← Chapters

အခန်း (၈၂၄)

Vol. 59 Ch. 824

အခန်း (၈၂၄)

Vol. 59 Ch. 824

သူ့စကားမဆုံးခင် ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။

“ကုန်သည်တွေက စွမ်းအားကိုထိန်းညှိတဲ့နေရာမှာ ‌ကောင်းမွန်တယ်။ ငါက အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းကို ဝင်ရောက်ရမယ်”

ဉာဏ်ကောင်းသောလူတစ်ယောက်နှင့် စကားပြောရန်အတွက် စကားလုံးအနည်းငယ်သာ လိုအပ်သည်။

ကျောက်ချန်က ဘာမှမပြောလျှင်ပင် ဟန်မူယဲ့က အရာအားလုံးကို နားလည်နေလိမ့်မည်ဟု ခံစားရသည်။

“ငါက အခု အရင်းအမြစ်တွေ လိုအပ်နေတယ်”

ဟန်မူယဲ့က ကျောက်ချန်ကို တည်ငြိမ်စွာကြည့်သည်။

သူတို့က ပထမဆုံးအကြိမ်အဖြစ် ဆုံတွေ့ရသော်လည်း ဟန်မူယဲ့က အကျိုးအမြတ်ကို တိုက်ရိုက်ထုတ်ပြောခဲ့သည်။ ကျောက်ချန်က ထိုလူမျိုးကို တစ်ခါမှ မတွေ့ဖူးပေ။

သို့သော် ဟန်မူယဲ့၏စကားကြောင့် သူက ပြုံးလိုက်သည်။

“စိတ်ချပါအစ်ကိုဟန် ....”

....

ဓားပျံဖြင့် နာရီဝက်သာကြာမြင့်သော ခရီးသည် သင်္ဘောပျံကြောင့် တစ်နေကုန်ကြာသွားသည်။

ဟန်မူယဲ့နှင့်ကျောက်ချန်က အခန်းထဲမှ ထွက်လာသောအခါတွင် နှစ်ပေါင်းများစွာကြာအောင် ကွဲကွာနေသော သွေးသောက်ညီအစ်ကိုများကဲ့သို့ ဖြစ်သွားကြသည်။

သူတို့က ‌ရှေ့တွင်ရှိနေသော တွန့်လိမ်နေသည့်တောင်တန်းနှင့် ချင်းယွင်မြို့၏ ပြန်ကျဲနေသောအဆောက်အအုံများကို မြင်လိုက်ရသည်။ ကျောက်ချန်က ရိုးသားစွာ ပြောသည်။

“အစ်ကိုဟန် ယွင်လုမြို့ရဲ့ခရီးစဉ်မှာ ကျင့်ကြံတာကိုပဲ အာရုံစိုက်ထားပါ။ ကျွန်တော်တို့ ကုန်သွယ်ရေးအဖွဲ့အစည်းက ကျန်တာအားလုံးကို ဖြေရှင်းလိုက်ပါ့မယ်”

“အစ်ကိုဟန်က ဓားဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်လာရင် ကျွန်တော်တို့က အစွမ်းကုန်ကြိုးစားပြီး အစ်ကိုဟန်အတွက် အကျိုးအမြတ်ရှာဖွေပေးမယ်”

ကျောက်ချန်က ပထမဆုံးအကြိမ်အဖြစ် ကုန်သွယ်ရေးလမ်းစဉ်ကို နက်ရှိုင်းစွာနားလည်ပြီး ဗဟုသုတနှင့်ပြည့်စုံသော ကောင်းကင်အဆင့် ကျင့်ကြံသူတစ်ယောက်ကို မြင်လိုက်ရသည်။

ဟန်မူယဲ့၏ ဗဟုသုတများကြောင့် ကျောက်ချန်က ရှက်ရွံ့သွားပြီး မသက်မသာဖြစ်နေခဲ့သည်။

ကျူကျင်းကုန်သွယ်ရေးအဖွဲ့အစည်း၏ ကောင်းကင်အဆင့် ကျင့်ကြံသူများသည် ခွန်အားကောင်းသော်လည်း လူမှုရေးနှင့် စီးပွားရေးလုပ်ဆောင်ချက်များတွင် အလွန်လိုအပ်နေသေးသည်။

သူနှင့် ကျူကျင်းကုန်သွယ်ရေးအဖွဲ့အစည်း၏ လက်ရွေးစင်များသည် ထိုကျင့်ကြံသူများကို အထင်သေးကြသည်။

