အန္တိမဒဏ်ခတ်နတ်မင်းနဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ
Vol. 83 Ch. 880
“သမီးက အသက်တစ်သိန်းပဲ ပြည့်နေပြီ၊ ဘာဖြစ်လို့ အခုထိ မရင့်ကျက်သေးတာလဲ၊ အခုရော ဘာဖြစ်ပြန်ပြီလဲ” ဟန်ကျွယ်ဟာ အရွယ်ရောက်လာပြီ ဖြစ်တဲ့ သူ့အငယ်ဆုံး သမီးကို ကူကယ်ရာမဲ့စွာ စိုက်ကြည့်လိုက်ပါတယ်။
‘ဒီကောင်မလေးက မဆင်မခြင် လုပ်တုန်းပဲ၊ ရင့်ကျက်တာက တကယ်ကို အသက်အရွယ်နဲ့ မဆိုင်ဘူးပဲ’
အတွေ့အကြုံမရှိရင် အသက်တစ်သိန်းပဲ ဖြစ်ဖြစ် အသက်တစ်သန်းပဲ ဖြစ်ဖြစ် ဟန်ချင်းအာက ကလေးပဲ ဖြစ်နေဦးမှာပါ။
ဟန်ချင်းအာဟာ ဒေါသကို ထိန်းချုပ်ပြီး မကျေမနပ် ပြောလိုက်ပါတယ် “နှစ်တစ်သိန်း... ဖေဖေက သမီးကို နှစ်တစ်သိန်းတောင် ပိတ်လှောင်ထားတာ၊ ဘယ်အဖေက သူ့သမီးကို ဒီလို ပိတ်လှောင်ထားမှာလဲ”
ဟန်ကျွယ်ဟာ ဟန်ချင်းအာရဲ့ ပိတ်လှောင်ထားတယ်ဆိုတဲ့ စကားကြောင့် နည်းနည်း မျက်နှာ ပူသွားပါတယ်။
ဟန်ကျွယ် အခုလိုမျိုး ဇွဲရှိရှိနဲ့ ကျင့်ကြံနိုင်တာက ဘဝဟောင်းမှာ ငယ်ငယ်လေးနဲ့ သေဆုံးခဲ့ရပြီး စိတ်ဒဏ်ရာရခဲ့တာကြောင့်ပါ။ ဒါပေမဲ့ ဟန်ချင်းအာကတော့ မတူပါဘူး။ ဟန်ချင်းအာဟာ ငယ်ငယ်လေးကတည်းက မိတ်ဆွေ တစ်ယောက်မှ မရှိခဲ့ပါဘူး။ ဘာဒုက္ခမှ မခံစားခဲ့ရဖူးဆိုပေမဲ့ ပျော်ရွှင်မှုလည်း သိသိသာသာ မရှိခဲ့ပါဘူး။ အတင်းအကျပ် စေခိုင်းမခံရတာကလွဲရင် ဟန်ချင်းအာရဲ့ ဘဝက အကျဉ်းသား တစ်ယောက်နဲ့ အတူတူပါပဲ။
ဟန်ကျွယ်ဟာ ဟန်ချင်းအာရဲ့ မကျေနပ်ချက်တွေကို ခံစားနိုင်တာကြောင့် ဆိတ်ဆိတ်ပဲ နေလိုက်ပါတယ်။
ဟန်ချင်းအာဟာ ငယ်ငယ်လေးကတည်းက မိဘဘေးနားမှာ နေပြီး ကြီးပြင်းလာခဲ့တာပါ။ ကြီးပြင်းလာပြီးနောက်လည်း အိမ်ထဲမှာပဲ ပိတ်လှောင်ခံထားရပါတယ်။ ဟန်ကျွယ်သာ ဒီလိုအခြေအနေမျိုးကို ဘဝဟောင်းမှာ ရင်ဆိုင်ခဲ့ရင် ဘယ်လိုမှ သည်းခံနိုင်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်က ဘာမှမပြောတဲ့အတွက် ဟန်ချင်းအာရဲ့ မျက်လုံးတွေဟာ နီရဲသွားပြီး မျက်ရည်တွေ တသွင်သွင် စီးကျလာပါတယ်။ ဟန်ချင်းအာဟာ ဒေါသထွက်လွန်းတဲ့အတွက် အသားတွေ တဆတ်ဆတ် တုန်သွားပါတယ်။
ဟန်ကျွယ်ဟာ ဟန်ချင်းအာ ငိုတာကို တွေ့လိုက်ရတဲ့အတွက် ဒီအတိုင်း ထိုင်မနေနိုင်တော့ပါဘူး “သမီးက ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ဖြစ်သွားပြီလား”
