ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ သားတော်
Vol. 83 Ch. 879
ချုံရှီလိုင်ရဲ့ စကားက ပြတ်သား ခိုင်မာလှတဲ့အတွက် တာအိုပညာရှိတွေရဲ့ ရင်ထဲက စိုးရိမ်ကြောင့်ကြမှုတွေကို တစ်မုဟုတ်ချင်း လွင့်ပါး ပျောက်ကွယ်သွားစေပါတယ်။
မှန်ပါတယ်။ ကောင်းကင်တာအိုမှာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ရှိနေတဲ့အတွက် သူတို့တွေ ဘာကိုကြောက်နေရဦးမှာလဲ။
“ဟုတ်တယ်၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ရှိနေတာပဲ၊ ငါတို့တွေက ဘာဖြစ်လို့ အဲဒီဒဏ်ခတ်သမားငါးဖော်ကို ကြောက်နေရမှာလဲ”
“ကောင်းကင်တာအိုပညာရှိက အမြဲတမ်း ဂူအောင်းကျင့်ကြံနေတာဆိုပေမဲ့ ကောင်းကင်တာအို ဒုက္ခရောက်ရင် သေချာပေါက် အာရုံခံမိမှာပဲ”
“အဲဒီအကြောင်းနဲ့ ဆက်ပြီးပြောရရင် ငါ အရင်တစ်ခေါက် ပဋိပက္ခကို ခရီးသွားတုန်းက ကောင်းကင်တာအိုပညာရှိလို့ ပြောလိုက်တာနဲ့ ပဋိပက္ခက စွမ်းအားကြီးပုဂ္ဂိုလ်တွေတောင် ငါ့ကို မထီမဲ့မြင် မဆက်ဆံရဲဘူး”
“ဟုတ်တယ်၊ ကောင်းကင်တာအိုရဲ့ တိုးတက်ပြောင်းလဲမှုက တားလို့မရတော့ဘူး၊ ဒီတစ်ကြိမ် ငါတို့တွေ ဒဏ်ခတ်သမားငါးဖော်ကို လက်ခံကြိုဆိုပြီး ငါတို့ကောင်းကင်တာအိုရဲ့ ကြီးကျယ်ခမ်းနားမှုကို ပြရမယ်”
တာအိုပညာရှိတွေရဲ့ စိတ်ပါလက်ပါ ဆွေးနွေးမှုကြောင့် ခန်းမတစ်ခုလုံး သောသောညံသွားပါတယ်။ တာအိုပညာရှိ အသစ်တွေကတော့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ အကြောင်းကို သိချင်သွားကြပါတယ်။
မကြာသေးခင်ကမှ တာအိုပညာရှိနေရာကို ရောက်ရှိလာကြတဲ့ ဒီကောင်းကင်တာအိုပညာရှိ အသစ်တွေအတွက်တော့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ဒဏ္ဍာရီတစ်ခုပါ။ အလွန်တရာ လျှို့ဝှက်ဆန်းကြယ်ပြီး သူတို့ရဲ့ နှလုံးသားကို ဖမ်းစားနိုင်တဲ့ ဒဏ္ဍာရီတစ်ခုပါ။
နှစ်တစ်ထောင် ကျော်သွားတဲ့အခါမှာတော့ ကောင်းကင်တာအိုကို ဒဏ်ခတ်သမားငါးဖော် ရောက်ရှိလာကြပါတယ်။ ဒဏ်ခတ်သမားငါးဖော်ဟာ ကောင်းကင်အရှင်ရွှမ်တုရဲ့ ဦးဆောင်မှုအောင်မှာ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ကို ဝင်လိုက်ပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ စိတ်ထဲမှာ လန့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်တာအို စွမ်းအားက ဒဏ်ခတ်သမားငါးဖော်ကို တားဆီးခြင်း မရှိလို့ပါ။ ပန်ရှင်းနဲ့ ကောင်းကင်အရှင်ဝူဖာလည်း မျက်ခုံးလှုပ်သွားပါတယ်။