သို့သော် ကျူကျင်းကုန်သွယ်ရေးအဖွဲ့အစည်းသည် အကာအကွယ်အတွက် ထိုကျင့်ကြံသူများကို လိုအပ်သည်။ ထို့အပြင် ထိုကျင့်ကြံသူများအတွက် အရင်းအမြစ်များကိုလည်း ထောက်ပံ့ပေးရသည်။

“ကောင်းပြီ။ အဲဒါဆိုရင် မင်းကိုပဲ အားကိုးလိုက်တော့မယ်”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ကုန်းပတ်ပေါ်တွင် ရိုသေစွာရပ်နေကြသော တုစန်ကျန်းနှင့် တခြားလူများကို ကြည့်သည်။

ကျောက်ချန်က လှည့်ကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်သည်။

“စိတ်မပူပါနဲ့အစ်ကိုဟန်၊ ကျွန်တော်က သင့်တော်အောင် စီစဉ်လိုက်ပါ့မယ်”

ဟန်မူယဲ့က သင်္ဘောပျံနှင့်အတူ ချင်းယွင်မြို့သို့ မဝင်ရောက်ခဲ့ပေ။ သူက ကိုယ်ပိုင်စံအိမ်သို့ တိုက်ရိုက်ပျံသန်းလာခဲ့သည်။

သင်္ဘောပျံသည် ချင်းယွင်မြို့၏ ဗဟိုရင်ပြင်တွင် ဆင်းသက်လိုက်ပြီး ဝမ်ကျင်းထိုက်က သူတို့ကို ကိုယ်တိုင်ကြိုဆိုခဲ့သည်။

ကျောက်ချန်က ချင်းယွင်မြို့တွင်လိုအပ်နေသော ပစ္စည်းများကို သယ်ဆောင်လာပြီး ချင်းယွင်မြို့၏ ဒေသထွက်ကုန်များကို ပြန်လည်သယ်ယူသွားလိမ့်မည်။

အဆင့်နိမ့်ကျင့်ကြံသူများက ထိုကူးသန်းရောင်းဝယ်မှုမျိုးကို မရှိမဖြစ် လိုအပ်သည်။

ကျောက်ချန်က ကျူကျင်းကုန်သွယ်ရေးအဖွဲ့အစည်း၏ သခင်လေးဖြစ်သောကြောင့် အဆင့်နိမ့်ကျင့်ကြံသူများအပေါ်တွင် လွှမ်းမိုးနိုင်စွမ်းရှိသည်။

ကုန်ပစ္စည်းများ လဲလှယ်ရန်အတွက် စီစဉ်လိုက်ပြီး ဝမ်ကျင်းထိုက်က ကျောက်ချန်ကို ဧည့်ခံပွဲအတွက် ဖိတ်ကြားခဲ့သည်။

ဟန်မူယဲ့ကိုလည်း ဖိတ်ကြားလိုက်သည်။

ဧည့်ခံပွဲတွင် ချင်းယွင်မြို့၏ ရွှေနက်သတ္တုတွင်းနှင့် ဟန်မူယဲ့၏ ဂိုဏ်းတပည့်စမ်းသပ်မှုအကြောင်းကို ပြောနေကြသည်။

“စိတ်ချပါအစ်ကိုဝမ်၊ တူးဖော်ထားတဲ့ ရွှေနက်သတ္တုတွေကို ပေါက်ဈေးထက် ပိုရစေရမယ်လို့ အာမခံတယ်။ အစ်ကိုနှစ်ယောက်အတွက် အကျိုးဆောင်ပေးတယ်လို့ သဘောထားပါ”

ကျောက်ချန်က ရင်ဘတ်ကိုပုတ်လိုက်ပြီး ကျယ်လောင်စွာပြောသည်။

ထိုစကားများကြောင့် ဝမ်ကျင်းထိုက်က ပြုံးလိုက်ပြီး လျင်မြန်စွာပြောသည်။

“သခင်လေးကျန်း၊ ဒီလိုမျိုးလုပ်လို့ ဘယ်ဖြစ်မလဲ”

“ဈေးနှုန်းက သင့်တော်ရင် ရပါပြီ”

ကုန်သွယ်ရေးအဖွဲ့အစည်းက ရွှေနက်သတ္တုမှတစ်ဆင့် သေချာပေါက် အမြတ်ရလိမ့်မည်။ သို့သော် ကျောက်ချန်က ထိုသို့ ထုတ်ပြောလိုက်သောကြောင့် ဝမ်ကျင်းထိုက်က အလိုက်သင့်ပြောပေးရမည်။

