ကျန်းကျွယ်ရှီ ခေါင်းညွှတ်ခြင်း
Vol. 85 Ch. 891
ချင်းလွမ်အာဟာ သူ့သမီးရဲ့ အမူအရာကိုကြည့်ပြီး ဟန်ကျွယ်ပြောသလိုမျိုး မရိုးရှင်းဘူးဆိုတာကို သိလိုက်ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ကို မျက်လုံးစိမ်းကြီးနဲ့ ကြည့်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ နည်းနည်း အနေရခက်သွားပါတယ် “ငါ ချင်းအာကို ပဋိပက္ခအစည်းအဝေးမှာ ဝင်ပြိုင်စေချင်တယ်၊ အဲဒါကြောင့် တင်းကျပ်နေတာ”
‘ပဋိပက္ခ အစည်းအဝေး...’ ချင်းလွမ်အာနဲ့ ဟန်ချင်းအာ နှစ်ယောက်စလုံး စိတ်ဝင်စားသွားကြပါတယ်။
ဟန်ကျွယ်ဟာ ဘာမှမဖုံးကွယ်ဘဲ ပဋိပက္ခ အစည်းအဝေးအကြောင်း ပြောပြလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဟန်ချင်းအာက တာအိုရသွားပါပြီ။ ဆက်ပြီးတော့ ဖုံးကွယ်ထားတာက ဘာအကျိုးကျေးဇူးမှ မရှိဘဲ မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
ဟန်ကျွယ်ဟာ ဟန်ချင်းအာကို ပဋိပက္ခ အစည်းအဝေးနဲ့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေ အကြောင်းပဲ ပြောပြပါတယ်။ ကျန်တာကိုတော့ တစ်ခွန်းမှ မဟပါဘူး။
ဟန်ချင်းအာဟာ ပဋိပက္ခ အစည်းအဝေး အကြောင်းကို စကြဝဠာခန်းမမှာ ကြားခဲ့ရပေမဲ့ ဒီလောက်ထိ ကြီးကျယ် ခမ်းနားပြီး စိတ်လှုပ်ရှားဖို့ ကောင်းလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ပါဘူး။
ဟန်ချင်းအာဟာ ချက်ချင်း စိတ်လှုပ်ရှားသွားပါတယ် “ဖေဖေ... သမီးလည်း ဝင်ပြိုင်ချင်တယ်၊ သမီးလည်း ဝင်ပြိုင်ချင်တယ်”
ချင်းလွမ်အာက ပူပန်သောကနဲ့ ပြောလိုက်ပါတယ် “ပဋိပက္ခတစ်ခုလုံးက အရမ်းကျယ်ပြန့်တယ်၊ ချင်းအာက စွမ်းအားကြီးတယ်ဆိုပေမဲ့ ပဋိပက္ခ ပါရမီရှင်တွေကို ယှဉ်ပြိုင်နိုင်ပါ့မလား၊ အရမ်း အန္တရာယ် မများလွန်းဘူးလား”
ဟန်ချင်းအာဟာ သူ့အမေစကားကို ကြားရတဲ့အခါမှာ နှိမ့်ချခံရသလိုမျိုး ခံစားလိုက်ရတာကြောင့် မကျေမနပ် ပြောလိုက်ပါတယ် “မေမေ... မေမေက သမီးကို အထင်သေးတာပဲ... နောက်ပြီး ပဋိပက္ခအစည်းအဝေးကို ဖေဖေနဲ့ နတ်စိတ်ဝိညာဉ်ခေါင်းဆောင်က ပူးတွဲ ကျင်းပတာ ဘယ်သူက သမီးကို သတ်ရဲမှာလဲ”
