အခန်း (၈၁၈)
Vol. 59 Ch. 818
လူသားလောကတွင် မဟာတာအိုသည် လျော့ရဲနေသောကြောင့် တာအိုကို အာရုံခံကြည့်ပြီး သူတော်စင်တစ်ဝက်အဆင့် သို့မဟုတ် သူတော်စင်အဆင့် ဖြစ်လာခြင်းသည် မခက်ပေ။
ကိုယ်ပိုင်တာအိုကို ဖန်တီးပြီး တာအိုဘိုးဘေးဖြစ်လာခြင်း၊ ကိုယ်ပိုင်တာအိုကို ကောင်းကင်နှင့်မြေကြီးဖြင့် ပေါင်းစပ်ပြီး နတ်ဘုရားဘုရင်ဖြစ်လာခြင်းသည်လည်း အင်မော်တယ်ကမ္ဘာထက် ပိုမိုလွယ်ကူသည်။
သို့သော် အင်မော်တယ်ကမ္ဘာက လူသားလောကနှင့် မတူပေ။
ကောင်းကင်အဆင့်သို့ ဝင်ရောက်ခြင်းသည် လွယ်ကူသော်လည်း လူသားအင်မော်တယ်အဆင့်သို့ ဝင်ရောက်ခြင်းသည် ခက်ခဲသည်။ ကောင်းကင်အဆင့်ကျင့်ကြံသူ တစ်သောင်းလျှင် တစ်ယောက်သာ လူသားအင်မော်တယ်အဆင့်သို့ ဝင်ရောက်နိုင်ကြသည်။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်နှင့်မြေကြီးသည် တည်ငြိမ်ပြီး အင်မော်တယ်ချီသည် အလွန်အားကောင်းသည်။ ထို့ကြောင့် အင်မော်တယ်ကမ္ဘာမှ ကျင့်ကြံသူများအတွက် ကောင်းကင်အဆင့်သို့ တက်လှမ်းရန် လွယ်ကူကြသည်။ သို့သော် ကောင်းကင်တာအိုကို သုံးသပ်ပြီး မဟာတာအိုကို နားလည်ခြင်းသည် လူသားလောကထက် အဆပေါင်းမရေမတွက်နိုင်အောင် ခက်ခဲသည်။
ထို့အပြင် ကောင်းကင်ကပ်ဘေးသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။
ဝမ်မင်ဟယ်၏ အတွေ့အကြုံများအရ သူတော်စင်အထွတ်အထိပ်အဆင့်သို့ ရောက်နေသော်လည်း ကောင်းကင်ကပ်ဘေးကို ကြောက်ရွံ့သောကြောင့် ထပ်မံအဆင့်မတက်ရဲခဲ့ပေ။
သူက ဂိုဏ်း၏အကူအညီဖြင့် ကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ချင်သောကြောင့် လုံလောက်သောအကျိုးပြုမှု ရရှိရန် ယွီကျစ်ဒေသကို နှစ်ပေါင်းထောင်ချီ၍ ကာကွယ်နေခဲ့သည်။
လူသားအင်မော်တယ်အဆင့်မှ ကောင်းကင်အင်မော်တယ်အဆင့်သို့ တက်လှမ်းရန်အတွက် အလွန်ခက်ခဲသည်။
လူသားနှင့်ကောင်းကင်၏ ပျက်စီးခြင်းနိမိတ်ငါးပါးသည် သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်သည်။
မရေမတွက်နိုင်သော လူသားအင်မော်တယ်များသည် ထိုအတားအဆီးတွင် ကျရှုံးသွားပြီး ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားကြသည်။
