ပိတ်မိသွားသော စိတ်ဆန္ဒ
Vol. 85 Ch. 896
ကျယ်ကျောင်းတော်ရဲ့ တပည့်တွေဟာ ဝေ့လန်ရှန်မိရဲ့ စကားကို ကြားရတဲ့အခါ အမျက်ချောင်းချောင်း ထွက်သွားကြပြီး သူတို့ရဲ့ ဓမ္မရတနာတွေကို ထုတ်ယူကာ မန္တန်တွေ ထုတ်သုံးလိုက်ပါတယ်။
“ကောင်းတယ်... ဒီနေ့ ငါ မင်းတို့ကို ပြိုင်ဘက်ကင်းတယ်ဆိုတာက ဘာလဲဆိုတာကို ပြပေးမယ်... ဟားဟား...”
ဝေ့လန်ရှန်မိဟာ အရူးအမူး ရယ်မောလိုက်ပါတယ်။ အဲဒီနောက် ဝေ့လန်ရှန်မိရဲ့ မျက်ခုံးကြားက ဒေါင်လိုက်မျက်လုံး ပွင့်လာပြီး နတ်အလင်းရောင် အရိပ်တွေ ပျံထွက်လာပါတယ်။ ဒီအရိပ်တွေဟာ အလွန်လျင်မြန်တဲ့ အရှိန်နဲ့ ကျယ်ကျောင်းတော် တပည့်တွေရဲ့ ခန္ဓာကိုယ်ကို ဖြတ်သွားပါတယ်။
ရုတ်ခြည်းဆိုသလို ကောင်းကင်ပြင်တစ်ခုလုံး နတ်အလင်းရောင် အရိပ်တွေနဲ့ ပြည့်နှက်သွားပါတယ်။ အရိပ်တိုင်းရဲ့ ကိုယ်ဟန်က ထူးခြားနေပြီး တစ်ရိပ်နဲ့တစ်ရိပ် လုံးဝ ထပ်မတူမကျပါဘူး။
ကျယ်ကျောင်းတော် တပည့်တွေဟာ တစ်လက်မတောင် မလှုပ်ရှားနိုင်ဘဲ အဖြစ်အပျက်တွေကို မယုံကြည်နိုင်တာကြောင့် မျက်လုံးတွေ ပြူးကျယ်သွားပါတယ်။
ဝေ့လန်ရှန်မိဟာ မထီမဲ့မြင် ပြုံးပြီး ထွက်ခွာသွားပါတယ်။
ဝေ့လန်ရှန်မိ တိမ်တွေပေါ်ကနေ ဆင်းသက်လိုက်တဲ့အခါ သူ့ခေါင်းထက်မှာ သွေးမြူခိုးဝေပြီး ငယ်သံပါအောင် အော်ဟစ်သံတွေ ကျန်ရစ်နေခဲ့ပါတယ်။
.....
တတိယ တာအိုစက်ကွင်း တာအိုဘုံကျောင်းအတွင်း။
ဟန်ကျွယ်ဟာ ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဘာလိုလိုနဲ့ နောက်ထပ် နှစ်တစ်သိန်း ကုန်ဆုံးသွားပါပြီ။
လောကဦးကမ္ဘာဟာ ထပ်ပြီးတော့ ကျယ်ပြန့်သွားပါတယ်။ ဝိုးတိုးဝါးတား လောကဦးချီလည်း ပိုပြီး သိပ်သည်းလာပါတယ်။ နတ်ဘီလူးချီကတော့ တွင်းရေနဲ့ ချောင်းရေ မရောသလို လောကဦးချီနဲ့ သီးခြား တည်ရှိနေပါတယ်။
လောကဦးကမ္ဘာသာ တကယ့် လောကဦးကမ္ဘာ ဖြစ်လာပြီး ပဋိပက္ခ နတ်ဘီလူး သုံးထောင်ကိုလည်း အောင်မြင်စွာ ပျိုးထောင်နိုင်ခဲ့မယ်ဆိုရင် ဟန်ကျွယ်ရဲ့ ဝိညာဉ်နက်ဟာ နောက်ထပ် ကမ္ဘာတစ်ခုရဲ့ အစကနဦး ဖြစ်လာမှာပါ။
ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို မတွေးဘဲ မနေနိုင်ပါဘူး ‘ငါရှိနေတဲ့ ပဋိပက္ခက နဝမပဋိပက္ခရဲ့ ဝိညာဉ်ထဲမှာလား...’
