အဘိုး ဘယ်သူလဲ
Vol. 83 Ch. 875
“ဆရာသခင်... ဆရာသခင်...”
တစ်ခဏ မှင်တက်သွားပြီးနောက် ရန်ထျန်တုန်းဟာ ဟန်ကျွယ်ရှေ့မှာ ဒူးထောက်လိုက်ပါတယ်။
ချင်းလွမ်အာနဲ့ ဟန်ချင်းအာ နှစ်ယောက်စလုံး နည်းနည်း ရင်ထိတ်သွားပါတယ်။ ဘာပဲဖြစ်ဖြစ် ရန်ထျန်တုန်းက နှစ်သန်းချီကြာအောင် ယမမင်း လုပ်ခဲ့တာမလို့ သူ့ကိုယ်ကနေ ဖြာထွက်နေတဲ့ ဖိအားက တော်တော် အားကောင်းပါတယ်။ သာမန်လူတွေဆိုရင် ရန်ထျန်တုန်းကို တွေ့တာနဲ့ အလိုလို ဒူးခွေကျသွားတာပါ။
“ထပါ... ဒီနှစ်တွေမှာ အဆင်ပြေရဲ့လား...”
ဟန်ကျွယ်ဟာ ရန်ထျန်တုန်း ဘာတွေ ကြုံတွေ့ခဲ့ရလဲဆိုတာကို တွက်ချက်လို့ ရပါတယ်။ ဒါပေမဲ့ ရန်ထျန်တုန်း ကိုယ်တိုင်ပြောတာကို ကြားချင်လို့ မေးလိုက်တာပါ။
ရန်ထျန်တုန်းဟာ စိတ်လှုပ်ရှားမှုကို ထိန်းပြီး ပြောလိုက်ပါတယ် “နေ့တိုင်းလိုလို ငရဲပြည်ရဲ့ ပြန်လည်မွေးဖွားခြင်းကိစ္စကို ဖြေရှင်းနေရလို့ ပျင်းဖို့ကောင်းတယ်ဆိုပေမဲ့ ဘာမှစိုးရိမ်စရာ မရှိဘူး၊ အေးအေးဆေးဆေး ကျင့်ကြံအားထုတ်ပြီး အချိန်ဖြုန်းလို့ရတယ်”
အကြောင်းတချို့ကြောင့် ရန်ထျန်တုန်းဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အခါ ငိုချင်သွားပါတယ်။ ဒါပေမဲ့ ငရဲမင်းတစ်ယောက်အနေနဲ့ ငိုဖို့က မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့လည်း ရန်ထျန်တုန်းဟာ သူ့ခံစားချက်ကို ထိန်းမရပါဘူး။
ရန်ထျန်တုန်းဟာ နှစ်သန်းချီကြာသွားလို့ ဟန်ကျွယ်က သူ့ကို မေ့သွားပြီလို့ ထင်နေတာပါ။ ရန်ထျန်တုန်း တွေးလည်း တွေးချင်စရာပါ။ တိတ်ဆိတ်ဂိုဏ်းမှာက ပါရမီရှင် အမြောက်အမြားရှိပြီး ကောင်းကင်တာအိုပညာရှိ မရှားပါဘူး။ ဒါပေမဲ့ ရန်ထျန်တုန်းကတော့ ဘာမှမဟုတ်ပါဘူး။
ရန်ထျန်တုန်းဟာ ပျင်းရိချင်ယောင် ဆောင်နေပေမဲ့ တိတ်ဆိတ်ဂိုဏ်းရဲ့ ပါရမီရှင်တွေ အကြောင်းကို ကြားတိုင်း စိတ်ပျက်ပြီး နောင်တရတာချည်းပါပဲ။
ဟန်ကျွယ်က သူ့မိသားစုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် “ဒါက ငါ့မိန်းမ၊ ဒါက ငါ့သမီး ဟန်ချင်းအာပဲ”
