုက်ပြီး တုစန်ကျန်း၏တုံ့ပြန်မှုကို မစောင့်ဘဲ လှည့်ထွက်သွားသည်။

ဟန်မူယဲ့က ဓားမျှော်စင်ထဲသို့ ရောက်လာသောအချိန်တွင် ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသော ဓားဆန္ဒကို ခံစားမိသည်။

သူ၏ ဝိညာဉ်စွမ်းအားကိုလည်း စစ်ဆေးကြည့်နေပုံရသည်။

ကံကောင်းစွာဖြင့် ဓားဆန္ဒနှင့် ဝိညာဉ်စွမ်းအားသည် စစ်ဆေးကြည့်ရုံသာဖြစ်သောကြောင့် ဟန်မူယဲ့ဆီမှ တန်ပြန်စွမ်းအားကို မဖြစ်ပေါ်စေခဲ့ပေ။

သက်လတ်ပိုင်းအရွယ်ဓားကျင့်ကြံသူ ဝမ်ကျင်းထိုက်က အစိမ်းရောင်ဓားရှည်ကို ကိုင်ဆောင်ထားပြီး ဟန်မူယဲ့ကို ကြည့်နေသည်။

“ငါတို့ရဲ့ဓားဂိုဏ်းမှာ လူထက် ဓားကို အရင်ဆုံးအသိအမှတ်ပြုတယ်”

သူက ဟန်မူယဲ့၏နောက်တွင် ပါလာသော လူငယ်ဓားကျင့်ကြံသူကို ကြည့်လိုက်ပြီး ခေါင်းညိတ်ပြသည်။

“ကျန်းယွင်ကျီက သင်ပြမှုကို ခံယူဖို့အတွက် ရောက်လာပါတယ်”

သူက ဓားရှည်ကိုထုတ်ပြီး လှုပ်ရှားလိုက်သည်။

သူက အဓိကဂိုဏ်းကြီးတစ်ဂိုဏ်း၏ တပည့်တစ်ယောက်ဖြစ်သောကြောင့် ဓားထုတ်လိုက်သောအချိန်တွင် မိုးကြိုးနှင့်လေပြင်းစွမ်းအားကို အသက်သွင်းနိုင်ခဲ့သည်။

“မိုးကြိုးနဲ့ လေပြင်းလား”

ဟန်မူယဲ့၏မျက်နှာထားက တည်ငြိမ်နေပြီး လက်မြှောက်၍ နောက်ကျောတွင်ရှိသောဓားအိမ်မှ ဓားတစ်လက်ကို ထုတ်ယူသည်။

သူက နောက်သို့ လှည့်မကြည့်ပေ။ ဓားရှည်သည် အစိမ်းရောင်အင်မော်တယ်ချီစွမ်းအင်ကို သယ်ဆောင်ထားပြီး နောက်ကျောဘက်မှ တိုးဝင်လာသောဓားအလင်းနှင့် ရင်ဆိုင်လိုက်သည်။

မိုးကြိုးနှင့်လေပြင်း ဓားနည်းစနစ်သည် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ အခြေခံဓားနည်းစနစ်များထဲမှတစ်ခု ဖြစ်သည်။

တုစန်ကျန်းလေ့ကျင့်ထားသော အခြေခံဓားနည်းစနစ်နှစ်ခုထဲမှ တစ်ခုသည် ထိုဓားနည်းစနစ် ဖြစ်သည်။

သူက တောရိုင်းနယ်မြေ၏ အားနည်းသောတည်နေရာကို စောင့်ကြပ်နေသောအချိန်တွင် ထိုဓားနည်းစနစ်ကို ထုတ်သုံးခဲ့သည်။

“ဘန်း”

ဓားနှစ်လက်၏ ထိတွေ့မှုသည် ခပ်အုပ်အုပ်မိုးခြိမ်းသံကို ဖြစ်ပေါ်လာစေခဲ့သည်။

“ကောင်းလိုက်တဲ့ မိုးကြိုးနဲ့လေပြင်းပဲ”

