ဟန်ယွီရဲ့ စိတ်အခြေအနေ
Vol. 83 Ch. 877
ဟန်ချင်းအာဟာ သစ်ခုတ်သမားကို အဖြေပြန်မပေးဘဲ ဟန်ကျွယ်ဆီ ပြန်လာပြီး သစ်ခုတ်သမားအကြောင်း ပြောပြပါတယ်။
“ဖေဖေ... သမီးတို့ သူ့အတွက် ကလဲ့စားချေပေးကြမလား၊ သူက အရမ်း သနားဖို့ကောင်းတယ်” ဟန်ချင်းအာက ဒေါတသကြီး ပြောလိုက်ပါတယ်။ ဟန်ချင်းအာဟာ ဒီလိုကပ်ဘေးမျိုးကို ဘယ်တုန်းကမှ မကြုံဖူးပါဘူး။ ဒါကြောင့်လည်း သစ်ခုတ်သမားအတွက် ဒေါသထွက်နေတာပါ။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “လောကမှာ ဒုက္ခရောက်နေတဲ့လူတွေ အများကြီး၊ သမီးက သူတို့ တစ်ယောက်ချင်းစီကို လိုက်ကူညီမလို့လား”
ဟန်ချင်းအာဟာ မှင်တက်သွားပါတယ်။ ဟန်ချင်းအာဟာ သူ့အဖေက သူ့တောင်းဆိုချက်ကို ငြင်းပယ်လိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
ချင်းလွမ်အာက ခေါင်းခါပြီး ဝင်ပြောလိုက်ပါတယ် “ချင်းအာ... သမီးက ငယ်ငယ်လေးကတည်းက မေမေတို့ရဲ့ ကာကွယ်မှုအောက် နေခဲ့ရတာ၊ သေမျိုးကမ္ဘာရဲ့ ဒုက္ခတွေကို သမီး တစ်ခါမှ ခံစားခဲ့ရတာ မဟုတ်ဘူး၊ အဲဒီသစ်ခုတ်သမားလိုမျိုး ဒုက္ခရောက်နေတဲ့လူတွေက လောကမှာ အများကြီးပဲ၊ ကောင်းကင်တာအိုအောက်မှာရှိတဲ့ သေမျိုးကမ္ဘာက သောင်းချီတယ်”
ဟန်ချင်းအာဟာ တိတ်ဆိတ်သွားပါတယ်။
ဟန်ကျွယ်ဟာ သစ်ခုတ်သမားကို တစ်ချက်လှမ်းကြည့်လိုက်ပါတယ် “ဒီနေရာမှာ ကျင့်စဉ်ရှိတာ အမှန်ပဲ၊ သူ့ဘာသာ ဆက်ပြီးတော့ ရှာပါစေ၊ အဲဒီကျင့်စဉ်ကို ရှာတွေ့တာနဲ့ သူ့မှာ ကလဲ့စားချေဖို့ အခွင့်အရေး ရှိလာလိမ့်မယ်၊ ဒါကလည်း သူလိုချင်နေတာပဲမလား...”