အင်မော်တယ်ကမ္ဘာတွင် လူသားအင်မော်တယ်အများအပြား တည်ရှိနေသော်လည်း ကောင်းကင်အင်မော်တယ်များ၏ အရေအတွက်သည် ရုတ်တရက် လျော့ကျသွားသည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်လူသားကပ်ဘေးကြောင့် ဖြစ်သည်။
“ညီညွတ်မှုနဲ့ ပျက်စီးမှုကြားမှာ အားလုံးက အင်မော်တယ်ဖြစ်လာနိုင်တယ်”
ဟန်မူယဲ့က ကောင်းကင်လူသားကပ်ဘေးအား ကျော်ဖြတ်နိုင်မည့် နည်းလမ်းတစ်ခုကို အံ့အားသင့်ဖွယ်ကောင်းအောင် တွေ့လိုက်ရသည်။
ကောင်းကင်တာအို၏ဆန္ဒကို လိုက်နာပြီး ကောင်းကင်နှင့်လူသား၏ ပျက်စီးခြင်းငါးပါးကို တောင့်ခံမည်ဆိုလျှင် သေခြင်းရှင်ခြင်းစိန်ခေါ်မှုကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်မည်။
အကယ်၍ ထိုဖြစ်ရပ်ကို အောင်မြင်ခဲ့လျှင် လူတစ်ယောက်က ပြန်လည်မွေးဖွားလာပြီး ကောင်းကင်အင်မော်တယ်အဆင့်သို့ ရောက်သွားလိမ့်မည်။ သို့သော် ထိုအရာသည် တိတ်ဆိတ်ပြီး လျှို့ဝှက်သော အဆင့်တက်ခြင်း ဖြစ်သည်။ ရုပ်ခန္ဓာနှင့် ကိုယ်ပိုင်တာအိုသည် ပျောက်ကွယ်သွားလိမ့်မည်။
အကယ်၍ ထိုလမ်းကြောင်းသို့ မလိုက်ချင်လျှင် ကံကြမ္မာကို ဆန့်ကျင့်ရုံသာ တတ်နိုင်မည်။
ကိုယ်ပိုင်စွမ်းအားကို အသုံးပြု၍ အဆင့်တက်နိုင်သည်။
ကောင်းကင်နှင့်လူသား၏ ပျက်စီးခြင်းငါးပါးကို မခံစားရဘဲ ကောင်းကင်အင်မော်တယ်အဆင့်စွမ်းအားကို စုဆောင်း၍ လွှမ်းမိုးနိုင်စွမ်းရှိသောစွမ်းအားဖြင့် အတင်းအကျပ် အဆင့်တက်နိုင်သည်။
ထိုနည်းလမ်းမျိုးကို အဓိကဂိုဏ်းကြီးများ၏ တိုက်ရိုက်တပည့်များနှင့် အင်အားစုကြီးများ၏ တိုက်ရိုက်မျိုးဆက်များကသာ အသုံးပြုရဲကြသည်။
လုံလောက်သောအရင်းအမြစ် မရှိခဲ့လျှင် ထိုနည်းလမ်းကို အသုံးမပြုနိုင်ပေ။
အရင်းအမြစ်များ ရှိနေလျှင်ပင် အင်အားစုကြီးတစ်ခု၏ ထောက်ပံ့မှုမရှိလျှင် ဆက်လက်ရှင်သန်နိုင်မည်မဟုတ်ပေ။
ကောင်းကင်ကိုဆန့်ကျင်၍ ကျင့်ကြံခြင်းနှင့် ကောင်းကင်အင်မော်တယ်အဆင့်သို့မရောက်ခင် ကပ်ဘေးကို ဖြတ်ကျော်ခြင်းတွင် အင်အားစုကြီးတစ်ခု၏ ကာကွယ်မှုကို လိုအပ်သည်။
