အခန်း (၈၂၆)
Vol. 59 Ch. 826
“ဘန်း”
မုတ်ဆိတ်ဖြူလူအိုကြီးက မြားပစ်လိုက်သည်။
ရှေ့တွင် ကျူကျင်းအလံက ချက်ချင်းပျောက်ကွယ်သွားပြီး ရွှေအလင်းအဖြစ် ပြောင်းလဲ၍ မြားနှင့်အတူ ပါသွားသည်။ ထို့နောက် မြားတံသည် လေထုကို ထိုးခွဲပြီး ချီတက်လာသော စစ်မြင်းများဆီသို့ တိုးဝင်သွားသည်။
“မြားရေးကောင်းတယ်”
ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။
ကျောက်ချန်က ခပ်ဟဟရယ်သည်။
“ဘုန်း”
မြားသည် ပေငါးထောင်ကို ကျော်ဖြတ်ပြီး အနက်ရောင်ချပ်ဝတ် မြင်းစီးစစ်သည်နှင့် ရင်ဆိုင်လိုက်သည်။
ရွှေအလင်းသည် ဓားပြများ၏ တိုက်ပွဲဝင်္ကပါကို ထိုးဖောက်သွားသည်။
မြားတစ်ချက် ....
မြင်းစီးဓားပြသုံးရာသည် ချက်ချင်းသေဆုံးသွားခဲ့သည်။
မြားရှည်သည် ဓားပြ ၃၁ယောက်၏ ခန္ဓာကိုယ်ကို ထိုးဖောက်ပြီး သွေးများနှင့်အတူ မြေကြီးထဲသို့ စိုက်ဝင်သွားသည်။
ဝက်ဝံပုံရိပ်နှင့် ခေါင်းဆောင်ဓားပြသည် မြားချက်ကြောင့် ရင်ဘတ်ကို ထိုးဖောက်ခံလိုက်ရသည်။ သူက တစ်ကိုယ်လုံးပေါက်ကွဲသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော ဓားရှည်တစ်လက်ကိုသာ ချန်ရစ်ခဲ့သည်။
ဓားပြများ၏ ဝင်္ကပါသည် ကုန်သည်အဖွဲ့နှင့် ပေနှစ်ထောင်အကွာတွင် အပြည့်အဝ ပျက်စီးသွားပြီး အသက်ရှင်နေသော ဓားပြများသည် နေရာအနှံ့သို့ ထွက်ပြေးသွားကြသည်။
သူတို့၏ခေါင်းဆောင်က သေဆုံးသွားပြီဖြစ်သောကြောင့် ကုန်သည်အဖွဲ့ကို မတိုက်ခိုက်နိုင်ရုံသာမက ကိုယ့်ကိုယ်ကိုယ်ပင် ကာကွယ်နိုင်တော့မည်မဟုတ်ပေ။
ဓားပြအများစုသည် ထိုသို့ပင်ဖြစ်ကြသည်။ သူတို့က အရေအတွက်ကိုသာ အားကိုးကြသည်။ အကယ်၍ ခေါင်းဆောင်က သေဆုံးသွားခဲ့လျှင် သူတို့က တိုက်ခိုက်လိုစိတ် ပျောက်ဆုံးပြီး ထွက်ပြေးသွားကြလိမ့်မည်။
တောရိုင်းမြေတွင် ထွက်ပြေးသွားသော ဓားပြများ၏ ကံကြမ္မာသည် တိုက်ပွဲတွင် သေဆုံးသွားခြင်းထက် ကောင်းမွန်ကြမည်မဟုတ်ပေ။
မြားတစ်ချောင်းသည် တောရိုင်းဓားပြသုံးရာကို ရှင်းထုတ်ပစ်ခဲ့သည်။
မိုင်သန်းချီပတ်ဝန်းကျင်တွင် သွားလာနိုင်သော ကုန်သွယ်ရေးအဖွဲ့သည် အလွန်အားကောင်းသည်။
ကုန်သည်အဖွဲ့၏ ကျင့်ကြံသူများက ခြေဦးတည့်ရာသို့ ထွက်ပြေးသွားကြသော ဓားပြများကို ကြည့်လိုက်ပြီး ပြုံးသည်။ သူတို့က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။
