လျှို့ဝှက်ဆန်းကြယ် ဧရာမ ကျောက်ချပ်ကြီး
Vol. 84 Ch. 884
ဟန်ကျွယ်ရဲ့ စကားက အရမ်းကို ရိုးရှင်းနေပေမဲ့ တာအိုပညာရှိတွေရဲ့ နားထဲမှာတော့ အရမ်းကို ဗိုလ်ကျလွန်းလှပါတယ်။ ဒါက ဘာကိုမှ မကြောက်တဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိပါ။
ကောင်းကင်အရှင်ရွှမ်တုဟာ ပြုံးလိုက်ပါတယ် “ကျွန်တော်က မကြောက်ပါဘူး၊ စန့်ချွမ်အဂ္ဂကမ္ဘာကို အုပ်ချုပ်နေတဲ့လူက လောကဦး ကောင်းကင်အရှင်ပဲ၊ ကျွန်တော်ရဲ့ ဆရာသခင်က တစ်ချိန်လုံး ဂူအောင်းကျင့်ကြံနေတာ၊ တကယ်လို့ ကျွန်တော်တို့ တိုက်ခိုက်ခဲ့ရင် ဆရာသခင်က ကောင်းကင်တာအိုကို ရွေးချယ်ဦးမှာပဲ”
ဟန်ကျွယ်ဟာ အသာခေါင်းညိတ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပါဘူး။ အဲဒီနောက် ကောင်းကင်အရှင်ရွှမ်တုဟာ တာအိုပညာရှိတွေကို ညွှန်ကြားစရာရှိတာ ညွှန်ကြားပြီး လူစုခွဲလိုက်ပါတယ်။
ဟန်ကျွယ် မတ်တတ်ရပ်လိုက်တဲ့အခါ ဟန်ချင်းအာကလည်း နောက်ကနေ ထက်ကြပ်မကွာ လိုက်လာပါတယ်။
လုံဟောင်၊ ဂျိရှင်းရှန်၊ ဖန်းလျန်၊ ဟန်ယွီ၊ ချင်လင်းနဲ့ တိတ်ဆိတ်ဂိုဏ်းက တခြားတာအိုပညာရှိတွေဟာ ဟန်ကျွယ်ကို ဝိုင်းရံလိုက်ကြပါတယ်။ သူတို့ဟာ ဟန်ချင်းအာနဲ့ ရင်းနှီးအောင် စကြိုးစားကြပါတယ်။
ဟန်ချင်းအာဟာ ဘဝင်လေဟပ်သလို ခံစားလိုက်ရပါတယ်။ ဟန်ချင်းအာဟာ တာအိုပညာရှိတွေထဲမှာ ဒီလောက်များတဲ့ ဂိုဏ်းတူအစ်ကိုတွေ ဂိုဏ်းတူတပည့်တွေနဲ့ မြေးတပည့်တွေတောင် ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
ဟန်ကျွယ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ဒီကောင်မလေး ကောင်းကင်တာအိုထဲမှာ ပေါ်လာရင် ဝိုင်းဂရုစိုက်ကြ၊ မဟုတ်ရင် ငါ မင်းတို့ကို အပြစ်ပေးမယ်၊ တစ်ယောက်မှ လွတ်မယ် မထင်နဲ့”
စကြဝဠာခန်းမ အပြင်ဘက်ကို လမ်းလျှောက်မထွက်ရသေးတဲ့ တခြား တာအိုပညာရှိတွေဟာ မျက်နှာပြောင်းသွားပြီး ဒီစကားကို အသည်းထဲစွဲအောင် မှတ်ထားလိုက်ကြပါတယ်။ သူတို့တွေဟာ ငတုံးမဟုတ်တဲ့အတွက် ဒီစကားက သူတို့ကို ရည်ညွှန်းနေမှန်း သိပါတယ်။