ထိုသို့မဟုတ်လျှင် ကောင်းကင်နှင့်လူသား၏ ပျက်စီးခြင်းငါးပါးကြောင့် အားနည်းနေသောအချိန်တွင် ရတနာများအတွက် လူတိုင်း၏ ပစ်မှတ်ထားခြင်းကို ခံရလိမ့်မည်။
နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျင့်ကြံပြီး လူသားအင်မော်တယ် အထွတ်အထိပ်အဆင့်သို့ ရောက်လာသောလူတိုင်းတွင် ရန်သူအနည်းငယ်စီ ရှိနေကြလိမ့်မည်။
“လွတ်မြောက်ခြင်းလမ်းစဉ်အတွက် အဆုံးမဲ့နတ်ဘုရားဘုရင်ရဲ့ အမွေအနှစ်က အတော်လေး စိတ်ဝင်စားဖို့ကောင်းမှာပဲ”
ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်သည်။
အဆုံးမဲ့နတ်ဘုရားဘုရင်က လူသားကျင့်ကြံခြင်းလောကမှ ဆင်းသက်လာသည်ဟု အမြဲပြောသော်လည်း သူ၏ ကျင့်ကြံခြင်းနည်းစနစ်များသည် အမှန်တကယ်အထင်ကြီးစရာကောင်းသည်။
ဟန်မူယဲ့က ဓားတိုမှတစ်ဆင့် အင်မော်တယ်အသွင်ပြောင်းရေကန်နှင့် လူသားကျင့်ကြံခြင်းကမ္ဘာများသို့ သွားရောက်ပြီး တာဝန်ထမ်းဆောင်နေသော ဂိုဏ်းတပည့်များကို မြင်ခဲ့ရသည်။
ဥပမာအနေဖြင့် မူရုံကျန်းက လူသားလောကကို စောင့်ကြပ်ရန်အတွက် တာဝန်ယူခဲ့သည်။
လူသားလောကတွင်ရှိနေသော အပြစ်သားများအား ဖမ်းဆီးရန်ထွက်ခွာသွားသည့် ကောင်းကင်ကင်းလှည့်ခန်းဆောင်၏ တပည့်များလည်း ရှိနေကြသည်။
လူသားလောကတွင်ရှိသော အားနည်းသည့်ကောင်းကင်တာအိုသည် အင်မော်တယ်ကမ္ဘာတွင် မဟာတာအိုကို နားမလည်နိုင်သော ကောင်းကင်အဆင့် တပည့်များအတွက် လှည့်ကွက်တစ်ခု ဖြစ်သည်။
သူတို့က လူသားလောက သို့မဟုတ် အင်မော်တယ်အသွင်ပြောင်းရေကန်သို့ သွားရောက်ပြီး မဟာတာအိုကို အရင်ဆုံး သုံးသပ်မည်။ ထို့နောက် အင်မော်တယ်ကမ္ဘာသို့ ပြန်လာသောအချိန်တွင် အဆင့်မတက်နိုင်လျှင် သူတို့နားလည်ထားသော မဟာတာအိုကိုအသုံးပြု၍ အင်မော်တယ်ကမ္ဘာ၏ ကောင်းကင်တာအိုနေရာတွင် အစားထိုးပြီး လူသားအင်မော်တယ်အဆင့်သို့ တက်လှမ်းကြလိမ့်မည်။
ထိုနည်းလမ်းမျိုးကို အင်မော်တယ်ကမ္ဘာ၏ အစစ်အမှန်ကျင့်ကြံသူများက အထင်သေးပြီး အတုအယောင်အင်မော်တယ်ဟု ခေါ်ဆိုကြသည်။
ထိုလူများထိန်းချုပ်ထားသော မဟာတာအိုသည် အင်မော်တယ်ကမ္ဘာ၏ မဟာတာအိုနှင့် လိုက်ဖက်ညီမှုမရှိပေ။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းသည် အဆင့်တူကျင့်ကြံသူများထက် ဆယ်ဆခန့်လျော့နည်းသည်။