ဟန်ချင်းအာဟာ မျက်ရည်ကြားက ချက်ချင်း ပြုံးလိုက်ပြီး ဂုဏ်ယူစွာ ပြောလိုက်ပါတယ် “ဟုတ်တယ်... သမီးက စွမ်းအားကြီးတယ်မလား”
“မဆိုးပါဘူး၊ ဒါပေမဲ့ အဖေ့လောက်တော့ မတော်ဘူး”
“ဟင်း... အဲဒါဆို ဖေဖေ အသက်တစ်သိန်း ပြည့်တုန်းက ဘယ်အဆင့်မှာ ရှိနေတာလဲ” ဟန်ချင်းအာဟာ အာရုံပြောင်းသွားပြီး နှုတ်ခမ်းစူကာ မေးလိုက်ပါတယ်။
ဟန်ကျွယ်က အလေးအနက် ပြန်ဖြေလိုက်ပါတယ် “သမီးက ဖေဖေ အမှန်အတိုင်းပြောရင် မယုံလောက်ဘူး၊ ဖေဖေ အသက်တစ်သိန်းတုန်းက တာအိုရယူပြီးနေပြီ”
“တကယ် မဟုတ်ဘူးမလား”
ဟန်ချင်းအာဟာ နှုတ်ခမ်းမဲ့လိုက်ပါတယ်။ ဟန်ချင်းအာဟာ ဟန်ကျွယ်စကားကို မယုံပါဘူး။ ကြွားပြောတယ်လို့ပဲ ထင်နေပါတယ်။
ဟန်ချင်းအာဟာ သူ့အဖေက စွမ်းအားကြီးမှန်း သိပေမဲ့ တကယ် သရုပ်မှန်ကိုတော့ မသိပါဘူး။ ဟန်ချင်းအာဟာ မွေးဖွားကတည်းက ဟန်ကျွယ် တိုက်ခိုက်တာကို တစ်ခါမှ မမြင်ဖူးတဲ့အတွက် ဟန်ကျွယ်ရဲ့ စွမ်းအားကို မမှန်းဆနိုင်ပါဘူး။
ဟန်ကျွယ်ဟာ အပြုံးနဲ့ ပြောလိုက်ပါတယ် “ဖေဖေ့ဘေးမှာ ကျင့်ကြံအားထုတ်ချည်၊ သမီးမှာ တန်ခိုးစွမ်းအား ကြီးမားလာလိမ့်မယ်၊ အဲဒီအချိန်ကျရင် သမီး ဘယ်ကိုသွားချင်သွားချင် ဖေဖေ မတားတော့ဘူး၊ သမီးသိထားရမှာက ဒီလိုအခွင့်အရေးမျိုးကို ကောင်းကင်တာအို ဘယ်သက်ရှိမှ အိပ်မက်မက်ရဲတာ မဟုတ်ဘူး၊ တခြားကျင့်ကြံသူတွေ ခြေသလုံးအိမ်တိုင် လျှောက်သွားနေတာက သူတို့ရဲ့ ကျင့်ကြံမှုမှာ အပိတ်အဆို့ တွေ့လိုက်ရလို့ပဲ၊ အဲဒီပိတ်ဆို့မှုကို ထိုးဖောက်ချင်ရင် အခွင့်အရေးနဲ့ တာအိုကျင့်စဉ်တွေကို လိုအပ်တယ်၊ ဒါပေမဲ့ သမီးမှာ အဲဒါတွေ မလိုဘူး”
ဟန်ချင်းအာဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အဆင့်က အင်မော်တယ်ကမ္ဘာမှာ အရမ်းစွမ်းအားကြီးနေပြီပဲဟာ၊ အဲဒီ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် အဆင့်ထက် ကျော်လွန်တဲ့ တည်ရှိမှုတွေကို သမီး ရန်မစမိရင် ပြီးတာပဲမလား”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့သမီးကို တုံးအလွန်းတယ်လို့ မပြောရက်ပါဘူး။
ဒီအချိန်မှာ ဟန်ကျွယ် မြင်ကွင်းထဲကို အသိပေးချက်တစ်ချက် ရောက်လာပါတယ်။
[အန္တိမဒဏ်ခတ်နတ်မင်းသည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]
‘ဒီကောင် ထိုင်မနေနိုင်တော့ဘူးလား...’
