← Chapters

တာအိုဖန်တီးရှင်ရဲ့ စွမ်းအား

Vol. 85 Ch. 893

တာအိုဖန်တီးရှင်ရဲ့ စွမ်းအား

Vol. 85 Ch. 893

လျှို့ဝှက်ဆန်းကြယ် အလင်းတိုင်ကြောင့် ကောင်းကင်တာအိုပညာရှိတွေ လန့်ဖျပ်နေစဉ်မှာ ဟန်ကျွယ် မြင်ကွင်းထဲကို အသိပေးချက်သုံးချက် ရောက်လာပါတယ်။

[တာအိုဖန်တီးရှင်၏ စွမ်းအားသည် ပဋိပက္ခထဲသို့ ဝင်ရောက်လာကြောင်း ရှာ‌ဖွေတွေ့ရှိထား၏။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]

[၁။ ထိုစွမ်းအားကို ဖျက်ဆီး၍ လောကဦး နတ်ဘီလူး၏ ဩဇာအာဏာကို မြှင့်တင်ပါ။ ဆုလာဘ်အဖြစ် လောကဦး အပိုင်းအစ တစ်စ၊ မဟာတာအို အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၊ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၊ အကောင်းစား ရတနာတစ်ပါးနှင့် တာအိုဖန်တီးရှင်၏ မုန်းတီးမှုကို ရရှိမည်။]

[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံ၍ ပြဿနာနှင့် ဝေးဝေးနေပြီး တာအိုဖန်တီးရှင်၏ အာရုံစိုက်မှုကို ရှောင်ရှားပါ။ ဆုလာဘ်အဖြစ် လောကဦး အပိုင်းအစ တစ်စ၊ မဟာတာအို အပိုင်းအစ တစ်စနှင့် ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ရရှိမည်။]

‘တာအိုဖန်တီးရှင်...’

ဟန်ကျွယ် မျက်ခုံးလှုပ်သွားပါတယ်။ ဒါက ဟန်ကျွယ် ရန်စလို့မရတဲ့ တည်ရှိမှုပါ။ ပထမရွေးချယ်မှုက ဆုလာဘ်တွေ အများကြီးဆိုပေမဲ့ ဟန်ကျွယ်ဟာ နံပါတ်နှစ်ကိုပဲ ရွေးချယ်လိုက်ပါတယ်။ ဆုတွေ ဘယ်လောက်များများ အသက်ထက်တော့ အရေးမကြီးပါဘူး။

[သင်သည် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သောကြောင့် တာအိုဖန်တီးရှင်၏ အာရုံစိုက်မှုမှ ယာယီလွတ်ကင်းပြီး လောကဦး အပိုင်းအစ တစ်စ၊ မဟာတာအို အပိုင်းအစ တစ်စနှင့် ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ဆုလာဘ်အဖြစ် ရရှိလိုက်သည်။]

ဟန်ကျွယ်ဟာ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးကို ချက်ချင်း ထုတ်ယူပြီး နတ်ဘီလူးချီအလုံး တစ်လုံးနဲ့ ပေါင်းစပ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ရဲ့ စိတ်ဆန္ဒဟာ ပဋိပက္ခအထက်ကို ခုန်တက်ပြီး တာအိုဖန်တီးရှင်ရဲ့ စွမ်းအား ဘယ်နားမှာလဲဆိုတာကို ကြည့်လိုက်ပါတယ်။

မကြာခင်မှာပဲ ဟန်ကျွယ် မြင်ကွင်းထဲကို ကောင်းကင်တာအို ဝင်လာပါတယ်။ ကောင်းကင်တာအိုထဲမှာ အရမ်းအရမ်း ‌တောက်ပတဲ့ အလင်းရောင်တစ်ရောင် ရှိနေပါတယ်။ ဒီအလင်းရောင်က ပဋိပက္ခတစ်ခုလုံးမှာ အတောက်ပဆုံး ဖြစ်ပြီး အလွန်တရာမှ သိသာထင်ရှားလှပါတယ်။

ဟန်ကျွယ် လှမ်းကြည့်လိုက်တဲ့အခါ ဒီအလင်းရောင်က သေမျိုးကမ္ဘာရဲ့ ကလေးငယ်တစ်ယောက်ဆီက လာနေတာကို တွေ့လိုက်ရပါတယ်။

ဒီကလေးက မွေးကင်းစပဲ ရှိပါသေးတယ်။ ဒါပေမဲ့ သူ့ငယ်သံက ကျယ်လောင်လှပြီး မိုးပြိုမတတ်ပါပဲ။ သူက ချင်လင်း မွေးဖွားတုန်းကထက်တောင် ပိုကြမ်းပါတယ်။ သူ့ငိုသံက လောကတစ်ခုလုံးကို တုန်လှုပ်စေပြီး မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေကို ချောက်ချားသွားစေပါတယ်။