ထိုလူများသည် သာမန်ကောင်းကင်အဆင့် ကျင့်ကြံသူများကိုသာ အနိုင်ကျင့်နိုင်ကြသည်။
အင်မော်တယ်အသွင်ပြောင်းရေကန်ကို ဖြတ်သန်းပြီး အင်မော်တယ်ကမ္ဘာသို့ ရောက်လာလျှင် လူသားအင်မော်တယ်အဆင့်သို့ ဝင်ရောက်ခဲ့သောလူများက အတုအယောင်အင်မော်တယ်များအဖြစ် ချက်ချင်းပြောင်းလဲသွားကြသည်။
ထိုအင်မော်တယ်များသည် အင်မော်တယ်ကမ္ဘာတွင် အဆင့်အတန်းမရှိကြပေ။
သို့သော် ထိုဖြစ်ရပ်သည် အားလုံးအတွက် မဟုတ်ခဲ့ပေ။
ဇွဲကြီးသောလူတချို့က အင်မော်တယ်လမ်းစဉ်ကို ပြန်လည်ကျင့်ကြံပြီး မဟာတာအိုကို နားလည်ခဲ့ကြသည်။ သူတို့က အဆင့်တူကျင့်ကြံသူများထက် ပိုမိုသန်မာကြသည်။
ထိုလူများသည် အင်မော်တယ်ကမ္ဘာ၏ ဂိုဏ်းအသီးသီးတွင် တည်ရှိနေကြသည်။ သူတို့က ဂိုဏ်း၏လက်ရွေးစင်များ ဖြစ်ကြပြီး အာရုံစိုက်ခံရသည်။
ဟန်မူယဲ့က သုံးရက်အတွင်း၌ ဝူယွဲ့ဓားတို၏ မှတ်ဉာဏ်များမှတစ်ဆင့် အင်မော်တယ်ကမ္ဘာ၏ အင်အားစုအသီးသီးကို နားလည်သွားသည်။ ထို့အပြင် ဝမ်ကျင်းထိုက်၏ အတွေ့အကြုံများအရ ပတ်ဝန်းကျင်အခြေအနေကိုလည်း ကောင်းမွန်စွာ သိရှိလာခဲ့သည်။
ဤနယ်မြေကို ဖူယွီအင်မော်တယ်ကမ္ဘာဟု ခေါ်ပြီး ဒေသ ၃၆ခုဖြင့် ဖွဲ့စည်းထားသည်။ ဒေသတစ်ခုချင်းစီသည် မိုင်ပေါင်းသန်းတစ်ထောင် ကျယ်ဝန်းကြသည်။ တောရိုင်းမြေများသည် နေရာအနှံ့တွင် ရှိနေပြီး ကျင့်ကြံသူအများစုသည် ကိုယ်ပိုင်ဒေသအတွင်း၌သာ ကျင့်ကြံကြသည်။
ယွီကျစ်ဒေသသည် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ လက်အောက်တွင်ရှိသော အစွန်အဖျားဒေသတစ်ခု ဖြစ်သည်။
အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းသည် ဖူယွီအင်မော်တယ်ကမ္ဘာတွင် ဒေသရှစ်ခုကို ထိန်းချုပ်ထားပြီး လွှမ်းမိုးနိုင်စွမ်းရှိသော အင်အားစုတစ်ခု ဖြစ်သည်။ သူတို့က တခြားအင်မော်တယ်ကမ္ဘာများတွင် အဓိကဂိုဏ်းတစ်ဂိုဏ်းရှိသည်ဟု ပြောကြသည်။
သွေးစစ်ပွဲဂိုဏ်းသည် ဒေါသငါးခုကို ထိန်းချုပ်ထားပြီး လက်ရှိအချိန်တွင် အင်မော်တယ်တက်လှမ်းစင်မြင့်ကို ကိုင်တွယ်နေသည်။
သို့သော် သူတို့က မကြာခင် လက်လွှဲပေးမည်ဖြစ်ပြီး တခြားဂိုဏ်းများက အင်မော်တယ်တက်လှမ်းစင်မြင့်ကို ထိန်းချုပ်ကြလိမ့်မည်။