ဟန်ချင်းအာက မေးလိုက်ပါတယ် “အဲဒီကျင့်စဉ်က ဘယ်နားမှာလဲ”
“သူ့ဘာသာ ဆက်ပြီးတော့ ရှာပါစေ၊ ဒီနေရာမှာ ကျင့်စဉ် ရှိနေတယ်လို့သာ ပြောလိုက်၊ သူ လက်လျှော့မှာ မဟုတ်ဘူး၊ မကြာခင်မှာ ကျင့်စဉ်ကို သူ့ဘာသာ ရှာတွေ့သွားလိမ့်မယ်”
“ကောင်းပြီလေ”
ဟန်ချင်းအာဟာ နှုတ်ခမ်းမဲ့လိုက်ပြီး သစ်ခုတ်သမားဆီ ပြန်သွားကာ ဒီနေရာမှာ ကျင့်စဉ်ရှိနေတာ အမှန်ဖြစ်ကြောင်း ပြောလိုက်ပါတယ်။
ချင်းလွမ်အာဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... သမီးလေးက ဖြူစင်လွန်းတယ်၊ ဒီလိုပုံစံမျိုးနဲ့ သမီးလေးကို ဘယ်လိုလုပ်ပြီး အပြင်လွှတ်ရပါ့မလဲ”
သမီးက သားနဲ့ မတူပါဘူး။ အမြဲတမ်း မိဘတွေကို စိုးရိမ်ကြောင့်ကြ များစေပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “အဲဒါကြောင့် ငါ သမီးကို ဒီနေရာဆီ ခေါ်လာတာ”
“ဒါဆို ယောက်ျားက ဒီနေရာမှာ သစ်ခုတ်သမား ရှိနေတာကို ကြိုသိပြီးသားပေါ့”
“သိတာပေါ့၊ မဟုတ်ရင် ငါက မင်းတို့ကို ဘာဖြစ်လို့ ဒီနေရာ ခေါ်လာမှာလဲ၊ ဒီမြင်ကွင်းကို ငါပဲ ခံစားလို့ရတာ၊ မင်းတို့က ငါနဲ့အတူ ထပ်တူခံစားနိုင်တာမှ မဟုတ်တာ” ဟန်ကျွယ်ဟာ ပခုံးတွန့်ပြီး ပြောလိုက်ပါတယ်။
ဟန်ကျွယ်စကားကြောင့် ချင်းလွမ်အာဟာ ဟန်ကျွယ်ကို ပိုလေးစားသွားပါတယ် “ဒါဆို ဒီနေရာမှာ ကျော်ကြားတဲ့ ဒဏ္ဍာရီလာ အင်မော်တယ်က...”
“ဟုတ်တယ်၊ ငါချန်ထားခဲ့တဲ့ ကျင့်စဉ်ပဲ”
ချင်းလွမ်အာဟာ ပိုပြီးတော့ အံ့အားသင့်သွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုအဆင့်ကို တွေးမိတဲ့အခါမှာတော့ ချင်းလွမ်အာဟာ ငြိမ်ကျသွားပါတယ်။
တောအုပ်အတွင်း။
ဟန်ချင်းအာဟာ သစ်ခုတ်သမားကို အကျိုးအကြောင်း ရှင်းပြပြီးနောက် အားပေးလိုက်ပါတယ် “နင်သာ ရှာချင်ရင် ဒီကျင့်စဉ်ကို သေချာပေါက် ရှာတွေ့လိမ့်မယ်၊ နင် ကံကောင်းမှာပါ”
“ကျွန်တော် နတ်သမီးကို ကျေးဇူး ဘယ်လိုပြန်ဆပ်ရမလဲ” သစ်ခုတ်သမားက ချက်ချင်း မေးလိုက်ပါတယ်။
ဟန်ချင်းအာဟာ ပြုံးလိုက်ပါတယ် “နင့်ကိုယ့်နင် အရင်ဂရုစိုက်ဦး၊ နင်ရဲ့ ဒီပုံစံနဲ့ ငါတို့နောက်ကို ဘယ်လိုလုပ်ပြီး လိုက်နိုင်မှာလဲ”
ဟန်ချင်းအာဟာ အတွေ့အကြုံနည်းပေမဲ့ တုံးအတဲ့လူတော့ မဟုတ်ပါဘူး။ ဒီသစ်ခုတ်သမားကို ကျေးကျွန်အဖြစ် လက်ခံလိုက်တာက သူ့ကို ကာကွယ်လိုက်တာနဲ့ အတူတူပါပဲ။