ဟန်ကျွယ်ဟာ ဟန်ချင်းအာနဲ့ စကားပြောရင်း စနစ်ကို မေးလိုက်ပါတယ် “ငါ အန္တိမဒဏ်ခတ်နတ်မင်းရဲ့ အိပ်မက်ကို လက်ခံလိုက်ရင် အန္တရာယ်ရှိနိုင်လား”
ဟန်ကျွယ်ဟာ ဘာပဲဖြစ်ဖြစ် သူ မသေဘူးဆိုတာတော့ ကျိန်းသေ သိပါတယ်။ ဟန်ကျွယ်ဟာ အန္တိမဒဏ်ခတ်နတ်မင်းက ဉာဏ်များမှာကို စိုးရိမ်တာပါ။
[သက်တမ်း ၁ ထရီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မရှိပါ။]
ဟန်ကျွယ်ဟာ စိတ်ထဲမှာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဟန်ချင်းအာနဲ့ စကားပြောဖို့ စိတ်ဆန္ဒတစ်စွန်းတစ်စ ချန်ထားခဲ့ပြီး အိပ်မက်ထဲ ဝင်လိုက်ပါတယ်။
အိပ်မက်နယ်မြေက ဟင်းလင်းပြင်ပါ။
ဟန်ကျွယ်ဟာ အန္တိမဒဏ်ခတ်နတ်မင်းကို တွေ့လိုက်ရပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းက နတ်စိတ်ဝိညာဉ် ခေါင်းဆောင်နဲ့ မတူပါဘူး။ အသူရာချောက်ထဲကနေ အတားအဆီးတွေကို သတ်ဖြတ်ပြီး ထွက်လာတဲ့ နတ်ဘုရားတစ်ပါးနဲ့ ပိုတူပါတယ်။ ဝတ်ထားတဲ့ ချပ်ဝတ်တန်ဆာက သွေးစွန်းနေပြီး ဆံပင်တွေကလည်း ဖွာလန်ကြဲနေပါတယ်။ ဒါပေမဲ့ သူ့မျက်လုံးတွေကတော့ စူးရှလှပါတယ်။
ဟန်ကျွယ်နဲ့ အန္တိမဒဏ်ခတ်နတ်မင်းဟာ တစ်ယောက်ကို တစ်ယောက် အကဲခတ်လိုက်ပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းက ပထမဆုံး စကားစပြောပါတယ် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိလို့ မပြောရဘူး၊ ငါ မင်းကို ထိုးဖောက် မမြင်နိုင်ဘူးပဲ၊ မင်းက လောကဦး ဘိုးဘေးနတ်ဘုရားကို ချောင်ထဲ တွန်းပို့နိုင်တာ အံ့ဩစရာ မရှိတော့ပါဘူး”
“လောကဦး ဘိုးဘေးနတ်ဘုရားက ဘယ်သူလဲ”
“အရင် နတ်စိတ်ဝိညာဉ် ခေါင်းဆောင်ဟောင်းလေ”
“ဒီလိုလား... ဒါဆို ငါက လောကဦး ဘိုးဘေးနတ်ဘုရားကို ဘာမှမတတ်နိုင်အောင်ပဲ လုပ်လိုက်တာ၊ ဒါပေမဲ့ မင်းက သူ့ကို သတ်လိုက်တာလေ”
အန္တိမဒဏ်ခတ်နတ်မင်းဟာ ဟန်ကျွယ်ရဲ့ ချီးကျူးစကားနဲ့ အရူးလုပ်တာကို မခံပါဘူး။
အန္တိမဒဏ်ခတ်နတ်မင်းဟာ ခပ်ယဲ့ယဲ့ ပြုံးလိုက်ပါတယ် “နတ်အာဏာရှင် စစ်သူကြီး နှစ်သောင်း မပြောနဲ့၊ တစ်သောင်းနဲ့တင် ငါ့ကို ဖိနှိပ်ဖို့ လုံလောက်တယ်”