အင်မော်တယ်တက်လှမ်းစင်မြင့်အား နောက်တစ်ကြိမ်ထိန်းချုပ်မည့်ဂိုဏ်းကို ယခုအချိန်အထိ မဆုံးဖြတ်ရသေးပေ။
အင်အားစုကြီးတစ်ခုဖြစ်သော ယွင်လန်တာအိုဂိုဏ်းသည် ဖူယွီအင်မော်တယ်ကမ္ဘာ၏ ဒေသ ၁၃ခုကို ထိန်းချုပ်ထားသည်။
သို့သော် ယွင်လန်တာအိုဂိုဏ်းသည် ဖူယွီအင်မော်တယ်ကမ္ဘာ၏ အသန်မာဆုံးဂိုဏ်း မဟုတ်ပေ။ ရုပ်ခန္ဓာစွမ်းအားကို အသုံးပြုသော အင်အားစုကြီးတစ်ခုသည် ဒေသခုနစ်ခုကို လွှမ်းမိုးထားသည်။
ဒေသတစ်ခုကိုသာ ပိုင်ဆိုင်သော ထျန်းယောင်ကျောင်းတော်သည် မိစ္ဆာတစ်ဝက်ဂိုဏ်းဖြစ်ပြီး တောရိုင်းများတွင် အတားအဆီးမရှိဘဲ ဖြတ်သန်းသွားလာနိုင်သောကြောင့် ဖူယွီအင်မော်တယ်ကမ္ဘာတွင် ရန်မစနိုင်သော ဖြစ်တည်မှုမျိုး ဖြစ်သည်။
ကျန်ဒေသနှစ်ခုသည် ဖရိုဖရဲဖြစ်နေသည်။ ထိုဒေသများကို မိစ္ဆာများက အပြည့်အဝ ထိန်းချုပ်ထားပြီး ကျင့်ကြံသူများက ခိုးဝင်ရုံသာ တတ်နိုင်ကြသည်။
မဟာမိစ္ဆာများ၏ခွန်အားသည် အဓိကဂိုဏ်းများထက် မလျော့နည်းပေ။
ဟန်မူယဲ့က တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီး ချင်းယွင်မြို့တွင် ယာယီနေထိုင်ခဲ့သည်။ သူက လေ့ကျင့်မှုမပြုလုပ်လျှင် လျှောက်သွားနေသည်။
သူက အဝေးသို့ မသွားဘဲ မြို့ထဲတွင်သာ လည်ပတ်နေခဲ့သည်။
သူက ဝူယွဲ့ဓားကို ခါးတွင်ချိတ်ထားသောကြောင့် အပြင်စည်းဂိုဏ်း၏ ကျင့်ကြံသူများအားလုံးက သူနှင့်တွေ့သောအခါတွင် ရိုသေစွာ ဦးညွတ်လိုက်ကြသည်။
အင်မော်တယ်ကမ္ဘာမှ အဓိကဂိုဏ်းကြီးတစ်ဂိုဏ်း၏ အမွေအနှစ်ဆက်ခံမှုသည် အလွန်တင်းကျပ်သည်။ ဂိုဏ်းသို့ဝင်ရောက်ချင်လျှင် ဂိုဏ်း၏ ကျင့်ကြံခြင်းနည်းစနစ်အတွက် လုံလောက်သောအကျိုးဆောင်မှုကို ပြုလုပ်ထားရမည့်အပြင် စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ရန်အတွက် ထိုနည်းစနစ်ကို အတိုင်းအတာတစ်ခုအထိ အောင်မြင်ထားရမည်။
တာဝန်အမျိုးမျိုးကို ထမ်းဆောင်ခြင်း၊ ကျင့်ကြံခြင်းနည်းစနစ်ကို လဲလှယ်ခြင်း၊ ဂိုဏ်း၏စမ်းသပ်မှုအတွက် ဆက်တိုက်ပြင်ဆင်ခြင်းတို့သည် အင်မော်တယ်ကျင့်ကြံသူတစ်ဦး၏ နေ့စဉ်ဆောင်ရွက်ချက်များပင် ဖြစ်ကြသည်။