ဟန်ကျွယ်က အလေးအနက် ပြောလိုက်ပါတယ် “အဲဒီလိုမျိုး မတွေးနဲ့... သမီး တကယ်သေသွားနိုင်တယ်၊ ပဋိပက္ခ အစည်းအဝေးရဲ့ အထက်လူကြီးတွေက မျက်နှာကြီးရာ ဟင်းဖတ်ပါနေရင် တရားမျှတမှု ရှိတော့မှာ မဟုတ်ဘူး၊ ဒီပွဲမှာ သမီးဝင်ပြိုင်ရင် သေဖို့ပါ တစ်ခါတည်း ပြင်ဆင်ထားရလိမ့်မယ်”
ဟန်ကျွယ်စကားကို ကြားလိုက်ရတဲ့ ချင်းလွမ်အာဟာ သူ့သမီးကို ချက်ချင်း ဖျောင်းဖျပါတော့တယ်။ ဒါပေမဲ့ မရပါဘူး။
“ဟင့်အင်း... သမီး ဝင်ပြိုင်ချင်တယ်၊ သမီးက ဖေဖေရဲ့ သမီးပဲ၊ ဘာဖြစ်လို့ သာမန်ဖြစ်ရမှာလဲ၊ အစ်ကိုက ပဋိပက္ခမှာ လျှောက်သွားပြီး နာမည်တစ်ခု ရနေပြီ၊ သမီးကရော ဘာလို့ မလုပ်နိုင်ရမှာလဲ၊ နောက်ပြီး သမီးရဲ့ အစ်ကိုနှစ်ကလည်း မမွေးသေးဘဲ ပြုစုပျိုးထောင်ထားတာ နှစ်သန်းချီပြီ၊ အစ်ကိုနှစ် မွေးဖွားလာရင် ဘယ်လောက်တောင် အရည်အချင်း ရှိလိုက်မလဲ၊ မေမေ... အစ်ကိုနှစ်က မွေးဖွားလာရင် လောကတစ်ခုလုံးကို တုန်လှုပ်စေမှာ သေချာတယ်၊ မေမေက သမီးကို မိသားစုထဲမှာ အားအနည်းဆုံး ဖြစ်စေချင်တာလား” ဟန်ချင်းအာက အလေးအနက် ပြောလိုက်ပါတယ်။ ဟန်ချင်းအာရဲ့ ခေါင်းမာတဲ့ စိတ်ဓာတ်က ဟန်ကျွယ်နဲ့ တော်တော်လေး ဆင်တူပါတယ်။
“ငတုံးမလေး... သမီးက အားအနည်းဆုံး မဖြစ်ရင် ဘယ်သူ ဖြစ်ရဦးမှာလဲ၊ သမီးက အငယ်ဆုံးလေးလေ”
ဟန်ချင်းအာဟာ သူ့အမေစကားကို ပြန်မပြောနိုင်တော့ပါဘူး။
ဟန်ကျွယ်ဟာ ညီအစ်တွေလို စကားများနေတဲ့ သားအမိနှစ်ယောက်ကို ဘေးကနေကြည့်ပြီး ပြုံးမိလိုက်ပါတယ်။
အတိတ်မှာတုန်းက ချင်းလွမ်အာဟာ ဟန်ထော်ကို နည်းမျိုးစုံနဲ့ ချစ်ပြီး စကားတောင် မာမာ မပြောခဲ့ပါဘူး။ ဒါပေမဲ့ သားနဲ့ အမေ ဆက်ဆံရေးက သမီးနဲ့ အမေ ဆက်ဆံရေးလောက်တောင်တော့ မရင်းနှီးနိုင်ပါဘူး။
“တော်ပြီ... တာအိုနားထောင်ဖို့ ပြင်ဆင်တော့” ဟန်ကျွယ်ဟာ အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ပါတယ်။
ဒီစကားကြားလိုက်ရတဲ့ တတိယ တာအိုစက်ကွင်းထဲက တပည့်တွေဟာ စိတ်လှုပ်ရှားသွားကြပြီး ချက်ချင်း စုဝေးကြပါတယ်။