ရွှေနက်သတ္တုတွင်း၏အကြောင်းကို သဘောတူပြီးသောအခါတွင် ဟန်မူယဲ့၏ ဂိုဏ်းတပည့်စမ်းသပ်ပွဲသို့ ရောက်လာသည်။ ကျောက်ချန်က တစ်လအကြာတွင် ကုန်သည်အဖွဲ့သည် ယွင်လုမြို့သို့ ထွက်ခွာမည်ဟု ပြောခဲ့သည်။

ဝမ်ကျင်းထိုက်နှင့် ဆွေးနွေးပြီးသောအခါတွင် ဟန်မူယဲ့က ကုန်သည်အဖွဲ့နှင့်လိုက်သွားရန် ဆုံးဖြတ်ခဲ့သည်။

ဂိုဏ်း၏စမ်းသပ်ပွဲကို စောစီးစွာအောင်မြင်ထားလျှင် ပိုကောင်းသည်။

“ဂိုဏ်းတူညီလေးဟန်၊ မင်းက သာမန်လူတစ်ယောက် မဟုတ်ဘူးဆိုတာကို ငါပြောနိုင်တယ်”

ကျောက်ချန်ထွက်သွားသောအခါတွင် ဝမ်ကျင်းထိုက်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

ဟန်မူယဲ့က လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။ ဝမ်ကျင်းထိုက်က ခံစားချက်များဖြင့် တီးတိုးပြောသည်။

“မင်းက ယွင်လုမြို့ကို သွားတဲ့အချိန်မှာ ငါက ထောက်ခံစာရေးပေးလိုက်မယ်”

“မင်းကလည်း ရွှေနက်မိုင်းတွင်းရဲ့ အကျိုးအမြတ်တချို့ကိုယူပြီး အားထုတ်သင့်တယ်။ တကယ်လို့ မြို့စောင့်ရာထူးအတွက် လဲလှယ်နိုင်ရင် ပိုကောင်းတယ်။ အဲဒါဆို ငါတို့ညီအစ်ကိုနှစ်ယောက်က နှစ်ပေါင်းသုံးရာ၊ ငါးရာလောက်ကြာရင် ဂိုဏ်းရဲ့ခန်းဆောင်ထဲမှာ ပြန်တွေ့ရလိမ့်မယ်”

ဝမ်ကျင်းထိုက်၏ဦးလေးဖြစ်သော ဝမ်မင်ဟယ်သည် ရွှေနက်မိုင်းတွင်းများနှင့် တောရိုင်းမြေတစ်ခုလုံးကို စောင့်ကြပ်နေသော ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။

ဝမ်ကျင်းထိုက်က ချင်းယွင်မြို့ကို စောင့်ကြပ်ထားပြီး ရရှိထားသော အရင်းအမြစ်များသည် ကိုယ်ပိုင်ကျင့်ကြံခြင်းအတွက် လုံလောက်သည်။

သူက နှစ်ပေါင်းသုံးရာ၊ ငါးရာအကြာတွင် ဂိုဏ်း၏ လူသားအင်မော်တယ်အဆင့် ကျင့်ကြံသူများသာ ဝင်ရောက်နိုင်သော ခန်းဆောင်ထဲသို့ လွယ်ကူစွာ ခြေချနိုင်လိမ့်မည်။

သူက ဟန်မူယဲ့အတွက် ထောက်ခံစာရေးပေးပြီး ရွှေနက်မိုင်းတွင်း၏အကျိုးအမြတ်ကို အသုံးချ၍ အဆက်အသွယ်တည်ဆောက်ရန် ပြောခဲ့သည်။ သူက ဟန်မူယဲ့၏ ကျင့်ကြံခြင်းနှင့် တိုက်ခိုက်နိုင်စွမ်းကို တန်ဖိုးထားသည်။

ထိုအရာသည် ဟန်မူယဲ့ကို မျှော်မှန်းထားသော ကျောက်ချန်၏ ရင်းနှီးမြှုပ်နှံမှုနှင့် ဆင်တူသည်။

ကျင့်ကြံသူများသည် မျက်တောင်တစ်ဆုံး မကြည့်ဘဲ မျက်စိတစ်ဆုံး ကြည့်ရမည်။

နှစ်ပေါင်းသုံးရာ၊ ငါးရာသည် မျက်တောင်တစ်ခတ်စာအချိန်ပင် ဖြစ်သည်။

“ဂိုဏ်းတူအစ်ကိုဝမ်ပြောတာ မှန်ပါတယ်”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