အဓိကဂိုဏ်းသို့ မဝင်ရောက်နိုင်သေးသော ကျင့်ကြံသူများအတွက် အထောက်အပံ့အင်အားစုတစ်ခု ရှိလာခြင်းသည် သူတို့အတွက် တွန်းအားတစ်ခုပင် ဖြစ်သည်။
အဓိကဂိုဏ်းတစ်ဂိုဏ်း၏ တပည့်ဖြစ်လာသော ကျင့်ကြံသူများသည် ငြိမ်းချမ်းစွာကျင့်ကြံနိုင်ရန်အတွက် တာဝန်ထမ်းဆောင်ပြီး အရင်းအမြစ်များကို ရှာဖွေနေကြသည်။
ဟန်မူူယဲ့က တုစန်ကျန်း၊ ကျန်းယွင်ကျီနှင့် တခြားလူများဆီမှ အမျိုးမျိုးသောအတွေ့အကြုံများကို ကြားခဲ့ရသည်။
အင်မော်တယ်ကမ္ဘာ၏ ကျင့်ကြံခြင်းသည် သာမန်လူများကဲ့သို့ စိုးရိမ်မှု၊ ဒုက္ခများဖြင့် ပြည့်နှက်နေသည်။
“ဆရာဦးလေးဟန်၊ ဒီနေ့ သူတို့ဖမ်းမယ့် ရွှေနက်သားရဲက ဖူလျန်မြေရိုင်းရဲ့ ဒေသထွက်ကုန်တစ်ခုပဲ”
“အဲဒီသားရဲက တိမ်တိုက်နဲ့သက်တံတွေကို ဝါးမြိုတဲ့နေရာမှာ ကျွမ်းကျင်တယ်။ ပြီးတော့ ရွှံအိုင်ဒေသမှာ နေထိုင်ပြီး ဝိညာဉ်ဆေးပင်နဲ့ အင်မော်တယ်ဆေးပင်တွေကို စားသုံးရင်း ကြီးထွားတယ်။ အဲဒီသားရဲက ဓာတ်ကြီးငါးပါးကို စုစည်းပြီး နောက်ဆုံးမှာတော့ ရွှေနက်သတ္တုတစ်ခဲအဖြစ် ပြောင်းလဲသွားတယ်”
တောင်ကုန်းပေါ်တွင် ကျန်းယွင်ကျီက ဟန်မူယဲ့၏ဘေးတွင် ရပ်နေပြီး တီးတိုးရှင်းပြသည်။
ရွှေနက်သည် မှော်ရတနာလက်နက်များကို သန့်စင်ရန်အတွက် အဖိုးတန်သော အရံသတ္တုတစ်မျိုး ဖြစ်သည်။
ချင်းယွင်မြို့တွင်ရှိသော ကျင့်ကြံသူအများအပြားသည် ရွှေနက်သားရဲကိုဖမ်းဆီးရန် တာဝန်ယူပြီး အကျိုးပြုရမှတ်များ သို့မဟုတ် ဝိညာဉ်ကျောက်တုံးများဖြင့် လဲလှယ်ကြသည်။
ဟန်မူယဲ့က ရက်ရောပြီး ဓားပညာရပ်တွင် ကျွမ်းကျင်သောကြောင့် ချင်းယွင်းမြို့မှာ နေထိုင်ခဲ့သော လဝက်အချိန်အတွင်း၌ လူတိုင်း၏မျက်နှာသာပေးခြင်းကို ခံရသည်။
ဟန်မူယဲ့၏ သင်ပြမှုကြောင့် ကျန်းယွင်ကျီ၏ ဓားနည်းစနစ်သည် အလွန်တိုးတက်လာသည်။ သူက ဟန်မူယဲ့ကို ပိုမိုလေးစားနေသည်။
ယနေ့တွင် အပြင်စည်းတပည့်များက တာဝန်ယူစောင့်ကြည့်ပေးရန်အတွက် သူ့ကို ဖိတ်ခေါ်ခဲ့သည်။ သူတို့က ဟန်မူယဲ့ကိုလည်း ပါဝင်ရန် တောင်းဆိုခဲ့ကြသည်။
သူတို့က စောင့်ကြပ်ပေးလျှင် မည်သို့ပင်ဖြစ်စေ ရွှေနက်သားရဲ၏ အကျိုးအမြတ်ဝေစုကို ရရှိလိမ့်မည်။
