← Chapters

အခန်း (၈၁၉)

Vol. 59 Ch. 819

အခန်း (၈၁၉)

Vol. 59 Ch. 819

ဓားအလင်းနှင့် သားရဲ၏ မီးခိုးရောင်ကြေးခွံများသည် ထိတွေ့သွားပြီး အလင်းတန်းများကို ပေါက်ကွဲထွက်လာစေသည်။

သူတို့၏ တိုက်ခိုက်မှုများသည် သားရဲကို အပြင်းအထန်ထိခိုက်မသွားစေသော်လည်း သားရဲက နာကျင်စွာ အော်ဟစ်လိုက်ရသည်။

“အူ ....”

ရွှေနက်သားရဲက ရုန်းကန်းလိုက်ပြီး တီးတိုးညည်းသည်။ ရွှံ့အိုင်၏ ပြန့်ကျဲနေသောကျောက်တုံးများနှင့် ရွှံမြေသည် ပေသုံးဆယ်မြင့်မားသော ရွှံ့ရုပ်သေးရုပ်အဖြစ် ပြောင်းလဲသွားပြီး အလင်းလွှာကို ဝင်တိုက်သည်။

ကျင့်ကြံသူအုပ်စုက တိုက်ပွဲဝင်္ကပါအတိုင်း ညီညွတ်စွာနောက်ဆုတ်သည်။

“ဝီ”

နောက်ကွယ်တွင်ရှိနေသော အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ တပည့်ငါးယောက်က ဓားရှည်များကို ပစ်ထုတ်ပြီး ရွှံ့မြေရုပ်သေးရုပ်ကို တားဆီးလိုက်ကြသည်။

သူတို့၏ တိုက်ခိုက်မှုနှင့် ဆုတ်ခွာခြင်းသည် ကောင်းမွန်စွာ ဟန်ချက်ညီနေသည်။

ဓားရှည်ငါးချောင်းသည် သွယ်ယှက်သွားပြီး အစိမ်းရောင်အလင်းသည် ကြိုးများအဖြစ်ပြောင်းလဲ၍ ရွှံ့မြေရုပ်သေးရုပ်ကို ချည်နှောင်လိုက်ကြသည်။ တောင်တစ်လုံးကဲ့သို့ ကြီးမားသောဖိအားသည် ရုပ်သေးရုပ်ကို ဖိနှိပ်ထားသောကြောင့် ရုပ်သေးရုပ်က လက်နှစ်ဖက်ကိုသာဝှေ့ယမ်း၍ တိုက်ခိုက်မှုကို ခုခံနေရသည်။

တောင်ကုန်းပေါ်တွင်ရှိနေသော ကျန်းယွင်ကျီက အပြုံးတစ်ခုနှင့်အတူ ဟန်မူယဲ့ကို လှည့်ကြည့်သည်။

ဟန်မူယဲ့က ဓားတာအိုကျင့်ကြံခြင်းတွင် အလွန်အားကောင်းသည်။ သူက ဂိုဏ်းတပည့်တစ်ယောက် ဖြစ်သွားလျှင် အဆင့်အတန်းမြင့်မားနေလိမ့်မည်။ အကယ်၍ သူက ယခုအချိန်တွင် ဟန်မူယဲ့နှင့် ကောင်းမွန်သောဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားနိုင်လျှင် အနာဂတ်တွင် အခွင့်အရေးများကို သေချာပေါက် ရလာလိမ့်မည်။

အမှန်အတိုင်းပြောရလျှင် ယခုအချိန်တွင် ကျန်းယွင်ကျီက ဟန်မူယဲ့ဆီမှ အကျိုးအမြတ်များကို ရနေပြီဖြစ်သည်။

ဟန်မူယဲ့က လက်ဆောင်အဖြစ်ထုတ်ပေးသော ပစ္စည်းတချို့နှင့် ဓားနည်းစနစ်များသည် ကျန်းယွင်ကျီအတွက် အလွန်အကျိုးရှိသည်။

