ကမ္ဘာဖျက်ပိုးကောင်
Vol. 84 Ch. 887
ဟန်ကျွယ်ဟာ သူ့လက်ဝါးပေါ်က ကျောက်ချပ်ကြီးကို စိုက်ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ အထွတ်အထိပ် စွမ်းအားအောက်မှာ ဧရာမကျောက်ချပ်ကြီးက သေးသေးလေး ဖြစ်သွားပါတယ်။ ထူထပ် သိပ်သည်းလှတဲ့ တွင်းပေါက်တွေဟာ မရေတွက်နိုင်တဲ့ အနက်ရောင် အစက်တွေ ဖြစ်သွားပါတယ်။
ဟန်ကျွယ်ရဲ့ တာအိုပညာရှိအာရုံဟာ ကျောက်ချပ်ကြီးထဲ ထိုးဖောက်ဝင်သွားတဲ့အခါမှာ ကျောက်ချပ်ထဲမှာရှိနေတဲ့ သက်ရှိတွေက ပိုးကောင်နက်တွေနဲ့ သွားတူနေတာကို တွေ့လိုက်ရပါတယ်။ သူတို့ခန္ဓာကိုယ်ကို အနက်ရောင် မြူခိုးတွေက ဝန်းရံထားပြီး သရဲတွေနဲ့ သွားတူနေပါတယ်။
ဒီသက်ရှိတွေက အသိဉာဏ် မရှိပါဘူး။ သူတို့က ပုရွက်ဆိတ်လိုမျိုးပါပဲ။ သူတို့ထဲက အကြီးဆုံး ပိုးကောင်ဟာ ဥတွေ ဆက်တိုက် ဥနေပါတယ်။
“ဟင်...”
ဟန်ကျွယ်ဟာ တအံ့တဩ ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပိုးကောင်နက်တွေပေါ်မှာရှိတဲ့ ရောင်ဝါနက်တွေက သူ့ရဲ့ တာအိုပညာရှိအာရုံကို ဝါးမျိုလိုက်လို့ပါ။ ဝါးမျိုခံရတဲ့ ပမာဏက အရမ်းနည်းပါးတယ်ဆိုပေမဲ့ ပိုးကောင်နက်တွေမှာ ဒီအရည်အချင်း ရှိတာနဲ့တင် ထူးဆန်းလှပါပြီ။ ဟန်ကျွယ်က သာမန်လူ မဟုတ်ပါဘူး။ ပဋိပက္ခရဲ့ အထွတ်အထိပ် တည်ရှိမှုဖြစ်တဲ့ တာအိုပညာရှိချုပ်ပါ။
တာအိုပညာရှိချုပ်ရဲ့ တာအိုပညာရှိအာရုံကိုတောင် ဝါးမျိုနိုင်ရင် ကျန်တဲ့လူတွေက ဒီပိုးကောင်တွေကို ဘယ်လိုလုပ်ပြီး တားဆီးနိုင်မှာလဲ။ အရေးအကြီးဆုံးကတော့ ဒီပိုးကောင်နက်တွေဟာ အခုထိ အရွယ်မရောက်သေးပါဘူး။
ဟန်ကျွယ်ဟာ ကြက်သီး တဖြန်းဖြန်း ထသွားပါတယ် ‘ဘိုးဘေးရှန်ယင်က ဒီကောင်တွေကို အရွယ်ရောက်လာတဲ့အထိ ပျိုးထောင်ခဲ့ရင် ဒီပိုးကောင်နက်တွေရဲ့ စွမ်းအားက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းမလဲ မသိဘူး’
‘မဟုတ်သေးပါဘူး.... ဒီပိုးကောင်နက်တွေက ဒီလောက်စွမ်းအားကြီးရင် ဘိုးဘေးရှန်ယင်က ဘာဖြစ်လို့ ဒီကျောက်ချပ်နဲ့ အစွမ်းလိုက်ပြနေမှာလဲ’
ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ငါ ဒီပိုးကောင်တွေရဲ့ ဇာစ်မြစ်ကို သိချင်တယ်”
[သက်တမ်း ၁ ထရီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘တန်ဖိုး မြင့်လှချည်လား...’