ကျန်းယွင်ကျီက တောက်ပနေသောမျက်လုံးများဖြင့် ရွှေရောင်လျှပ်စီးကြောင်းတစ်ခုကို ထုတ်ဖော်၍ ဘယ်ဘက်မှတစ်ဆင့် ခုတ်ချသည်။

ဟန်မူယဲ့က နောက်သို့ လှည့်မကြည့်သေးပေ။

ကျန်းယွင်ကျီ၏ဓားသည် သုံးလက်မရှေ့တိုးလာသော်လည်း ဟန်မူယဲ့က မလှုပ်ရှားသေးပေ။

ဝမ်ကျင်းထိုက်၏မျက်လုံးများက အေးစက်သွားသည်။

ကျန်းယွင်ကျီက မျက်မှောင်ကြုတ်လိုက်ပြီး ဓားကို ပိုမိုလျင်မြန်စွာ ခုတ်ချသည်။

ဓားက ဟန်မူယဲ့နှင့် သုံးပေအကွာသို့ ရောက်လာသောအချိန်တွင် ဟန်မူယဲ့၏ ဓားရှည်က လှုပ်ရှားလိုက်သည်။

“ဝီ”

ဓားသည် လေပြင်လေညင်းတစ်ခုနှင့်အတူ ရွေ့လျားလာသည်။

ထိုဓားသည် လေပြင်းနှင့်မိုးကြိုးကို သယ်ဆောင်ထားသော်လည်း အလွန်ညင်သာနေသည်။

“ရွှပ် ....”

ဟန်မူယဲ့၏လက်ထဲတွင်ရှိသော ဓားရှည်သည် ကျန်းယွင်ကျီ၏ ဓားရှည်နှင့် ထိတွေ့သွားသည်။ ကျန်းယွင်ကျီက တစ်ကိုယ်လုံးတုန်ခါနေပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်သည်။ ဟန်မူယဲ့၏ပုံရိပ်က နှစ်ဆလျင်မြန်လာပြီး မျက်တောင်တစ်ခတ်စာအချိန်အတွင်း၌ ကျန်းယွင်ကျီ၏နောက်သို့ ‌ရောက်သွားသည်။

သူ၏ဓားက ကျန်းယွင်ကျီ၏နောက်ကျောနှင့် သုံးလက်မအကွာတွင် ရှိနေသည်။

ကျန်းယွင်ကျီက အေးစက်သောဓားဆန္ဒကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲသွားသည်။

အင်မော်တယ်ကမ္ဘာသည် လူသားကမ္ဘာထက် အဆပေါင်းများစွာ ပိုမိုတည်ငြိမ်သောကြောင့် ကျင့်ကြံသူများ၏ အမြန်နှုန်းသည် ဖိနှိပ်ခံထားရသည်။

ဟန်မူယဲ့ထုတ်ပြလိုက်သော အမြန်နှုန်းကို ကျန်းယွင်ကျီက နှစ်တစ်ရာကြာသည်အထိ ကျင့်ကြံပြီးသွားလျှင်ပင် မျှော်လင့်နိုင်မည်မဟုတ်ပေ။

သူက ရွှေအမြုတေအဌမအဆင့်တွင်သာ ရှိနေသည်။

ဟန်မူယဲ့က အနည်းဆုံး ကောင်းကင်အဆင့်တွင် ရှိနေလိမ့်မည်။

“မဆိုးဘူး။ လေပြင်းနဲ့မိုးကြိုးနည်းစနစ်မှာ ဒီလိုအမြန်နှုန်းကို ရရှိဖို့ဆိုရင် အနည်းဆုံး နှစ်တစ်ရာလောက် အချိန်ယူရလိမ့်မယ်”

ဝမ်ကျင်းထိုက်က ဓားသိမ်းလိုက်သောဟန်မူယဲ့ကို ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။ သူက လက်မြှောက်ပြီး သူ့ဆီသို့လာရန်အတွက် ဟန်မူယဲ့ကို အချက်ပြသည်။