“ဆရာဦးလေး၊ သူတို့ရဲ့ ဓားဝင်္ကပါကို ဘယ်လိုထင်လဲ”

ထိုတပည့်များသည် သူ၏အမိန့်အောက်တွင် ရှိနေပြီး နောက်လိုက်များအဖြစ် ယူဆနိုင်သည်။

သာမန်တာဝန်များတွင် ထိုတပည့်များက သူ့ကို အမြဲအဖော်ပြုပေးခဲ့ကြသည်။

ကျန်းယွင်ကျီက ထိုသို့ဖြင့် လွှမ်းမိုးနိုင်စွမ်းကို တည်ဆောက်ထားသည်။

“ဓားဝင်္ကပါက လက်ခံနိုင်လောက်ပါတယ်”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ညင်သာစွာပြောသည်။

ကျန်းယွင်ကျီ၏အပြုံးက ပိုမိုနက်ရှိုင်းလာသည်။

“ဒါပေမဲ့ ပူပေါင်းဆောင်ရွက်မှုမှာ လိုအပ်ချက်တချို့ ရှိနေတယ်။ သူတို့က သေခြင်းရှင်ခြင်းကို ကြုံတွေ့ဖူးပုံမပေါ်ဘူး”

ဟန်မူယဲ့က ထက်မြိနေသောမျက်လုံးတစ်စုံဖြင့် ရွှံ့အိုင်ကိုကြည့်သည်။

ကျန်းယွင်ကျီက အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်သည်။

“ဟုတ်တယ်။ ကျင့်ကြံခြင်းက မလွယ်ကူဘူး။ ကျွန်တော်က သူတို့ကို အပြင်စည်းတပည့်တွေလိုမျိုး အဆုံးသတ်မသွားစေချင်ဘူး ....”

သူ့စကားအဆုံးတွင် ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ ကျောက်တုံးအပိုင်းအစများသည် နေရာအနှံ့သို့ လွင့်ထွက်လာကြသည်။

ပေတစ်ရာမြင့်မားသော ရွှံ့မြေရုပ်သေးရုပ်သည် ရွှံ့အိုင်အတွင်းမှ ပေါ်ထွက်လာပြီး လက်သီးတစ်ချက်နှင့်အတူ လမ်းပိတ်ထားသောဓားရှည်ကို ဖျက်ဆီးပစ်လိုက်သည်။

ဓားရှည်ကိုထိန်းချုပ်ထားသော ဂိုဏ်းတပည့်သည် တစ်ကိုယ်လုံးတုန်ခါသွားပြီး နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။

တပည့်ငါးယောက်၏ ပူးပေါင်းဆောင်ရွက်မှုသည် ကျိုးပျက်သွားပြီး ပေသုံးဆယ်မြင့်မားသော ရွှံ့မြေရုပ်သေးရုပ်က ဖိနှိပ်မှုမှ လွတ်မြောက်လာသည်။

ပေတစ်ရာမြင့်မား‌သော ရွှံ့မြေရုပ်သေးရုပ်က ဟိန်းဟောက်လိုက်ပြီး ရှေ့တွင်ရှိနေသော ကျင့်ကြံသူကို ခုန်အုပ်သည်။

ကျင့်ကြံသူက မျက်နှာထားပြောင်းလဲသွားပြီး ရုပ်သေးရုပ်နှင့် ရင်မဆိုင်ချင်သောကြောင့် လျင်မြန်စွာ နောက်ဆုတ်သည်။

ထိုရုပ်သေးရုပ်သည် ဝိညာဉ်သူငယ်အဆင့်စွမ်းအားကို ပိုင်ဆိုင်ထားသောကြောင့် အကူအညီပေးနေသော အပြင်စည်းဂိုဏ်းသားများသာမက အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ တပည့်ငါးယောက်ကပင် ဝင်္ကပါမရှိလျှင် ခုခံနိုင်မည်မဟုတ်ပေ။