တုစန်ကျန်းနှင့် တခြားလူများကလည်း ပျော်ရွှင်နေကြသည်။
တောရိုင်းမြေကို ဖြတ်သန်းရာတွင် သန်မာသူများနှင့်အတူ သွားလာနိုင်လျှင် အလွန်ကောင်းမွန်သည်။
ကျောက်ချန်က တခြားလူများ၏အကြည့်ကို ဂရုမစိုက်ဘဲ ဟန်မူယဲ့ကို ကြည့်လိုက်သည်။
သို့သော် ဟန်မူယဲ့၏မျက်နှာက ပုံမှန်အတိုင်းပင် ဖြစ်သည်။
ထို့ကြောင့် ကျောက်ချန်က အနည်းငယ် နောင်တရသွားသည်။
မိုးကြိုးကပ်ဘေးကို ပေါ့ပါးစွာရင်ဆိုင်ခဲ့သော ဟန်မူယဲ့က ဤအခြေအနေကို မည်သို့ အလေးအနက်ထားမည်နည်း။
ကုန်သည်အဖွဲ့၏ အစောင့်များက သေဆုံးသွားသော ဓားပြများ၏ ပစ္စည်းများနှင့် လုညီအစ်ကိုသုံးယောက်၏ ပစ္စည်းများကို စုဆောင်းလိုက်ကြသည်။
ဓားပြခေါင်းဆောင်၏ ဓားရှည်လည်း ပါဝင်သည်။
ကျောက်ချန်က ပစ္စည်းများကိုကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။
“အားလုံးက ဝေစုယူသင့်တယ်။ အစ်ကိုဟန်၊ တစ်ခုခု ယူလိုက်ပါ”
ထိုပစ္စည်းများထဲတွင် အဖိုးအတန်ဆုံးအရာသည် လုညီအစ်ကိုသုံးယောက်၏ မှော်ရတနာတစ်ဝက်အဆင့် လက်နက်နှစ်ခု ဖြစ်သည်။ ထို့အပြင် ဓားပြခေါင်းဆောင်၏ ဓားရှည်ကလည်း ဆွဲဆောင်မှုရှိသည်။
ဟန်မူယဲ့က တုံ့ဆိုင်းမနေဘဲ လက်ဟန်တစ်ခုဖြင့် ဓားပြခေါင်းဆောင်၏ဓားကို ယူလိုက်သည်။
ထိုဓားက လေးလံပြီး အဆင့်မြင့်ဝိညာဉ်လက်နက် ဖြစ်သည်။
“ငါက ဓားကျင့်ကြံသူတစ်ယောက်ဆိုတော့ ဒီဓားကို နည်းနည်းစိတ်ဝင်စားတယ်”
ဟန်မူယဲ့က အသာအယာပြောလိုက်ပြီး ချီစွမ်းအင်နှင့် ဓားဆန္ဒကို ဓားထဲသို့ ထည့်သွင်းသည်။
အမျိုးမျိုးသော မြင်ကွင်းများသည် သူ့စိတ်ထဲတွင် ပေါ်လာကြသည်။
တောရိုင်းမြေကို လွှမ်းမိုးထားသော ဓားပြခေါင်းဆောင်တစ်ယောက်၏ ဓားသည် စိတ်ဝင်စားဖွယ်မြင်ကွင်းများကို သိမ်းဆည်းထားသည်။
ဟန်မူယဲ့နားမလည်ခဲ့သော အင်မော်တယ်ကမ္ဘာ၏ တစ်ဖက်ခြမ်းကို မြင်လိုက်ရသည်။
သူက စကားမပြောဘဲ တိတ်ဆိတ်စွာမြင်းစီးပြီး အင်မော်တယ်ကမ္ဘာ၏ ဖုံးကွယ်ထားသောသတင်းများကို ကြည့်ရှုနေသည်။
“ညီအစ်ကိုကျောက်၊ ခါးသီးအင်မော်တယ်နယ်မြေက ဘယ်လိုမျိုးလဲ”
ဟန်မူယဲ့က တစ်ဖက်သို့လှည့်ပြီး ရုတ်တရက် မေးလိုက်သည်။
‘ခါးသီးအင်မော်တယ်နယ်မြေလား’
ကျောက်ချန်က အနည်းငယ်အံ့အားသင့်သွားသည်။