ဟန်မူယဲ့က ထိုအကျိုးအမြတ်ကို တက်မက်နေမည်မဟုတ်သော်လည်း အဆုံးတွင် မိတ်ဆွေအပေါင်းအသင်းများနှင့် သက်ဆိုင်နေသည်။
ဟန်မူယဲ့က တောင်ကုန်း၏အောက်တွင် ဝင်္ကပါဖွဲ့စည်းပုံအဖြစ် နေရာယူထားသော အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းမှ တပည့်ငါးယောက်ကို ကြည့်သည်။ သူတို့အားလုံးက ဓားရှည်ကို ကိုင်ဆောင်ပြီး ပေတစ်ရာခန့်သာရှိသော ရွှံအိုင်ကို ဖြည်းဖြည်းချင်း ပိတ်ဆို့ထားသည်။
သူတို့၏ရှေ့တွင် ဓားကိုင်ထားသော ကျင့်ကြံသူဆယ်ယောက်ကျော် ရှိနေသည်။ အမျိုးမျိုးသော အဆောင်လက်ဖွဲ့များသည် အပြာရောင်အလင်းကို ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို စစ်ဆေးနေသည်။
ထိုလူများသည် တာဝန်ကို လက်ခံခဲ့သော အပြင်စည်းတပည့်များ ဖြစ်ကြသည်။
ဟန်မူယဲ့က ချင်းယွင်မြို့သို့ မကြာခဏလာပြီး သူနှင့်စကားပြောခဲ့သော တုစန်ကျန်းကိုလည်း မြင်လိုက်ရသည်။
ယနေ့တာဝန်သည် ရိုးရှင်းပြီး အလကားရသော အကျိုးအမြတ်ပင် ဖြစ်သည်။ တုစန်ကျန်းက သူနှင့်ပတ်သတ်ခဲ့သောကြောင့် အခြေအနေပိုကောင်းလာပုံရသည်။
“ဝီ”
အစိမ်းရောင်တာအိုဝတ်စုံနှင့် ပိန်ပါးသောကျင့်ကြံသူတစ်ယောက်က လက်မြှောက်လိုက်သည်။ ရွှေရောင်အဆောင်လက်ဖွဲ့သည် ပိုက်ကွန်အဖြစ် ပြောင်းလဲသွားပြီး လေထုထဲတွင် လွင့်မျောနေသည်။
သူ့ဘေးတွင်ရှိသော ကျင့်ကြံသူသုံးယောက်က လက်ဟန်များကို ပြုလုပ်လိုက်ကြသည်။ ရွှေရောင်မြားများသည် ရွှံ့အိုင်အတွင်းသို့ ပြေးဝင်သွားကြသည်။
“ဘန်း”
ရွှံ့အိုင်က ပေါက်ကွဲထွက်သွားသည်။ ရွှံ့များဖြင့် ဖုံးလွှမ်းနေသော သုံးပေခန့်ရှိသည့် အစိမ်းပုပ်ရောင်သားရဲတစ်ကောင်သည် ပြေးထွက်လာပြီး ပတ်ဝန်းကျင်ကို သတိထား၍ ကြည့်လိုက်သည်။
ကြေးပြားနှင့်တူသော မီးခိုးရောင်ကြေးခွံများသည် ထိုသားရဲ၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားသည်။ သားရဲ၏ဦးခေါင်းက ကြွက်တစ်ကောင်နှင့်တူပြီး မြေတစ်ကောင်နှင့်တူသော အမြီးရှည်ကိုလည်း ပိုင်ဆိုင်ထားသည်။ သားရဲ၏လက်သည်းများက ချွန်ထက်နေပြီး သွယ်လျသောလျှာတစ်ချောင်းလည်း ရှိနေသည်။
ရွှေနက်သားရဲ ....