အကူအညီပေးနေသော အပြင်းစည်းဂိုဏ်းသားများက နောက်ဆုတ်သွားသောကြောင့် တပည့်ငါးယောက်၏တည်နေရာက ပေါ်ထွက်လာသည်။

အရွယ်အစားမတူညီသော ရုပ်သေးရုပ်နှစ်ရုပ်နှင့် ရင်ဆိုင်လိုက်ရသောအခါတွင် သူတို့၏မျက်နှာထားများက ဖြူဖျော့သွားကြသည်။

တောင်ကုန်းပေါ်တွင် ကျန်းယွင်ကျီက လှုပ်ရှားလိုက်ပြီး ပေတစ်ရာမြင့်မားသော ရုပ်သေးရုပ်၏ဦးခေါင်းကို ဓားဖြင့်ခုတ်ချသည်။

နေရာတွင်ရပ်နေသော ဟန်မူယဲ့က ခေါင်းခါသည်။

ပေတစ်ရာမြင့်မားသော ရုပ်သေးရုပ်က သော့ချက်ဖြစ်သည်။ ထိုရုပ်သေးရုပ်က မည်သည့်အရာကို ကိုယ်စားပြုသနည်း။

ကျန်းယွင်ကျီက ရုပ်သေးရုပ်၏နောက်တွင်ရှိသော ရွံ့အိုင်ကို ကြည့်သည်။ ထိုနေရာတွင် ဆယ်ပေရှည်လျားသော ရွှေနက်သားရဲက တိတ်ဆိတ်စွာပြုံးနေပြီး ကြေးခွံများကို ထက်မြိသောဓားသွားအဖြစ် ပြောင်းလဲသည်။

ထိုကြေးခွံများသည် ကျန်းယွင်ကျီကို တစ်ပိုင်းတစ်စစီ ဖြစ်သွားစေနိုင်သည်။

“ဘုန်း”

ကျန်းယွင်ကျီက ဓားဖြင့်လွှဲခုတ်ပြီး ပေတစ်ရာမြင့်မားသော ရုပ်သေးရုပ်ကို ဖျက်ဆီးပစ်သည်။

ဘေးတွင်ရှိနေသော ကျင့်ကြံသူများက ပျော်ရွှင်သွားကြသည်။ နောက်ဆုတ်နေသော ကျင့်ကြံသူများက သူ့ကို လေးစားစွာ ကြည့်လိုက်ကြသည်။ သူတို့က မျှော်လင့်နေကြသည်။

ထိုအရာသည် အဓိကဂိုဏ်းမှ တပည့်တစ်ယောက်၏စွမ်းအား ဖြစ်သည်။ သူတို့က အဓိကဂိုဏ်း၏ တပည့်တစ်ယောက်ဖြစ်လာလျှင် ထိုစွမ်းအားမျိုးကို ပိုင်ဆိုင်နိုင်လိမ့်မည်။

ကျန်းယွင်ကျီက ပြုံးလိုက်သည်။

သို့သော် ချက်ချင်းဆိုသလိုပင် သူ့အပြုံးက အေးခဲသွားသည်။

အောက်တွင်ရှိနေသော ရွှံ့အိုင်တွင် ရွှေနက်သားရဲက ရုတ်တရက်ရှေ့တိုးလာပြီး ရုပ်သေးရုပ်ပျက်စီးသွားသောအချိန်တွင် ပါးစပ်ဖွင့်သည်။

“ဝှစ် ....”