“ဖေဖေ... သမီးက တာအိုပညာရှိအတုလေ... အင်မော်တယ်ကမ္ဘာမှာ ဘယ်သူကများ သမီးကို ထိခိုက်အောင် လုပ်နိုင်မှာလဲ” ဟန်ချင်းအာဟာ ဟန်ကျွယ်နား ကပ်ချွဲလိုက်ပါတယ်။ တကယ်တော့ ဟန်ချင်းအာဟာ စိတ်ထဲမှာ တော်တော်လေး ပျော်ရွှင်သွားပါတယ်။ ဟန်ချင်းအာဟာ ဒီလိုမျိုး အဖေ့မေတ္တာကို မခံစားရတာ ကြာပြီမလို့ ရင်ထဲမှာ တော်တော်လေး ထိသွားပါတယ်။ ဟန်ချင်းအာဟာ သူမ စောဒက တက်ခဲ့တာတွေကို ပြန်တွေးမိပြီး ရှက်ရွံ့သွားပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး ဘာမှပြန်မပြောပါဘူး။
တိတ်ဆိတ်ဂိုဏ်းက တာအိုပညာရှိတွေ အကုန်လုံးဟာ ဟန်ချင်းအာကို ဂရုစိုက်မယ်လို့ ကတိပေးကြပါတယ်။
ဟုန်စဲ့မင်ယွင်ဟာ ခါးကိုနွဲ့ပြီး ဟန်ချင်းအာဆီ လျှောက်သွားပါတယ် “ခစ်..ခစ်... ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... ရှင့်သမီးကို ကျွန်မဆီမှာ တပည့်ခံခိုင်းပါလား၊ ကျွန်မ သူ့ကို ကျွန်မရဲ့ တာအိုကျင့်စဉ်တွေ အကုန်လုံး သင်ပေးမယ်လေ”
ဒီစကားကို ကြားရတဲ့အခါ ဟန်ချင်းအာကို တပည့်အဖြစ် လက်ခံချင်တဲ့ တာအိုပညာရှိ အကုန်လုံး မျက်နှာပျက်သွားကြပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ ဟုန်စဲ့မင်ယွင်နဲ့ မယှဉ်ပြိုင်ရဲကြပါဘူး။ ဟုန်စဲ့မင်ယွင်က မဟာတာအိုပညာရှိ ဖြစ်တဲ့အတွက် သူတို့အကုန်လုံးကို လက်ညှိုးတစ်ချောင်းတည်းနဲ့ ဖိနှိပ်နိုင်ပါတယ်။
ဟန်ချင်းအာဟာ ဟုန်စဲ့မင်ယွင်ကို ကြည့်ပြီး မှင်တက်သွားပါတယ်။ ဟန်ချင်းအာဟာ အလိုလို အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်ပါတယ်။ သူ့အတွက် မဟုတ်ပါဘူး။ သူမ အမေအတွက်ပါ။
ဟန်ချင်းအာဟာ ဟန်ကျွယ်ကို အလိုလိုကြည့်မိလျက်သား ဖြစ်သွားပါတယ်။
ဟန်ကျွယ်ဟာ မျက်နှာတစ်ချက် မပျက်ဘဲ ပုံမှန်လေသံနဲ့ ပြောလိုက်ပါတယ် “ဒီကောင်မလေးက မင်းဆီမှာ တပည့်ခံချင်ရင် ငါ မငြင်းဘူး”
“ဖေဖေ... သမီး အင်မော်တယ်ကမ္ဘာကို မသွားတော့ဘူး၊ ဖေဖေဘေးမှာနေပြီး နှစ်တစ်သန်းလောက် ကျင့်ကြံအားထုတ်ပြီးမှ အပြင်ထွက်တော့မယ်”
ဟန်ကျွယ်ဟာ ဟန်ချင်းအာကို တအံ့တဩ ကြည့်မိလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဟန်ချင်းအာက အတည်ပြောနေတာကို တွေ့လိုက်ရမှ စိတ်သက်သာရာ ရသွားပါတယ် ‘ကြည့်ရတာ ငါ့သမီးက နားလည်သွားပြီ ထင်တယ်’
ဟန်ကျွယ်ဟာ အင်္ကျီလက်စကို ဝှေ့ယမ်းပြီး ဟန်ချင်းအာနဲ့အတူ ပျောက်ကွယ်သွားပါတယ်။
ဟုန်စဲ့မင်ယွင်ဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... နှမြောဖို့ကောင်းလိုက်တာ...”