“အစ်ကိုဟန်က ခါးသီးအင်မော်တယ်နယ်မြေအကြောင်းကို သိချင်လို့လား”
ကျောက်ချန်က ခေါင်းခါလိုက်ပြီး ပြောသည်။
“အဲဒီနေရာမှာ လူသားကျင့်ကြံသူတွေ ရှင်သန်နိုင်ဖို့ အရမ်းခက်တယ်”
“ခါးသီးအင်မော်တယ်နယ်မြေကို မိစ္ဆာကြီးတွေက လွှမ်းမိုးထားကြတယ်။ ထျန်းယောင်ဂိုဏ်းရဲ့ မိစ္ဆာတစ်ဝက်ကျင့်ကြံသူတွေကပဲ အဲဒီနေရာမှာ ခြေချနိုင်ကြတယ်”
လူသားနှင့်မိစ္ဆာများနေထိုင်သော တောရိုင်းမြေနှင့် ယှဉ်လိုက်လျှင် ခါးသီးအင်မော်တယ်နယ်မြေသည် လူသားများအတွက် တားမြစ်နယ်မြေဖြစ်သည်။
ဖူယွီအင်မော်တယ်ကမ္ဘာ၏ ဒေသ ၃၆ခုတွင် မိစ္ဆာများ လွှမ်းမိုးထားသော ဒေသနှစ်ခုကို ခါးသီးအင်မော်တယ်နယ်မြေဟု ခေါ်သည်။
ခါးသီးအင်မော်တယ်နယ်မြေက လူသားများအတွက် တားမြစ်နယ်မြေဖြစ်သော်လည်း လူအများအပြားက စွန့်စားသွားလာကြသည်။
တချို့က ခါးသီးအင်မော်တယ်နယ်မြေသို့ ရောင်းချခံလိုက်ရပြီး မိစ္ဆာများ၏ကျွန် ဖြစ်လာကြသည်။ သူတို့ကို အာခီမီကျင့်ကြံခြင်း၊ လက်နက်သန့်စင်ခြင်းနှင့် မိုင်းတူးခြင်းတို့တွင် အသုံးချသည်။
ထိုလူများသည် ဘဝတစ်လျှောက်လုံး လွတ်လပ်နိုင်မည်မဟုတ်ပေ။ သို့သော် အနည်းဆုံး အသက်ရှင်နိုင်ကြသည်။
တချို့က ဂိုဏ်းများ၏ အမဲလိုက်အဖွဲ့များ ဖြစ်ကြသည်။ သူတို့က ခါးသီးအင်မော်တယ်နယ်မြေ၏ အရင်းအမြစ်များကို လုယူကြသည်။
မိစ္ဆာများအတွက် ပြဿနာရှာချင်သော အင်အားစုများသည် ထိုလူများ၏နောက်ကွယ်တွင် ရှိနေကြသည်။ အကယ်၍ သူတို့က အဖမ်းခံရလျှင် သေဆုံးသွားကြလိမ့်မည်။
သို့သော် အသက်ရှင်လျက် ပြန်လာခဲ့လျှင် အဖိုးတန်အတွေ့အကြုံများသာမက အရင်းအမြစ်အများအပြားကို စုစည်းနိုင်ပြီး အနာဂတ်တွင် အောင်မြင်မှုရရှိရန် ပိုမိုလွယ်ကူနေလိမ့်မည်။
နောက်တစ်မျိုးသည် ဓား၏မှတ်ဉာဏ်ထဲတွင် ဟန်မူယဲ့မြင့်ခဲ့ရသော မြင်ကွင်းများဖြစ်ကြသည်။
တစ်ကိုယ်တော်ကျင့်ကြံသူများသည် မဟာမိတ်ဖွဲ့ပြီး ဓားပြများအဖြစ် အသွင်ပြောင်း၍ ခါးသီးအင်မော်တယ်နယ်မြေနှင့် တခြားတောရိုင်းမြေများတွင် လျှောက်သွားနေကြလိမ့်မည်။
သူတို့က နောက်ခံမရှိသလို အခြေခံအုတ်မြစ်လည်း မရှိကြပေ။ သူတို့က ဘဝတစ်လျှောက်လုံး အောင်မြင်မှုအလင်းရောင်ကို မြင်ရမည်မဟုတ်ပေ။
သူတို့က လွတ်လပ်ခြင်းကိုသာ ပိုင်ဆိုင်ကြသည်။
လွတ်လပ်စွာ ရှင်သန်ခြင်း၊ လွတ်လပ်စွာ သေဆုံးခြင်း ....