နတ်အာဏာရှင် စစ်သူကြီးတွေဟာ မဟာတာအိုပညာရှိတွေကြားမှာ ထိပ်တန်းအဆင့် ရှိတဲ့အပြင် သူတို့တွေ စုပေါင်းလိုက်တဲ့အခါ နတ်အခွင့်အာဏာကိုလည်း အသုံးပြုနိုင်ကြပါတယ်။ ဒီစွမ်းအားက အထွတ်အထိပ်နိယာမ စွမ်းအားပါ။ အရင်တုန်းက အန္တိမဒဏ်ခတ်နတ်မင်းဟာ ဒီစွမ်းအားကြောင့်ပဲ လောကဦး ဘိုးဘေးနတ်ဘုရားကို မတော်လှန်နိုင်ခဲ့တာပါ။
အဲဒီအချိန်တုန်းက နတ်အာဏာရှင် စစ်သူကြီးတွေဟာ ပထဆုံး ထွက်ပေါ်လာပြီး အန္တိမဒဏ်ခတ်နတ်မင်းကို တစ်ထရီလီယံကြာအောင် ဖိနှိပ်ထားခဲ့ပါတယ်။ ဒီအကြောင်းပြောရရင် အန္တိမဒဏ်ခတ်နတ်မင်း လွတ်လာနိုင်တာက ဟန်ကျွယ်ရဲ့ ကျေးဇူးကြောင့်ပါ။
နတ်အာဏာရှင် စစ်သူကြီးတွေက မသေဆုံးနိုင် မဖျက်ဆီးနိုင်ဘူးလို့ ထင်ရပေမဲ့ သူတို့ကို အသက်သွင်းဖို့ လောကဦး ဘိုးဘေးနတ်ဘုရားရဲ့ ဓမ္မစွမ်းအားကို လိုအပ်ပါတယ်။ နတ်အာဏာရှင် စစ်သူကြီးတွေက လောကဦး ဘိုးဘေးနတ်ဘုရား အထွတ်အထိပ် နိယာမတွေဆီကနေ ချေးငှားထားတဲ့ စွမ်းအားတစ်ခုပါ။
လောကဦး ဘိုးဘေးနတ်ဘုရားကြောင့်သာ မဟုတ်ရင် နတ်အာဏာရှင် စစ်သူကြီးတွေက ဘယ်တော့မှ မွေးဖွားလာမှာ မဟုတ်ပါဘူး။ ပဋိပက္ခသက်ရှိတွေကို တိုက်ခိုက်ဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်ပါသေးတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “နတ်စိတ်ဝိညာဉ် ခေါင်းဆောင်က ငါ့ဆီကို ဘာလာလုပ်တာလဲ”
“ငါ အုပ်ချုပ်တဲ့ ပဋိပက္ခက အရင်ကနဲ့ မတူဘူးဆိုတာကို လာပြောတာ၊ ကောင်းကင်တာအိုကို ထပ်ပြီးတော့ ပစ်မှတ်မထားတော့ဘူး၊ လောကဦး ဘိုးဘေးနတ်ဘုရား ဦးဆောင်တဲ့ ရှေးဟောင်းဂိုဏ်းဝင် နတ်စိတ်ဝိညာဉ်တွေက သက်ရှိတွေ သူတို့ကို ကျော်တက်သွားမှာ ကြောက်နေကြတာ၊ အဲဒါကြောင့် နောက်ရောက်လာတဲ့လူတွေကို နည်းမျိုးစုံသုံးပြီး ဖိနှိပ်နိုင်ကြတာ၊ ဒါပေမဲ့ ငါက သူတို့နဲ့ မတူဘူး၊ ငါက ပဋိပက္ခ တစ်ခုလုံး တိုးတက်ပြောင်းလဲပြီး အတိတ်ကို ကျော်တက်သွားတာ မြင်ချင်တယ်၊ နယ်ပယ်အဆင့် အသစ်တစ်ခုကိုတောင် ရောက်သွားနိုင်တယ်”
“မင်းလည်း ပဋိပက္ခအပြင်ဘက်မှာ ဗလာနယ် ရှိနေတာကို မြင်နိုင်မှာပါ၊ ဒီရှည်ကြာတဲ့နှစ်တွေမှာ ပဋိပက္ခက ဆက်တိုက် ကျယ်ပြန့်နေတာကို ငါရှာတွေ့ခဲ့တယ်၊ ဒါပေမဲ့ ငါ ဗလာနယ်ရဲ့ အကန့်အသတ်ကို မမြင်နိုင်ဘူး၊ ဗလာနယ်က ဘယ်လောက်ကြီးတယ်ဆိုတာကို ဘယ်သူမှ မသိဘူး၊ အဲဒီတော့ ငါ ပဋိပက္ခရဲ့ အကန့်အသတ်ကို မြင်ချင်တယ်”