ဟန်မူယဲ့က ရှေ့သို့လျှောက်သွားပြီး ကျန်းယွင်ကျီ၏ဘေးမှ ဖြတ်သွားသောအချိန်တွင် တီးတိုးပြောသည်။

“မင်းရဲ့ တိမ်တိုက်မိုးကြိုးနည်းစနစ်က သုံးဆပိုနှေးနေတယ်။ မင်းက တိမ်တိုက်မိုးကြိုးစွမ်းအားကို အဆုံးစွန်အထိ စုဆောင်းထားဖို့ လိုလိမ့်မယ်”

ဟန်မူယဲ့၏စကားကြောင့် ရှေ့တွင်ရှိနေသော ဝမ်ကျင်းထိုက်က ထိတ်လန့်သွားသည်။

ကျန်းယွင်ကျီ၏ပခုံးများက တုန်ခါသွားပြီး စဉ်းစားကြည့်နေသည်။ ထို့နောက် သူက ပျော်ရွှင်သောမျက်နှာထားဖြင့် လေးစားစွာပြောသည်။

“အကြီးအကဲရဲ့ သင်ပြမှုအတွက် ကျေးဇူးတင်ပါတယ်”

ဓားမျှော်စင်၏ တည်ဆောက်မှုသည် လူသားလောကတွင်ရှိသော ဓားစံအိမ်များနှင့် ကွဲပြားနေသည်။ ဓားများကို သိုလှောင်ထားသောနေရာသည် အနည်းငယ်သာရှိပြီး အမျိုးမျိုးသော ဝင်္ကပါစင်မြင့်များကို မြင်နေရသည်။

ဤဓားမျှော်စင်သည် ဓားများကို သိမ်းဆည်းရန်အတွက်မဟုတ်ဘဲ တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့အတွက် ဖြစ်သည်။

ဝမ်ကျင်းထိုက်က စားပွဲရှည်တွင် ထိုင်လိုက်ပြီး မေးသည်။

“ငါက ဂိုဏ်းတူညီလေးရဲ့ နာမည်ကို မသိသေးဘူး။ ပြီးတော့ ဂိုဏ်းရဲ့ ဘယ်ခန်းဆောင်ကလဲ”

သူက ဟန်မူယဲ့ကို ဂိုဏ်းတူညီလေးအဖြစ် ခေါ်ဆိုပြီး အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ တပည့်တစ်ယောက်အဖြစ် သတ်မှတ်လိုက်သည်။

ဟန်မူယဲ့ထုတ်ပြခဲ့သော ခွန်အားသည် ကောင်းကင်အဆင့်တွင် ရှိနေသော်လည်း သူ့ထက် အနည်းငယ် အားနည်းသည်။ ထို့အပြင် သူထက်လည်း ငယ်ရွယ်ပုံရသည်။

“ဟန်မူယဲ့က ဂိုဏ်းတူအစ်ကိုကို နှုတ်ဆက်ပါတယ်”

ဟန်မူယဲ့က လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ကျယ်လောင်စွာပြောသည်။

“ကျွန်တော်က ကောင်းကင်ကင်းလှည့်ခန်းဆောင်ကပါ”

ထို့နောက် သူက နောင်တရနေ‌သောမျက်နှာထားဖြင့် ဆက်ပြောသည်။

“ကျွန်တော်က ဆရာလက်ခံခဲ့တဲ့ အမည်ခံတပည့်တစ်ယောက်ပါ။ ဆရာက ကင်းလှည့်ခန်းဆောင်က ဆိုတာကိုပဲ သိတယ်။ ဆရာရဲ့နာမည်ကို မသိဘူး”

“ကျွန်တော့်ရဲ့ဆရာက လူသားလောကမှာ ကျဆုံးသွားခဲ့တယ်။ အရေးကြုံနေတဲ့အချိန်မှာ တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို အသုံးပြုပြီး ကျွန်တော့်ကို အင်မော်တယ်ကမ္ဘာဆီ ပို့လိုက်တာပဲ”