ဟန်မူယဲ့က လောကီကိစ္စရပ်များကို သိပ်ဂရုမစိုက်ပေ။

ဝမ်ကျင်းထိုက်၏ရည်ရွယ်ချက်က မည်သို့ပင်ဖြစ်နေပါစေ ထောက်ခံစာရေးပေးခြင်းနှင့် အဆက်အသွယ်တည်ဆောက်ရန် ကူညီပေးခြင်းသည် စေတနာကောင်းဖြစ်သောကြောင့် ဟန်မူယဲ့က ငြင်းပယ်မည်မဟုတ်ပေ။

ဤနှစ်များတွင် တောရိုင်းထဲ၌ ဖမ်းမိသော ကျင့်ကြံသူများကို ခါးသီးအင်မော်တယ်နယ်မြေ၏ မိုင်းတွင်းသို့ ပို့‌ဆောင်လိုက်ကြသည်ဟု ပြောသည်။ ကံမကောင်းသော တချို့လူများသည် သတ်ဖြတ်ခံလိုက်ရသည်။

ဟန်မူယဲ့က အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ တပည့်တစ်ယောက်အဖြစ် သက်သေပြခဲ့သောကြောင့် အင်မော်တယ်ကမ္ဘာတွင် ကောင်းမွန်စွာ နေထိုင်နိုင်ခဲ့သည်။

အင်မော်တယ်ကမ္ဘာများနှင့် နတ်ဘုရားကမ္ဘာသည် သူ့ကို နှစ်ပေါင်းငါးသန်းကြာအောင် ရှာဖွေနေကြသည်။ ယခုအချိန်တွင် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ တပည့်တစ်ယောက်အဖြစ် နေထိုင်ခြင်းသည် ပိုမိုလုံခြုံသည်။

ရွှေနက်မိုင်းတွင်းသည် အလွန်ကောင်းမွန်ပြီး လှည်းအစီးနှစ်ဆယ်ခန့် ရရှိခဲ့သည်။

ထိုသတ္တုရိုင်းများသည် အလွန်လေးလံသောကြောင့် သင်္ဘောပျံနှင့် သယ်ယူလျှင် အလွန်အားထုတ်ရလိမ့်မည်။

သို့သော် မိစ္ဆာသားရဲဖြစ်သော မီးတောက်မြင်းများကိုအသုံးပြု၍ လှည်းဖြင့်သယ်ယူလျှင် ထိရောက်မှုပိုရှိသည်။

သိုလှောင်အိတ်ကိုအသုံးပြု၍ ယွင်လုံမြို့သို့ တိုက်ရိုက်ပျံသန်းသွားလျှင်လည်း အဆင်မပြေပေ။

အင်မော်တယ်ကမ္ဘာသည် အလွန်တည်ငြိမ်ပြီး သိုလှောင်နေရာလွတ်များသည်လည်း ဖိနှိပ်ခံထားရသည်။

လေးလံသော ရွှေနက်သတ္တုရိုင်းများအား သယ်ဆောင်နိုင်သည့် သိုလှောင်အိတ်သည် အလွန်အဖိုးတန်ပြီး အဆင့်မြင့်ကျင့်ကြံသူများကသာ ပိုင်ဆိုင်နိုင်ကြသည်။

ဝိညာဉ်သူငယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်က သတ္တုရိုင်းများကိုသယ်ယူပြီး ယွင်လုမြို့သို့ ပို့ပေးနိုင်သော်လည်း ဝိညာဉ်ကျောက်တုံးတစ်သန်းခန့် ပြန်ပေးရလိမ့်မည်။

လူသားလောကတွင်ဖြစ်စေ၊ အင်မော်တယ်ကမ္ဘာတွင်ဖြစ်စေ အဆင့်နိမ့်ကျင့်ကြံသူနှင့် ကုန်သည်များသည် အရေအတွက်ကိုသာ အသုံးပြုကြသည်။

အစစ်အမှန်ကျွမ်းကျင်သူများသည် ကြွယ်ဝမှုနှင့် နည်းစနစ်များကို တစ်ချိန်လုံးသယ်ဆောင်ထားသောကြောင့် ရုပ်ဝတ္ထုပစ္စည်းများကို သိပ်ဂရုမစိုက်ကြတော့ပေ။