မကြာခင်မှာပဲ သူတို့တွေဟာ စကြဝဠာခန်းမဆီ ရောက်ရှိသွားကြပါတယ်။ တာအိုပညာရှိတွေဟာ ဒီခန်းမမှာ စုဝေးနေကြပါတယ်။ တာအိုပညာရှိတွေရဲ့ အကြည့်ဟာ ဒဏ်ခတ်သမားငါးဖော်ဆီ ကျရောက်သွားပါတယ်။ တာအိုပညာရှိတွေဟာ ဒဏ်ခတ်သမားငါးဖော်ကို စိတ်ဝင်တစား ရှိပေမဲ့ ဦးတော့ မညွှတ်ကြပါဘူး။
ယီတျန်ဟာ ဘေးဘီဝန်းကျင်ကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်ပါတယ် “ကောင်းကင်တာအိုရဲ့ တိုးတက်မှုက တကယ်ကို မဆိုးဘူး၊ ဒီလောက်များတဲ့ တာအိုပညာရှိတွေတောင် ရှိနေပြီ”
ဖန်းလျန်ဟာ ယီတျန်ကို ရှုပ်ထွေးတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပါတယ်။
ယီတျန်က ကောင်းကင်တာအို စိတ်ဝိညာဉ် ရရှိထားတဲ့ ပဋိပက္ခ နတ်ဘီလူး ပြန်မွေးဖွားတာပါ။ ကောင်းကင်တာအို ပြန်မွေးဖွားတယ်လို့တောင် ပြောလို့ရပါတယ်။ ကောင်းကင်တာအိုဂိုဏ်းကို တည်ထောင်ထားတဲ့ ဖန်းလျန်ဟာ ယီတျန်ဆီကနေ ရင်းနှီးတဲ့ခံစားချက်ကို ရခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိယီတျန်က ဖန်းလျန်ကို အာဏာရော ကျင့်ကြံမှုရောပါ ကျော်တက်သွားပါပြီ။ ကောင်းကင်တာအို သားတော်က ကောင်းကင်တာအိုကို အနိုင်ယူသွားတာ ဖြစ်တဲ့အတွက် ဖန်းလျန်ဟာ နည်းနည်းတော့ ရှက်သွားပါတယ်။
ဟန်ထော်ရဲ့ အကြည့်ဟာ ဟန်ယွီဆီ ရောက်သွားပါတယ်။
သူတို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် တိတ်တဆိတ် စိုက်ကြည့်နေကြပါတယ်။
ဟန်ယွီဟာ သူ့ဘိုးဘေး ဟန်ထော်က ဒဏ်ခတ်သမားငါးဖော်ရဲ့ ခေါင်းဆောင် ဖြစ်လာလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ ခေါင်းဆောင်လို့ သိလိုက်တာက ဒဏ်ခတ်သမားတွေရဲ့ ရှေ့ကနေ လျှောက်လာလို့ပါ။
ဟန်ထော်ဟာ ဟန်ယွီက တာအိုပညာရှိ ဖြစ်နေတာ တွေ့လိုက်ရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပေမဲ့ မျက်နှာမှာတော့ ဘာခံစားချက်မှ မပေါ်အောင် ထိန်းထားပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ ဒဏ်ခတ်သမားငါးဖော်ကို ရှေ့ဆုံးဆီ ခေါ်သွားပါတယ်။
အသီးသီး နေရာယူပြီးကြတဲ့ နောက်မှာတော့ ဟန်ထော်က ပြောလိုက်ပါတယ် “ငါက ကောင်းကင်တာအိုမှာ မွေးဖွားခဲ့တာ၊ ဒီတစ်ခါ ငါ ကောင်းကင်တာအိုကို လာတာက ဘာရည်ရွယ်ချက်မှ မရှိဘူး၊ ဒီအတိုင်း ပြန်လာကြည့်တာ၊ အဲဒီတော့ မင်းတို့တွေ ဘာမှစိုးရိမ်စရာ မလိုဘူး”