ဟန်ကျွယ်ဟာ ဒီကလေးကို ထောက်လှမ်းလို့မရတာ ရှာတွေ့သွားပါတယ်။ ဒီကလေးမှာ အလွန်ပြင်းထန်တဲ့ အင်အားတစ်ခု ရှိနေပြီး မျက်ခုံးကြားမှာ ဒေါင်လိုက် မျက်လုံးလိုမျိုး ရွှေရောင်သင်္ကေတစ်ခု ရှိနေပါတယ်။

ကြီးမားလှတဲ့ အင်အားက ဒီရွှေရောင်သင်္ကေတကနေ လာနေတာပါ။

ဟန်ကျွယ်ဟာ သူ့အကြည့်ကို ပြန်ရုတ်သိမ်းပြီး စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ဒီကလေးရဲ့ စွမ်းအားက ဘယ်တာအိုဖန်တီးရှင်ဆီကနေ လာတာလဲ”

[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[ပဋိပက္ခသိစိတ်: ကျင့်ကြံမှုမသိ၊ ပဋိပက္ခ နတ်မင်း၊ မဟာတာအိုအထက်၊ နိယာမနှင့် အာဏာ၊ ပြော၍မရသော အမည်နာမ။]

‘ဒီကောင်ကိုး...’ ဟန်ကျွယ် ပထမဆုံးသိတဲ့ တာအိုဖန်တီးရှင်က ပဋိပက္ခသိစိတ်ပါ ‘နောက်ဆုံးတော့ ဒီကောင် ဆက်ပြီးတော့ ထိုင်ကြည့်မနေနိုင်တော့ဘူးပဲ’

ဟန်ကျွယ်ဟာ ဆက်မေးလိုက်ပါတယ် “ပဋိပက္ခသိစိတ်က ဘာလို့ ဒီလိုလုပ်တာလဲ”

[သက်တမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

ဟန်ကျွယ်ဟာ ပုံရိပ်ယောင်ထဲ ဝင်မသွားပါဘူး။ စာလုံးခုနစ်လုံးသာ ဟန်ကျွယ် မြင်ကွင်းထဲမှာ ပေါ်လာပါတယ်။

[ပဋိပက္ခ ပြောင်းလဲမှု။]

‘ဒါ ဘာအဓိပ္ပာယ်လဲ...’ ဟန်ကျွယ်ဟာ သေချာစဉ်းစားလိုက်ပါတယ် ‘ပဋိပက္ခနဲ့ လက်တလော ပြောင်းလဲမှုတွေနဲ့ ပတ်သက်နေတာလား... ပဋိပက္ခသိစိတ်က အန္တိမဒဏ်ခတ်နတ်မင်းကို ပစ်မှတ်မထားဘဲ သူ့စွမ်းအားကို ဘာဖြစ်လို့ ကောင်းကင်တာအိုထဲ ပစ်ထည့်လိုက်ရတာလဲ... ဒီကောင်က အန္တိမဒဏ်ခတ်နတ်မင်းကို ကြောက်လန့်စေချင်တာလား...’

အန္တိမဒဏ်ခတ်နတ်မင်းက ကောင်းကင်တာအိုမှာ ဟန်ကျွယ် ရှိနေတာကို သဘောကျပေမဲ့ ကောင်းကင်တာအိုမှာ ဟန်ကျွယ် နောက်တစ်ယောက် ပေါ်လာရင် အခုလိုမျိုး နေနိုင်မှာ မဟုတ်တာကတော့ ကျိန်းသေပါတယ်။

နောက်ထပ်ဖြစ်နိုင်ခြေ တစ်ခုလည်း ရှိပါသေးတယ်။ ပဋိပက္ခသိစိတ်က ပဋိပက္ခကို ဒီထက်ပိုပြီးတော့ ဝရုန်းသုန်းကား ဖြစ်စေချင်တာပါ။ သူ့အထက်မှာ နဝမ ပဋိပက္ခ ရှိနေတယ် မဟုတ်ပါလား။

ဟန်ကျွယ်ဟာ တစ်ခဏ စဉ်းစားပြီးနောက် တွေးနေတာ ရပ်လိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာ ဟန်ကျွယ်ဟာ တာအိုဖန်တီးရှင်ကို မဆန့်ကျင်နိုင်သေးပါဘူး။ အဲဒါကြောင့် ဟန်ကျွယ်အတွက် အကောင်းဆုံးက မသိချင်ယောင် ဆောင်တာပါ။