ဟန်ကျွယ်ဟာ နေရာမှာတင် တာအိုစတင် ဟောကြားပါတယ်။ တာအိုအသံ ထွက်ပေါ်လာတာနဲ့ သက်ရှိအားလုံး တာအိုသုံးသပ်နားလည်တဲ့ အခြေအနေကို ဝင်ရောက်သွားကြပါတယ်။
ခြောက်ကပ်နေတဲ့ ကြယ်တစ်စင်းပေါ်မှာ ကျန်းကျွယ်ရှီနဲ့ လျူပေ့ဟာ ချောက်ကမ်းပါးတစ်ခုပေါ် ထိုင်နေပါတယ်။
ကျန်းကျွယ်ရှီဟာ မျက်လုံးဖွင့်ပြီး အသက်ရှူထုတ်လိုက်ပါတယ်။
လျူပေ့ဟာ မျက်လုံးမဖွင့်ဘဲ မေးလိုက်ပါတယ် “ဘာဖြစ်လို့လဲ”
“ငါ့ကျင့်ကြံမှုက တန့်နေတယ်၊ အရမ်းထူးဆန်းတယ်၊ ဘာဖြစ်လို့ တန့်နေတာလဲဆိုတာ ငါ မသိဘူး”
လျူပေ့ဟာ မျက်လုံးဖွင့်ပြီး ကျန်းကျွယ်ရှီကို စိုက်ကြည့်ကာ တစ်ခဏ တွေးတောလိုက်ပါတယ် “မင်းရဲ့ ပြန်လည်မွေးဖွားခြင်း မဟာဖန်တီးမှု ပညာရပ်က အရမ်းသိမ်မွေ့နက်နဲတယ်ဆိုပေမဲ့ မင်းကိုယ်ပိုင် မဟာတာအိုကိုတော့ မဖန်တီးပေးနိုင်ဘူး၊ တာအိုရယူပြီးတဲ့နောက်ပိုင်း မဟာတာအိုကို ကျင့်ကြံအားထုတ်ရတာ၊ မဟာတာအို မရှိဘဲ မင်းက ဘာကို သွားကျင့်ကြံမှာလဲ”
ကျန်းကျွယ်ရှီဟာ ကူကယ်ရာမဲ့သွာပါတယ် “မဟာတာအိုက ဘယ်လိုလုပ်ပြီး အလွယ်လေး ဖန်တီးလို့ရမှာလဲ”
လျူပေ့ဟာ တစ်ခဏ တုံ့ဆိုင်းသွားပြီးနောက် မေးလိုက်ပါတယ် “ငါ အဲဒီစီနီယာဆီမှာ အကူအညီ တောင်းလိုက်ရမလား”
ကျန်းကျွယ်ရှီဟာာ မျက်လုံးကျဉ်းသွားပါတယ်။ လျူပေ့ပြောတဲ့ စီနီယာဆိုတာက ဒီစကြဝဠာထဲမှာ ပုန်းအောင်းနေတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်ဆိုတာ ကျန်းကျွယ်ရှီ သိပါတယ်။ ရွမ်လိန့်ကျောင်းတော်က အတွေ့အကြုံတွေကြောင့် ကျန်းကျွယ်ရှီဟာ တခြားလူ လက်အောက် ဝင်ရမှာကို တော်တော်လေး ဆန္ဒမရှိပါဘူး။ ဒါပေမဲ့ ပဋိပက္ခထဲမှာ ကျင့်ကြံအားထုတ်ချင်ရင် နောက်ခံရှိရမယ်ဆိုတာကိုလည်း ကျန်းကျွယ်ရှီ သိထားပါတယ်။
နောက်ခံ ဘယ်လောက်ရှိလဲဆိုတာက ကျင့်ကြံမှုလမ်းစဉ်ပေါ် ဘယ်လောက်ထိ လျှောက်နိုင်လဲဆိုတာကို သတ်မှတ်ပါတယ်။
“မင်း စိုးရိမ်စရာ မလိုဘူး၊ အဲဒီစီနီယာက မင်း အသက်စွန့်ပြီး အမှုထမ်းစရာ မလိုဘူး၊ နောက်ပြီး မင်းမှာလည်း အဲဒီလို အရည်အချင်း မရှိသေးပါဘူး၊ သူက ပဋိပက္ခထဲမှာရှိတဲ့ သာမန် မဟာတာအို စိတ်ဝိညာဉ်တွေထက်တောင် စွမ်းအားပိုကြီးတယ်” လျူပေ့က ခေါင်းခါပြီး ပြုံးလိုက်ပါတယ်။