တုစန်ကျန်း၏ ဓားမှတ်ဉာဏ်နှင့် စစ်ဆေးခြင်းခန်းဆောင်တွင်ရှိသော တံဆိပ်ပြား၏ မှတ်ဉာဏ်များအရ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းတွင် တပည့်များကို ဆရာက အရင်ဆုံး အသိအမှတ်ပြုရသည်။ ထို့နောက် ဂိုဏ်းက လက်ခံပေးသည်။

အမည်ခံတပည့်များသည် ဆရာ၏နာမည်ကိုသိရန် အဆင့်မမီသေးပေ။

ထို့အပြင် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ ကောင်းကင်ကင်းလှည့်ခန်းဆောင်သည် တိုက်ခိုက်နိုင်စွမ်းအရ ရှေ့ဆုံးတွင်ရှိနေသော ခန်းဆောင်တစ်ခု ဖြစ်သည်။ ခန်းဆောင်သခင် ၁၈ယောက်သည် ကောင်းကင်အင်မော်တယ်အဆင့်တွင် ရှိနေကြသည်။

ကောင်းကင်ကင်းလှည့်ခန်းဆောင်သည် တိုက်ပွဲနှင့် သတ်ဖြတ်မှုများကို တာဝန်ယူထားသည်။ ထို့ကြောင့် မတော်တဆမှုလည်း အများဆုံးဖြစ်သည်။

ကျွမ်းကျင်သူအများအပြားသည် ပြင်ပနယ်မြေတွင်‌ သေဆုံးသွားကြပြီး နှစ်ပေါင်းမ‌ရေမတွက်နိုင်အောင် ကြာမြင့်သည်အထိ သတင်းမရခဲ့ပေ။

“ကောင်းကင်ကင်းလှည့်ခန်းဆောင် ....”

ဝမ်ကျင်းထိုက်က နောင်တရနေသောမျက်နှာထားဖြင့် ပြောသည်။

“ငါကလည်း ကောင်းကင်ကင်းလှည့်ခန်းဆောင်ကို ဝင်ရောက်ချင်ခဲ့တယ်။ ဒါပေမဲ့ စစ်ဆေးမှုကို မကျော်ဖြတ်နိုင်ခဲ့ဘူး”

သူတို့က တစ်ယောက်နှင့်တစ်ယောက် အသိအမှတ်ပြုလိုက်ကြပြီး ဆက်လက်စကားပြောနေခဲ့သည်။ လေထုက အ‌တော်လေးကောင်းမွန်နေသည်။

ဟန်မူယဲ့က အင်မော်တယ်ကမ္ဘာနှင့် စိမ်းနေပုံပေါ်သော်လည်း သူ၏ ဓားပညာရပ်တွင် ကျွမ်းကျင်မှုနှင့် ကောင်းကင်ကင်းလှည့်ခန်းဆောင်၏ ဗဟုသုတများကြောင့် ဝမ်ကျင်းထိုက်က အထင်ကြီးမိသည်။

ကောင်းကင်ကင်းလှည့်ခန်းဆောင်မှ ဟန်မူယဲ့၏ဆရာသည် သာမန်ဖြစ်ပုံမရပေ။

ထိုလူက ထူးခြားသောကြောင့်သာ တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို အသက်သွင်းပြီး တပည့်ဖြစ်သူကို အင်မော်တယ်ကမ္ဘာသို့ ပို့ပေးနိုင်ခဲ့သည်။

“ဂိုဏ်းတူညီလေးဟန်၊ မင်းရဲ့အထောက်အထားကို အတည်ပြုပြီးပြီဆိုပေမဲ့ ဂိုဏ်းတပည့်တစ်ယောက် ဖြစ်လာချင်ရင် စမ်းသပ်မှုကို ကျော်ဖြတ်ရလိမ့်မယ်”