မရေမတွက်နိုင်သော ကြေးခွံဓားသွားများသည် ပေသုံးဆယ်ပတ်ဝန်းကျင်တွင် ပျံ့နှံ့လာကြသည်။

တောင်ကုန်းထက်တွင် ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး လက်မြှောက်၍ နောက်ကျောတွင်ရှိသောဓားအိမ်မှ ဓားတစ်လက်ကို ထုတ်ယူသည်။

ဓားချက်သည် အလွန်လျင်မြန်သည်။

ဓားသည် အဆုံးစွန်သော အမြန်နှုန်းနှင့်အတူ ပြန်ကျဲနေသော ကြေးခွံဓားသွားများ၏ ပေသုံးဆယ်ပတ်ဝန်းကျင်ကို ချက်ချင်းဝင်ရောက်သည်။ ထို့နောက် ကျန်းယွင်ကျီ၏ရှေ့တွင် ပါးစပ်ဖြဲပြနေသော ရွှေနက်သားရဲကို နှစ်ပိုင်းဖြတ်ချလိုက်သည်။

ဓား၏အမြန်နှုန်းကြောင့် နှစ်ပိုင်းပြတ်သွားသော ရွှေနက်သားရဲသည် ကြမ်းတမ်းပြီးဂုဏ်ယူသောအမူအယာဖြင့် ရှိနေဆဲဖြစ်သည်။

“ဘုန်း”

ဓားအလင်းသည် ရွှေနက်သားရဲ၏ ဆယ်ပေခန္ဓာကိုယ်ကို ဖြတ်တောက်ပြီး ရှေ့ဆက်သွား၍ ပေတစ်ရာကျယ်ဝန်းသောရွှံ့အိုင်ကို နှစ်ပိုင်းခွဲပစ်လိုက်သည်။

ရွှံ့အိုင်ထဲတွင် ရွှေနက်ရောင်အလင်းသည် ဖျတ်ခနဲပေါ်ထွက်လာသော်လည်း ရွှံ့အိုင်၏အောက်တွင် ပြန်လည်ဖုံးကွယ်ခံလိုက်ရသည်။

“ဘုတ်”

ရွှေနက်သားရဲ၏ ခန္ဓာကိုယ်နှစ်ပိုင်းသည် အောက်သို့ပြုတ်ကျလာသည်။ လက်သီးဆုပ်အရွယ်အစားခန့်ရှိသော ရွှေနက်သတ္တုနှစ်ပိုင်းသည် မြေပြင်ပေါ်တွင် လိမ့်နေသည်။ ထိုသတ္တုပေါ်တွင်ရှိသော ဓားရာကို ရှင်းလင်းစွာမြင်နိုင်သည်။

လျှို့ဝှက်နည်းလမ်းကိုအသုံးပြု၍ သန့်စင်ရသော အလွန်မာကျောသည့်ရွှေနက်သတ္တုသည် ဓားတစ်ချက်ကြောင့် နှစ်ပိုင်းပြတ်သွားခဲ့သည်။

ထိုဓားချက်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။

အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ တပည့်ငါးယောက်က ထိတ်လန့်နေကြသည်။ သူတို့က ကြောက်ရွံ့စွာ ရှေ့တက်သွားကြပြီး ထိတ်လန့်မှုမှလွဲ၍ အကောင်းအတိုင်းရှိနေသော ကျန်းယွင်ကျီကို မြင်လိုက်ရသောအခါတွင် စိတ်သက်သာရာရစွာ သက်ပြင်းချသည်။

သူတို့အားလုံးက ကျန်းယွင်ကျီအပေါ်တွင် မှီခိုနေကြသည်။ အကယ်၍ ကျန်းယွင်ကျီက တစ်ခုခုဖြစ်သွားလျှင် သူတို့၏ရှင်သန်မှုသည် အဆတစ်ရာခန့် ပိုမိုခက်ခဲသွားလိမ့်မည်။

ထွက်ပြေးနေကြသော ကျင့်ကြံသူများက လျင်မြန်စွာရှေ့တိုးလာကြပြီး သုံးပေရှည်လျားသော ရွှေနက်သားရဲကို ဝိုင်းရံလိုက်ကြသည်။