ကျန်းကျွယ်ရှီဟာ နှလုံးလှုပ်သွားပါတယ် “အဲဒီလောက် စွမ်းအားကြီးတာလား”
လျူပေ့ဟာ ခေါင်းညိတ်လိုက်ပါတယ်။
ကျန်းကျွယ်ရှီဟာ စိတ်ထဲမှာ အပြင်းအထန် ရုန်းကန်ပြီး နောက်ဆုံးမှာတော့ လျူပေ့ရဲ့အကြံကို လက်ခံလိုက်ပါတယ်။
လျူပေ့ဟာ ချက်ချင်း မျက်စိမှိတ်ပြီး တတိယ တာအိုစက်ကွင်းဆီ အသံလွှင့်စကား ပေးပို့လိုက်ပါတယ်။
ဟန်ကျွယ်က ချက်ချင်းပဲ အကြောင်းပြန်ပါတယ် “ငါ ဂူအောင်းကျင့်ကြံတာ ပြီးတဲ့အထိ သူ့ကို ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ခိုင်းချည်”
လျူပေ့က ကျန်းကျွယ်ရှီကို အမှန်အတိုင်း ပြောလိုက်ပါတယ်။ ကျန်းကျွယ်ရှီဟာ ခေါင်းညိတ်ပြီး သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ တစ်ဖက်လူက ဂူအောင်းကျင့်ကြံတာကို အဓိကထားတဲ့အတွက် သူ့ကို သိပ်ပြီးတော့ ဂရုစိုက်အားမှာ မဟုတ်ပါဘူး။ ဒီလိုဆို အသုံးချခံရဖို့လည်း တော်တော်နည်းသွားပါပြီ။
ကျန်းကျွယ်ရှီဟာ လျူပေ့ကို ကျေးဇူးတင်တဲ့အကြည့်နဲ့ ကြည့်လိုက်ပါတယ်။ လျူပေ့က သူ့ကို ကျင့်ကြံဖို့နေရာတင်မက ဧရာမအခွင့်အရေးကြီးတစ်ခုလည်း ပေးလိုက်တယ် မဟုတ်ပါလား။ ဒီလို ညီအစ်ကိုမျိုးက ဘဝမှာ တွေ့ရခဲပါတယ်။
ဟန်ကျွယ်ဟာ နှစ်ငါးရာ တာအိုဟောကြားပါတယ်။ တာအိုဟောကြားမှု ပြီးဆုံးသွားတာတောင် တတိယ တာအိုစက်ကွင်းထဲက တပည့်အားလုံး တာအိုသုံးသပ်နားလည်တဲ့ အခြေအနေမှာ နစ်ဝင်နေတုန်းပါ။
ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းဆီ တိတ်တဆိတ် ပြန်ပြီး ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။ ကျန်းကျွယ်ရှီကိုတော့ အချိန်နည်းနည်း စောင့်ပြီးမှ ခေါ်ယူဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါမှ ကျန်းကျွယ်ရှီက သူ့ကို နည်းနည်းလေးမှ သံသယ မဝင်မှာပါ။
ဒီလိုနဲ့ နောက်ထပ် နှစ်တစ်သိန်း ကုန်ဆုံးသွားပါတယ်။
ကျန်းကျွယ်ရှီဟာ စိတ်လောလာတာကြောင့် မနေနိုင်တော့ဘဲ လျူပေ့ကို မေးလိုက်ပါတယ် “အဲဒီစီနီယာ ဂူအောင်းကျင့်ကြံတာက ဘယ်လောက်ကြာလဲ”
လျူပေ့ဟာ မျက်လုံးဖွင့်လိုက်ပါတယ် “ငါက ဘယ်လိုလုပ်ပြီး သိမှာလဲ”
ကျန်းကျွယ်ရှီဟာ သက်ပြင်းချလိုက်ပါတယ်။ ကျန်းကျွယ်ရှီဟာ လျူပေ့ရဲ့ အကြံကို လက်ခံလိုက်ကတည်းက ဒီအကြောင်း တွေးနေခဲ့တာပါ။ ဒါပေမဲ့ တစ်ဖက်လူက အခုထိ ပေါ်မလာသေးပါဘူး။
ကျန်းကျွယ်ရှီဟာ တစ်ဖက်လူက သူ့အရည်အချင်းကို သဘောကျတယ်လို့ ထင်ထားတာပါ။ ဒါပေမဲ့ အခု ပြန်စဉ်းစားကြည့်တဲ့အခါ အကုန်လုံးက အဓိပ္ပာယ် မရှိပါဘူး။ စွမ်းအားကြီးပုဂ္ဂိုလ်ဝွေရဲ့ မျက်လုံးထဲမှာ သူက လျူပေ့ကို မီချင်မှာ မီမှာပါ။ အရည်အချင်းက အလားအလာပဲ ရှိတာပါ။ ကျင့်ကြံမှုကသာ တကယ့် အရင်းအနှီးပါ။
ကျန်းကျွယ်ရှီဟာ ပဋိပက္ခရဲ့ ရှင်သန်မှု စည်းမျဉ်းတွေကို နက်နက်နဲနဲ နားလည်ပါတယ်။
“ကျင့်ကြံမှုလမ်းစဉ်မှာ စိတ်မရှည်လို့ မရဘူး၊ မင်းက ဘဝသိန်းချီတောင် ပြန်လည်မွေးဖွားခဲ့ပြီးပြီပဲ၊ မင်းစရိုက်က အခုထိကို မပြောင်းလဲသေးဘူးလား”
ရုတ်တရက် ထွက်ပေါ်လာတဲ့ အသံကြောင့် ကျန်းကျွယ်ရှီနဲ့ လျူပေ့ဟာ ထိတ်လန့်သွားပါတယ်။ သူတို့နောက်က တောင်ကုန်းမှာ ရုပ်သွင်တစ်သွင် မတ်တတ်ရပ်နေပါတယ်။ ဒီရုပ်သွင်တစ်ခုလုံးက နတ်အလင်းရောင်တွေ တောက်ပနေပြီး ပုံရိပ်အစစ်အမှန်ကို မြင်တွေ့နိုင်ဖို့ ခက်ခဲပါတယ်။
လျူပေ့ဟာ ချက်ချင်း ဒူးထောက်လိုက်ပါတယ်။ ကျန်းကျွယ်ရှီလည်း တစ်ဖက်လူက လျူပေ့ပြောတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်မှန်း သိလိုက်ပါတယ်။ ဒါပေမဲ့...
‘ဒီလူက ဘယ်လိုလုပ်ပြီး ငါ့နောက်ကြောင်းကို သိနေတာလဲ’ ကျန်းကျွယ်ရှီဟာ အလန့်တကြား ဖြစ်သွားပါတယ်။
“ဟီးဟီး... မင်း ဘာတွေးနေတယ်ဆိုတာကို ငါ သိတယ်၊ မင်း မဟာတာအို ရသွားရင် လူတစ်ယောက်ရဲ့ အတိတ်နဲ့ အနာဂတ်ကို ကြည့်ဖို့ဆိုတာက မှောက်ထားတဲ့လက်ကို လှန်တာလောက် မခက်ခဲဘူးဆိုတာ သိလာလိမ့်မယ်၊ မင်းရဲ့ အတွေ့အကြုံက ကောင်းကင်တာအိုထဲမှာ ထူးခြားကောင်း ထူးခြားနေလိမ့်မယ်၊ ဒါပေမဲ့ ပဋိပက္ခထဲမှာ ဘာမှမဟုတ်ဘူး”
ကျန်းကျွယ်ရှီဟာ အသက်အရှည်ကြီး ရှူသွင်းပြီး ဦးညွှတ်လိုက်ပါတယ် “စောစောက ကျွန်တော်ရဲ့ ရိုင်းပျမှုအတွက် ခွင့်လွှတ်ပေးပါ”