ဟန်ကျွယ်ရဲ့ စကားကြောင့် ရန်ထျန်တုန်းဟာ ချင်းလွမ်အာတို့ သားအမိနှစ်ယောက်ကို လှမ်းကြည့်ပြီး ချက်ချင်း ဦးညွှတ်လိုက်ပါတယ်။
ချင်းလွမ်အာဟာ အငိုက်မိပြီး ဘာလုပ်ရမှန်း မသိဖြစ်သွားပါတယ်။ ပထမဆုံးအကြိမ် တွေ့ဆုံတာ ဖြစ်တဲ့အတွက် ရွှမ်ချင်းကျွင်း သူ့ကို လက်ဆောင်ပေးသလိုမျိုး သူလည်းပဲ ရန်ထျန်တုန်းကို လက်ဆောင်ပေးသင့်ပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “တော်ပြီ၊ ဒီလောက်ထိ ယဉ်ကျေးနေစရာ မလိုဘူး၊ ဟန်ရှင်းယွမ်ကို ခေါ်လိုက်”
ရန်ထျန်တုန်းဟာ ချက်ချင်း ခေါင်းညိတ်ပြီး ဟန်ရှင်းယွမ်ကို သွားဆင့်ခေါ်ပါတယ်။
ဟန်ချင်းအာက စပ်စုလိုက်ပါတယ် “ဖေဖေ... သူက ဘယ်သူလဲ၊ မျက်နှာကြီးက ကြောက်စရာကြီး”
“သူက ဖေဖေရဲ့ ပထမဆုံး တပည့်ပဲ၊ ဒါပေမဲ့ ဖေဖေတို့ မတွေ့တာ အတော်ကြာပြီ”
“ဘာဖြစ်လို့လဲ”
“သူက သမီးလိုပဲ၊ အပြင်ထွက်ရတာ သိပ်ကြိုက်တာ”
“ဟင်...”
“ဟုတ်တယ်... သမီးနောက်ကျလို့ အပြင်မှာ လျှောက်သွားရင် ဖေဖေက သမီးကို ဘယ်တော့မှ မတွေ့တော့ဘူး”
ဟန်ကျွယ်ရဲ့ စကားက ဟန်ချင်းအာကို ကြောက်လန့်သွားစေပါတယ်။ ဟန်ချင်းအာရဲ့ မျက်လုံးတွေဟာ နီရဲသွားပြီး မျက်ရည်တွေ တစ်ပေါက်ပြီးတစ်ပေါက် ကျဆင်းလာပါတယ်။
ချင်းလွမ်အာ မျက်လုံးပင့်တက်သွားပြီး ဟန်ကျွယ်ကို စိတ်ဆိုးမာန်ဆိုး ပြောလိုက်ပါတယ် “ဘာဖြစ်လို့ သမီးကို ခြောက်ရတာလဲ”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ငါ သူ့ကို ခြောက်နေတာ မဟုတ်ဘူး”
ဟန်ကျွယ်စကားကြောင့် ချင်းလွမ်အာဟာ မှင်တက်သွားပြီး ဟန်ချင်းအာကတော့ ကြောက်လန့်တကြား ငိုယိုပါတော့တယ်။
ဟန်ကျွယ်ဟာ စိတ်ထဲမှာ နည်းနည်းတော့ ဝမ်းသာသွားပါတယ်။ ဟန်ချင်းအာက တကယ်ကို ကဲလွန်းတာပါ။ အခုကတည်းက ဆုံးမမထားရင် ၁၇နှစ် ၁၈ နှစ်နဲ့ အိမ်ကနေ ထွက်ပြေးပြီး ယောက်ျားခိုးလာမှာပါ။
ဟန်ကျွယ်ဟာ သူ့ကလေးတွေကို ဂရုသိပ်မစိုက်ပေမဲ့ ဟန်ချင်းအာကိုတော့ သူ့လိုမျိုး ကျင့်ကြံမှုကိုပဲ အာရုံစိုက်စေချင်ပါတယ်။ ကျင့်ကြံမှု မြင့်လေလေ ဟန်ချင်းအာ တွေရမဲ့ ယောက်ျားတွေကလည်း ပိုကောင်းလာမှာပါ။ ဒီလိုဆိုပေမဲ့ မကောင်းတဲ့ ယောက်ျားတွေက အဆင့်နိမ့်မှာပဲ ရှိနေတာ မဟုတ်ပါဘူး။ အဆင့်တိုင်းမှာ ရှိနေတာပါ။ ဟန်ကျွယ် မျှော်လင့်တာကလည်း ဟန်ချင်းအာကို ဒုက္ခနည်းနည်းပဲ ခံစားစေချင်တာပါ။
အားနည်းတဲ့လူကို ကြင်ဖက်အဖြစ် ရွေးချယ်လိုက်ရင် သူတို့တွေ သေခြင်းတရားကနေ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီအချိန်ကျရင် သူတို့အပူတွေက ဟန်ကျွယ်ဆီကို ကူးစက်လာမှာပါ။
ဟန်ကျွယ်ဟာ ဟန်ချင်းအာကို သူ့မိတ်ဆွေဟောင်းတွေဆီ ခေါ်သွားတာက အမြင်ကျယ်စေဖို့ပါ။ တရုတ်ဆိုရိုးစကား တစ်ခုရှိပါတယ်။ သားကို ဆင်းဆင်းရဲရဲ မွေးပြီး သမီးကို ချမ်းချမ်းသာသာ မွေးရတယ်တဲ့။
ဟန်ကျွယ်ဟာ သေမျိုးတွေကို အထင်သေးတာ မဟုတ်ပါဘူး။ သူကိုယ်တိုင်လည်း သေမျိုးဘဝကနေ လာခဲ့တာပါ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ သေမျိုးဘဝမှာ ရှိနေတုန်းက နတ်သမီးတစ်ပါးသာ သူ့ကို ချစ်ရေးဆိုလာခဲ့ရင် ပြဿနာတက်မှာ ကြောက်လို့ လုံးဝ ငြင်းပစ်မှာပါ။ သေမျိုးတစ်ယောက်အနေနဲ့ နတ်သမီးတစ်ပါးရဲ့ အချစ်ကို လက်ခံရဲမှာ မဟုတ်ပါဘူး။ အဲဒီနတ်သမီးက သူ့ကို အကျပ်ကိုင်ရင်တော့ တစ်မျိုးပေါ့။
ချင်းလွမ်အာဟာ ဟန်ချင်းအာကို ချော့မော့လိုက်ပါတယ်။
မကြာခင်မှာပဲ ရန်ထျန်တုန်းဟာ ဟန်ရှင်းယွမ်ကို ခေါ်ပြီး ရောက်လာပါတယ်။ ရန်ထျန်တုန်းဟာ ဟန်ရှင်းယွမ်ကို ခန်းမထဲ ခေါ်လာပြီးနောက် အပြင်ပြန်ထွက်သွားပါတယ်။
ဟန်ရှင်းယွမ်ဟာ ရန်ထျန်တုန်းရဲ့ အမူအရာကြောင့် ပဟေဠိဖြစ်သွားပေမဲ့ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အခါ မှင်တက်သွားပါတယ်။
‘ဟန်ယွီ... ငါ့မျိုးဆက်က တာအိုပညာရှိ ဖြစ်နေပြီလား... မဟုတ်ဘူး... သူက ဟန်ယွီ မဟုတ်ဘူး...’ မေ့ပျောက်လုနီး ဖြစ်နေတဲ့ မျက်နှာတစ်ခုဟာ ဟန်ရှင်းယွမ်ရဲ့ စိတ်ထဲမှာ ရုပ်လုံး ပေါ်လာပါတယ်။
သူ့အဖေ ဟန်ထော်ပါ။
“တာအိုပညာရှိက...”
ဟန်ရှင်းယွမ်ဟာ ဟန်ကျွယ်ကို ဟန်ထော်သားလို့ တွေးမိလိုက်တာပါ။ ဒါပေမဲ့ ငရဲမင်းကို စေခိုင်းပြီး ခန်းမဝမှာ စောင့်ခိုင်းနိုင်တဲ့ အင်အားက လုံးဝကို သာမန်မဟုတ်ပါဘူး။
ချင်းလွမ်အာဟာ ဟန်ရှင်းယွမ်ကို ကြည့်ပြီး နှလုံးသား အရည်ပျော်ကျသွားပါတယ်။ ဟန်ချင်းအာ ကြီးပြင်းလာတာကို မြင်လိုက်ရသလိုမျိုး ခံစားလိုက်ရတာကြောင့်ပါ။ ချင်းလွမ်အာဟာ ချက်ချင်း ရှေ့လျှောက်သွားပြီး ဟန်ရှင်းယွမ်ရဲ့ လက်ကို ကိုင်လိုက်ပါတယ်။
ဒါပေမဲ့ ဟန်ရှင်းယွမ်ဟာ သတိကြီးစွာနဲ့ ရှောင်တိမ်းလိုက်ပါတယ်။
“အို... သမီးက အဘွားရဲ့ မြေးမလေ၊ ဘာဖြစ်လို့ ရှောင်ပုန်းချင်ရတာလဲ”
‘မြေးမ...’ ဟန်ရှင်းယွမ်ဟာ မှင်တက်သွားပြီး ဟန်ကျွယ်ကို အလိုလို ကြည့်မိလိုက်ပါတယ်။
“ဟုတ်တယ်... ဟန်ထော်က ငါ့သားပဲ၊ ခုနက ထွက်သွားတဲ့ ယမမင်းကလည်း ငါ့တပည့်ပဲ”
ဟန်ရှင်းယွမ်ဟာ မျက်လုံးပြူးသွားပြီး အရင်က ပဟေဠိ ဖြစ်ခဲ့ရတဲ့ သံသယတွေ အကုန်လုံး ကင်းစင်လွင့်ပျောက်သွားပါတယ်။
‘ငရဲမင်းက ငါ့ကို ဒီလောက်ထိ ဂရုစိုက်တာ အံ့ဩစရာ မရှိတော့ပါဘူး...’ အတိတ်မှာတုန်းက ဟန်ရှင်းယွမ်ဟာ ရန်ထျန်တုန်းက သူ့ခန္ဓာကိုယ်ကို လိုချင်လို့ ဒီလိုမျိုး ဂရုစိုက်နေတယ် ထင်ခဲ့တာပါ။ ဒါပေမဲ့ နောက်တော့ ရန်ထျန်တုန်းက သူ့ကို ဂရုစိုက်တဲ့အခါ တော်တော် သတိထားပြီး စည်းကျော်မိမှာကို ကြောက်နေမှန်း သတိထားမိလိုက်ပါတယ်။ အဲဒီတုန်းက ဟန်ရှင်းယွမ်ဟာ ရန်ထျန်တုန်း ဒီလိုပြုမူတာက ဟန်ယွီကြောင့်လို့ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ အခုတော့ ဟန်ယွီကြောင့် မဟုတ်မှန်း သိလိုက်ရပါပြီ။
ဟန်ရှင်းယွမ်ဟာ ဘာပြောရမှန်းမသိ ဖြစ်သွားပါတယ်။
ဟန်ချင်းအာဟာ ဟန်ရှင်းယွမ်ဆီ လျှောက်သွားပြီး ပြုံးလိုက်ပါတယ် “နင်က ငါ့တူမလား”
‘တူမ...’ ဟန်ရှင်းယွမ်ဟာ ငယ်ရွယ်လှတဲ့ ဟန်ချင်းအာကို ကြည့်ပြီး ငိုရခက် ရယ်ရခက် ဖြစ်သွားပါတယ်။ တစ်ချက်ကြည့်ရုံနဲ့ ဟန်ချင်းအာက ငယ်ငယ်လေး ရှိသေးတယ်ဆိုတာကို ဘယ်သူမဆို ပြောနိုင်ပါတယ်။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “အရင်တုန်းက ငါမင်းကို လာကြည့်ပြီး ဆန်းကြယ်စွမ်းအား တစ်မျိုးတောင် သင်ပေးခဲ့သေးတယ်၊ မင်း သတိမထားမိရုံပဲ၊ ငါ မင်းကို မပြောတာက မင်းဘဝကို မနှောင့်ယှက်ချင်လို့ပဲ”
ဟန်ရှင်းယွမ်ဟာ သဘောပေါက်သွားပါတယ် ‘ငါ့ကို ဆန်းကြယ်စွမ်းအား သင်ပေးခဲ့တာ အဘိုးကိုး... ငါ့ဘာသာ ကောင်းကင်တာအိုကို သုံးသပ်နားလည်ခဲ့တာ မဟုတ်ဘူးပဲ၊ ဟုတ်တယ်... ငါ့အရည်အချင်းက အဲဒီလောက်မှ မထက်မြက်တာ၊ ဘယ်လိုလုပ်ပြီး ကောင်းကင်တာအိုကို ကိုယ့်ဘာသာ သုံးသပ်နားလည်နိုင်မှာလဲ...’
ဟန်ချင်းအာဟာ စကားစပြောပြီး ဟန်ရှင်းယွမ်ရဲ့ အတွေးတွေကို ဖြတ်တောက်လိုက်ပါတယ်။
ချင်းလွမ်အာကလည်း ဟန်ရှင်းယွမ်ကို ကရုဏာသက်စွာ ကြည့်လိုက်ပါတယ်။
အဲဒီနောက် ချင်းလွမ်အာတို့ သုံးယောက်ဟာ ပျော်ပျော်ရွှင်ရွှင် စကားပြောကြပါတယ်။ ဟန်ကျွယ်ဟာ သူတို့သုံးယောက်ကို မနှောင့်ယှက်ချင်တဲ့အတွက် ခန်းမထဲကနေ ထွက်လိုက်ပြီး ရန်ထျန်တုန်းဘေးမှာ ပေါ်လာပါတယ်။
ရန်ထျန်တုန်းဟာ ဟန်ကျွယ်က သူ့ဘေးမှာ ရုတ်တရက် ပေါ်လာတဲ့အတွက် လန့်ဖျပ်သွားပြီး ထပ်ပြီးတော့ ဒူးထောက်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ လက်မြှောက်ပြီး ရန်ထျန်တုန်းကို အားသုံး မတင်လိုက်ပါတယ် “ဒီလောက်ထိ လုပ်စရာ မလိုဘူး၊ မင်းက မတွေ့ရတာကြာလို့ အနေစိမ်းသွားတာလား”
ရန်ထျန်တုန်းဟာ ဘယ်လိုရှင်းပြရမှန်းမသိ ဖြစ်သွားပါတယ်။ ရန်ထျန်တုန်းဟာ နည်းနည်းလေးတောင် သက်သောင့်သက်သာ မနေရဲပါဘူး။ သူ့ရှေ့မှာ ရှိနေတဲ့လူက အနန္တကုသိုလ်ကံရှင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ၊ ကောင်းကင်တာအို တစ်ခုလုံးရဲ့ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ပါ။
သူ့လို ဘာမဟုတ်တဲ့လူက ဒီလိုတည်ရှိမှုမျိုးရှေ့မှာ ဘယ်လိုလုပ်ပြီး စိတ်လွတ်ကိုယ်လွတ် နေရဲမှာလဲ။
“ငါ မင်းကို တာအိုပညာရှိ ဖြစ်အောင် လုပ်ပေးမယ်၊ နှစ်တွေလည်း ကြာပြီဆိုတော့ မင်းလည်း သင်ခန်းစာ ရလောက်ပါပြီ၊ နောက်ကျရင် ကြိုးကြိုးစားစားက ကျင့်ကြံအားထုတ်ချည်၊ ငါပြောတာ နားလည်လား”
ရန်ထျန်တုန်ဟာ ဝမ်းသာသွားပြီး ဟန်ကျွယ်ကို ချက်ချင်း ကျေးဇူးတင်စကား ဆိုပါတယ်။
ဟန်ကျွယ်ဟာ ရန်ထျန်တုံးကို ကြည့်ပြီး ဆွံအသွားပါတယ် ‘မင်းဘာဖြစ်လို့ ထပ်ပြီးတော့ ဒူးထောက်တာလဲ’
ဟန်ကျွယ်ဟာ ရန်ထျန်တုန်းရဲ့ အပြုအမူကို ဂရုမစိုက်တော့ဘဲ ငရဲပြည်မှာရှိတဲ့ မိုးကောင်းကင် မျိုးနွယ်စုနဲ့ ကပ်ဘေးမျိုးနွယ်စုအကြောင်း မေးမြန်းပါတယ်။
ရန်ထျန်တုန်းဟာ ငရဲပြည်အကြောင်း ပြောတဲ့အခါ သူသိကျွမ်းတဲ့ အကြောင်းအရာမလို့ တရစပ် ပြောပါတော့တယ်။ ရန်ထျန်တုန်းဟာ ငရဲမင်းတွေရဲ့ ခေါင်းဆောင်ဖြစ်တဲ့အတွက် ငရဲပြည်ကို စီမံလို့ရတဲ့ ကုသိုလ်ကံက ရန်ထျန်တုန်းဆီ ရောက်ပါတယ်။
ဟန်ကျွယ်ဟာ တစ်လုံးမှ ဝင်မပြောဘဲ ထိုင်နားထောင်ပါတယ်။
နှစ်နာရီ ကြာတဲ့အခါမှာတော့...