ဒီစကားက တာအိုပညာရှိတွေကို နည်းနည်း ရင်ထိတ်သွားစေပါတယ်။ ဒါပေမဲ့ ဒဏ်ခတ်သမားတွေကတော့ ပြုံးလိုက်ပါတယ်။ သူတို့တွေဟာ ပဋိပက္ခကို ထွက်လာတာ အတော်ကြာသွားပါပြီ။ ပဋိပက္ခမှာ သူတို့ကို ဘယ်သူပဲတွေတွေ့ ရင်တုန်ပန်းတုန် ဖြစ်သွားကြတာချည်းပါပဲ။ ဒီလိုမျိုး ကြုံရပါများလာတဲ့အခါ ဒဏ်ခတ်သမားတွေဟာ အလိုလိုနေရင်း မာနကြီးလာကြပါတယ်။
ဟန်ထော်လည်း အတူတူပါပဲ။
ဒဏ်ခတ်သမားငါးဖော် ရောက်လာတုန်းက တာအိုပညာရှိတွေဟာ ဦးမညွှတ်ကြပါဘူး။ ဒါက မဟာတာအို နတ်စိတ်ဝိညာဉ်တွေထက် ဘဝင် ပိုမြင့်တာပါ။ ဒဏ်ခတ်သမားငါးဖော်ဟာ တာအိုပညာရှိတွေရဲ့ ဒီအပြုအမူကို လက်မခံနိုင်ကြပါဘူး။ ကောင်းကင်တာအို ပညာရှိတွေက မဟာတာအို နတ်စိတ်ဝိညာဉ်တွေကို အထင်သေး ရှုတ်ချမယ်ဆိုရင် ကေင်းကင်တာအိုနဲ့ ပဋိပက္ခကြားမှာ အတောမသတ်နိုင်တဲ့ ပြဿနာတွေပဲ ပေါ်ပေါက်လာမှာပါ။
ဟန်ထော်ဟာ ကောင်းကင်တာအိုကမလို့ ကောင်းကင်တာအိုပညာရှိတွေရဲ့ အပြုအမူကို လျစ်လျူရှုပေးလို့ ရပါတယ်။ ဒါပေမဲ့ နောက်ကျလို့ တခြား မဟာတာအို နတ်စိတ်ဝိညာဉ်တစ်ပါးသာ ဒဏ်ခတ်သမားငါးဖော်ကို ဦးဆောင်ပြီး လာခဲ့မယ်ဆိုရင် သေချာပေါက် ပြဿနာတက်မှာပါ။
ဟန်ထော်ဟာ ကောင်းကင်တာအိုပညာရှိတွေကို သင်ခန်းစာပေးဖို့ လိုနေပြီလို့ ခံစားလိုက်ရပါတယ်။
ပန်ရှင်းက အပြုံးနဲ့ ဆိုပါတယ် “ငါတို့တွေ မကြောက်ဘူး၊ ကောင်းကင်တာအိုမှာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိနေတော့ ငါတို့တွေ ပဋိပက္ခထဲက ဘယ်သူ့ကိုမှ မကြောက်ဘူး”
တခြားတာအိုပညာရှိတွေဟာ ပြုံးလိုက်ပါတယ်။ သူတို့တွေဟာ မဟာတာအို နတ်စိတ်ဝိညာဉ်တွေကို အပြစ်ပြုမိမှာ မကြောက်ပါဘူး။ ကောင်းကင်တာအိုနဲ့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေဟာ နဂိုကတည်းက ကမ္ဘာမကျေ ရန်သူတွေ မဟုတ်ပါလား။ လက်ရှိ ငြိမ်းချမ်းရေးကလည်း မဟာတာအို နတ်စိတ်ဝိညာဉ်တွေ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ဘာမှမလုပ်နိုင်လို့ ရထားတာပါ။
ရန်သူတွေဆိုမှတော့ ဘာကိစ္စနဲ့ ဦးညွှတ်ရမှာလဲ။
ကောင်းကင်အရှင်ရွှမ်တုက မနေနိုင်ဘဲ ဝင်ပြောလိုက်ပါတယ် “ငါ မင်းတို့ကို မိတ်ဆက်ပေးဖို့ မေ့နေတယ်၊ ဒီဒဏ်ခတ်သမားက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ သားတော် ဟန်ထော်ပဲ”
‘ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ သားတော်...’ တာအိုပညာရှိတွေဟာ နှလုံးလှုပ်သွားကြပါတယ်။
ယီတျန်ဟာ တဟားဟား ရယ်မောလိုက်ပါတယ် “ဟားဟား... ငါ့နာမည်က ယီတျန်၊ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ စိတ်ဝိညာဉ်သားတော်ပဲ”