ကျန်းယွင်ကျီက ပေတစ်ရာမြင့်မားသော ရွှံ့မြေရုပ်သေးရုပ်ကို ဖျက်ဆီးပစ်ခဲ့သည်။ ဟန်မူယဲ့က ဆယ်ပေရှည်လျားသော ရွှေနက်သားရဲကို သတ်ဖြတ်လိုက်သည်။ ကျန်ရှိနေသော သုံးပေရှည်လျားသည့် ရွှေနက်သားရဲက ပေသုံးဆယ်မြင့်မား‌သော ရုပ်သေးရုပ်ဖြင့် ကိုယ့်ကိုယ်ကိုယ်ကာကွယ်၍ ထွက်ပြေးရုံသာ တတ်နိုင်သည်။ သို့သော် ဝိုင်းရံခံလိုက်ရသည်။

ကျန်းယွင်ကျီက နှစ်ပိုင်းပြတ်သွားသော ရွှေနက်သားရဲကိုကြည့်လိုက်ပြီး မျက်ဆန်များ ကျုံ့ဝင်သွားသည်။

သူက ဓားကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် ထိုဓားချက်၏ လျင်မြန်မှုနှင့် အန္တရာယ်ပေးနိုင်စွမ်းကို နားလည်သည်။

ထိုဓားချက်သည် အရိပ်အယောင်မရှိဘဲ ရွှေနက်သားရဲကို ထိုးခွဲသွားခဲ့သည်။

ဆရာဦးလေးဟန်၏ ဓားတာအိုကျင့်ကြံခြင်းက သူထင်ထားသည်ထက် ပိုမိုသန်မာနေသည်။

နှစ်ပိုင်းပြတ်သွားသော ရွှေနက်သတ္တုသည် မှန်တစ်ချပ်ကဲ့သို့ ချောမွေ့ပြီး အလင်းပြန်နေသည်။

‘ချင်းယွင်မြို့ကို စောင့်ကြပ်နေတဲ့ ဦးလေးဝမ်ကျင်းထိုက်က ဒီလိုဓားချက်မျိုးကို ထုတ်သုံးနိုင်ပါ့မလား’

“ကျေးဇူးပါပဲ ဆရာဦးလေးဟန်”

ကျန်းယွင်ကျီက လေထုထဲမှ ဆင်းသက်လာပြီး ဟန်မူယဲ့ကို ဦးညွတ်သည်။

ဟန်မူယဲ့က သူ့အသက်ကို ကယ်တင်ခဲ့သည်။ သူက မည်သို့ပင် လေးစားမှုပြနေပါစေ လုံလောက်မည်မဟုတ်ပေ။

ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်သည်။ သူ့လက်ထဲတွင်ရှိသောဓားသည် ချက်ချင်းပျံထွက်သွားပြီး ပေသုံးဆယ်မြင့်မားသော ရုပ်သေးရုပ်ကို ဖျက်ဆီးသည်။

ထို့နောက် သူက ဓားကို ပြန်သိမ်းသည်။

ပေသုံးဆယ်မြင့်မားသော ရုပ်သေးရုပ်က ပျက်စီးသွားပြီဖြစ်သောကြောင့် သုံးပေရှည်လျားသော ရွှေနက်သားရဲက မခုခံနိုင်တော့ပေ။ အဆုံးတွင် တုစန်ကျန်းတို့၏လက်ချက်ကြောင့် သေဆုံးသွားခဲ့သည်။

ဟန်မူယဲ့က ကျင့်ကြံသူများ၏ ကျေးဇူးတင်စကားကို လျစ်လျူရှုထားပြီး ရွှံ့အိုင်ကို ကြည့်သည်။