အန္တိမဒဏ်ခတ်နတ်မင်းဟာ ပြုံးလိုက်ပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းရဲ့ မျက်လုံးတွေဟာ တက်ကြွနေပြီး လေသံကလည်း ယုံကြည်မှုအပြည့်နဲ့ သူရဲကောင်းဆန်လှပါတယ်။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ဒါက ကောင်းတဲ့ကိစ္စပဲ၊ ပဋိပက္ခက ကောင်းကင်တာအိုကို ပစ်မှတ်မထားတော့ရင် ကောင်းကင်တာအိုကလည်း ပဋိပက္ခနဲ့ ရန်သူလုပ်မှာ မဟုတ်ဘူး၊ ငါလိုချင်တာက အေးအေးချမ်းချမ်း ကျင့်ကြံအားထုတ်ဖို့ပဲ၊ ရန်သူတွေသာ ငါ့တံခါးဝကို တံခါးလာမခေါက်ဘူးဆိုရင် ငါ လှုပ်ရှားမှာ မဟုတ်ဘူး”
ဟန်ကျွယ်ဟာ အန္တိမဒဏ်ခတ်နတ်မင်းကို မကြောက်ပေမဲ့ တတ်နိုင်သလောက် ပြဿနာတွေကို ရှောင်ရှားမှာပါ။ ရန်သူနည်းလေ ကောင်းလေ မဟုတ်ပါလား။
“မင်းနဲ့ ငါသာ သဘောတူညီမှုရရင် ပဋိပက္ခက ငြိမ်းချမ်းသွားလိမ့်မယ်၊ ဒါက သက်ရှိအကုန်လုံးအတွက် ကောင်းချီးပဲ”
“ငါက ဒီဂုဏ်သိက္ခာနဲ့ မထိုက်တန်ပါဘူး၊ ငါက ဘယ်လိုလုပ်ပြီး ပဋိပက္ခထဲက သက်ရှိအကုန်လုံးကို လွှမ်းမိုးနိုင်မှာလဲ၊ ငါက ဒီအတိုင်း တာအိုလိုက်စားသူတစ်ယောက်ပါပဲ၊ ကျော်ကြားမှုတွေ ကြွယ်ဝမှုတွေကို ငါ မလိုချင်ဘူး၊ ငါလိုချင်တာက တာအိုနောက်ကို လိုက်ဖို့ပဲ၊ မင်းလိုမျိုး နတ်ဘုရားတစ်ပါး ရှိနေတာကသာ ပဋိပက္ခထဲက သက်ရှိတွေ အကုန်လုံးရဲ့ ကံကောင်းမှုပါ”
‘ပင်ပန်းလိုက်တာ... ငါတို့တွေ ဘာဖြစ်လို့ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ချီးကျူးနေရတာလဲ’ ဟန်ကျွယ်ဟာ ဒီစကားကို ပြောမထွက်ပါဘူး။ ပြုံးပြနေတဲ့လူကို ဟန်ကျွယ်မှာ ထိုးချင်စိတ် မရှိပါဘူး။
အန္တိမဒဏ်ခတ်နတ်မင်းက သူ့ကို စိတ်ကျေနပ်အောင် လုပ်ပေးစေချင်တယ်ဆိုတာ ထင်ရှားပါတယ်။ တကယ်လို့ ဒီစကားတွေက အန္တိမဒဏ်ခတ်နတ်မင်းရဲ့ နှလုံးသားထဲက လာတာဆိုရင်တော့ ဟန်ကျွယ်အတွက် အကောင်းဆုံးပါ။
“မင်းသားကို လောကဦး ဘိုးဘေးနတ်ဘုရားက အပေါ်ဆွဲတင်ခဲ့တယ်၊ သူ့ရည်ရွယ်ချက်က အကောက်ကြံချင်လို့ဆိုတာ အသိသာကြီး၊ ဒါပေမဲ့ ငါကတော့ အဲဒီလို မလုပ်ပါဘူး၊ ဒီကောင်လေးက မလျှော့တဲ့ဇွဲနဲ့ ငါ့ အသိအမှတ်ပြုမှုကို ရသွားပြီ၊ သူက မကြာခင်မှာ ငါတို့အဆင့်ကို ရောက်လာလိမ့်မယ်”