“အဆင့်နိမ့်ကမ္ဘာတွေကနေ ခိုးဝင်လာတဲ့ ကျင့်ကြံသူအများစုကို မိုင်းတူးဖို့အတွက် ခါးသီးအင်မော်တယ်နယ်မြေဆီ ပို့လိုက်ကြတယ်”
ကျောက်ချန်က တီးတိုးပြောသည်။
“ဒါပေမဲ့ ခါးသီးအင်မော်တယ်နယ်မြေကနေ အသက်ရှင်လျက်ပြန်လာနိုင်တဲ့လူက အရမ်းရှားတယ်”
တားမြစ်နယ်မြေဟူသော အမည်နာမသည် ဟာသမဟုတ်ပေ။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“မင်းက လေပြင်းဓားပြတွေကို ကြားဖူးလား”
ကျောက်ချန်၏မျက်နှာထားက အေးခဲသွားပြီး နက်ရှိုင်းသောအသံဖြင့် ပြောသည်။
“ခါးသီးအင်မော်တယ်နယ်မြေရဲ့ မဟာဓားပြသုံးဖွဲ့က မိုးကြိုး၊ ခရမ်းရောင်လျှပ်စီးနဲ့ လေပြင်းပဲ။ မိုးကြိုးက ရဲရင့်တယ်။ ခရမ်းရောင်လျှပ်စီးက လျင်မြန်တယ်။ လေပြင်းကတော့ အရေအတွက်များတယ်”
“လေပြင်းဓားပြတွေက မိုးကြိုးနဲ့ ခရမ်းရောင်လျှပ်စီးလောက် မသန်မာပေမဲ့ အရေအတွက်နဲ့ ခြိမ်းခြောက်နိုင်တယ်။ ကုန်သည်တွေအားလုံးက သူတို့ကို ကြောက်ကြတယ်”
ကျောက်ချန်က မျက်မှောင်ကြုတ်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။
“အစ်ကိုဟန်၊ ဒီမြင်းစီးဓားပြတွေက လေပြင်းဓားပြတွေလို့ ပြောချင်တာလား”
“လေပြင်းဓားပြတွေက မိုင်သန်းထောင်ချီအကွာမှာရှိနေတဲ့ ခါးသီးအင်မော်တယ်နယ်မြေမှာ နေထိုင်ကြတယ်။ သူတို့က ဒီနေရာကိုရောက်လာဖို့ မဖြစ်နိုင်ဘူးမဟုတ်လား”
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး စကားမပြောပေ။
လေပြင်းဓားပြများ၏ အဓိကအင်အားစုသည် ဤနေရာတွင် မရှိပေ။ သို့သော် ထိုမြင်းစီးဓားပြများထဲတွင် လေပြင်းဓားပြများလည်း ပါဝင်နေကြသည်။
လေပြင်းဓားပြများက ခါးသီးအင်မော်တယ်နယ်မြေတွင် မဟာမိစ္ဆာများ၏ ဝိုင်းရံတိုက်ခိုက်မှုကို ခံခဲ့ရသည်။ ထို့ကြောင့် သူတို့က အုပ်စုခွဲပြီး ထွက်ပြေးလာကြသည်။ တချို့က ခါးသီးအင်မော်တယ်နယ်မြေမှ ထွက်ခွာပြီး အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်း၏ နယ်မြေအတွင်းသို့ ရောက်လာကြသည်။