အဆင့်မြင့်ကျင့်ကြံသူများ၏ လောကသည် အဆင့်နိမ့်ကျင့်ကြံသူများနှင့် မတူညီပေ။

ရွှေနက်သတ္တုများကို စုစည်းပြီး သုံးရက်အကြာတွင် ကျင့်ကြံသူတစ်ရာနှင့် ကျူကျင်းကုန်သွယ်ရေးအဖွဲ့အစည်း၏ ကုန်လှည်းငါးစီးအပါအဝင် လှည်း ၂၅စီးသည် ချင်းယွင်မြို့မှ ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။

ဟန်မူယဲ့၊ ကျောက်ချန်နှင့် တခြားလူများသည် မီးတောက်မြင်းများကို စီးနင်းပြီး အတူတကွ ခရီးနှင်လာကြသည်။

မီးတောက်မြင်းများသည် တစ်ရက်လျှင် မိုင်သုံးသောင်းခရီးသွားပြီး ပေါင်တစ်သိန်းအလေးချိန်ကို သယ်ဆောင်နိုင်ကြသည်။

ချင်းယွင်မြို့၏ အပြင်ဘက်တွင် ဝမ်ကျင်းထိုက်က ကျောက်သားလမ်းပေါ်တွင် ရပ်ပြီး ထွက်ခွာသွားသော ကုန်လှည်းအုပ်စုကို ကြည့်နေခဲ့သည်။

ကျန်းယွင်ကျီနှင့် တခြားလူများသည် သူ့နောက်တွင် ရှိနေကြသည်။

“ငါ့ရဲ့အကဲဖြတ်မှုက မှန်ကန်မယ်ဆိုရင် ဂိုဏ်းတူညီလေးဟန်က အမြင့်ကိုရောက်သွားလိမ့်မယ်”

ကုန်လှည်းအုပ်စုက အဝေးသို့ရောက်သွားသောအခါတွင် ဝမ်ကျင်းထိုက်က ကျန်းယွင်ကျီကို လှည့်ကြည့်သည်။

“ယွင်ကျီ၊ မင်းမှာ ကျင့်ကြံခြင်းနဲ့ပတ်သတ်ပြီး မေးစရာရှိရင် ငါ့ကို လာမေးနိုင်တယ်”

ကျန်းယွင်ကျီက တစ်ကိုယ်လုံးတုန်ခါသွားပြီး ပျော်ရွှင်နေသည်။ သူက ဦးညွတ်လိုက်ပြီး ပြောသည်။

“ကျွန်တော် နားလည်ပါပြီ”

ထိုအရာသည် ဆရာဦးလေးဟန်နှင့် ရင်းနှီးခြင်း၏ အကျိုးအမြတ် ဖြစ်သည်။

သူက ဟန်မူယဲ့နှင့် နီးကပ်ခဲ့သောကြောင့် ဝမ်ကျင်းထိုက်၏တန်ဖိုးထားခြင်းကို ခံရသည်။

အနာဂတ်တွင် ဟန်မူယဲ့က အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၌ လွှမ်းမိုးမှုကို တည်ဆောက်နိုင်သောအချိန်တွင် ကျန်းယွင်ကျီက အခွင့်အရေးများ ပိုရလာလိမ့်မည်။

သူ့ဘေးတွင်ရှိသော အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ တခြားတပည့်များက အားကျနေကြသည်။

ဝမ်ကျင်းထိုက်သည် ချင်းယွင်မြို့၏ မိုးကောင်းကင်ဖြစ်သည်။

....

အဆုံးမဲ့ကျယ်ပြန့်သော တောရိုင်းမြေသည် မိစ္ဆာသားရဲများဖြင့် ပြည့်နှက်နေသည်။

ကုန်သည်အဖွဲ့က ချင်းယွင်မြို့မှ ထွက်လာပြီး မိုင်တစ်ထောင်အတွင်း၌ မိစ္ဆာသားရဲ ခုနစ်ကောင်၊ ရှစ်ကောင်ခန့်ကို သတ်ဖြတ်ခဲ့ရသည်။

အသိဉာဏ်နိမ့်ပါးသော ထိုသားရဲများသည် သာမန်တိုက်ခိုက်နိုင်စွမ်းကိုသာ ပိုင်ဆိုင်ထားပြီး အင်မော်တယ်ချီကို အာရုံခံ၍ ပြေးဝင်လာကြသည်။ အဆုံးတွင် သူတို့ကို အရေခွံခွာပြီး တစ်ပိုင်းတစ်စီ လုပ်လိုက်ကြသည်။