လောကဦး ကောင်းကင်ထောင်ကြောင့် ဟုန်စဲ့မင်ယွင်ဟာ ဟန်ကျွယ်ကို အကြွင်းမဲ့ သစ္စာရှိသွားပေမဲ့ ဟန်ကျွယ်အပေါ် ထားရှိတဲ့ အတွေးတွေကတော့ ပြောင်းလဲမသွားပါဘူး။ ဟုန်စဲ့မင်ယွင်ဟာ ဟန်ကျွယ်ရဲ့ တာအိုလက်တွဲဖော် ဖြစ်ချင်နေတာ ကြာပါပြီ။ ဒါပေမဲ့ အခုအချိန်မှာ သူမက အစေခံ ဖြစ်နေတဲ့အတွက် အားပါတဲ့ နည်းလမ်းတွေကို မသုံးနိုင်ပါဘူး။
ဟုန်စဲ့မင်ယွင်ဟာ ခေါင်းခါပြီး ပျောက်ကွယ်သွားပါတယ်။
တိတ်ဆိတ်ဂိုဏ်း တပည့်တွေဟာ ဟန်ချင်းအာ အကြောင်းကို ဆွေးနွေးနေကြတုန်းပါ။ သူတို့တွေဟာ ဒီဂိုဏ်းတူညီမငယ်လေးကို တော်တော်လေး စိတ်ဝင်စားနေကြပါတယ်။ ဒီသတင်းက မကြာခင် တိတ်ဆိတ်ဂိုဏ်း တစ်ဂိုဏ်းလုံးကို ပျံ့နှံ့သွားတော့မှာပါ။
တခြားတစ်ဖက်မှာတော့ ဟန်ကျွယ်ဟာ ဟန်ချင်းအာကို တတိယ တာအိုစက်ကွင်းဆီ ပြန်ခေါ်သွားပါတယ်။
“ဖေဖေ... သမီးတို့တွေ အကြီးဆုံးအမေနဲ့ ဒုတိယအမေကို သွားမတွေ့တော့ဘူးလား” ဟန်ချင်းအာက သိချင်စိတ်နဲ့ မေးလိုက်ပါတယ်။
“သူတို့လည်း ကျင့်ကြံအားထုတ်နေကြာတာ၊ အကြောင်းမရှိရင် သူတို့ကို မနှောင့်ယှက်နဲ့၊ ငါတို့မှာ အချိန် မရှားဘူး”
ဟန်ချင်းအာဟာ ဒီစကားက အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရပါတယ်။ အဲဒီနောက် ဟန်ချင်းအာဟာ ဟန်ကျွယ် ညာလက်မောင်းကို ဆုပ်ကိုင်ပြီး ချွဲလိုက်ပါတယ် “ဖေဖေ... သမီးကို ဖေဖေရဲ့အကြောင်း ထပ်ပြောပြပါလား...”