ဟန်ချင်းအာဟာ သစ်ခုတ်သမားဆီက စကားပြန်ကို မစောင့်ဘဲ ခုန်ပျံလိုက်ပါတယ်။ ဟန်ချင်းအာဟာ ဟန်ကျွယ်တို့ရှေ့မှာ ဆင်းသက်ပြီး ချိုသာစွာ ပြုံးလိုက်ပါတယ် “သမီး သူ့ကို သေချာ ရှင်းပြထားခဲ့တယ်”
ဟန်ကျွယ်ဟာ ကျေနပ်စွာ ခေါင်းညိတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဟန်ချင်းအာရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီးတော့ အတော်လေး ကျေနပ်အားရပါတယ်။ ဟန်ချင်းအာက သနားကြင်နာမှုရဲ့ သားကောင် အဖြစ်မခံဘူး မဟုတ်ပါလား။
“နောက်ကျလို့ သမီး ဒီလိုကိစ္စမျိုးတွေ့ရင် ဂရုစိုက်ရလိမ့်မယ်၊ တစ်ဖက်လူ ပြောတာက အမှန်လား အမှားလားဆိုတာက ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ” ချင်းလွမ်အာက သတိပေးလိုက်ပါတယ်။
“သူ သမီးကို မလိမ်လောက်ပါဘူး၊ သမီးလည်း သူလိမ်နေတယ်လို့ မခံစားရဘူး” အဲဒီနောက် ဟန်ချင်းအာဟာ ဟန်ကျွယ်ကို ကြည့်ပြီး မေးလိုက်ပါတယ် “ဖေဖေ... ဖေဖေရော ဘယ်လိုထင်လဲ”
“အဲဒါက အရေးမကြီးဘူး၊ အဖေသာဆိုရင် သူ အမှန်ပဲပြောပြော လိမ်ပဲပြောပြော ဂရုမစိုက်ဘူး”
ဟန်ချင်းအာ နှုတ်ခမ်းမဲ့ပြီး တီးတိုးရေရွတ်လိုက်ပါတယ်။
“သမီး ဘာပြောတာလဲ”
“ဘာမှ မပြောပါဘူး” ဟန်ချင်းအာဟာ ခေါင်းခါပြီး အနီးနားက တောအုပ်ဆီ ခုန်ပျံသွားပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး ဘာမှမပြောပါဘူး။ အဲဒီနောက် ဟန်ကျွယ်ဟာ ချင်းလွမ်အာနဲ့အတူ တောအုပ်ကို လျှောက်ကြည့်ပါတယ်။ အဲဒီနေ့မှာပဲ ဟန်ကျွယ်တို့ဟာ အဲဒီနေရာကနေ ထွက်ခွာလာခဲ့ပါတယ်။
ဟန်ကျွယ်တို့ဟာ ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်ကို ရောက်ရှိသွားပြီး ပုကျိုးနန်းတော်ကို ဝင်လိုက်ပါတယ်။
တရားထိုင်ပြီး ကျင့်ကြံအားထုတ်နေတဲ့ ဟန်ယွီဟာ ခြေသံကြားလိုက်ရတဲ့အတွက် မျက်စိဖွင့်ကြည့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရတာကြောင့် ချက်ချင်း မတ်တတ်ရပ်ပြီး ဦးညွှတ်လိုက်ပါတယ် “ဘိုးဘေးကို ဂါရဝ ပြုပါတယ်”
အဲဒီနောက် ဟန်ယွီဟာ ချင်းလွမ်အာနဲ့ ဟန်ချင်းအာကို တစ်ချက်ကြည့်ပြီး ဘယ်သူတွေလဲဆိုတာ သိချင်သွားပါတယ်။ ဟန်ယွီဟာ ဟန်ကျွယ်ကို အပြစ်ပြုမိမှာစိုးတဲ့အတွက် ချင်းလွမ်အာနဲ့ ဟန်ချင်းအာက ဘယ်သူဘယ်ဝါဆိုတာကို မတွက်ချက်ရဲပါဘူး။