“ဂိုဏ်းရဲ့စမ်းသပ်ပွဲကို မိုင်ရှစ်သန်းအကွာမှာ ရှိနေတဲ့ ယွင်လုမြို့မှာ ကျင်းပတယ်။ ဓားပျံနဲ့သွားမယ်ဆိုရင် ဖူလျန်မြေရိုင်းတစ်ခုလုံးကို ဖြတ်သန်းသွားရလိမ့်မယ်”

ဝမ်ကျင်းထိုက်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။

“မြေရိုင်းက အန္တရာယ်များတယ်။ မင်းက မသွားခင်မှာ လူတွေပိုများလာအောင် စောင့်နေလိုက်တာ ပိုကောင်းတယ်”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး မတ်တပ်ရပ်၍ လက်နှစ်ဖက်ကိုဆုပ်ကိုင်လျက် ပြောသည်။

“ကျွန်တော်က ဂိုဏ်းတူအစ်ကိုရဲ့ စီမံမှုကို နာခံပါ့မယ်”

ထိုသို့ဖြင့် သူက လက်မြှောက်လိုက်သောအခါတွင် အပြာရောင်ဓားရှည်တစ်ချောင်းသည် ဓားအိမ်ထဲမှ ထွက်လာခဲ့သည်။

ထိုဓားက မှော်ရတနာဖြစ်ပြီး ဝမ်ကျင်းထိုက်သယ်ထားသော အဆင့်မြင့်မှော်ရတနာဓားထက် တစ်ဆင့်သာနိမ့်သည်။

“ဒါက ဂိုဏ်းတူအစ်ကိုကြီးအတွက် နှုတ်ဆက်လက်ဆောင်ပါ”

မှော်ရတနာဓားရှည် ....

ထိုလက်ဆောင်သည် ဝမ်ကျင်းထိုက်အတွက် အလွန်အရေးပါသည်။

ဝမ်ကျင်းထိုက်က ပြုံးလိုက်ပြီး ဓားရှည်ကို ယူသည်။ ထို့နောက် တုံ့ဆိုင်းနေပြီး နှစ်ပေရှည်သော ဓားတစ်လက်ကို ထုတ်ပေးသည်။

နှုတ်ဆက်လက်ဆောင်သည် လက်ခံခြင်းသာမဟုတ်ဘဲ ပြန်ပေးခြင်းလည်း ရှိရမည်။

အင်မော်တယ်ကမ္ဘာဖြစ်စေ လူသားလောကဖြစ်စေ နှစ်ဖက်လဲလှယ်မှုစည်းမျဉ်းများသည် တူညီကြသည်။

“ဒီဓားက အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်ပဲ ဖြစ်နေပေမဲ့ ငါ့ကို ကိုယ်စားပြုနိုင်တယ်”

“ဒီဓားနဲ့ဆိုရင် ဂိုဏ်းတူညီလေးက မိုင်တစ်သန်းအတွင်းမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်တယ်”

ဟန်မူယဲ့က ပြုံးလိုက်ပြီး ဓားကို လက်ခံသည်။

လွတ်လပ်စွာသွားလာနိုင်ခြင်းသည် သူ့အတွက် အရေးမကြီးပေ။ သူက ဓားထဲတွင်ရှိသော မှတ်ဉာဏ်များကိုသာ လိုအပ်သည်။

ထိုဓား၏နာမည်သည် ဝူယွဲ့ဖြစ်ပြီး နှစ်ပေရှည်လျား၍ သုံပေါင်ခွဲလေးသည်။ ထိုဓားကို ကျောက်စိမ်းနက်သံမဏိဖြင့် ပြုလုပ်ပြီး ကြယ်သုံးလုံးယွင်မော့ကျောက်တုံး၊ အပြာရောင်ရွှေနှင့် ဟွမ်သစ်သားကို ထည့်သွင်းထားသည်။