ထိုသတင်းက ယခုအချိန်အထိ ပေါ်ထွက်မလာသေးသော်လည်း အချိန်ကြာမြင့်စွာ ပုန်းကွယ်နေမည်မဟုတ်ပေ။
လေပြင်းဓားပြများကြောင့် အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းက ခေါင်းကိုက်နေရလိမ့်မည်။
ဟန်မူယဲ့က စကားမပြောသော်လည်း ကျောက်ချန်၏မျက်နှာထားက လေးနက်သွားသည်။
လျှို့ဝှက်နည်းစနစ်အမျိုးမျိုးသည် လောကတွင် တည်ရှိနေကြသည်။ ဟန်မူယဲ့က ဓားပြခေါင်းဆောင်၏ဓားကို ရရှိခဲ့ပြီး လျှို့ဝှက်ချက်အချို့ကို သိရှိသွားလျှင်လည်း အံ့အားသင့်စရာမဟုတ်ပေ။
ဟန်မူယဲ့က အကြောင်းပြချက်ရှိသောကြောင့် ထိုသို့မေးခဲ့ခြင်း ဖြစ်လိမ့်မည်။
ကုန်သည်အဖွဲ့က ရှေ့ဆက်လာပြီး နောက်တစ်နေ့ညနေတွင် တောင်ကုန်းတစ်ခုကို မြင်လိုက်ရသည်။
ထိုတောင်ကုန်းသည် အလောင်းများဖြင့် ပြည့်နှက်နေသည်။
“ဒါက တိုက်ခိုက်ခံရတဲ့ ကုန်သည်အဖွဲ့ပဲ။ အနည်းဆုံး လူသုံးရာရှိတယ်”
ကျောက်ချန်၏မျက်နှာထားက တင်းမာနေသည်။
စုံစမ်းရန်ရှေ့တက်သွားသော အစောင့်များက အလွန်လေးနက်သောမျက်နှာထားဖြင့် တင်ပြလိုက်ကြသည်။
သူတို့၏ကုန်သည်အဖွဲ့သည် လူတစ်ရာခန့်သာရှိသော်လည်း ကျွမ်းကျင်သူတချို့ကို ပိုင်ဆိုင်ထားသည်။ သတ်ဖြတ်ခံလိုက်ရသော ကုန်သည်အဖွဲ့နှင့် မည်သို့ နှိုင်းယှဉ်ရမည်နည်း။
လူသုံးရာပါဝင်သော ကုန်သည်အဖွဲ့တွင်လည်း ကျွမ်းကျင်သူများ ရှိနေလိမ့်မည်။
ကျောက်ချန်က ရှေ့သို့ကြည့်လိုက်ပြီး စဉ်းစားနေသည်။
ယခုအချိန်တွင် သူတို့က ချင်းယွင်မြို့နှင့် မိုင်ငါးသောင်းသာ ကွာဝေးသေးသည်။
ဓားပျံများနှင့်ပြန်သွားလျှင် အချိန်ကြာမည်မဟုတ်ပေ။
အကယ်၍ ဓားပျံကို စီးနင်းသွားမည်ဆိုလျှင် စန်းဟော်မြို့သို့ရောက်ရန် တစ်ရက်သာကြာလိမ့်မည်။
“အစ်ကိုဟန်၊ ကျွန်တော်တို့ ....”