ဒီလိုဆိုရင် တော်တော်ကြောက်ဖို့ ကောင်းမှာပါ။
ဟန်ကျွယ်ဟာ လောကဦးကမ္ဘာရဲ့ ချောင်ကြိုချောင်ကြားတိုင်းကို ထိန်းချုပ်နိုင်ရုံသာမက နိယာမတိုင်းကိုလည်း စိတ်ဆန္ဒ အသုံးပြုပြီး ထိန်းချုပ်နိုင်ပါတယ်။ နတ်ဘီလူးတစ်ပါးက သူ့ကို ထိခိုက်အောင် လုပ်ချင်ရင် လောကဦးကမ္ဘာရဲ့ စွမ်းအားကို သုံးပြီး အဲဒီနတ်ဘီလူးကို အတွေးတစ်ချက်နဲ့ အပြတ်ရှင်းပစ်လို့ရပါတယ်။
ဟန်ကျွယ်ဟာ လောကဦးကမ္ဘာအပေါ် အကြွင်းမဲ့ ထိန်းချုပ်နိုင်စွမ်း ရှိပါတယ်။
‘ငါ ဖန်တီးရှင်သခင် အဆင့် မရောက်ခင်အထိ နဝမပဋိပက္ခကို ရန်စလို့ မဖြစ်ဘူး’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပြီး စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်တပည့် တာအိုအရှင်သခင်သည် တာအိုမိစ္ဆာ တစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၈၉၂၁၀၉၂
[သင့်တပည့်...]
[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် ပဋိပက္ခအောက်ခြေသို့ ဝင်ရောက်သွားသည်။]
[သင့်မိတ်ဆွေ အန္တိမဒဏ်ခတ်နတ်မင်း၏ ဝိညာဉ်သည် ပဋိပက္ခ အပြင်ဘက်၌ လျှောက်သွားပြီး ပဋိပက္ခ၏ အဓိပ္ပာယ်စစ်ကို သုံးသပ်နားလည်ကာ ကျင့်ကြံမှု တိုးတက်သွား၏။]
[သင့်တပည့် ကျိုးဖန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ နတ်ဒေါင်းအရှင်သည် ရှေးပျက်သုန်းနယ်မြေသို့ ဝင်ရောက်သွားသည်။]
[သင့်မိတ်ဆွေ နတ်ဒေါင်းအရှင်သည် ကျိန်စာတိုက်ခံရပြီး စိတ်ဆန္ဒ ပိတ်မိသွား၏။]
ဟန်ကျွယ်ရဲ့ မိတ်ဆွေအသိုင်းအဝိုင်းက တစ်ဖန်ပြန်ပြီးတော့ စည်ကားလာပါတယ်။ တော်တော်များများလည်း ဒဏ်ရာရသွားကြပါတယ်။
ဟန်ကျွယ်ဟာ အန္တိမဒဏ်ခတ်နတ်မင်းရဲ့ လှုပ်ရှားမှုကို စိတ်ဝင်စားသွားပါတယ် ‘ဒီကောင်က ပဋိပက္ခအပြင်ဘက်ကနေ ပဋိပက္ခရဲ့ အဓိပ္ပာယ်စစ်ကို သုံးသပ်နားလည်နိုင်တာလား... ဘာတွေ ဖြစ်ကုန်တာလဲ’
‘ဒီကောင်က အခုမှ နတ်စိတ်ဝိညာဉ် ခေါင်းဆောင် ဖြစ်လာတာကို အေးအေးဆေးဆေး မကျင့်ကြံဘဲ ဘာဖြစ်လို့ အပြင်ထွက်ရတာလဲ’
ရိုးရိုးသားသား ဝန်ခံရရင် ဟန်ကျွယ်ဟာ အန္တိမဒဏ်ခတ်နတ်မင်းကို ကြိုက်ပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းကြောင့် ပဋိပက္ခက တော်တော်လေး ငြိမ်းချမ်းနေတယ် မဟုတ်ပါလား။