ဝူယွဲ့ဓားသည် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦး၏ ဓားတစ်လက် ဖြစ်ခဲ့သည်။ ထိုကျင့်ကြံသူက နှစ်ပေါင်းသုံးထောင်ကြာအောင် ခြေဦးတည့်ရာလျှောက်သွားနေပြီး မိုင်သန်းထောင်ချီအတွင်း၌ရှိသော သဘာဝရှုခင်းနှင့် တေးသံများကို ခံစားခဲ့သည်။

ထိုမှတ်ဉာဏ်များကို ဟန်မူယဲ့က တစ်ခုချင်းစီ လေ့လာကြည့်ခဲ့သည်။

ဝမ်ကျင်းထိုက်က ထိုဓားကို ယွီကျစ်ဒေသအား စောင့်ကြပ်နေသော ဦးလေးဖြစ်သူ ဝမ်မင်ဟယ်ဆီမှ ရရှိခဲ့သည်။

ထိုဓားသည် ဝမ်မင်ဟယ်နှင့် ဆယ်စုနှစ်ပေါင်းများစွာ အတူရှိနေခဲ့ပြီး ဝမ်ကျင်းထိုက်၏လက်ထဲတွင် နှစ်ပေါင်းငါးရာခန့် ရှိနေခဲ့သည်။ ဓား၏မှတ်ဉာဏ်ထဲတွင် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းမှ နည်းစနစ်များအပြင် ဓားပိုင်ရှင်များ၏ အတွေ့အကြုံလည်း ပါဝင်နေသည်။

ထိုအရာများကို ဟန်မူယဲ့က လိုအပ်နေသည်။

ဟန်မူယဲ့က အားဖြည့်ရန်လိုအပ်သည်ဟူသော အကြောင်းပြချက်ဖြင့် ဝမ်ကျင်းထိုက်စီစဉ်ပေးသော စံအိမ်ထဲတွင် သုံးရက်ကြာအောင် နေထိုင်ခဲ့သည်။

သူက အမှန်တကယ်ပင် အားဖြည့်နေခြင်းဖြစ်သည်။

သူက ဆေးလုံးများ၏အကူအညီဖြင့် သုံးရက်အတွင်း၌ အင်မော်တယ်ချီစွမ်းအင်ကို ကမ္ဘာမြေအထွတ်အထိပ်အဆင့်အထိ မြှင့်တင်နိုင်ခဲ့သည်။ သူက ရွှေအမြုတေအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။

အင်မော်တယ်ချီကျင့်ကြံခြင်းသည် ချီစွမ်းအင်ကျင့်ကြံခြင်းနှင့် ဆင်တူသောကြောင့် သူ၏ စိတ်အခြေအနေသည် ကျင့်ကြံဆင့်နှင့် တစ်သားတည်းဖြစ်နေသည်။ သူက ရွှေအမြုတေအဆင့်သို့ ခြေချပြီး ကောင်းကင်အဆင့်သို့ တစ်ခါတည်းတက်သွားနိုင်သည်။

သို့သော် ဝိညာဉ်နှင့် ရုပ်ခန္ဓာကို အင်မော်တယ်ချီဖြင့် သန့်စင်ပေးရန် လိုအပ်နေသည်။ သူက အင်မော်တယ်ကမ္ဘာ၏ ကောင်းကင်နှင့်မြေကြီးကို ဖြည်းဖြည်းချင်း အာရုံခံကြည့်ပြီး ကိုယ်ပိုင်တာအိုကို ပြန်လည်ဖန်တီးရမည်။

ကောင်းကင်အဆင့်သို့ ဝင်ရောက်ခြင်းသည် လွယ်ကူသော်လည်း လူသားအင်မော်တယ်အဆင့်သို့ တက်လှမ်းရန်အတွက် အတားအဆီးများကို ကျော်ဖြတ်ပြီး မဟာတာအိုကို နားလည်ရမည်။ ထိုမှသာ သူတော်စင်တစ်ပါး ဖြစ်လာနိုင်မည်။

All Chapters