ဒီတန်ဖိုးက နတ်စိတ်ဝိညာဉ်ခေါင်းဆောင်နဲ့ သွားညီမျှနေပါတယ်။
ဟန်ကျွယ်ဟာ ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။
[ကမ္ဘာဖျက်ပိုးကောင်: ပဋိပက္ခ ကနဦး၌ မွေးဖွားလာခဲ့သည်။ အထွတ်အထိပ် နိယာမ ခုနစ်ပါးက လောကဦးပဋိပက္ခ၏ လက်ကျန်စိတ်ဆန္ဒကို ဖိနှိပ်သောအချိန်၌ မွေးဖွားလာခဲ့သဖြင့် မှော်စွမ်းအားနှင့် အာရုံများကို ဝါးမျိုနိုင်သည်။ လောကဦးချီ မရှိသောကြောင့် ဘယ်သောအခါမျှ ကြီးထွားနိုင်ခြင်း မရှိဘဲ ကျောက်ချပ်ထဲ၌သာ ထာဝရချုပ်နှောင်ခံထားရသည်။]
‘အထင်ကြီးဖို့ ကောင်းလှချည်လား... ဒီကောင်တွေက မှော်စွမ်းအားနဲ့ အာရုံကို ဝါးမျိုနိုင်တယ်’
‘ကြီးပြင်းလာဖို့ လောကဦးချီ လိုတယ်၊ ဘိုးဘေးရှန်ယင်က ဒီကောင်တွေကို နေရာတကာ ယူသွားရဲတာ အံ့ဩစရာ မရှိတော့ပါဘူး’
ဘိုးဘေးရှန်ယင်က ကမ္ဘာဖျက်ပိုးကောင်တွေကို သိပ်ပြီး အများကြီး တွေးထားပုံ မရပါဘူး။ ဒါပေမဲ့ ဒီပိုးကောင်တွေကို ချုပ်နှောင်ထားတဲ့ ကျောက်ချပ်က ပဋိပက္ခ အကောင်းစားရတနာပါ။ ပဋိပက္ခ အကောင်းစား ရတနာက မဟာတာအို အထွတ်အထိပ် ရတနာနဲ့ ညီမျှပါတယ်။ ဒါက မဟာတာအိုပညာရှိချုပ်တွေတောင် လိုချင်တဲ့ အကောင်းစား ရတနာပါ။
ဒီအထက်မှာ ပဋိပက္ခထဲက သက်ရှိတွေ မသိတဲ့ အန္တိမတာအိုရတနာပဲ ရှိပါတော့တယ်။
ဟန်ကျွယ်ဟာ ပင်မတာအိုစက်ကွင်းကို ပြန်ပြီး ဒီကျောက်ချပ်ကို လောကဦး ကောင်းကင်ထောင်ထဲ ထည့်လိုက်ပါတယ်။ လောကဦး ကောင်းကင်ထောင်က အသွင်သဏ္ဍာန်မဲ့ပြီး နေရာ အတည်တကျ မရှိပါဘူး။ ဟန်ကျွယ် ကိုယ်တိုင် ခေါ်ယူမှ ပေါ်လာတာပါ။
ဟန်ကျွယ်ဟာ လောကဦး ကောင်းကင်ထောင်နဲ့ ကမ္ဘာဖျက်ပိုးကောင်တွေကို ကျွန်ပြုချင်တာပါ။ ဒီနည်းလမ်းက အလုပ်ဖြစ်မလားတော့ ဟန်ကျွယ် မသိသေးပါဘူး။
ဟန်ကျွယ်ဟာ ဒီကမ္ဘာဖျက်ပိုးကောင်တွေကို ထောက်လှမ်းဖို့ စိတ်ဆန္ဒတစ်ခုထားခဲ့ပြီး တတိယ တာအိုစက်ကွင်းဆီ ပြန်ပါတယ်။
ဟန်ကျွယ်ဟာ ဘိုးဘေးရှန်ယင်ကို အိပ်မက်ပေးလိုက်ပါတယ်။
အိပ်မက်နယ်မြေ။
ဘိုးဘေးရှန်ယင်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် မျက်နှာတစ်ခုလုံး ချက်ချင်း မည်းမှောင်သွားပါတယ်။ ဘိုးဘေးရှန်ယင်ဟာ တုန်လှုပ်ချောက်ချားသွားပေမဲ့ ဒါက အိပ်မက်တစ်ခုဆိုတာကို အာရုံခံမိတဲ့အတွက် ကြောက်စရာမလိုဘူးလို့ သူ့ကိုယ်သူ အားပေးလိုက်ပါတယ်။
“မင်းက ငါ့ရတနာကို ယူသွားတယ်၊ ဒီကံတရားက ဖြစ်ပေါ်ပြီးပြီ” ဘိုးဘေးရှန်ယင်က အေးစက်စွာ ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “မင်းက အခုလက်ရှိ ပဋိပက္ခကို နားမလည်ဘူးလား၊ မင်း ဘယ်သူ့ကို ဖမ်းလိုက်လဲဆိုတာ မင်း သိလား”
“အဲဒါ မင်းရဲ့ သား မဟုတ်ဘူးလား”
“မဟုတ်ဘူး၊ သူတို့က မဟာတာအို နတ်စိတ်ဝိညာဉ်တွေကို ကြီးကြပ်ဖို့ နတ်စိတ်ဝိညာဉ်ခေါင်းဆောင် ကိုယ်တိုင် တာဝန်ပေးထားတဲ့ ဒဏ်ခတ်သမားငါးဖော်၊ မင်း အပြစ်က ဘယ်လောက်ကြီးလဲဆိုတာ သိပြီလား၊ နတ်စိတ်ဝိညာဉ် ခေါင်းဆောင်က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး”
ဟန်ကျွယ်ဟာ သာမန်ကာလျှံကာ ပြောဆိုရင်းက ထူးဆန်းတယ်လို့ ခံစားလိုက်ရပါတယ် ‘ဒီကောင်က မဟာတာအိုပညာရှိတွေထဲမှာ ထိပ်တန်း တည်ရှိမှုပါ၊ ဘာဖြစ်လို့ ပဋိပက္ခအကြောင်းကို တစ်လုံးမှ မသိသလိုမျိုး ဖြစ်နေရတာလဲ’
ဘိုးဘေးရှန်ယင်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “နတ်စိတ်ဝိညာဉ် ခေါင်းဆောင်က ဘယ်သူလဲ”
“မင်း ဘယ်က လာတာလဲ”
“ငါ...”
ဘိုးဘေးရှန်ယင်ဟာ တွန့်ဆုတ်သွားပါတယ်။ ဘိုးဘေးရှန်ယင်ဟာ ငတုံး မဟုတ်တဲ့အတွက် ပဋိပက္ခက သူ ထင်ထားသလို မဟုတ်မှန်း သိလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ နည်းလမ်းတွေတောင် ဒီလောက် ထူးဆန်းနေရင် နတ်စိတ်ဝိညာဉ် ခေါင်းဆောင်က ဒီထက်မက ပိုစွမ်းမယ်လို့လည်း ခန့်မှန်းလိုက်ပါတယ်။
ဘိုးဘေးရှန်ယင်ဟာ ပဋိပက္ခထဲကို ပြန်ရောက်ရောက်ချင်း ပဋိပက္ခထဲမှာ မဟာတာအိုပညာရှိတွေ အများကြီး မရှိတာကို ရှာတွေ့သွားတဲ့အတွက် အကြောက်အရွံ့မရှိဘဲ ပဋိပက္ခနတ်ဘီလူးကို ဖမ်းရဲတာပါ။
ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်း ဘယ်ကနေ လာတာလဲ၊ ငါ့ကို ပြောစမ်းပါ”
ဘိုးဘေးရှန်ယင်ဟာ ဟန်ကျွယ်က မာနမရှိတဲ့အတွက် စိတ်ထဲမှာ နှာခေါင်းရှုံ့လိုက်ပါတယ် ‘ကြည့်ရတာ ဒီကောင်က ကျင့်ကြံမှုပဲ ရှိပြီး သတ္တိမရှိဘူးနဲ့ တူတယ်၊ ဒါကြောင့် နတ်စိတ်ဝိညာဉ်ခေါင်းဆောင်ရဲ့ နောက်လိုက်ခွေး ဖြစ်နေတာ ဖြစ်ရမယ်’
ဘိုးဘေးရှန်ယင်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ငါ ပဋိပက္ခ အောက်ခြေမှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ဖိနှိပ်ခံထားခဲ့ရတာ၊ ငါ တိုက်ခိုက်ပြီး ပြန်ထွက်လာတာ”
‘လာပြန်ပြီလား ပဋိပက္ခအောက်ခြေ... ဒါဆို ဒီကောင်က အန္တိမဒဏ်ခတ်နတ်မင်းကို မသိဘူးလား’ ဟန်ကျွယ်ဟာ ဒီမေးခွန်းကို မေးချင်ပေမဲ့ သေချာစဉ်းစားပြီးနောက် မမေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဘိုးဘေးရှန်ယင်က အန္တိမဒဏ်ခတ်နတ်မင်းကို သိတယ်လို့ ပြောလိုက်တာနဲ့ ကံရေစက် ဖြစ်ပေါ်သွားမှာပါ။ ဒီလိုဆို အန္တိမဒဏ်ခတ်နတ်မင်းက ဒီအကြောင်းကို သိသွားမှာပါ။ အကောင်းဆုံးက ဘိုးဘေးရှန်ယင်ကို တစ်ခါတည်း သတ်ပစ်တာပါ။ ကြယ်ခြောက်ပွင့် မုန်းတီးမှုက ဖြေဖျောက်ဖို့လွယ်တဲ့ မုန်းတီးမှု မဟုတ်ပါဘူး။
ဘိုးဘေးရှန်ယင်ဟာ ဟန်ကျွယ် တိတ်ဆိတ်နေတာကို တွေ့လိုက်ရတဲ့အခါ ပိုပြီးတော့ သေချာသွားပါတယ် “ငါ့ရတနာကို မြန်မြန် ပြန်ပေးစမ်း”
ဟန်ကျွယ်ဟာ ဟွမ်သွမ့်ဓားကို ထုတ်ယူပြီး အမှောင်တားမြစ်ဇုန်နဲ့ အိပ်မက်ကို အစစ်အမှန်ဖြစ်အောင် ပြောင်းလဲကာ ဘိုးဘေးရှန်ယင်ရဲ့ ခန္ဓာကိုယ်ကို အိပ်မက်ထဲ ဆွဲသွင်းလိုက်ပါတယ်။
ချက်ချင်းဆိုသလို ဘိုးဘေးရှန်ယင်ဟာ တစ်စုံတစ်ခုကို အာရုံခံမိပြီး မျက်နှာအကြီးအကျယ် ပျက်သွားပါတယ်။
ဟန်ကျွယ်ဟာ ဟွမ်သွမ့်ဓားကို ဝှေ့ယမ်းပြီး အစွမ်းကုန် တိုက်ခိုက်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဓမ္မရုပ်တုပေါင်းစပ်တဲ့ နည်းလမ်းကိုတောင် အသုံးမပြုလိုက်ပါဘူး။ ဟန်ကျွယ်ရဲ့ အထွတ်အထိပ် စွမ်းအား တစ်ခုတည်းနဲ့တင် ဘိုးဘေးရှန်ယင်ကို သတ်ပစ်ဖို့ လုံလောက်ပါတယ်။
ဘိုးဘေးရှန်ယင်ဟာ လန့်ဖျပ်သွားပါတယ်။ ဒါပေမဲ့ တုံ့ပြန်ချိန် မရလိုက်ဘဲ ဟန်ကျွယ်ရဲ့ ဓားချီအောက်မှာ အသက်ပျောက်သွားပါတယ်။
အိပ်မက်လည်း ကွဲကြေသွားပါတယ်။
ဟန်ကျွယ်ရဲ့ စိတ်ဆန္ဒဟာ အစစ်အမှန်ကို ပြန်ရောက်သွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး လူမှုဆက်ဆံရေးကို ဖွင့်ကြည့်လိုက်ပါတယ်။ ဘိုးဘေးရှန်ယင်ရဲ့ ပုံရိပ်က လူမှုဆက်ဆံရေးထဲမှာ ရှိမနေတော့ပါဘူး။ ဘိုးဘေးရှန်ယင် သေတာ သေချာသွားပါပြီ။
ဟန်ကျွယ်ဟာ ဘိုးဘေးရှန်ယင်ကို သတ်နိုင်လိုက်လို့ စိတ်လှုပ်ရှားခြင်း မရှိပါဘူး။ ဟန်ကျွယ်က သာမန် မဟာတာအိုပညာရှိချုပ် မဟုတ်ပါဘူး။ ဓားရူးတာအိုပညာရှိ နှစ်သောင်းခွဲကို သတ်ဖြတ်နိုင်တဲ့ မဟာတာအိုပညာရှိချုပ်ပါ။ ဘိုဘေးရှန်ယင်က မဟာတာအို အထွတ်အထိပ်အဆင့်တောင် မရောက်သေးပါဘူး။
“ပဋိပက္ခ အောက်ခြေ...” ဟန်ကျွယ်ဟာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ မဟာတာအို အထွတ်အထိပ် အလယ်အဆင့်က ဟန်ကျွယ်အတွက် မလုံလောက်သေးပါဘူး။ ဟန်ကျွယ်ဟာ ဒီထက် စွမ်းအားပိုကြီးချင်ပါသေးတယ်။
တာအိုဖန်တီးရှင်အဆင့်က ဟန်ကျွယ်ရဲ့ ပန်းတိုင်ငယ်လေး တစ်ခုပါ။ ဖန်တီးရှင်သခင် အဆင့်ကတော့ ဟန်ကျွယ်ရဲ့ ရေရှည်ပန်းတိုင်ပါ။ ဖန်တီးရှင်သခင်ကို ကျော်လွန်ဖို့က ဟန်ကျွယ်ရဲ့ အန္တိမပန်းတိုင်ပါ။
.....
စက်ဝိုင်းပုံ ကျောက်သား စင်မြင့်တွေဟာ ကောင်းကင်ပြာအောက်က တိမ်ဖြူတွေကြားမှာ ပေါလော မျောနေပါတယ်။ အမြင့်ဆုံး ကျောက်သားစင်မြင့်ပေါ်မှာ ဒဏ်ခတ်သမားငါးဖော်ဟာ အန္တိမဒဏ်ခတ်နတ်မင်းရှေ့ မတ်တတ်ရပ်နေကြပါတယ်။
အန္တိမဒဏ်ခတ်နတ်မင်းဟာ သလင်းကျောက် ပလ္လင်ပေါ်မှာ ထိုင်နေပါတယ်။ သလင်းကျောက်ထဲမှာ သွေးချီတွေ ထိုးထွက်နေတဲ့အတွက် မြင်တွေ့ရသူတိုင်းကို ကျောချမ်းစေပါတယ်။
အန္တိမဒဏ်ခတ်နတ်မင်းဟာ ညာလက်ညှိုးနဲ့ ပလ္လင်လက်တန်းကို တောက်ရင်း အတွေးများသွားပါတယ်။
ယီတျန်ဟာ စိတ်မရှည်ဖြစ်လာပါတယ် “တန်ခိုးရှင်နတ်ဘုရား... ဒီကောင်ရဲ့ နောက်ခံက ကျွန်တော်တို့ မသိဘူး၊ ဒီလိုမျိုး တည်ရှိမှုက ပဋိပက္ခမှာ ရုတ်တရက် ပေါ်လာပြီး ပဋိပက္ခ နတ်ဘီလူးတွေကို လိုက်ဖမ်းနေတာက ရှုံဟွာအင်အားစုရဲ့ လက်ချက်များလား...”
ယီတျန်ဟာ ဘိုးဘေးရှန်ယင်ကို တွေးမိတာနဲ့ ဒေါသထွက်သွားပါတယ်။ ယီတျန်ဟာ ဒီလိုမျိုး မကျေမနပ်ဖြစ်တာ အတော်ကြာခဲ့ပါပြီ။
အန္တိမဒဏ်ခတ်နတ်မင်းက တစ်လုံးချင်း ပြောလိုက်ပါတယ် “သူ့နာမည်က ဘိုးဘေးရှန်ယင်၊ သူက ပဋိပက္ခအောက်ခြေကနေ လာတာ၊ ဟန်ထော်..ယီတျန်... မင်းတို့နှစ်ယောက်လည်း ပဋိပက္ခ အောက်ခြေကို ရောက်ဖူးတယ်မလား၊ အဲဒီနေရာက ဘယ်လောက်ထိ ကြောက်ဖို့ကောင်းတယ်ဆိုတာ မင်းတို့လည်း သိမှာပါ”
ဟန်ထော်နဲ့ ယီတျန်ဟာ မျက်နှာ အကြီးအကျယ် ပျက်သွားပါတယ်။
ပဋိပက္ခအောက်ခြေမှာ ဖိနှိပ်ခံရတာက ဟန်ထော်နဲ့ ယီတျန်အတွက် အိပ်မက်ဆိုးတစ်ခုပါ။ သူတို့တွေ ရှင်သန်နိုင်ခဲ့တယ်ဆိုပေမဲ့ အဲဒီတုန်းက အဖြစ်အပျက်တွေက သူတို့တစ်သက် မေ့နိုင်မှာ မဟုတ်ပါဘူး။ အဲဒီအချိန်တုန်းက ဘယ်ဘက်ကိုပဲကြည့်ကြည့် ကြောက်ဖို့ကောင်းတဲ့ ရောင်ဝါတွေချည်းပါပဲ။ အခုအချိန် ပြန်တွေးကြည့်ရင်တောင် ဟန်ထော်နဲ့ ယီတျန်ဟာ ကျောချမ်းသွားကြပါတယ်။
အန္တိမဒဏ်ခတ်နတ်မင်းက ပြောလိုက်ပါတယ် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ လှုပ်ရှားမှတော့ ဘိုးဘေးရှန်ယင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး၊ ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်ကြရအောင်၊ ပဋိပက္ခမှာ လုံလောက်တဲ့ အင်အားမရှိခင် မင်းတို့တွေ ပဋိပက္ခရဲ့ အနိမ့်ဆုံးအဆင့်ကို ဘယ်တော့မှ ခြေဦးမလှည့်မိစေနဲ့”
အန္တိမဒဏ်ခတ်နတ်မင်းဟာ ပဋိပက္ခအောက်ခြေကနေ တိုက်ခိုက်ပြီး ထွက်လာခဲ့တာမလို့ ပဋိပက္ခ အောက်ခြေက ဘယ်လောက်ထိ ကြောက်ဖို့ကောင်းတယ်ဆိုတာကို ကောင်းကောင်းကြီး သိပါတယ်။ အဲဒီနောက် အန္တိမဒဏ်ခတ်နတ်မင်းက စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ် “ငါ မင်းတို့ကို တာဝန်အသစ်တစ်ခု ပေးမယ်”
“ပြောပါ” ဟန်ထော်က ပြောလိုက်ပါတယ်။
အန္တိမဒဏ်ခတ်နတ်မင်းဟာ မျက်လုံးကျဉ်းပြီး ပြောလိုက်ပါတယ် “ငါ မင်းတို့ကို ရှေးပျက်သုန်း နယ်မြေဆီ သွားပြီး စုံစမ်းစေချင်တယ်၊ မင်းတို့တွေ မြင်တွေ့ ကြားသိရသမျှကို ပြန်ပြောချည်”
ယီတျန်က တအံ့တဩ မေးလိုက်ပါတယ် “တွက်ချက်လို့ မရဘူးလား”
ဟန်ထော်နဲ့ တခြားဒဏ်ခတ်သမား သုံးဖော်ဟာ ယီတျန်ကို မျက်လုံးစိမ်းကြီးတွေနဲ့ ကြည့်လိုက်ကြပါတယ်။
အန္တိမဒဏ်ခတ်နတ်မင်းက ရယ်မောလိုက်ပါတယ် “ပန်ကူးက ကံရေစက် နိယာမကို ဖြတ်တောက်ပစ်လိုက်တယ်၊ ပဋိပက္ခရဲ့ နေရာအများစုက နေရာတစ်ခုလို့ ယူဆလို့ရတာ မဟုတ်ဘူး၊ ရှေးပျက်သုန်းနယ်မြေကတော့ ပြောမနေနဲ့၊ ငါ အဲဒီကို ကိုယ်တိုင် မသွားတာက ထောက်ထားစရာတွေ ရှိနေလို့”
မြန်မာပြည် ငြိမ်းချမ်းပါစေ။