ဟန်ချင်းအာဟာ သူ့အဖေအကြောင်းကို တော်တော်လေး စိတ်ဝင်စားလာပါတယ်။
ဟန်ကျွယ်ဟာ ဘာတစ်ခုမှ ဖုံးကွယ်ခြင်းမရှိဘဲ သူ့ဇာတ်လမ်းကို နောက်တစ်ခေါက် ထပ်ပြောပြလိုက်ပါတယ်။ ချင်းလွမ်အာနဲ့ မတူတာက ဟန်ကျွယ်ဟာ သူ့သမီးကို အစွမ်းပြချင်ပါတယ်။ ဒါကြောင့် ရန်သူအကြောင်းကို ပြောတဲ့အခါ သူတို့ရဲ့ စွမ်းအားကို တမင် ပုံကြီးချဲ့ပြီး ပြောပါတယ်။ တစ်ခါတစ်ရံမှာ စိတ်ဝင်တစား နားထောင်နေတဲ့ ဟန်ချင်းအာဆီကနေ အာမေဋိတ်သံတွေ ထွက်ပေါ်လာပါတယ်။
လေးငါးဆယ်နာရီကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ပြောလို့ ပြီးသွားပါတယ်။ ဟန်ကျွယ်ဟာ အတွေ့အကြုံအများကြီး မရှိပေမဲ့ အတွေ့အကြုံတိုင်းက ကိစ္စကြီးတွေပါ။ ဘယ်အတွေ့အကြုံကိုမဆို ဝတ္ထုရှည်တစ်ပုဒ် ရေးလို့ ရပါတယ်။ နောက်ပြီး ဟန်ကျွယ်ဟာ အမှောင်သခင်ကြီး အကြောင်းကို မပြောရသေးပါဘူး။
ဟန်ကျွယ်ဟာ ဟန်ချင်းအာကို ကြည့်လိုက်တဲ့အခါ လေးစားမှုတွေ ပြည့်နှက်နေတဲ့ မျက်နှာကို မြင်လိုက်ရတာကြောင့် ဟန်ကျွယ်ဟာ ဝမ်းသာပီတိ ဂွမ်းဆီထိ ဖြစ်သွားပါတယ်။
“ဖေဖေ... ဖေဖေက အရမ်းစွမ်းအားကြီးတာပဲ၊ သမီးလည်း ဖေဖေလို ဖြစ်ချင်တယ်၊ သမီးလည်း သမီးရန်သူတွေထက် အမြဲတမ်း စွမ်းအားကြီးနေအောင် ကျင့်ကြံအားထုတ်ချင်တယ်” ဟန်ချင်းအာ သူ့ဘဝပန်းတိုင်ကို ရှာတွေ့သွားသလိုမျိုး စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ရတယ်၊ နောက်ကျလို့ သမီးအစ်ကို ပြန်လာရင် သမီးတို့နှစ်ယောက်ကို တိုက်ခိုက်ခိုင်းမယ်၊ အဲဒီအချိန်ကျရင် သမီးက သမီးအစ်ကိုကို အနိုင်ယူပြီး အိမ်မှာနေတာ အကောင်းဆုံး ဆိုတာကို သမီးအစ်ကို နားလည်သွားအောင် လုပ်ပေးရမယ်”
“သမီးအရည်အချင်းကို စိတ်သာချနေလိုက်” ဟန်ချင်းအာဟာ ခေါင်းမော့ ရင်ကော့ပြီး ပြောလိုက်ပါတယ်။ အဲဒီနောက် ဟန်ချင်းအာဟာ လက်ဝှေ့ယမ်းပြီး ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။ အဲဒီနောက် ကော်ဇောပေါ်ထိုင်ပြီး စကျင့်ကြံပါတယ်။ ဟန်ကျွယ်ရဲ့ နောက်ထပ် ခြေလှမ်းက အဆင့်တက်ဖို့ပါ။
သစ်ပင်အိုကြီးအောက်က ချင်းလွမ်အာဟာ လေပြည်တစ်ခုကို ခံစားလိုက်ရတာကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ သူ့ရှေ့မှာ ရပ်နေတဲ့ ဟန်ချင်းအာကို တွေ့လိုက်ရပါတယ်။