ကျင့်ကြံသူများသည် အလိုဆန္ဒ နည်းပါးကြသည်။ သို့သော် ခံစားချက်မရှိဟု မဆိုလိုပေ။

ဥပမာအနေဖြင့် ယခုအချိန်တွင် ဆူပွက်နေသော သွေးချီနှင့် မိစ္ဆာစွမ်းအင်များ ရောယှက်နေသည့် အသားစွပ်ပြုတ် ဖြစ်သည်။ အသားစွပ်ပြုတ်တစ်ခွက်သည် အားဖြည့်ဆေးတစ်လုံးနှင့် တူညီသည်။

အာခီမီနှင့် ပန်းပဲပညာရပ်သည် အင်မော်တယ်ကမ္ဘာတွင် ထင်ပေါ်မှုမရှိပေ။ ထိုလမ်းစဉ်နှစ်ခုလုံးကို ကျွမ်းကျင်‌သောလူသည် အလွန်ရှားပါးသည်။

အဘယ်ကြောင့်ဆိုသော် အင်မော်တယ်ကမ္ဘာသည် အရင်းအမြစ်ကြွယ်ဝပြီး ကျင့်ကြံခြင်းတိုးမြှင့်ရန်အတွက် အင်မော်တယ်ဆေးပင်အများစုကို တိုက်ရိုက်သုံးစွဲနိုင်သည်။ ဝိညာဉ်သတ္တုအများအပြားကိုလည်း လက်နက်အဖြစ် သန့်စင်နိုင်သည်။

ထို့အပြင် အင်အားစုကြီးများက အဆင့်နိမ့်ကျင့်ကြံသူများကို တန်ဖိုးမထားသောကြောင့် အရင်းအမြစ်များကိုသုံးစွဲရန် ဆန္ဒမရှိပေ။

အာခီမီ၊ ပန်းပဲပညာနှင့် သက်ဆိုင်သော အရင်းအမြစ်များကို အဓိကအင်အားစုကြီးများက ထိန်းချုပ်ထားကြသည်။

“အစ်ကိုဟန်၊ ကျွန်တော်တို့ အခုသွားမယ့်မြို့က တောရိုင်းမြေရဲ့ အဓိကမြို့ကြီးတစ်မြို့ဖြစ်တဲ့ စန်းဟော်မြို့ပဲ။ အဲဒီမြို့က ပန်းပဲပညာရပ်ကို အဓိကထားပြီး လုပ်ကိုင်တယ်”

“နေရာအမျိုးမျိုးက သတ္တုရိုင်းတွေကို အဲဒီမြို့ဆီပို့ပြီး လက်နက်ဖန်တီးဖို့အတွက် သင့်တော်တဲ့ ဝိညာဉ်သတ္တုတွေအဖြစ် သန့်စင်ကြတယ်”

စန်းဟော်မြို့သည် ချင်းယွင်မြို့မှ မိုင်သုံးသိန်းခန့် ကွာဝေးသည်။ မီးတောက်မြင်းများ၏ အမြန်နှုန်းနှင့်ဆိုလျှင် သူတို့က ဆယ်ရက်အကြာတွင် ရောက်နိုင်လိမ့်မည်။

ထို့ကြောင့် ဟန်မူယဲ့က ကုန်သည်အဖွဲ့နှင့် ခရီးသွားရန် ရွေးချယ်ခဲ့သည်။

စန်းဟော်မြို့သို့ ရွှေနက်သတ္တုရိုင်းများကို ပို့ဆောင်ပြီးလျှင် ဟန်မူယဲ့က တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို အသုံးပြု၍ ယွင်လုမြို့သို့ တိုက်ရိုက်သွားလိမ့်မည်။

တောရိုင်းမြေကိုဖြတ်သန်း၍ မိုင်ရှစ်သန်းအကွာအထိ ခရီးသွားရခြင်းသည် ဟန်မူယဲ့အတွက် မခက်သော်လည်း တခြားလူများက မတွေးရဲကြ‌ပေ။

ကောင်းကင်အထွတ်အထိပ်အဆင့်သို့ မရောက်သေးလျှင် တောရိုင်းမြေကို မည်သူက တစ်ယောက်တည်း ဖြတ်သန်းရဲမည်နည်း။

ဟန်မူယဲ့က အာရုံစိုက်မခံချင်သောကြောင့် တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။

All Chapters