ထိုသားရဲသည် ဤအမဲလိုက်ပွဲ၏ ပစ်မှတ်ဖြစ်သည်။
ထိုသားရဲက သေးငယ်သော်လည်း ကြေးခွံများသည် ခုခံနိုင်စွမ်းကောင်းပြီး ရွှေနက်သတ္တုထက် တန်ဖိုးတစ်ဆင့်သာနိမ့်သည်။
ဤအမဲလိုက်ပွဲတွင် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ တပည့်များက ရွှေနက်သတ္တုကိုသာ ယူဆောင်မည်ဖြစ်ပြီး ကျန်အစိတ်အပိုင်းများကို အပြင်စည်းတပည့်များက ခွဲယူကြလိမ့်မည်။
ထိုကြေးခွံများအတွက် အကျိုးပြုမှတ်တစ်ရာ သို့မဟုတ် ဝိညာဉ်ကျောက်တုံးတစ်ရာခန့် ရရှိနိုင်သည်။
ဝိညာဉ်ကျောက်တုံးတွင်ပါဝင်သော အင်မော်တယ်ချီများသည် အကန့်အသတ်ရှိသော်လည်း အကောင်အထည်ဖြစ်တည်နေသောကြောင့် တရားထိုင်ပြီး ပတ်ဝန်းကျင်တွင်ရှိသော အင်မော်တယ်စွမ်းအင်များကို စုပ်ယူနေခြင်းထက် ပိုမိုမြန်ဆန်သည်။ သူတို့က အင်မော်တယ်ကမ္ဘာတွင်အသုံးပြုသော ငွေကြေးဖြစ်သည်။
ဝိညာဉ်ကျောက်တုံးတစ်ရာသည် ရွှေအမြုတေအဆင့်တွင်ရှိသော ကျင့်ကြံသူတစ်ယောက်အတွက် လအနည်းငယ်ခန့်ကျင့်ကြံရန် လုံလောက်သည်။ သူတို့က ခွဲယူလိုက်မည်ဆိုလျှင်ပင် သုံးရက်မှ ငါးရက်ခန့်အထိ ကျင့်ကြံနိုင်ကြလိမ့်မည်။
ဟန်မူယဲ့က ဝိညာဉ်ကျောက်တုံးတချို့ကို ပိုင်ဆိုင်ထားသည်။ သို့သော် သူက ကျင့်ကြံခြင်းအတွက် အသုံးမပြုဘဲ ငွေကြေးအဖြစ် ထိန်းသိမ်းထားသည်။
သူက အင်မော်တယ်ကမ္ဘာ၏ တိုက်ခိုက်ခြင်းနည်းလမ်းကို လေ့လာချင်သောကြောင့် ကျန်းယွင်ကျီနှင့် တခြားလူများ၏ အမဲလိုက်ပွဲသို့ လိုက်လာခဲ့သည်။
မှတ်ဉာဏ်ထဲတွင် တွေ့ရသောပုံရိပ်နှင့် အပြင်ဘက်တွင် အမှန်တကယ် ကြုံတွေ့ရခြင်းသည် မတူညီပေ။
“ဂါး ....”
ရွှေရောင်ပိုက်ကွန်က ဆင်းသက်လာသည်။ ရွှေနက်သားရဲက ဟိန်းဟောက်လိုက်သည်။ အနက်ရောင်အလင်းလှိုင်းများသည် သားရဲ၏ ခန္ဓာကိုယ်မှ ပေါ်ထွက်လာပြီး ဓားသွားကဲ့သို ပိုက်ကွန်ကိုထိုးဖောက်လျက် ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားသည်။
ကျင့်ကြံသူများသည် ကောင်းမွန်စွာ ပြင်ဆင်ထားကြသည်။ အမျိုးမျိုးသော မှော်နည်းစနစ်များသည် အလင်းလွှာအဖြစ် ပြောင်းလဲသွားပြီး ဓားသွားများကို တားဆီးလိုက်ကြသည်။
တုစန်ကျန်းနှင့် တခြားလူများက အစီအစဉ်တကျ လှုပ်ရှားလိုက်ကြပြီး ဓားအလင်းနှင့် မှော်နည်းစနစ်များကို ထုတ်သုံးသည်။ သူတို့၏ တိုက်ခိုက်မှုများက ရွှေနက်သားရဲကို ထိမှန်သွားကြသည်။