ဟန်ချင်းအာဟာ ဟန်ယွီကို တွေ့လိုက်ရတဲ့အခါ မျက်လုံးတွေ အရောင် တောက်သွားပြီး ဟန်ယွီကို တစ်လှည့် ဟန်ကျွယ်ကို တစ်လှည့် တအံ့တဩ ကြည်ပါတော့တယ်။
ချင်းလွမ်အာလည်း မှင်တက်သွားပါတယ်။ ဟန်ထော်နဲ့စာရင် ဟန်ယွီက ဟန်ကျွယ်သားလို့ ပိုထင်စရာ ရှိပါတယ်။ သူတို့နှစ်ယောက်ရဲ့ ရုပ်က ချွတ်စွပ်နီးပါးကို တူတာပါ။
“ငါ့ဘေးမှာ ရပ်နေတာက ဟန်ထော်ရဲ့ အမေ ချင်းလွမ်အာပဲ၊ နောက်တစ်ယောက်က ငါ့သမီး၊ ဟန်ချင်းအာ၊ သူက ဟန်ထော်ရဲ့ ညီမလေးလည်း ဟုတ်တယ်”
ဟန်ကျွယ်က ရိုးရိုးပဲ မိတ်ဆက်ပေးလိုက်ပေမဲ့ ဟန်ယွီဟာ လန့်ဖျပ်သွားပြီး ချက်ချင်း ဒူးထောက်ကာ ထပ်ပြီးတော့ ဦးညွှတ်လိုက်ပါတယ်။ တာအိုပညာရှိတွေတောင် သူတို့ဘိုးဘေးကို ဦးညွှတ်ရပါတယ်။
ချင်းလွမ်အာဟာ ဟန်ယွီကို ချက်ချင်း ကူညီလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ချင်းလွမ်အာရဲ့ မျက်လုံးတွေဟာ တောက်ပသွားပြီး ဟန်ယွီကို စိုက်ကြည့်လိုက်ပါတယ် “တော်တော် တူတာပဲ၊ ထော်အာမှာ ဒီလိုမျိုး မျိုးဆက်ရှိနေလိမ့်မယ်လို့ ထင်မထားဘူး၊ နင်က တာအိုပညာရှိတောင် ဖြစ်နေပြီလို့ ငါ ကြားထားတယ်၊ နင်က ငါတို့ကို တကယ် ဂုဏ်ယူရစေတာပဲ”
ဟန်ကျွယ်ဟာ တော်တော်လေး ရင်ခုန်နေပါတယ် “ဒါက ဘိုးဘေးရဲ့ ကျေးဇူးတွေကြောင့်ပါ၊ မဟုတ်ရင် ကျွန်တော် ဒီနေ့ ဒီနေရာကို ရောက်လာနိုင်မှာ မဟုတ်ဘူး”
“ရှင်က တာအိုပညာရှိလား” ဟန်ချင်းအာက စိတ်လှုပ်တရှား မေးလိုက်ပါတယ်။
ချင်းလွမ်အာဟာ မျက်ခုံးလှုပ်သွားပြီး သူ စကားပြော မှားသွားပြီဆိုတာကို သိလိုက်ပါတယ်။
ဟန်ယွီဟာ ဟန်ချင်းအာရဲ့ မေးခွန်းကို ချက်ချင်း ပြန်မဖြေပါဘူး။ ဟန်ယွီဟာ တာအိုပညာရှိ ဖြစ်တာ ကြာပြီမလို့ တချို့ကိစ္စတွေကို အလိုလို နားလည်လာပါတယ်။ ဟန်ချင်းအာ ဒီလိုမေးတာကို ထောက်ဆခြင်းအားဖြင့် ဟန်ချင်းအာက တာအိုပညာရှိအကြောင်း မသိသေးဘူးဆိုတာ ထင်ရှားပါတယ်။
ဟန်ယွီဟာ ချင်းလွမ်အာရဲ့ အမူအရာကို သတိထားမိသွားတာကြောင့် အပြုံးနဲ့ ပြန်ဖြေလိုက်ပါတယ် “ကျွန်တော်က ဘယ်လိုလုပ်ပြီး တာအိုပညာရှိ ဖြစ်နိုင်မှာလဲ၊ ကျွန်တော်က ဒီနေရာမှာ ကျင့်ကြံအားထုတ်ရုံပါ၊ အင်မော်တယ်ကမ္ဘာမှာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်တွေကို တာအိုပညာရှိလို့ ခေါ်ကြတာ”
ဟန်ချင်းအာဟာ သဘောပေါက် နားလည်သွားပါတယ်။
ဟန်ကျွယ်ဟာ ဟန်ယွီကို အကောင်းမြင်သွားပါတယ် ‘ဒီကောင်လေး စကားတတ်လှချည်လား...’