ဒီလိုသာ ငြိမ်းချမ်းနေမယ်ဆိုရင် ဟန်ကျွယ်ဟာ တာအိုဖန်တီးရှင်အဆင့်ကို ကျော်လွန်သွားရင်တောင် အန္တိမဒဏ်ခတ်နတ်မင်းကို ထိမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ အန္တိမဒဏ်ခတ်နတ်မင်းက ကျဆုံးမယ်လို့ အလိုလို ခံစားမိလိုက်ပါတယ်။ ဘာလို့ ဒီလိုခံစားရတာလဲဆိုတော့ ဟန်ကျွယ် ကိုယ်တိုင်လည်း နားမလည်ပါဘူး ‘ဟင်း... ငါ သတိလွတ်လို့ မဖြစ်ဘူး’
ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ပြီးတော့ ဖတ်ပါတယ် ‘နတ်ဒေါင်းအရှင်က ရှေးပျက်သုန်းနယ်မြေထဲ ဝင်သွားတယ်၊ ဒီကောင်က ရှေးပျက်သုန်းနယ်မြေကို ဘာသွားလုပ်တာလဲ’
ဟန်ကျွယ်ဟာ ဒီကိစ္စကို စိတ်ထဲမှာ တေးထားလိုက်ပါတယ်။ စာစောင်တွေ အကုန်လုံးကို ဖတ်ပြီးတာနဲ့ ဟန်ကျွယ်ရဲ့ စိတ်ဆန္ဒဟာ ပဋိပက္ခထဲက ခုန်ထွက်ပြီး ရှေးပျက်သုန်းနယ်မြေကို လှမ်းကြည့်လိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ မျက်လုံးအောက်မှာ ရှေးပျက်သုန်းနယ်မြေက ကောင်းကင်တာအိုနဲ့ သိပ်မဝေးပါဘူး။ နှစ်ခုစလုံးက ရှန်ပေါင် တာအိုကျင့်ကြံသူ အုပ်ချုပ်တဲ့ ပဋိပက္ခနယ်မြေထဲမှာ ရှိနေတာပါ။ ရှေးပျက်သုန်းနယ်မြေဟာ အရမ်း လျှို့ဝှက်ဆန်းကြယ်ပြီး ထောက်လှမ်းလို့မရတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
ဟန်ကျွယ်ဟာ ရှေးပျက်သုန်းနယ်မြေကို မြင်ချင်တာကြောင့် သေချာ စစ်ဆေးပါတယ်။ ရှေးပျက်သုန်းနယ်မြေဟာ မြူခိုးနက်လွှမ်းမိုးနေပြီး တစ်စုံတစ်ခု လည်ပတ်နေတာကိုသာ ဝိုးတိုးဝါးတား မြင်နိုင်ပါတယ်။ ဒါတောင် ဒီပုံရိပ်က ပုံရိပ်ယောင်လို့ ထင်မှတ်ရပါတယ်။
‘ရှေးပျက်သုဉ်းနယ်မြေထဲမှာ မဟာတာအိုပညာရှိရဲ့ စိတ်ဆန္ဒကို ပိတ်လှောင်နိုင်တဲ့ တစ်စုံတစ်ခု ရှိနေတာလား... ဒါ အနည်းဆုံး မဟာတာအို အထွတ်အထိပ် အဆင့်တော့ ရှိရမယ်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တိတ်တဆိတ် တွေးလိုက်ပါတယ်။
မဟာတာအိုပညာရှိချုပ် မဟုတ်ရင် မဟာတာအိုပညာရှိချုပ်ရဲ့ ထောက်လှမ်းမှုကို ရှောင်ရှားနိုင်မှာ မဟုတ်ပါဘူး။
တစ်ခဏ ကြည့်ရှုပြီးတာနဲ့ ဟန်ကျွယ်ရဲ့ စိတ်ဆန္ဒဟာ ခန္ဓာကိုယ်ထဲကို ပြန်ဝင်ပါတယ်။
ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဆီ ရွှေ့ပြောင်းသွားလာပါတယ်။ အဲဒီနောက် လက်တစ်ချက် ဝှေ့ယမ်းပြီး စုချီ၊ ဂျိရှင်းရှန်၊ လုံဟောင်၊ လီရွှမ်အောက်၊ ဟန်ယွီ၊ ချင်လင်း၊ ဖန်းလျန်နဲ့ ရန်ထျန်တုန်းတို့ကို တာအိုဘုံကျောင်းထဲ ခေါ်ယူလိုက်ပါတယ်။
တာအိုဘုံကျောင်းရဲ့ အတွင်းနေရာဟာ ဒီလောက်များတဲ့ လူတွေ ဝင်ဆံ့တဲ့အထိ အလိုလို ကျယ်ပြန့်သွားပါတယ်။
တာအိုပညာရှိတွေဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် ချက်ချင်း ဒူးထောက်လိုက်ကြပါတယ်။
သူတို့တွေဟာ တော်တော်လေး လန့်သွားကြပါတယ်။ သူတို့တွေဟာ ဟန်ကျွယ်က စွမ်းအားကြီးမှန်း သိပေမဲ့ သူတို့ကို တဒင်္ဂအတွင်း တာအိုဘုံကျောင်းထဲ ဆွဲခေါ်နိုင်လိမ့်မယ်လို့ ထင်မထားခဲ့ကြပါဘူး။ ဒါက လွန်လွန်းအားကြီးပါတယ်။
“ဒီနေ့ ငါ မင်းတို့ကို ဆန်းကြယ်စွမ်းအားတစ်မျိုး သင်ပေးမယ်၊ ဒီဆန်းကြယ်စွမ်းအားက ငါ တိတ်ဆိတ်ဂိုဏ်းအတွက် ဖန်တီးထားတဲ့ ဆန်းကြယ်စွမ်းအားပဲ၊ အဲဒါကြောင့် မင်းတို့တွေ တခြားလူတွေကို ပြန်သင်ပေးလို့မရဘူး၊ တိတ်ဆိတ်ဂိုဏ်းသား မဟုတ်ရင် မင်းတို့တပည့်တွေကိုလည်း သင်ပေးလို့မရဘူး၊ ငါ့စကား နားမထောင်လို့ကတော့ ငါ မင်းတို့ရဲ့ ကျင့်ကြံမှုကို ဖျက်ဆီးပစ်မယ်”
တာအိုပညာရှိတွေဟာ အလေးအနက် ကတိပေးလိုက်ကြပါတယ်။ တာအိုပညာရှိတွေဟာ ဟန်ကျွယ်က ဒီလောက်ထိ တားမြစ်ထားတဲ့အတွက် ဒီဆန်းကြယ်စွမ်းအားက အထင်ကြီးစရာ ကောင်းတဲ့ ဆန်းကြယ်စွမ်းအားတစ်ပါး ဖြစ်လိမ့်မယ်လို့ ခန့်မှန်းလိုက်ကြပါတယ်။
ဟန်ကျွယ်ဟာ တန်ခိုးကြီးမား မဟာလက်ဝါး ပညာရပ်ကို စပြီးတော့ ဟောကြားပါတယ်။
နှစ်တစ်ရာကြာလို့ တာအိုပညာရှိတွေ နိုးလာတဲ့အခါ သူတို့ရဲ့ တာအိုစက်ကွင်းဆီ ပြန်ရောက်နေတာကို တွေ့လိုက်ရပါတယ်။ သူတို့တွေဟာ တန်ခိုးကြီးမား မဟာလက်ဝါးကို ပြန်တွေးပြီး အံ့ဩတုန်လှုပ်ကုန်ကြပါတယ်။
တန်ခိုးကြီးမား မဟာလက်ဝါးက တော်တော်လေးကို ကြမ်းတဲ့ ဆန်းကြယ်စွမ်းအားပါ။
တာအိုပညာရှိတွေဟာ ဟန်ကျွယ်ကို အလွန်အမင်း ကြည်ညိုလေးစားသွားကြပါတယ်။
တခြားတစ်ဖက်မှာတော့ ဟန်ကျွယ်ဟာ ပင်မ တာအိုစက်ကွင်းကနေ ချက်ချင်း မထွက်ခွာဘဲ အင်မော်တယ်ကမ္ဘာကို ကြည့်လိုက်ပါတယ်။ နှစ်တစ်သိန်းကြာပြီးနောက် ဝေ့လန်ရှန်မိဟာ တာအိုပညာရှိအတု ဖြစ်လာပါပြီ။ ဒါပေမဲ့ တာအိုတော့ မရယူရသေးပါဘူး။