“ချင်းအာ... ဘာလို့ ပြန်လာတာလဲ” ချင်းလွမ်အာက တအံ့တဩ မေးလိုက်ပါတယ်။
ဟန်ချင်းအာဟာ ပြုံးလိုက်ပါတယ် “မေမေ... ကျင့်ကြံတာက ပိုပြီး အရေးကြီးတယ်ဆိုတာကို သမီးနားလည်သွားပြီ”
ဟန်ချင်းအာဟာ ဆက်ပြီး မရှင်းပြတော့ဘဲ သူ့အမေဘေးမှာ ထိုင်ကာ စကျင့်ကြံပါတယ်။
ချင်းလွမ်အာဟာ သူ့သမီးကို ကြောင်ပြီး ကြည့်နေမိလိုက်ပါတယ်။ အကြောင်းတချို့ကြောင့် ချင်းလွမ်အာဟာ ဟန်ကျွယ်ရဲ့ ပုံရိပ်ကို သူ့သမီးဆီမှာ တွေ့လိုက်ရပါတယ်။ ဒါက ရုပ်ရည်မဟုတ်ပါဘူး။ ခံစားချက်သက်သက်ပါ။
ချင်းလွမ်အာဟာ ဟန်ကျွယ် ဘာလုပ်လိုက်လို့ ဟန်ချင်းအာရဲ့ စရိုက်က ဒီလိုပြောင်းလဲသွားလဲဆိုတာကို သိချင်သွားပါတယ်။
မှောင်မိုက်တဲ့ ဟင်းလင်းပြင်မှာ ပျက်စီးယိုယွင်းနေတဲ့ ဧရာမ သစ်သား သင်္ဘောကြီးတစ်စင်း ခရီးနှင်နေပါတယ်။ မမြင်နိုင်တဲ့ သားရဲတစ်ကောင်က သင်္ဘောကြီးကို ဆွဲနေသလိုပါပဲ။ ဒဏ်ခတ်သမားငါးဖော်ဟာ သင်္ဘောပေါ်မှာ ကျင့်ကြံအားထုတ်နေကြပါတယ်။
ယီတျန် ပျင်းနေတုန်းမှာပဲ ဟန်ထော်က တိတ်တခိုး ပြုံးနေတာကို တွေ့လိုက်ရပါတယ် “မင်း ဘာရယ်နေတာလဲ၊ မင်းပုံစံက မဟုတ်သေးဘူး” ယီတျန်ဟာ သမ်းပြီး သာမန်ကာလျှံကာ ပြောလိုက်ပါတယ်။
ဟန်ထော်ဟာ မျက်လုံးပင့်တက်သွားပါတယ် “ငါ့မှာ ညီမတစ်ယောက် ရှိသွားပြီ”
ယီတျန်ဟာ ချက်ချင်း နိုးကြားသွားပါတယ် “ငါတို့ညီမနာမည်က ဘယ်လိုခေါ်လဲ”
“ဘာညီမလဲ”
“ဟီးဟီး... ငါက မင်းအစ်ကိုလေ”
“ဟီးဟီး...”
“ငါ့ကို မြန်မြန် ပြောစမ်းပါ”
“ညီမလေး နာမည်က ဟန်ချင်းအာ၊ လွန်ခဲ့တဲ့ နှစ်နှစ်သိန်းက မွေးဖွားလာခဲ့တာ၊ အခု ညီမလေးက တာအိုပညာရှိအတု ဖြစ်နေပြီ... အဖေ့ဘေးနားမှာ ကျင့်ကြံအားထုတ်နေတယ်”
“အထင်ကြီးဖို့ ကောင်းလိုက်တာ၊ ခေါင်းကိုင်အဖေရဲ့ သမီးလို့ မပြောရဘူး၊ မင်းရဲ့ ဂိုဏ်းတူအစ်ကိုတွေကို မေးပေးစမ်းပါ၊ ခေါင်းကိုင်အဖေက ငါ့ကို ဘယ်တော့မှ အသိအမှတ်ပြုမှာလဲလို့”