တခြားဒဏ်ခတ်သမားတွေဟာ ယီတျန်ရဲ့ စကားကို ကြားပြီး မျက်လုံး ပင့်တက်သွားကြပါတယ် ‘ဒီကောင်က တော်တော် အရှက်မရှိဘူး၊ ငါတို့ ဒဏ်ခတ်သမားငါးဖော်ရဲ့ ဂုဏ်သတင်းကိုတောင် ဂရုမစိုက်ဘူး’
ဒါပေမဲ့ တခြား ဒဏ်ခတ်သမားသုံးဖော်ဟာ ဟန်ထော်နဲ့ ယီတျန်ကို မနိုင်တာကြောင့် ဘာမှဝင်မပြောပါဘူး။ ဟန်ထော်နဲ့ ယီတျန်ရဲ့ တိုက်ခိုက်စွမ်းရည်က တကယ်ကို ကြောက်ဖို့ကောင်းတာပါ။ တခြားဒဏ်ခတ်သမားသုံးဖော်က ဟန်ထော်နဲ့ ယီတျန်ကို ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။
ဟန်ထော်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပေမဲ့ ဘာမှ မပြောပါဘူး။
“မင်းက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ သားတော်လား၊ ဒါဆို တစ်မိသားစုတည်းပဲ၊ တာအိုရောင်းရင်းဟန်က ဘယ်လိုလုပ်ပြီး ဒဏ်ခတ်သမား ဖြစ်လာလဲဆိုတာ သိလို့ရမလား” တောင်ဘက်စွန်း ကောင်းကင်အရှင်က အပြုံးနဲ့ မေးလိုက်ပါတယ်။
ဟန်ထော်ဟာ ဘာမှ မဖုံးကွယ်ဘဲ ဒီနှစ်တွေမှာ သူ ကြုံတွေ့ခဲ့ရတဲ့အကြောင်းကို မကျဉ်းမကျယ် ပြောပြလိုက်ပါတယ်။ ဟန်ထော်နဲ့ ယီတျန်ဟာ ဒီနှစ်တွေမှာ သေခြင်းရှင်ခြင်းကို မရေမတွက်နိုင်အောင် ကျော်ဖြတ်ခဲ့ရပြီးပါပြီ။ ဒဏ်ခတ်သမား ဖြစ်လာတာကတည်း ရှင်းရှင်းလင်းလင်းမလို့ ဒီအကြောင်းကို ထုတ်ပြောဖို့ ဝန်မလေးပါဘူး။
တခြားဒဏ်ခတ်သမား သုံးဖော်မှာလည်း ကိုယ်စီ အတွေ့အကြုံတွေ ရှိကြပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ ကောင်းကင်တာအိုနဲ့ မရင်းနှီးတာမလို့ သူတို့အတွေ့အကြုံကို မဝေမျှပါဘူး။
အချိန်တစ်ခုအတွင်း စကြဝဠာခန်းမမှာ ဟန်ထော်ရဲ့ အသံပဲ ရှိပါတော့တယ်။ တာအိုပညာရှိတွေလကည်း ဟန်ထော်ပြောတာကို လေးလေးစားစား နားထောင်ကြပါတယ်။ တိတ်ဆိတ်ဂိုဏ်းရဲ့ တာအိုပညာရှိတွေကတော့ ဟန်ထော်ကို ဂုဏ်ယူစွာ ကြည့်နေကြပါတယ်။
ဟန်ထော်က ဟန်ကျွယ်ရဲ့ သားဖြစ်တဲ့အတွက် တိတ်ဆိတ်ဂိုဏ်းကို ကျိန်းသေပေါက် အမွေဆက်ခံမှာပါ။ ဒါကြောင့် ဟန်ထော်သာ သုံးစားမရရင် ဒီတာအိုပညာရှိတွေဟာ ဘယ်လိုမှ လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုတော့ ဟန်ထော်ရဲ့ စွမ်းဆောင်ရည်က သူတို့ကို တော်တော်လေး ကျေနပ်စေရုံသာမက အံ့အားလည်း သင့်စေပါတယ်။
တကယ်ကိုပဲ ကျားက ကျားပဲ မွေးပါတယ်။ ခွေးမမွေးပါဘူး။