အကြောင်းအရင်းက ဒီအတောအတွင်း ကောင်းကင်တာအိုမှာ တာအိုပညာရှိနေရာ အလွတ်မရှိလို့ပါ။ ဝေ့လန်ရှန်မိဟာ ကောင်းကင်တာအိုမှာ မွေးဖွားပြီး ကောင်းကင်တာအိုမှာ ကြီးပြင်းလာတာ ဖြစ်တဲ့အတွက် တာအိုပညာရှိ ဖြစ်ချင်ရင် ကောင်းကင်တာအို ကံတရား အထောက်အပံ့ကို မှီခိုဖို့ လိုအပ်ပါတယ်။
ဟန်ကျွယ်နဲ့ ဝေ့လန်ရှန်မိက မတူပါဘူး။ ဟန်ကျွယ်က ကောင်းကင်တာအိုမှာ မွေးဖွားပြီး ကောင်းကင်တာအိုမှာ ကြီးပြင်းခဲ့ပေမဲ့ တာအိုစက်ကွင်းထဲမှာပဲ တစ်ချိန်လုံး ကျင့်ကြံအားထုတ်ခဲ့တာပါ။ နောက်ပြီး ဟန်ကျွယ်ရဲ့ ကျင့်ကြံမှု ရင်းမြစ်တွေကလည်း စနစ်ဆီကနေ လာတာပါ။ ဒါ့အပြင် ရထားတဲ့ ကောင်းကင်တာအို ကံတရား အထောက်အပံ့တွေကိုလည်း လောကဦးကမ္ဘာထဲမှာ ဖိနှိပ်ထားပါတယ်။
တာအိုအရှင်သခင်၊ ကျိုးဖန်နဲ့ တခြားလူတွေကျတော့ အခွင့်အရေးရှာဖို့ ကောင်းကင်တာအိုကနေ ထွက်ခွာပြီး အပြင်မှာ ကိုယ်စွမ်းကိုယ်စနဲ့ တာအိုရယူခဲ့တာပါ။
ဝေ့လန်ရှန်မိကလည်း ကောင်းကင်တာအိုကနေ ထွက်ခွာပြီး တာအိုရယူချင်ပါတယ်။ ဒါပေမဲ့ တာအိုပညာရှိတွေက ဝေ့လန်ရှန်မိကို အပြင်ထွက်ခွင့် မပေးပါဘူး။ ဝေ့လန်ရှန်မိရဲ့ အရည်အချင်းက ထက်မြက်လွန်းတဲ့အတွက် တခြားကမ္ဘာတွေက ပြန်ပေးဆွဲမှာ ကြောက်တာကြောင့်ပါ။
တာအိုပညာရှိတွေဟာ ဝေ့လန်ရှန်မိကို တာအိုပညာရှိ နေရာအသစ် ပေါ်လာရင် အဲဒါ သူ့အတွက်ပဲလို့ ဖျောင်းဖျပြီး နှစ်သိမ့်ထားကြပါတယ်။ လေးငါးဆယ်ကြိမ် ဖျောင်းဖျခံရတော့ ဝေ့လန်ရှန်မိလည်း စောင့်ရုံကလွဲပြီး ဘာမှမတတ်နိုင်ပါဘူး။
ဒါပေမဲ့ တာအိုပညာရှိနေရာ အသစ် ပေါ်လာဖို့က ဘာပဲပြောပြော အချိန်ကြာဦးမှာပါ။ နောက်ဆုံး ထပ်မစောင့်နိုင်တော့တဲ့ ဝေ့လန်ရှန်မိဟာ သူ့ကိုယ်သူ ရုပ်ဖျက်ပြီး ပဋိပက္ခမြို့ဆီ ဦးတည်ပါတယ်။ တာအိုပညာရှိအတုအနေနဲ့ ဝေ့လန်ရှန်မိရဲ့ ရုပ်ပြောင်းရုပ်လွှဲက အားနည်းချက်မရှိတဲ့အထိ ပြည့်စုံပါတယ်။
ဒါပေမဲ့ တာအိုပညာရှိတွေကိုတော့ လိမ်ညာလို့ မရပါဘူး။ ဖြစ်ချင်တော့ ဒီအချိန်မှာ တာအိုပညာရှိတွေက ဝေ့လန်ရှန်မိကို စိုက်ကြည့်နေကြတာပါ။
တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ ချက်ချင်း လှုပ်ရှားပြီး ဝေ့လန်ရှန်မိကို သူ့တာအိုစက်ကွင်းထဲ ခေါ်သွားကာ တာအိုဆွေးနွေးပါတယ်။ ပြုံးနေတဲ့မျက်နှာကို ဖြတ်မရိုက်ကောင်းတာကြောင့် ဝေ့လန်ရှန်မိဟာ ဘာမှမတတ်နိုင်ဘဲ တောင်ဘက်စွန်း ကောင်းကင်အရှင်နဲ့ တာအိုအကြောင်း ဆွေးနွေးရပါတော့တယ်။
ဟန်ကျွယ်ကို ဒါကိုကြည့်ပြီး အသံထွက် ရယ်လုနီး ဖြစ်သွားပါတယ် ‘ကြည့်ရတာ ဒီကောင်တွေက ဒီကောင်လေးကို ပဋိပက္ခအစည်းအဝေးထဲ ဝင်ပြိုင်စေချင်ပုံပဲ’
ဟန်ကျွယ်ဟာ နောက်တပည့်တစ်ယောက် လက်ခံဖို့ စိတ်ကူးမရှိပါဘူး။ နောက်ပြီး ဝေ့လန်ရှန်မိရဲ့ ကံရေစက်က ကြီးလေးလွန်းတဲ့အတွက် ဟန်ကျွယ်ဟာ ဝေ့လန်ရှန်မိ အကြောင်းကို တာအိုပညာရှိတွေကိုတောင် ပြောမပြရဲပါဘူး။
ဒါပေမဲ့ ဟန်ကျွယ်ဟာ ဝေ့လန်ရှန်မိက ပဋိပက္ခ အစည်းအဝေးမှာ ပြိုင်ဘက်ကင်း ဖြစ်တာကို မမြင်ချင်ပါဘူး။ ဒီလိုဆိုရင် ပဋိပက္ခသိစိတ်ရဲ့ ထောင်ချောက်ထဲကို ကျသွားတာနဲ့ အတူတူပါပဲ။
ဝေ့လန်ရှောင်မိက ပဋိပက္ခအစည်းအဝေးမှာ ကောင်းကင်တာအိုကို ကိုယ်စားပြု ယှဉ်ပြိုင်လို့ အနှိုင်းမဲ့နေရာကို အရယူနိုင်ခဲ့ရင် ဂုဏ်သတင်းရော အဆင့်အတန်းရော ဆတိုး တိုးတက်သွားမှာပါ။ ကောင်းကင်တာအိုရဲ့ ခေါင်းဆောင်တောင် ဖြစ်သွားကောင်း ဖြစ်သွားနိုင်ပါတယ်။ အဲဒီအချိန်ကျရင် ဟန်ကျွယ်ဟာ ဝေ့လန်ရှန်မိကို နောက်ကွယ်ကနေ ထိန်းချုပ်နိုင်တော့ မဟုတ်ပါဘူး။ လောကဦး ကောင်းကင်ထောင်ကို အသုံးပြုလိုက်ရင်လည်း ပဋိပက္ခသိစိတ်က ကျိန်းသေပေါက် ရှာတွေ့သွားနိုင်ပါတယ်။
ဟန်ကျွယ်ဟာ တာအိုဖန်တီးရှင်အဆင့် မရောက်ခင် ဝေ့လန်ရှန်မိကို တိုက်ရိုက် မဆက်သွယ်ရဲပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ တခြားနည်းလမ်းတစ်ခု စဉ်းစားလိုက်ပါတယ်။ အဲဒါက ကျန်းကျွယ်ရှီကို ဝေ့လန်ရှန်မိခေါင်းပေါ် တက်နင်းခိုင်းဖို့ပါ။
ကျန်းကျွယ်ရှီက ဒီဘဝမှာ အသက်သန်းတစ်ရာပြည့်ဖို့ အဝေးကြီး လိုပါသေးတယ်။ ဒါကြောင့် ပဋိပက္ခ အစည်းအဝေးကို ဝင်ရောက် ယှဉ်ပြိုင်လို့ရပါတယ်။
ဟန်ကျွယ်ဟာ တတိတ တာအိုစက်ကွင်းဆီ ပြန်ပြီး ကျန်းကျွယ်ရှီဆီကို အိပ်မက်ထဲကနေ သွားလည်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။