ကျောက်ချန်က ဟန်မူယဲ့ကိုလှည့်ကြည့်လိုက်ပြီး စကားဆက်မပြောနိုင်တော့ပေ။
ဟန်မူယဲ့က မြင်းဖြင့် ရှေ့တက်သွားသည်။
“ငါ့မွေးရပ်မြေမှာ လူသေတွေကို မြှုပ်နှံပေးတဲ့ဓလေ့ ရှိတယ်။ သူတို့က လူသားတွေပဲလေ။ တောရိုင်းထဲမှာ ဒီအတိုင်းပစ်ထားခဲ့ရင် မသင့်တောဘူး”
ဟန်မူယဲ့က ပြောသည်။
‘ကရုဏာသက်နေတာလား’
‘မလိုအပ်ဘူးလေ’
ကျောက်ချန်က လူအိုကြီးချူကို လှည့်ကြည့်သည်။ လူအိုကြီးချူက ခေါင်းခါသည်။
သူတို့က နားမလည်ကြပေ။
အားကောင်းသော ဓားကျင့်ကြံသူတစ်ဦးသည် အကြင်နာတရား ရှိမည်မဟုတ်ပေ။
ဓားကျင့်ကြံသူတစ်ယောက်သည် ဆုံးဖြတ်ချက်ပြတ်သားပြီး အမာကျောဆုံးနှလုံးသားနှင့် သတ်ဖြတ်မှုတွင် ကျွမ်းကျင်သည်။
တုစန်ကျန်းနှင့် တခြားလူများက ဟန်မူယဲ့၏နောက်သို့ ပြေးလိုက်သွားပြီး အလောင်းများကိုစုစည်း၍ မြေမြှုပ်ပေးနေကြသည်။
ဟန်မူယဲ့က သားရဲများ၏အန္တရာယ်မှ ကာကွယ်ရန်အတွက် မြေမြှုပ်ထားသောနေရာတွင် ဝင်္ကပါတစ်ခုကို တည်ဆောက်ပေးခဲ့သည်။
သူက တစ်ဖက်သို့လှည့်ပြီး ဓားထုတ်၍ ပေသုံးဆယ်ရှည်လျားသော ကျောက်ပြားကို ခုတ်ချပြီး မြေပုံပေါ်တွင် တင်လိုက်သည်။
“လောကခရီးသွားတွေကပဲ အချင်းချင်းတွေ့ဆုံကြတယ်”
ဟန်မူယဲ့က ညင်သာစွာသက်ပြင်းချသည်။ သူ၏ ဓားအလင်းသည် စာလုံးများကို ကျောက်ပြားပေါ်တွင် ထွင်းထုလိုက်သည်။
‘လောကခရီးသွား’
‘လူတိုင်းက ခရီးသွားတွေပဲမဟုတ်လား’
စာလုံးတိုင်းသည် လူတစ်ယောက်၏နှလုံးသားအား တုန်ခါသွားစေနိုင်သော ဓားဆန္ဒကို ထုတ်ဖော်နေသည်။
ထိုစာလုံးများကို မြင်လိုက်ရသော ကုန်သည်အုပ်စု၏ အစောင့်များနှင့် ကျင့်ကြံသူများ၏ မျက်နှာထားက လေးနက်နေကြသည်။
ထိုစာလုံးများသည် ကောင်းကင်တွင်ပြည့်နှက်နေသော ဓားအလင်းကို မြင်နိုင်သကဲ့သို့ လူတစ်ယောက်၏စိတ်ကို သက်ရောက်စေသည်။
“အရမ်းကောင်းတဲ့စာလုံးတွေပဲ”
ကျောက်ချန်၏နောက်တွင်ရှိနေသော လူအိုကြီးချူက စကားပြောလိုက်သည်။
သူက ပထမဆုံးအကြိမ်အဖြစ် ဟန်မူယဲ့ကို တိုက်ရိုက်ချီးကျူးလိုက်သည်။
ကျောက်ချန်က ခေါင်းညိတ်သည်။
ထိုစာလုံးများသည် ဟန်မူယဲ့၏ ကိုယ်ပိုင်ခွန်အားကို ဖော်ပြနေသည်။
သူက ဓားတစ်လက်ဖြင့် ရှေ့ဆက်သွားမည်။
ဓားကျင့်ကြံသူတစ်ယောက်သည် ထိုသို့ပင်ဖြစ်သင့်သည်။