ဒီသတင်းဟာ တိတ်ဆိတ်ဂိုဏ်းဆီ လျင်မြန်စွာ ပျံ့နှံ့သွားပါတယ်။ ဒုတိယ တာအိုစက်ကွင်းမှာရှိတဲ့ တပည့်တွေဟာလည်း ဒီအကြောင်းကို အနန္တကမ္ဘာ မြင်ကွင်းကျယ်ကနေ သိလိုက်ရပါတယ်။ သူတို့တွေဟာ အတူစုဝေးပြီး ဒီကိစ္စကို ဆွေးနွေးကြပါတယ်။
မုရုံချီဟာ သက်ပြင်းချလိုက်ပါတယ် “ဆရာဘိုးဘိုးရဲ့ လက်တွေက တကယ်ကို ရှည်တာပဲ၊ ဆရာဘိုးဘိုးသားက ဒဏ်ခတ်သမားငါးဖော်ရဲ့ ခေါင်းဆောင်တောင် ဖြစ်လာတယ်”
တစုန့်ကောင်းကင်ဟာလည်း မျက်တောင် ခတ်လိုက်ပါတယ် “အဲဒီလို ပုံသေ တွက်ဆလို့ မရဘူး၊ ဒါက ဂိုဏ်းချုပ်ကို ဆန့်ကျင်မဲ့ နတ်စိတ်ဝိညာဉ် ခေါင်းဆောင်ရဲ့ အကြံအစည်လည်း ဖြစ်နေနိုင်တယ်”
လူတိုင်းဟာ သေချာတွေးကြည့်ပြီးနောက် တစုန့်ကောင်းကင်ရဲ့ အဆိုကို လက်ခံ သဘောတူကြပါတယ်။
ဟန်မင်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “နတ်စိတ်ဝိညာဉ် ခေါင်းဆောင်က ဟန်ထော်ရဲ့ စိတ်ဆန္ဒကို ထိန်းချုပ်နိုင်ရင် ကောင်းတဲ့ကိစ္စတစ်ခုမှ ဖြစ်လာမှာ မဟုတ်ဘူး”
ကွမ်းပုပိုင်ဟာ ခေါင်းခါလိုက်ပါတယ် “ဂိုဏ်းချုပ်က မင်းတို့ တွေးနေတာကို ဘယ်လိုလုပ်ပြီး မသိဘဲနေမှာလဲ၊ ဂိုဏ်းချုပ်က သိလျက်သားနဲ့ လွှတ်ထားမှတော့ အကြွင်းမဲ့ ယုံကြည်ချက် ရှိလို့ပေါ့”
ပြိုင်ဘက်ကင်းနှလုံးသားနဲ့ ပြန်လည် မွေးဖွားလာတဲ့ ကွမ်းပုပိုင်ဟာ ဟန်ကျွယ်ကို အလေးစားဆုံး အကြည်ညိုဆုံးပါ။ သူ့မျက်လုံးထဲမှာ ဟန်ကျွယ်တစ်ယောက်ပဲ ပြိုင်ဘက်ကင်းဆိုတဲ့ နာမည်နဲ့ လုံးဝ ကိုက်ညီပါတယ်။
ပြိုင်ဘက်ကင်းပုဂ္ဂိုလ်တစ်ယောက်က ဘယ်လိုလုပ်ပြီး သူများ ကြံစည်တာကို ခံရမှာလဲ။
သူများ ကြံစည်တာကို ခံရရင် ပြိုင်ဘက်ကင်းပုဂ္ဂိုလ်လို့ ဘယ်လိုလုပ် ပြောလို့ရမှာလဲ။
ဒီအချိန်မှာ ကောင်းကင်နက္ခ နတ်ဘီလူးဟာ တပည့်တွေ စုဝေးနေတဲ့နေရာကို လျှောက်လာပြီး အော်ပြောလိုက်ပါတယ် “ကွမ်းပုပိုင်... အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး တိုက်ကြရအောင်”
ပဋိပက္ခ နတ်ဘီလူးတွေဟာ ပင်ကိုယ်စရိုက်အရ တိုက်ခိုက်တာကို ဝါသနာ ထုံကြပါတယ်။ ဒါကြောင့် အသွင်တူ လက်ရည်စမ်းပွဲက သူတို့အတွက် အကြီးမားဆုံး ဝါသနာတစ်ခု ဖြစ်လာပါတယ်။ နတ်ဘီလူးတွေထဲမှာ အစွမ်းအထက်ဆုံး ဖြစ်တာကြောင့် ကောင်းကင်နက္ခ နတ်ဘီလူးဟာ ကွမ်းပုပိုင်ကိုပဲ ရှာပြီး တိုက်ခိုက်ရပါတယ်။ တခြား နတ်ဘီလူးတွေက ကောင်းကင်နက္ခ နတ်ဘီလူးနဲ့ မတိုက်ခိုက်ရဲပါဘူး။ ကွမ်းပုပိုင်ပဲ ကောင်းကင်နက္ခ နတ်ဘီလူးကို ထိပ်တိုက် ရင်ဆိုင်ရဲတာပါ။