ဟန်ကျွယ်ဟာ ဒီလိုအခြေအနေမျိုးမှာ ချုံရှီလိုင်နဲ့ တခြားတာအိုပညာရှိ တစ်ပါးပါးဆိုရင် ဘာလုပ်မလဲဆိုတာ မသိပေမဲ့ လီတောက်ခုံးဆိုရင်တော့ စကားကို အခုလိုမျိုး အဆင်ပြေပြေ ပြောနိုင်မှာ မဟုတ်ပါဘူး။
ဟန်ချင်းအာဟာ ဟန်ယွီနားကပ်ပြီး ကျင့်ကြံတဲ့ အတွေ့အကြုံမျိုးစုံကို မေးမြန်းပါတော့တယ်။ ဟန်ချင်းအာဟာ သူ့မိဘတွေနောက်ပဲ လိုက်နေရလို့လား မသိပါဘူး။ တခြားလူတွေရဲ့ ဇာတ်လမ်းဆိုရင် တော်တော်လေး စိတ်ဝင်စားပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းခါပြီး ပြုံးလိုက်ပေမဲ့ ဟန်ချင်းအာကို မတားပါဘူး။ ဟန်ကျွယ် ဟန်ချင်းအာကို ဟန်ယွီဆီ ခေါ်လာတာက နောက်တစ်ချိန် ဟန်ချင်းအာ ကောင်းကင်တာအိုကို လာရင် ဂရုစိုက်ခိုင်းမလို့ လူလုံးလာပြတာပါ။
ဟန်ယွီဟာ ဟန်ချင်းအာနဲ့ စကားပြောဆိုရပေမဲ့ ရင်ခုန်နေတုန်းပါပဲ။ ဒီရင်ခုန်တာက အချစ်ကြောင့် ရင်ခုန်တာ မဟုတ်ပါဘူး။ ဟန်ချင်းအာရဲ့ အသက်က ငယ်ရွယ်ပေမဲ့ ဘိုးဘေးဆိုတဲ့ ဂုဏ်ပုဒ်က ဟန်ယွီကို တော်တော်လေး ဖိအားပေးပါတယ်။ နောက်ပြီး ဟန်ကျွယ်ကလည်း ဘေးမှာ ရှိနေပါတယ်။ ဒါကြောင့် ဟန်ယွီဟာ စကားလုံးတိုင်းကို သေချာစဉ်းစားပြီးမှ ထုတ်ပြောရဲပါတယ်။
လေးငါးနာရီ အကြာမှာတော့ ဟန်ကျွယ်ဟာ ဟန်ယွီကို နှုတ်ဆက်လိုက်ပါတယ်။
“ဟန်ယွီ... နောက်တစ်ခါ ငါ ကောင်းကင်တာအိုကို လာရင် ငါ့ကို ဧည့်ခံရမယ်နော်” ဟန်ချင်းအာဟာ တခစ်ခစ် ရယ်မောရင်း ပြောလိုက်ပါတယ်။ ဟန်ချင်းအာဟာ ဟန်ယွီကို အကောင်းမြင်နေပါတယ်။ ဟန်ယွီက သူစိတ်ကူးထဲက ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်တွေနဲ့ လုံးဝ ကွဲပြားနေတယ် မဟုတ်ပါလား။
ဟန်ယွီရဲ့ စကားလုံးတိုင်းက နူးညံသိမ်မွေ့ပြီး အသံကလည်း ချိုသာလှပါတယ်။ ဒါပေမဲ့ ဟန်ယွီ ဘာလို့ ဒီလိုဖြစ်နေလဲဆိုတာကို ဟန်ချင်းအာ သိပါတယ်။ ဒါကြောင့် ဟန်ချင်းအာဟာ သူ့အဖေအကြောင်းကို ပိုသိချင်သွားပါတယ်။ ရုတ်တရက်ဆိုသလို ဟန်ချင်းအာဟာ သူ့အဖေကို အကြောင်းကို သူ မသိသေးဘူးဆိုတာ သဘောပေါက်သွားပါတယ်။