လောလောဆယ်မှာ ဟန်ကျွယ်ဟာ မဟာတာအို အပိုင်းအစ ကိုးစကို စုဆောင်းမိသွားပြီမလို့ နောက်ထပ် မဟာတာအို ဆန်းကြယ်စွမ်းအားတစ်ပါးကို ဖန်တီးနိုင်ပါပြီ။ မဟာတာအို ဆန်းကြယ်စွမ်းအားက မဟာတာအို အဆင့်ရှိတဲ့ ဆန်းကြယ်စွမ်းအား မဟုတ်ပါဘူး။ မဟာတာအိုလိုမျိုး သိမ်မွေ့နက်နဲတဲ့ ဆန်းကြယ်စွမ်းအားပါ။

ဟန်ကျွယ်ဟာ အတွေးနက်သွားပါတယ်။

အတန်ကြာတဲ့အခါမှာတော့...

ဟန်ကျွယ်ဟာ အကြံတစ်ခု ရသွားပါတယ်။ လောလောဆယ် ဟန်ကျွယ်ဆီမှာ ထူးခြားတဲ့ ဆန်းကြယ်စွမ်းအားတွေ မရှားပါဘူး။ ဒါပေမဲ့ တပည့်တွေကို အဆင်ပြေပြေ သင်ကြားပေးနိုင်တဲ့ ဆန်းကြယ်စွမ်းအားတော့ မရှိသေးပါဘူး။

ဟန်ကျွယ်ဟာ တိတ်ဆိတ်ဂိုဏ်းရဲ့ ဆိုင်းဘုတ်ဖြစ်မဲ့ ပြိုင်ဘက်ကင်း ဆန်းကြယ်စွမ်းအားတစ်မျိုးကို ဖန်တီးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီဆန်းကြယ်စွမ်းအားကို မြင်တာနဲ့ တိတ်ဆိတ်ဂိုဏ်းသားဆိုတာ သိသွားစေချင်တာပါ။

ဟန်ကျွယ်ဟာ မဟာတာအို အပိုင်းအစ ကိုးစကို ထုတ်ယူပြီး ပေါင်းစပ်လိုက်ပါတယ်။ တောက်ပတဲ့ အလင်းရောင် ဖြာထွက်လာပြီး တာအိုဘုံကျောင်း တစ်ကျောင်းလုံးကို လင်းထိန်သွားစေပါတယ်။

သေမျိုးကမ္ဘာ။

အစေခံ ဒါဇင်ကျော်ဟာ တောက်ပတဲ့ နန်းတော်တစ်ဆောင်ရှေ့ ဒူးထောက်နေကြပါတယ်။ သူတို့ရှေ့မှာ သက်လတ်ပိုင်းအရွယ် စပါးအုံးမြွေပုံ ထိုးထားတဲ့ ရွှေရောင်ဝတ်ရုံနဲ့ အမျိုးသားတစ်ယောက်ဟာ စိုးရိမ်ပူပန်တဲ့ မျက်နှာနဲ့ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပါတယ်။ ဒီအချိန်မှာပဲ နန်းတော်တံခါး ပွင့်သွားပြီး အထိန်းတော်တစ်ယောက်ဟာ အနှီးတစ်ထုပ်နဲ့ ထွက်လာပါတယ်။

သက်လတ်ပိုင်း အမျိုးသားဟာ အထိန်းတော်ဆီ ချက်ချင်း လျှောက်သွားပြီး ရင်တထိတ်ထိတ်နဲ့ မေးလိုက်ပါတယ် “နေကောင်းရဲ့လား”

သက်လတ်ပိုင်း အမျိုးသားရဲ့ အကြည့်ဟာ အနှီးနဲ့ပတ်ထားတဲ့ ကလေးငယ်ဆီ ရောက်သွားပြီး မျက်လုံးတွေ တောက်ပသွားပါတယ်။ ကလေးရဲ့ အသားအရေဟာ သာမန်မွေးကင်းစ ကလေးတွေလိုမဟုတ်ဘဲ ဖြူဖွေးပြီး ချစ်စရာကောင်းလှပါတယ်။ အရေးအကြီးဆုံးက မျက်ခုံးကြားမှာရှိတဲ့ ရွှေရောင်သင်္ကေတဟာ လုံးဝ ထူးခြားနေပါတယ်။

အထိန်းတော်ဟာ ပြုံးလိုက်ပါတယ် “ကောင်းပါတယ်၊ မင်းသားလေးရဲ့ ငိုသံက တော်တော်ကျယ်လွန်းတယ်၊ မင်းသားလေးက တကယ်ကို သာမန်မဟုတ်ဘူး”