သူက ပြင်းထန်သောဓားဆန္ဒကို ထုတ်လွှတ်သည်။

လေပြင်းနှင့်မိုးကြိုးစွမ်းအား ဖြစ်သည်။

ထိုအရာသည် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ အခြေခံဓားနည်းစနစ် ဖြစ်သည်။ အနည်းဆုံး ဤနေရာတွင်ရှိသော လူတစ်ဝက်ခန့်သည် ထိုဓားနည်းစနစ်ကို လေ့ကျင့်ထားကြသည်။

သို့သော် သူတို့အားလုံး ပူးပေါင်းလိုက်လျှင်ပင် ဟန်မူယဲ့၏ ခြေဖျားကို မီမည်မဟုတ်ပေ။

‘ဒါက မဟာကျင့်ကြံသူကြီးတစ်ယောက်ရဲ့ စွမ်းအားလား’

“အကြီးအကဲရဲ့ဓားတာအိုက တာအိုနဲ့နီးစပ်နေပြီထင်တယ်”

တုစန်ကျန်း၏ဘေးတွင်ရှိသော လူအိုကြီးတစ်ယောက်က လေးနက်‌သောမျက်နှာထားဖြင့် ပြောသည်။

“ဟားဟား၊ သခင်လေးဟန်ရဲ့ ဓားတာအိုက အားကောင်းတာပေါ့”

တုစန်ကျန်းက ထိုသို့ ပြောလိုက်သောအခါတွင် တခြားလူများ၏မျက်နှာထားက ပြောင်းလဲသွားကြသည်။

တုစန်ကျန်းက သူ့တို့၏ရှေ့တွင်ရှိသော ကျွမ်းကျင်သူနှင့် သိနေသည်။

“လူအိုကြီးတု၊ မင်းက တကယ့်ကိုလျှို့ဝှက်တာပဲ”

“ညီအစ်ကိုတု၊ ဒီနေ့ည မင်းကို မုဆိုးမချန်ရဲ့အိမ်မှာ အရက်တိုက်မယ်”

တီးတိုးစကားသံများကြောင့် တုစန်ကျန်းက ပြုံးလိုက်သည်။

ရှေ့တွင် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ တပည့်ငါးယောက်က လက်ကို ဝှေ့ယမ်းလိုက်ကြသည်။ သူတို့က ရှေ့တက်လာပြီး ရွှေနက်သားရဲ၏ ကြေးခွံနှင့် အရိုးတို့ကို ကျွမ်းကျင်စွာ ခွဲထုတ်လိုက်ကြသည်။ သွား၊ လက်သည်း၊ အကြောနှင့် အသားတို့ကို သေချာခွဲဝေပြီး စုပုံထားသည်။

အပြင်စည်း၏ကျင့်ကြံသူများက အမဲဖျက်ခြင်းကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ပြုလုပ်ဖူးကြသည်။

သူတို့က စစ်မြေပြင်ကို ရှင်းလင်းပြီးသောအခါတွင် ဆက်မနေတော့ဘဲ တိတ်ဆိတ်စွာ ထွက်လာကြသည်။ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ တပည့်ငါးယောက်၊ ကျန်းယွင်ကျီနှင့် ဟန်မူယဲ့တို့သာ ကျန်ရစ်ခဲ့ကြသည်။ သူတို့က ရွှေနက်သတ္တုသုံးခုကို ကောက်ယူပြီး သူတို့ကို ပေးလိုက်ကြသည်။

“ဂိုဏ်းတူအစ်ကိုယွင်ကျီ၊ ဒါက ....”

အနက်ရောင်ဓားတစ်လက်ကို ကိုင်ထားသော သက်လတ်ပိုင်းအရွယ် ဓားကျင့်ကြံသူတစ်ယောက်က ထိတ်လန့်နေသောမျက်နှာထားဖြင့် ပြောလိုက်သည်။ သူက ဟန်မူယဲ့၏ဓားချက်ကြောင့် ပြတ်တောက်သွားသော ရွှေနက်သတ္တုကို လက်နှစ်ဖက်ဖြင့် ကိုင်ထားသည်။

လက်သီးအရွယ်အစားရှိသော ရွှေနက်သတ္တုသည် အလွန်လေးလံသည်။

သူတို့က ရွှေနက်သတ္တုကို စုဆောင်းနေသောအချိန်တွင် ဓားတစ်ချက်ကြောင့် နှစ်ပိုင်းပြတ်သွားသည့်အတွက် အလွန်ထိတ်လန့်နေခဲ့သည်။ ယခုအချိန်၌ ဓားအမှတ်အသားကို မြင်လိုက်ရသောအခါတွင် နှလုံးတုန်သွားကြသည်။

ကျန်းယွင်ကျီက ရွှေနက်သတ္တုနှစ်ပိုင်းကို ကောက်ယူသည်။ သူက သတ္တုအပိုင်းအစနှစ်ခုကို ဆက်ကြည့်လိုက်ပြီး မျက်လုံးများ တောက်ပသွားသည်။

“ဆရာဦးလေး၊ ဒီသတ္တုတုံးကို ကျွန်တော့်ဆီ ရောင်းလိုက်ပါ။ ကျွန်တော်က ပေါက်ဈေးထက် ဆယ်ဆပိုပေးပါ့မယ်”

သူတို့က ဟန်မူယဲ့ကို ဖိတ်ခေါ်ခဲ့သောကြောင့် ရွှေနက်ကျောက်တုံး၏ ဝေစုတစ်ခုသည် ဟန်မူယဲ့၏အပိုင် ဖြစ်သည်။

ထို့အပြင် ဟန်မူယဲ့က ရွှေနက်သားရဲကို သတ်ဖြတ်ခဲ့သောကြောင့် ဤရွှေနက်သတ္တုသည် ဟန်မူယဲ့နှင့် သက်ဆိုင်သည်။

သို့သော် ကျန်းယွင်ကျီက ဓားအမှတ်အသားမှ ထွက်ပေါ်နေသော ဓားဆန္ဒကို အာရုံခံမိသည်။

ရွှေနက်သတ္တုပေါ်တွင် ထင်ကျန်နေခဲ့သော ဓားဆန္ဒသည် ရွှေနက်သတ္တုထက် အဆတစ်ရာခန့် ပိုမိုအဖိုးတန်သည်။

သူက ထိုဓားချက်ကို မကြာခဏလေ့လာပြီး ဓားဆန္ဒကို နားမလည်ခဲ့လျှင်ပင် အခြေခံကိုတော့ နားလည်သွားလိမ့်မည်။

ကျန်းယွင်ကျီသာမက တပည့်ငါးယောက်ကလည်း ဟန်မူယဲ့ကို တိတ်ဆိတ်စွာ ကြည့်လိုက်ကြသည်။

သူတို့က ရွှေနက်ကျောက်တုံးကို ထိန်းသိမ်းထားရန် အဆင့်မမီပေ။ သို့သော် ဟန်မူယဲ့က သဘောတူလိမ့်မည်ဟု မျှော်လင့်မိကြသည်။

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး လက်ကိုဝှေ့ယမ်းသည်။

“ဒါက ရွှေနက်ကျောက်တုံးလေးပဲမဟုတ်လား။ ဘာလို့ တန်ဖိုးဆယ်ဆပေးမယ်လို့ ပြောနေတာလဲ။ လက်‌ဆောင်အဖြစ် ယူထားလိုက်ပါ”

သူက စကားပြောလိုက်ပြီး တုံ့ပြန်မှုကို မစောင့်တော့ဘဲ ရှေ့သို့ ခြေတစ်လှမ်းတိုး၍ ရွှံ့အိုင်အစပ်သို့ ရောက်သွားသည်။

“ငါက ရွှံ့အိုင်ထဲမှာရှိနေတဲ့ ရွှေနက်သတ္တုတွင်းကို ပိုပြီးစိတ်ဝင်စားတယ်”

All Chapters