ဟန်ယွီဟာ ဟန်ကျွယ်တို့ မိသားစု သုံးယောက်ကို အပြင်အထိ လိုက်ပို့ပြီးနောက် သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။ အသက်ခပ်ငယ်ငယ် ဘိုးဘေးတစ်ယောက်ကို ထပ်ရလိုက်တဲ့အတွက် ဟန်ယွီဟာ ဘယ်လိုခံစားမှန်းကို မသိတော့ပါဘူး။ ဒါပေမဲ့ ဒီဘိုးဘေးက ထက်မြက်ပြီး ချစ်ဖို့ကောင်းတဲ့အပြင် ပေါင်းသင်းရလည်း လွယ်ပါတယ်။
ဟန်ယွီဟာ ဟန်ထော်ကို တွေးမိလိုက်တဲ့အခါ ခံစားချက်တွေ ထပ်ပြီးတော့ ရှုပ်ထွေးသွားပါတယ် ‘အခုအချိန် ဘိုးဘေး ဘာများလုပ်နေမလဲ မသိဘူး’
ဟန်ယွီဟာ ဟန်ထော်က သူ့ကို ကူကယ်ရာမဲ့အောင် ပစ်ထားတာ မဟုတ်မှန်း သိလိုက်ရတဲ့အချိန်ကစပြီး အပြစ်ရှိသလို ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီအချိန်ကစပြီး ဟန်ယွီမှာ ဟန်ထော်နဲ့ ထပ်တွေ့ဖို့ အခွင့်အရေး မရသေးပါဘူး။
‘ဘိုးဘေး... ဘိုးဘေး ဘယ်ကို ရောက်နေတာလဲ၊ ဘာဖြစ်လို့ ကောင်းကင်တာအိုကို ပြန်မလာတာလဲ’ ဟန်ယွီဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက ပဋိပက္ခမှာ ထိပ်ဆုံးရောက်နေပါပြီ။ ဒီလို တည်ရှိမှုက ကောင်းကင်တာအိုကို စောင့်ကြပ်နေတဲ့အတွက် ကောင်းကင်တာအိုရဲ့ အနာဂတ်ဟာ အကန့်အသတ် မရှိပါဘူး။ ဒါတောင် ဟန်ထော်က အခုထိ ပြန်မလာသေးပါဘူး။ ဟန်ယွီဟာ ဟန်ထော် ပြန်မလာတာက သူပြောလိုက်တဲ့ စကားတွေကြောင့်လားလို့ သံသယဝင်သွားပါတယ်။
အရင်တုန်းက ဟန်ယွီဟာ ဟန်ထော်ကို ဖိနှိပ်မယ်လို့ ဝင့်ကြွားစွာ ပြောခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ဟန်ယွီဟာ သူ့စကားက ဘယ်လောက်ထိ ရယ်ဖို့ကောင်းလဲဆိုတာကို နားလည်လာပါပြီ။
ဟန်ယွီဟာ သက်ပြင်းချပြီး နေရာမှာ ပြန်ထိုင်လိုက်ပါတယ်။ အဲဒီနောက် မျက်လုံးမှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။