“ငါ ဒဏ်ခတ်သမားငါးဖော်ကို ဖန်တီးလိုက်ရတဲ့ အကြောင်းရင်းက မဟာတာအို နတ်စိတ်ဝိညာဉ်တွေကိုပဲ ကြီးကြပ်ဖို့ မဟုတ်ဘူး၊ အငယ်တွေကို ထောက်ပံ့ပေးချင်တာကြောင့်လည်း ပါတယ်၊ ငါတို့တွေ ပဋိပက္ခကို ကာကွယ်ချင်တယ်ဆိုရင် ပါရမီရှင်တွေ အများကြီးကို လိုအပ်တယ်”
အန္တိမဒဏ်ခတ်နတ်မင်းရဲ့ စကားပြောကောင်းပုံက ဟန်ကျွယ်တောင် ယုံချင်သလို ဖြစ်သွားပါတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ပဋိပက္ခကို ကာကွယ်မယ်၊ ဘယ်အရာက ပဋိပက္ခကို ခြိမ်းခြောက်နိုင်လို့လဲ၊ လောကဦး နတ်ဘီလူးလား”
အန္တိမဒဏ်ခတ်နတ်မင်းဟာ ခေါင်းခါလိုက်ပါတယ် “လောကဦးနတ်ဘီလူး... အဲဒါက ကောလဟာလ သက်သက်ပဲ၊ ဒါပေမဲ့ လောကဦးပဋိပက္ခက တကယ်တည်ရှိခဲ့တာ၊ ပဋိပက္ခကို ခြိမ်းခြောက်နိုင်တာက လောကဦး သက်ရှိတွေပဲ၊ လောကဦးပဋိပက္ခ ဖျက်ဆီးခံရပြီး ပဋိပက္ခ မွေးဖွားလာတော့ လောကဦး သက်ရှိတွေ အကုန်လုံး သေဆုံးသွားရတယ်၊ ဒါပေမဲ့ သူတို့ရဲ့ အငြိုးအတေးတွေက အခုထိ တည်ရှိနေသေးတယ်၊ သူတို့ကို ပဋိပက္ခ အောက်ခြေမှာ ခိုင်ခိုင်ခံ့ခံ့ ဖိနှိပ်ထားလို့သာ ပဋိပက္ခကို ဒုက္ခမပေးနိုင်တာ၊ အရင်တုန်းက ငါ့ကို လောကဦး ဘိုးဘေးနတ်ဘုရားက ပဋိပက္ခ အောက်ခြေမှာ ဖိနှိပ်ခဲ့တယ်၊ အဲဒီတုန်းက ငါ လောကဦး ရန်ငြိုးစိတ်ဝိညာဉ်တွေကို တွေ့မြင်ခဲ့ရတယ်၊ သူတို့တွေက ရန်ငြိုးစိတ်ဝိညာဉ်ပဲဆိုတော့ ငါ့ကို မခြိမ်းခြောက်နိုင်ဘူး၊ ဒါပေမဲ့ သူတို့ကို ဖျက်ဆီးလို့လည်း မရဘူး၊ ဒီအချက်က နောက်ကျရင် ပဋိပက္ခအတွက် အန္တရာယ်ရှိလာနိုင်တယ်”
“ဒါနဲ့ အမင်္ဂလာ မကောင်းဆိုးဝါးတွေက လောကဦး ရန်ငြိုးစိတ်ဝိညာဉ်တွေကနေ မွေးဖွားလာတာ၊ ဟိုးအရင်တုန်းက နတ်ဘီလူးသုံးထောင် စစ်ပွဲမှာ ပဋိပက္ခချီရဲ့ ကံတရား အထောက်အပံ့က အားပျော့သွားခဲ့တယ်၊ အဲဒီမှာ လောကဦး ရန်ငြိုးစိတ်ဝိညာဉ် တစ်ကောင် လွတ်မြောက်ပြီး အမင်္ဂလာ မကောင်းဆိုးဝါး ဖြစ်သွားတာပဲ၊ သူက အကုသိုလ်ကံတွေကို ဆက်တိုက် စုပ်ယူပြီး သူ့ကိုယ်သူ အားကောင်းအောင်လုပ်တယ်၊ ပြီးလည်းပြီးရော မျိုးနွယ်စုတစ်စု ဖန်တီးလိုက်တယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။