သက်လတ်ပိုင်း အမျိုးသားဟာ ကလေးငိုသံကို စောစောက ကြားလိုက်ပါတယ်။ ကလေးငိုသံက တကယ်ကို နားကန်းမတတ်ပါ။ အဲဒါကြောင့် တစ်ခုခု ဖြစ်သွားတယ်ထင်ပြီး စိုးရိမ်ပူပန်နေခဲ့တာပါ။ သက်လတ်ပိုင်း အမျိုးသားဟာ အရင်တုန်းကလည်း ကလေးတွေ မွေးဖွားတာကို စောင့်ခဲ့ဖူးပါတယ်။ ဘယ်ကလေးရဲ့ ငိုသံကမှ ဒီလောက်ထိ မကျယ်လောင်ပါဘူး။

သက်လတ်ပိုင်း အမျိုးသားဟာ သူ့သားကို အပြုံးနဲ့ ကြည့်လိုက်ပါတယ်။ ဒီအချိန်မှာပဲ ကောင်းကင်ပေါ်ကနေ ရွှေရောင်ဖြာကျလာတဲ့အတွက် အနီးအနားမှာရှိတဲ့ အစေခံတွေဟာ ထိတ်လန့်သွားပြီး‌ နောက်ဆုတ်သွားပါတယ်။

သက်လတ်ပိုင်းအမျိုးသားဟာ လန့်သွားပေမဲ့ တည်ငြိမ်ချင်ယောင် ဆောင်လိုက်ပါတယ်။

ရွှေရောင် ပျောက်ကွယ်သွားတဲ့အခါ အသက်ခပ်ကြီးကြီး တာအိုကျင့်ကြံသူတစ်ဦး ပေါ်လာပါတယ်။ အသက်ခပ်ကြီးကြီး တာအိုကျင့်ကြံသူဟာ မြင်းမြီးယပ်ကို ဝှေ့ယမ်းပြီး ပြုံးလိုက်ပါတယ် “ငါက ကောင်းကင်ဘုံက အင်မော်တယ် နတ်ဘုရား တာအိုသခင် ဝူသူပဲ၊ ဒီနေ့ ဒီကလေးရဲ့ ထူးခြားမှုကို မြင်ရတော့ ငါ သူ့ကို တပည့်အဖြစ် လက်ခံပြီး အင်မော်တယ်ဖြစ်လာအောင် ပြုစုပျိုးထောင်ချင်တယ်”

တာအိုသခင် ဝူသူရဲ့ စကားကြောင့် အကုန်လုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြပါတယ်။

သက်လတ်ပိုင်း အမျိုးသားဟာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွားပြီး ဂရုတစိုက် မေးလိုက်ပါတယ် “အင်မော်တယ်... အတည်ပြောနေတာလား”

တာအိုသခင် ဝူသူဟာ ပြုံးလိုက်ပါတယ် “ဟုတ်တယ်၊ ငါ အတည်ပြောနေတာ”

“ခြိမ်း...”

ကျယ်လောင်တဲ့ မိုးခြိမ်းသံကြောင့် အကုန်လုံး ထိတ်လန့်သွားပြီး ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါ ကောင်းကင်မှာ တိမ်မည်းတွေ ရုတ်တရက် စုစည်းပြီး လျှပ်စီးတွေ လက်လာတဲ့အတွက် အကုန်လုံး ထိတ်လန့်သွားပါတယ်။ ဒီအချိန်မှာ အစိမ်းရောင် နဂါးတစ်ကောင် ထွက်ပေါ်လာပြီး မိုးကြိုးတိမ်တိုက်တွေကြား လူးလွန့်သွားလာပါတယ်။ ဒီမြင်ကွင်းက တကယ်ကို ခမ်းနားလှပါတယ်။

အဲဒီနောက် အစိမ်းရောင်နဂါးကနေ နန်းတော်တစ်ဆောင်ထက် ကြီးမားတဲ့ နဂါးခေါင်းတစ်ခေါင်း ထွက်ပေါ်လာပါတယ် “ဒီကလေးက ငါတို့နဂါးမျိုးနွယ်စုနဲ့ ရေစက်ပါတယ်၊ သူက ငါတို့အမွေကို ဆက်ခံနိုင်တယ်”