“ငါ့ရဲ့ မဟာတာအိုက မဟာတာအိုသုံးထောင်ရဲ့ ဥပဒေသတွေ ပါဝင်နေတယ်၊ မင်း ကျင့်ကြံချင်လား” ဟန်ကျွယ်က မေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဘယ်သူမှ ထောက်လှမ်းလို့ မရအောင် အထွတ်အထိပ် စွမ်းအားနဲ့ ကြယ်စကြဝဠာတစ်ခုလုံးကို သီးခြားခွဲထုတ်လိုက်ပါတယ်။
အခုအချိန်လောက်မှာ တာအိုဖန်တီးရှင်လောက်ပဲ ဟန်ကျွယ်ကို ထောက်လှမ်းနိုင်တော့မှာပါ။ ဒါပေမဲ့ တာအိုဖန်တီးရှင်ရဲ့ မျက်လုံးထဲမှာ ဒီကိစ္စက ဘာမှ မဟုတ်လောက်ပါဘူး။
ကျန်းကျွယ်ရှီဟာ ချီတုံချတုံ ဖြစ်သွားပါတယ်။
ဟန်ကျွယ်က ဆက်ပြောပါတယ် “ဒီတာအိုကို လူအများကြီး ကျင့်ကြံအားထုတ်ကြတယ်၊ မဟာတာအိုပညာရှိ မရှားဘူး၊ မင်း စိုးရိမ်စရာ မလိုဘူး၊ အရင်ဆုံး နားထောင်ကြည့်ပြီး မင်းဘာသာ ဆုံးဖြတ်ပေါ့”
ကျန်းကျွယ်ရှီဟာ ခေါင်းညိတ်ပြီး ချက်ချင်း ကျေးဇူးတင်စကား ဆိုပါတယ်။
ဟန်ကျွယ်ဟာ တာအိုစတင် ဟောကြားပါတယ်။ ဒီတာအိုဟောကြားမှုက နှစ်တစ်သောင်း ကြာပါတယ်။ ကျန်းကျွယ်ရှီက တတိယ တာအိုစက်ကွင်းထဲမှာ ရှိတဲ့ တပည့်တွေနဲ့ မတူပါဘူး။ သူ့အရည်အချင်းက အရမ်းအရမ်း ကြောက်ဖို့ကောင်းတဲ့ အဆင့်မှာပါ။ နှစ်တစ်သောင်း တာအိုဟောကြားမှုက ကျန်းကျွယ်ရှီကို တော်တော်များများ နားလည်စေဖို့ လုံလောက်ပါတယ်။
တာအိုဟောကြားမှု ပြီးဆုံးတဲ့အခါ ကျန်းကျွယ်ရှီဟာ ဖြည်းညင်းစွာ မျက်လုံးပွင့်လားပြီး ဟန်ကျွယ်ကို ကြည်ညိုလေးစားစွာ ကြည့်လိုက်ပါတယ်။
‘တော်တော် သိမ်မွေ့နက်နဲတဲ့ မဟာတာအိုပဲ’
ကျန်းကျွယ်ရှီဟာ လုံးဝ လက်ခံသွားပါတယ်။ နှစ်တစ်သောင်းကြာအောင် သုံးသပ်နားလည်ပြီးနောက် ကျန်းကျွယ်ရှီဟာ အန္တိမမူလဟာတာအိုပေါ် လျှောက်လှမ်းလိုက်ပါတယ်။ ကျန်းကျွယ်ရှီဟာ အန္တိမမူလမဟာတာအိုမှာ မဟာတာအိုသုံးထောင်ရဲ့ အမှန်တရားတွေ ပါဝင်နေပြီး အဆုံးမဲ့ သိမ်မွေ့နက်နဲကာ အမြဲတမ်း ပြောင်းလဲနေတာကို ရှာတွေ့သွားပါတယ်။ ဒီမဟာတာအိုက သူ့ရဲ့ ပြန်လည်မွေးဖွားခြင်း မဟာဖန်တီးမှု ပညာရပ်နဲ့ အကိုက်ပါပဲ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။