ဟန်ကျွယ်ဟာ ချင်းလွမ်အာတို့ သားအမိနဲ့အတူ ထွက်ခွာသွားပါတယ်။
ရန်ထျန်တုန်းနဲ့ ဟန်ရှင်းယွမ်ဟာ ယမမင်း ခန်းမရှေ့မှာ ရပ်ပြီး ဟန်ကျွယ်တို့ ထွက်သွားတဲ့ဘက်ကို အချိန်အကြာကြီး ကြည့်နေလိုက်ပါတယ်။
အတော်ကြာတဲ့အခါမှာတော့ ဟန်ရှင်းယွမ်က မေးလိုက်ပါတယ် “ငရဲမင်း... ကျွန်မရဲ့ အဘိုးက ဘယ်သူလဲ၊ ကျွန်မ ဟန်ကျွယ်ဆိုတဲ့ နာမည်ကို ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ”
ရန်ထျန်တုန်းဟာ စိတ်ထဲမှာ တိတ်တိတ်လေး ရယ်လိုက်ပါတယ် ‘မင်းက ဟန်ကျွယ်ဆိုတဲ့ နာမည်ကို မကြာဖူးပေမဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိဆိုတဲ့ နာမည်ကို ကြားဖူးတယ်မလား...’
ဒါပေမဲ့ ဟန်ကျွယ်က ထုတ်မပြောတဲ့အတွက် ရန်ထျန်တုန်းကလည်း ထုတ်မပြောရဲပါဘူး။
“သူက အရမ်းစွမ်းအားကြီးတယ်၊ မင်းမပြောနဲ့၊ မင်းအဖေတောင် မင်းအဘိုးရဲ့ ဂုဏ်သတင်းကြောင့်နဲ့ အကျိုးအမြတ် အများကြီးရခဲ့တယ်၊ မဟုတ်ရင် မင်းအဖေက မင်းတို့ကို မွေးဖွားဖို့ အခွင့်အရေးတောင် ရှိမှာ မဟုတ်ဘူး၊ ဟန်ယွီလည်း အသတ်ခံရလောက်ပြီ၊ အကုန်လုံးကို ငါ့ဆရာသခင်က ကူညီပေးခဲ့တာ”
ရန်ထျန်တုန်းက အဓိပ္ပာယ်ပါပါ ပြောလိုက်တဲ့အတွက် ဟန်ရှင်းယွမ်ဟာ အတွေးနက်သွားပါတယ်။
‘ဘယ်တာအိုပညာရှိလဲ...’
အခုအချိန် ကောင်းကင်တာအိုမှာ တာအိုပညာရှိတွေ များလွန်းတဲ့အတွက် သူ့အဘိုးက ဘယ်တာအိုပညာရှိလဲဆိုတာကို ဟန်ရှင်းယွမ် မခန့်မှန်းနိုင်ပါဘူး။
ရန်ထျန်တုန်းက ဆက်ပြောပါတယ် “ချင်းအာက နောက်ကျရင် ပြန်လာလောက်တယ်၊ အဲဒီအချိန်ကျရင် မင်း သူ့ကို ဂရုစိုက်ရလိမ့်မယ်”
ရန်ထျန်တုန်းဟာ ဟန်ကျွယ်က သူ့ဆီကို အပျော်လာတာ မဟုတ်မှန်း သိပါတယ်။ ဟန်ချင်းအာကို မှတ်မိစေချင်တာကလွဲရင် တခြားဘာများ ဖြစ်နိုင်ဦးမှာလဲ။ နောက်ကျလို့ ဟန်ချင်းအာ ငရဲပြည်ကို လာရင် သူတို့တွေ သေချာပေါက် ဂရုစိုက်ရမှာပါ။
ရန်ထျန်တုန်းဟာ ဒီကိစ္စအတွက် ဘာစောဒကမှ မတက်ဘဲ ပျော်ရွှင်သွားပါတယ်။ သူ့ဆရာသခင်က သမီးတစ်ယောက်ရပြီး လူသားပိုဆန်လာတယ် မဟုတ်ပါလား။
မြန်မာပြည် ငြိမ်းချမ်းပါစေ။