ကွမ်းပုပိုင်ဟာ ချက်ချင်း မတ်တတ်ရပ်လိုက်ပါတယ် “တိုက်ကြတာပေါ့၊ ဒီနေ့ ငါ မင်းရဲ့ အစွမ်းအထက်ဆုံး နတ်ဘီလူးဆိုတဲ့ ဘွဲ့နာမည်ကို သိမ်းပစ်မယ်”
ဟန်ထော်အကြောင်းကို ဆွေးနွေးနေကြာတဲ့ တခြားလူတွေဟာ ကောင်းကင်နက္ခ နတ်ဘီလူးနဲ့ ကွမ်းပုပိုင်ကို ကြည့်ပြီး ပြုံးစစ ဖြစ်သွားကြပါတယ်။
ကွမ်းပုပိုင်ရဲ့ စကားက သူတို့ရဲ့ ပူပန်သောကတွေကို အကြွင်းမဲ့ တိုက်စားပစ်လိုက်ပါတယ်။ ကွမ်းပုပိုင်စကားက အမှန်ပါပဲ။ ဘယ်သူကများ ဟန်ကျွယ်ကို အကောက်ကြံနိုင်မှာလဲ။
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။
တတိယ တာအိုစက်ကွင်း။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။
နောက်ထပ် နှစ်တစ်သိန်း ကုန်ဆုံးသွားပါပြီ။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုလည်း အများကြီး တိုးတက်လာပါတယ်။ ဟန်ကျွယ်ဟာ အဆင့်တက်ဖို့ တဖြည်းဖြည်း နီးကပ်လာပါပြီ။ ဟန်ကျွယ်ဟာ တစ်ခါတည်း အဆင့်ထိုးဖောက်အောင် ကျင့်ကြံချင်ပေမဲ့ ဟန်ချင်းအာကို တွေးမိတဲ့အခါ စိတ်ပျော့သွားပါတယ်။
ဟန်ကျွယ်ဟာ အသံလွှင့်ပြီး ဟန်ချင်းအာကို တာအိုဘုံကျောင်းထဲ ဝင်ခိုင်းလိုက်ပါတယ်။
“ဒုန်း...”
တာအိုဘုံကျောင်း တံခါးဟာ ပြုတ်ထွက်မတတ်ပါပဲ။ အနီရောင်ဂါဝန်နဲ့ ဟန်ချင်းအာဟာ ဟန်ကျွယ်ရှေ့ကို လေနီကြမ်းလို တစ်မုဟုတ်ချင်း ရောက်ချလာပါတယ်။
“ဖေဖေ...” ဟန်ချင်းအာရဲ့ အော်သံဟာ မကျေနပ်မှု၊ ခံပြင်းမှု၊ အံ့အားသင့်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။
ဟန်ချင်းအာဟာ ဒီနေ့ကို စောင့်ခဲ့ရတာ အတော်လေး ကြာသွားပါပြီ။
နှစ်တစ်သိန်း။
ဟန်ချင်းအာဟာ ရူးမတတ်ပါပဲ။
ဟန်ချင်းအာဟာ တာအိုဘုံကျောင်းထဲကို အတင်းတိုးဝင်ဖို့ အကြိမ်အများကြီး ကြိုးစားခဲ့ပေမဲ့ သူ့အမေ ချင်းလွမ်အာ တားဆီးတာကို ခံခဲ့ရပါတယ်။ ဟန်ချင်းအာဟာ သူ့အမေကို အနိုင်ယူနိုင်ဖို့အတွက် အရင်လို ပေါ့ပေါ့တန်တန် မနေတော့ဘဲ စပြီးတော့ ကျင့်ကြံအားထုတ်ခဲ့ပါတယ်။ ချင်းလွမ်အာကလည်း သူ့သမီးနောက်မှာ ကျန်မနေချင်ခဲ့တဲ့အတွက် ကြိုးစားကျင့်ကြံပါတယ်။
သားအမိနှစ်ယောက်က အပြိုင်အဆိုင် ကျင့်ကြံလိုက် တိုက်ခိုက်လိုက် လုပ်လာတာ အတော်ကြာသွားပါပြီ။ အခုဆိုရင် ဟန်ချင်းအာလည်း ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အဆင့်ကို ရောက်လာပါပြီ။ ချင်းလွမ်အာကတော့ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်မှာပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။