ယီတျန်ဟာ ခေါင်းကုတ်လိုက်ပါတယ်။ ယီတျန်ဟာ ဒဏ်ခတ်သမားငါးဖော်ထဲက တစ်ပါး ဖြစ်လာပြီးနောက် ဘယ်တည်ရှိမှုမဆို သူတို့ ဒဏ်ခတ်သမားငါးဖော်ကို တွေ့တာနဲ့ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုး ဖြစ်သွားကြတာချည်းပါပဲ။ ဒါကြောင့် ယီတျန်ဟာ ပန်းတိုင်ပျောက်ပြီး ရင်ထဲမှာ ဒူးရင်းသီး သီးသွားပါတယ်။ ဒါကြောင့် ယီတျန်ဟာ အမြဲတမ်းလိုလို တိုက်ခိုက်ဖို့အတွက် တခြား ဒဏ်ခတ်သမားသုံးဖော်ဆီ သွားပါတယ်။
ဒီလိုအခြေအနေမှာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ စိတ်ဝိညာဉ်သားတော် ဖြစ်လာဖို့က ယီတျန် အမျှော်လင့်ဆုံးအရာ ဖြစ်လာပါတယ်။
ဟန်ထော်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ဟွန်း... ငါ့ဂိုဏ်းတူအစ်ကိုတွေက အပြင်မှာ လျှောက်သွားနေတာ၊ ငါ သူတို့ကို ဘယ်လို မေးရမှာလဲ”
“ဒါလည်း ဟုတ်တာပဲ၊ တာအိုအရှင်သခင်၊ ကျောက်ရွှမ်ယွမ်နဲ့ ကျန်းယီတို့ကို နေရာတကာမှာ ပြဿနာလိုက်ရှာနေကြတာ၊ မဟာတာအို နတ်စိတ်ဝိညာဉ် တော်တော်များများက သူတို့ကို တိုင်ကြားထားတယ်၊ ပြောရရင် သူတို့က ငါ့ကို ကျေးဇူးကြွေးတစ်ခု တင်နေတယ်”
ယီတျန်ဟာ သွားပေါ်အောင် ပြုံးပြီး မျက်လုံးပင့်တက်လိုက်ပါတယ်။ သူ ဘာတွေးနေတယ်ဆိုတာကိုတော့ သူကလွဲပြီး ဘယ်သူသိနိုင်မှာလဲ။
ဟန်ထော်ဟာ စကားပြောဖို့ ပြင်လိုက်ပေမဲ့ ဧရာ သစ်သား သင်္ဘောကြီး ရုတ်တရက် တုန်ခါသွားပါတယ်။ ဒီအဖြစ်ကြောင့် ဒဏ်ခတ်သမားငါးဖော်ဟာ တစ်ယောက်ပြီး တစ်ယောက် မတ်တတ်ရပ်လိုက်ကြပါတယ်။
ဟန်ထော်ဟာ ရှေ့ကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။ အမှောင်ထုထဲမှာ ဧရာ ကျောက်ချပ်ကြီးတစ်ချပ် ပေါ်လာပါတယ်။ ဒီကျောက်ချပ်ကြီးဟာ တွင်းတွေနဲ့ ဇကာပေါက်လို ဖြစ်နေပါတယ်။
ဒီအချိန်မှာ ကြောက်မက်ဖွယ် လေပြင်းတစ်ခု တိုက်ခိုက်လာပြီး သစ်သားသင်္ဘောကြီးကို ခုခံလိုက်ပါတယ်။
“ဒါက ဘာကြီးလဲဟ...” ယီတျန်က မတိုးမကျယ် မေးလိုက်ပါတယ်။
ဧရာမကျောက်ချပ်ကြီးပေါ်မှာ တွင်းပေါက်တွေ မရေမတွက်နိုင်အောင် ရှိနေပြီး တစ်စုံတစ်ခု တွားသွားနေသလိုပါပဲ။ ဒီတွင်းတွေဟာ ပိုးကောင်လိုလို အရိုးလိုလိုနဲ့ သရဲဆန်ပြီး ကြောက်ဖို့ကောင်းလှပါတယ်။
အကြောင်းတချို့ကြောင့် ဟန်ထော်ဟာ နှလုံးခုန် မြန်လာပြီး မခံစားရတာကြာပြီ ဖြစ်တဲ့ မသက်မသာဖြစ်တဲ့ ခံစားချက်ကို ထပ်မံ ခံစားလိုက်ရပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။