သက်လတ်ပိုင်းအမျိုးသားဟာ မှင်တက်သွားပါတယ်။

တာအိုသခင် ဝူသူဟာ မျက်မှောင်ကြုတ်သွားပြီး ပြဿနာများပြီးလို့ တွေးလိုက်ပါတယ်။

ဒါပေမဲ့ ဒါက ဒီမှာတင် မဆုံးသေးပါဘူး။

အရှေ့အရပ်ကနေ ကြိုးကြာဖြူတစ်ကောင် ပျံသန်းလာပြီး ကြိုးကြာဖြူပေါ်မှာ လှပလွန်းတဲ့ ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ နတ်မိမယ်တစ်ပါး စီးနင်းလိုက်ပါလာပါတယ် “ဒီကလေးက ငါတို့ ကျယ်ကျောင်းတော်ကို ဝင်ရောက်ဖို့ ကံတရားက သတ်မှတ်ပြီးသား... တာအိုရောင်းရင်းတို့ ကျေးဇူးပြုပြီး မတိုက်ခိုက်ကြပါနဲ့”

နတ်မိမယ်ရဲ့အသံဟာ အေးစက်လှပြီး ကမ္ဘာတစ်ခုလုံးကို ပဲ့တင်ထပ်သွားပါတယ်။

နန်းတော်ရှေ့က သေမျိုးအကုန်လုံး မှင်တက်သွားကြပါတယ်။ သူတို့တွေဟာ ဒီမြင်ကွင်းကို ဘယ်တုန်းကမှ မမြင်ဖူးပါဘူး။

တစ်ချိန်တည်းမှာပဲ စကြဝဠာခန်းမထဲက တာအိုပညာရှိတွေဟာ ဒီမြင်ကွင်းကို မြင်လိုက်ကြရပါတယ်။

ဂျိရှင်းရှန်ဟာ ပြုံးလိုက်ပါတယ် “ဒီကောင်တွေ အပြေး တော်တော် မြန်တာပဲ”

တောင်ဘက်စွန်း ကောင်းကင်အရှင်ကလည်း ပြောလိုက်ပါတယ် “ဘယ်သူ့တပည့်က အမြင်မရှိဘဲ ထိုင်ကြည့်နေမလဲဆိုတာ ကြည့်ရအောင်”

တခြားတာအိုပညာရှိတွေဟာ ရယ်မောလိုက်ကြပါတယ်။ သူတို့တွေဟာ သူတို့တပည့်တွေကို တိတ်တဆိတ် သတင်းပေးပြီး လျှို့ဝှက်ဆန်းကြယ် အင်အားက မျက်နှာသာပေးတဲ့ ဒီသေမျိုးကလေးငယ်ကို စည်းရုံးသိမ်းသွင်းခိုင်းပါတယ်။

ကောင်းကင်အရှင်ရွှမ်တုဟာ မျက်မှောင်ကြုတ်သွားပြီး စိတ်လေးသွားပါတယ်။

ဓားရူးတာအိုပညာရှိဟာ ကောင်းကင်အရှင်ရွှမ်တုရဲ့ စိတ်ခံစားချက်ကို ထိုးဖောက်မြင်ပါတယ် “ငါ ဒါကို ထိုးဖောက် မမြင်နိုင်ဘူးဆိုပေမဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ မလှုပ်ရှားမှတော့ ဘာလို့စိုးရိမ်နေမှာလဲ”

ကောင်းကင်အရှင်ရွှမ်တုဟာ ဓားရူးတာအိုပညာရှိ စကားက အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရပါတယ် ‘ဟုတ်တယ်... ဒီကိစ္စက ကောင်းကင်တာအိုကိုသာ ခြိမ်းခြောက်မယ်ဆိုရင် ဟန်ကျွယ်က ဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ဘူး’

“ဒီကလေး နောက်ခံက သာမန်မဟုတ်ဘူး၊ ဘယ်သူပဲရရ သူ့ကို သေချာကြပ်မတ်ပြီး သင်ကြားပေးရမယ်၊ သူ့ကို လမ်းမှား မလျှောက်မိစေနဲ့”

ကောင်းကင်အရှင်ရွှမ်တုရဲ့ စကားကို ကြားရတဲ့အခါ တာအိုပညာရှိတွေဟာ ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ်။ ကောင်းကင်အရှင်ရွှမ်တုရဲ့ စကားက သူ ဒီကလေးအတွက် မတိုက်ခိုက်ဘူးဆိုတာကို ဖော်ပြရာ ရောက်ပါတယ်။

မဟာဟင်းလင်းပြင်ဝိညာဉ်ဟာ မနေနိုင်ဘဲ ပြောလိုက်ပါတယ် “ငါ့အမြင်တော့ နောက်ပိုင်း ပြဿနာတွေ တက်မလာအောင် ငါတို့တွေ ဒီကလေးကို ဖိနှိပ်ပြီး ချိပ်ပိတ်သင့်တယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters