← Chapters

အသက်ခြောက်သန်းပြည့်ခြင်း၊ အပိုင်းအစ တစ်စသာ လိုတော့ခြင်း

Vol. 85 Ch. 897

အသက်ခြောက်သန်းပြည့်ခြင်း၊ အပိုင်းအစ တစ်စသာ လိုတော့ခြင်း

Vol. 85 Ch. 897

အိပ်မက်နယ်မြေ။

ကျန်းကျွယ်ရှီဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ နတ်အလင်းရောင်တွေ တောက်ပနေတဲ့ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် ချက်ချင်း ဦးညွှတ်လိုက်ပါတယ်။ ကျန်းကျွယ်ရှီဟာ ပြီးခဲ့တဲ့ ဟောကြားမှု ပြီးကတည်းက နောက်တစ်ခါ ထပ်နားထောင်ရဖို့ မျှော်လင့်နေခဲ့တာပါ။ အန္တိမမူလ မဟာတာအိုက နက်နဲသိမ်မွေ့လွန်းတဲ့အတွက် ကျန်းကျွယ်ရှီကို မဟာတာအိုရယူဖို့ မျှော်လင့်ချက် ရှိသွားစေပါတယ်။

ဟန်ကျွယ်က ပြောလိုက်ပါတယ် “ဒီအတောအတွင်း ကျင့်ကြံတာ အဆင်ပြေတယ်မလား”

ကျန်းကျွယ်ရှီက ရိုကျိုးစွာ ပြန်ဖြေပါတယ် “စီနီယာရဲ့ ဟောကြားမှုကြောင့်ပါ”

“မင်းရဲ့ ကျင့်ကြံမှုပန်းတိုင်က ဘာလဲ”

ဟန်ကျွယ်ရဲ့ မေးခွန်းကြောင့် ကျန်းကျွယ်ရှီဟာ မှင်တက်သွားပါတယ်။

“သက်ရှိအားလုံးမှာ စိတ်ဝိညာဉ် ရှိတယ်၊ စိတ်ဝိညာဉ်ရှိရင် နှလုံးသား ရှိတယ်၊ နှလုံးသားရှိရင် လိုချင်တာတွေ မျှော်လင့်ချက်တွေ ရှိတယ်၊ သူတို့ရဲ့နှလုံးသားမှာ ဘာမှမလုပ်ခင်ကတည်းက လိုချင်တာ ရှိပြီးသား၊ မင်းက အခုကျင့်ကြံအားထုတ်နေပြီပဲ၊ မင်း လိုချင်တာ ဘာလဲ”

ဟန်ကျွယ် သာမန်ကာလျှံကာ မေးလိုက်တဲ့ မေးခွန်းက ကျန်းကျွယ်ရှီရဲ့ နှလုံးသားကို တန်းတန်းမတ်မတ် ထိမှန်သွားပါတယ်။

“ကျွန်တော် ကျင့်ကြံမှုရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်ချင်တယ်၊ ကျွန်တော်ရဲ့ မိတ်ဆွေဟောင်း တစ်ယောက်ကို အသက်ပြန်သွင်းချင်တယ်”

“ကျင့်ကြံမှုက အဆုံးမရှိဘူး၊ မင်း ဆက်ပြီးကျင့်ကြံနေရင် မင်းရဲ့ အဆင့်ကလည်း လိုက်ပြီး တိုးလာမှာပဲ၊ မင်းမိတ်ဆွေဟောင်းကို အသက်ပြန်သွင်းချင်ရင်တော့ အခွင့်အရေးတစ်ခု ရှိတယ်၊ ပဋိပက္ခက ပဋိပက္ခအစည်းအဝေးကို ကျင်းပလိမ့်မယ်၊ မင်း မဟာတာအို နတ်စိတ်ဝိညာဉ် ဖြစ်လာရင် လူတစ်ယောက်ကို အသက်ပြန်သွင်းဖို့က ထမင်းစားရေသောက် ဖြစ်သွားလိမ့်မယ်”

ဟန်ကျွယ်ရဲ့ စကားကြောင့် ကျန်းကျွယ်ရှီရဲ့ မျက်လုံးတွေဟာ တောက်ပသွားပါတယ်။ ကျန်းကျွယ်ရှီဟာ ပဋိပက္ခအစည်းအဝေးအကြောင်း ချက်ချင်း မေးမြန်းပါတယ်။ ဟန်ကျွယ်ဟာ အမှန်အတိုင်း ဖြေပါတယ်။ ကျန်းကျွယ်ရှီဟာ ပဋိပက္ခအစည်းအဝေးအကြောင်း အသေးစိတ် သိရှိသွားပြီးနောက် သွေးတွေ ဆူပွက်သွားပါတယ်။

ဒါက ဘယ်တုန်းကမှ မရှိခဲ့တဲ့ ပါရမီရှင်တွေ စုဝေးခြင်းပါ။

ကျန်းကျွယ်ရှီဟာ အရင်တုန်းကဆိုရင် ချီတုံချတုံ ဖြစ်နေဦးမှာပါ။ သူ့နောက်မှာ ဘယ်သူမှ ရှိမနေတဲ့အတွက် လူကြားထဲ အစွမ်းပြမိရင် ဒုက္ခရောက်နိုင်ခြေ အရမ်းများပါတယ်။ ဒါပေမဲ့ အခုတော့ သူ့နောက်မှာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ရှိနေပါပြီ။

“စီနီယာ... ကျွန်တော်...” ကျန်းကျွယ်ရှီဟာ တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်သွားပါတယ်။

ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်း ငါ့ကို ဆရာသခင်အဖြစ် အသိအမှတ် ပြုချင်တာလား”

ကျန်းကျွယ်ရှီဟာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။ ကောင်းကင်တာအိုမှာပဲ ဖြစ်ဖြစ် ပဋိပက္ခမှာပဲ ဖြစ်ဖြစ် ဆရာတပည့် ဆက်ဆံရေးက အတည်ငြိမ်ဆုံးပါ။ ကျင့်ကြံသူတွေကြားမှာ ဆရာတပည့် ဆက်ဆံရေးက သားအဖ ဆက်ဆံရေးထက် ပိုပြီးတော့ လေးနက်ပါတယ်။ သားအဖ ဆက်ဆံရေးက မွေးတည်မှုကြောင့် ဖြစ်တည်လာပြီး ဆရာတပည့် ဆက်ဆံရေးကတော့ တာအိုနောက်လိုက်လို့ ဖြစ်တည်လာတာပါ။

ကျန်းကျွယ်ရှီဟာ ချက်ချင်း ဒူးထောက်ပြီး ရှိခိုးလိုက်ပါတယ် “ဆရာသခင်ကို ဂါရဝ ပြုပါတယ်”

အရာအားလုံးက အဆင်ပြေပါတယ်။ ဟန်ကျွယ်ဟာ ကျန်းကျွယ်ရှီဆီက မျက်နှာသာပေးမှုကို လက်ခံရရှိလိုက်ပါတယ်။

“မင်းက ငါ့တပည့် ဖြစ်သွားပြီဆိုတော့ ငါ မင်းကို ဆန်းကြယ်စွမ်းအားတစ်ပါး သင်ပေးမယ်၊ ဒီဆန်းကြယ်စွမ်းအားနဲ့ မင်း ပဋိပက္ခကို စိုးမိုးလို့ရတယ်”

ကျန်းကျွယ်ရှီဟာ ကျေနပ်အံ့အားသင့်သွားပြီး ချက်ချင်း ကျေးဇူးတင်စကား ဆိုပါတယ်။

ဟန်ကျွယ်ဟာ တစ်ခါတည်း တန်ခိုကြီးမား မဟာလက်ဝါး ပညာရပ်ကို ဟောကြားလိုက်ပါတယ်။ ဒီဟောကြားမှုက နှစ်တစ်ရာ ကြာတဲ့အခါ ပြီးဆုံးသွားပါတယ်။

ကျန်းကျွယ်ရှီဟာ မျက်လုံးဖွင့်ပြီး ပြုံးလိုက်ပါတယ်။

လျူပေ့ဟာ တစ်စုံတစ်ခုကို ခံစားမိတာကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ ကျန်းကျွယ်ရှီရဲ့ အပြုံးကို တွေ့မြင်လိုက်ရတာကြောင့် မနေနိုင်ဘဲ မေးလိုက်ပါတယ် “ဘာဖြစ်လို့လဲ”

“ငါ အဲဒီစီနီယာကို ဆရာသခင်အဖြစ် အသိအမှတ် ပြုလိုက်ပြီ” ကျန်းကျွယ်ရှီက ညင်သာစွာ ပြောလိုက်ပါတယ်။

ကျန်းကျွယ်ရှီဟာ အရမ်းစိတ်လှုပ်ရှားနေပါတယ် ‘တော်တော်ကြမ်းတဲ့ တန်ခိုးကြီးမား မဟာလက်ဝါးပဲ၊ အရာအားလုံးကို ဖျက်ဆီးပစ်တယ်၊ ရိုးရှင်းပြီးတော့ ကြမ်းတယ်၊ ငါ ဒါကိုသာ အဆုံးစွန်ထိရောက်အောင် ကျင့်ကြံအားထုတ်လိုက်ရင် ဘယ်ဆန်းကြယ်စွမ်းအားကိုမှ ကြောက်စရာ မလိုတော့ဘူး၊ ဘာလာလာ လက်ဝါးတစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်လို့ရတယ်’

ကျန်းကျွယ်ရှီဟာ ဟန်ကျွယ်ကို ပိုပြီးတော့ လေးစားသွားပါတယ်။

လျူပေ့ဟာ ပြုံးလိုက်ပါတယ် “ဂုဏ်ယူပါတယ်”

ကျန်းကျွယ်ရှီဟာ ပြုံးလိုက်ပါတယ် “အခုကစပြီး ငါတို့က ဂိုဏ်းတူတပည့်တွေ ဟုတ်တယ်မလား စီနီယာ”

လျူပေ့ဟာ ခေါင်းခါလိုက်ပါတယ် “ငါတို့က တစ်ဂိုဏ်းတည်းသားတွေလို့ ယူဆလို့ရတယ်၊ ဂိုဏ်းတူတပည့်တွေလို့တော့ ယူဆလို့မရဘူး”

“ဘာဖြစ်လို့လဲ”

“အမှန်အတိုင်း ပြောရရင် ငါက အဲဒီစီနီယာရဲ့ ကိုယ်ပွားပဲ၊ သူက ပင်မခန္ဓာကိုယ်၊ ဝါစဉ်အရဆိုရင် ငါက မင်းထက် တစ်ဆင့်မြင့်တယ်”

“ကိုယ်ပွား...” ကျန်းကျွယ်ရှိဟာ မျက်လုံးပြူးသွားပြီး လျူပေ့ကို လုံးဝခြားနားတဲ့ အကြည့်နဲ့ ကြည့်လိုက်ပါတယ်။

လျူပေ့ဟာ စိတ်ထဲမှာ ကျေနပ်သွားပါတယ်။ အချိန်အကြာကြီး သည်းခံထားခဲ့ရတာ နောက်ဆုံးတော့ ဂိုက်ဖမ်းလို့ ရသွားပါပြီ။

ကျန်းကျွယ်ရှီဟာ သက်ပြင်းချလိုက်ပါတယ် “ဒီလိုကိုး... အကုန်လုံးက ဆရာသခင်ရဲ့ မျက်နှာသာပေးမှုကြောင့်ပဲ”

ကျန်းကျွယ်ရှီဟာ ရင်ထဲမှာ အတော်လေး ထိသွားပါတယ်။ သူ့ဆရာသခင်က သူ့ကို တပည့်အဖြစ် လက်ခံဖို့ အရင်ဆုံး ကူညီပြီး သူ ဆရာတင်လိုတဲ့အချိန်ကျမှ တပည့်အဖြစ် လက်ခံခဲ့ပါတယ်။ ဒီလိုစိတ်ဓာတ်မျိုးက တကယ်ကို လေးစားစရာပါ။

ကျန်းကျွယ်ရှီဟာ မနေနိုင်ဘဲ မေးလိုက်ပါတယ် “ကျွန်တော်ရဲ့ ဆရာသခင်က ဘယ်သူလဲ”

လျူပေ့ဟာ တိတ်ဆိတ်သွားပါတယ်။ ဒီအချိန်မှာပဲ လျူပေ့ဟာ ဟန်ကျွယ်ဆီကနေ အသံလွှင့်စကားကို လက်ခံရရှိလိုက်ပါတယ်။

“ကောင်းကင်တာအိုက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိပဲ၊ မင်း ကြားဖူးလား”

ကျန်းကျွယ်ရှီဟာ နှလုံးလှုပ်သွားပါတယ် ‘ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ’

ဒီနာမည်က မိုးခြိမ်းသံလို ကျယ်လောင်လှပါတယ်။ အထူးသဖြင့် ကောင်းကင်တာအို သက်ရှိတွေအတွက် ဒဏ္ဍာရီတစ်ခုထက်တောင် ပိုပါတယ်။

ကျန်းကျွယ်ရှီလည်း ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို ကြည်ညို လေးစားခဲ့ပါတယ်။ ဒါပေမဲ့ အဆင့်ချင်းက ကွာခြားလွန်းတဲ့အတွက် တွေ့ဖို့ မမျှော်လင့်ရဲခဲ့ပါဘူး။

ကျန်းကျွယ်ရှီဟာ တစ်စုံတစ်ခုကို အမှတ်ရလိုက်ပါတယ်။ ပဋိပက္ခအစည်းအဝေးကို ဦးဆောင်ကျင်းပတဲ့သူက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ဆိုတာကိုပါ။ တခြားစကားနဲ့ ပြောရရင် ကျန်းကျွယ်ရှီဟာ သူ့အရည်အချင်းကို ပဋိပက္ခအစည်းအဝေးမှာ ဘာကိုမှကြောက်စရာ မလိုဘဲ ထုတ်ပြနိုင်ပါတယ်။

ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ သူ့နောက်မှာ ရှိနေမှတော့ ဘယ်သူကများ သူ့ကို ထိခိုက်အောင် လုပ်ရဲမှာလဲ။

ကျန်းကျွယ်ရှီဟာ ရင်ထဲ ထိသွားပါတယ်။ ကျန်းကျွယ်ရှီဟာ သူ့အရည်အချင်းက သူ့ဆရာသခင်ကို ယှဉ်နိုင်လိမ့်မယ်လို့ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ သူ့ဆရာသခင်က ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ဖြစ်နေတော့ မနှိုင်းယှဉ်ရဲတော့ပါဘူး။

ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ပဋိပက္ခမှာ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ပါ။ အနည်းဆုံး ကျင့်ကြံသူအများဆုံးက ဒီလိုတွေးထားကြပါတယ်။ ဒီလိုတည်ရှိမှုမှာ တပည့်ခံချင်တဲ့ ပါရမီရှင်တွေ ရှားမှာ မဟုတ်ပါဘူး။

ကျန်းကျွယ်ရှီဟာ အသက်အရှည်ကြီး ရှူသွင်းပြီး မျက်လုံးတွေ ပြတ်သားသွားပါတယ် ‘ငါ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကို အရှက်ရစေလို့ မဖြစ်ဘူး၊ ငါ အကြွင်းမဲ့ပါရမီရှင်ဆယ်ပါးထဲက တစ်ပါး မဖြစ်မနေ ဖြစ်ရမယ်၊ အနှိုင်းမဲ့ပါရမီရှင်ဖြစ်ဖို့ အကောင်းဆုံး ကြိုးစားမယ်’

အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။

နှစ်တစ်သိန်းခန့် ကြာပြီးနောက်။

[သင်သည် အသက်ခြောက်သန်း ပြည့်သွားပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]

[၁။ ဂူအောင်းကျင့်ကြံရာမှ ထွက်၍ ပဋိပက္ခထဲတွင် လောကဦး ပဋိပက္ခကို ဖွင့်လှစ်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စနှင့် ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ရရှိမည်။]

[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံ၍ ပြဿနာများနှင့် ဝေးဝေးနေပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စနှင့် ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ရရှိမည်။]

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဒီတစ်ခါ ဆုတွေက အတူတူပါပဲ။ ဘယ်ရွေးချယ်မှုကိုပဲလုပ်လုပ် ဟန်ကျွယ် နှလုံးသားလေး ခံစားရတော့မှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို ချက်ချင်း ရွေးချယ်လိုက်ပါတယ်။ အခုဆိုရင် ဟန်ကျွယ်ဆီမှာ လောကဦး အပိုင်းအစ ရှစ်စ ရှိသွားပါပြီ။ တခြားစကားနဲ့ ပြောရရင် ဟန်ကျွယ်ဟာ နောက်နှစ်တစ်သန်းပြည့်တာနဲ့ လောကဦးပဋိပက္ခ မဟာဖန်တီးမှုကို အကောင်အထည် ဖော်နိုင်တော့မှာပါ။

ဟန်ကျွယ်ဟာ စိတ်လှုပ်ရှားသွားပါတယ် ‘သားလေး... မင်းမွေးဖွားဖို့ နီးလာပြီ’

ဟန်ကျွယ်ဟာ သူ့အငယ်ဆုံးသားက ပဋိပက္ခအစည်းအဝေးမှာ ဝင်ပြိုင်ဖို့ အခွင့်အရေးရှိတာကို ရုတ်တရက် တွေးမိလိုက်ပါတယ်။ ပဋိပက္ခအစည်းအဝေး ကျင်းပဖို့က နှစ်ရှစ်သန်း လိုပါသေးတယ်။ ဒါကြောင့် သူ့ရဲ့ အငယ်ဆုံးသားမှာ နှစ်ပေါင်း ရှစ်သန်း အချိန်ရှိပါသေးတယ်။

ဟန်ကျွယ်ကလွဲရင် ဘယ်သူမှ လောကဦး နတ်ဘီလူးကို မမြင်ဖူးပါဘူး။ ဒါကြောင့် သူ့အငယ်ဆုံးသားသာ မမောက်မာရင် လောကဦးနတ်ဘီလူးဆိုတာကို သိနိုင်ကြမှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ အရင်က သူတွက်ချက်ခဲ့တဲ့ အနာဂတ်ကို တွေးမိလိုက်ပါတယ် ‘ကြည့်ရတာ ငါ့အငယ်ဆုံးသား မာနကင်းဖို့က တော်တော်ခက်မယ်နဲ့ တူတယ်... ထားလိုက်ပါတော့... အနာဂတ်ကျမှ ကြည့်ကျက်လုပ်တာပေါ့’

ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ ကျန်းကျွယ်ရှီကို ပျိုးထောင်ဦးမှာပါ။ ဖဲချပ်က တစ်ချပ်မကရှိလေ ပိုကောင်းလေပါပဲ။

ဟန်ကျွယ်ဟာ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးကို ထုတ်ယူပြီး နတ်ဘီလူးချီအလုံး တစ်လုံးနဲ့ ပေါင်းစပ်လိုက်ပါတယ်။ ပြီးတော့မှ ဆက်ပြီး ကျင့်ကြံအားထုတ်ပါတယ်။

ဟန်ကျွယ်ဟာ နောက်နှစ်တစ်သန်း နှစ်သန်းမှာ အဆင့်ထိုးဖောက်ဖို့ ပြင်ဆင်ထားပါတယ်။ ဟန်ကျွယ် အချိန်အကြာကြီး ဂူအောင်းကျင့်ကြံလိုက်တာနဲ့ နှစ်တစ်သန်းက ဘာမှကြာမှာ မဟုတ်တော့ပါဘူး။

အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။

ကောင်းကင်ပြာအောက်က ကျောက်သားစင်မြင့်ပေါ်မှာ...

ဒဏ်ခတ်သမားငါးဖော်ဟာ အန္တိမဒဏ်ခတ်နတ်မင်းရှေ့ မတ်တတ်ရပ်နေကြပါတယ်။ ဟန်ထော်ဟာ ရှေးပျက်သုန်းနယ်မြေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အစီရင်ခံပါတယ်။

ပြီးသွားတဲ့အခါ အန္တိမဒဏ်ခတ်နတ်မင်းက သာမန်ကာလျှံကာ မေးလိုက်ပါတယ် “ဒီတော့ ‌ရှေးပျက်သုန်း နယ်မြေထဲမှာ မဟာတာအိုပညာရှိထက် ကျော်လွန်တဲ့ တည်ရှိမှုတစ်ခု ပုန်းအောင်းနေတယ်ပေါ့၊ မင်းတို့တွေ သူဘယ်သူလဲ မသိဘူးပေါ့”

ဟန်ထော်ရဲ့ မျက်နှာဟာ မည်းမှောင်သွားပါတယ် “ဟုတ်တယ်၊ ကျွန်တော်တို့တွေသာ မဟာတာအိုအဆင့်မှာ ရှိမနေရင် ရှေးပျက်သုန်းနယ်မြေထဲက ထွက်လာမှာ မဟုတ်ဘူး၊ နတ်ဒေါင်းအရှင်လို့ခေါ်တဲ့ မဟာတာအိုပညာရှိတစ်ပါးကို အဲဒီရှေးဟောင်းတည်ရှိမှုက အတင်းဖိနှိပ်ထားတယ်၊ သူပြောတာတော့ နတ်ဒေါင်းအရှင်ရဲ့ စိတ်ဆန္ဒကို ရှေးပျက်သုန်းနယ်မြေထဲမှာ ထာဝရ နစ်မြုပ်စေမယ်တဲ့”

အန္တိမဒဏ်ခတ်နတ်မင်းဟာ အတွေးနက်သွားပါတယ်။

ယီတျန်က ပြောလိုက်ပါတယ် “တန်ခိုးရှင်နတ်ဘုရား... ကျွန်တော်တို့ကို ရှေးပျက်သုန်းနယ်မြေဆီ ထပ်မသွားခိုင်းပါတော့နဲ့၊ အဲဒီနေရာက ပဋိပက္ခ အောက်ခြေထက်တောင် ပိုကြောက်ဖို့ ကောင်းတယ်၊ တာအိုမိစ္ဆာတွေလည်း အများကြီးပဲ”

အန္တိမဒဏ်ခတ်နတ်မင်းဟာ မျက်မှောင်ကြုတ်သွားပါတယ် “တာအိုမိစ္ဆာ...”

ယီတျန်ဟာ ခေါင်းညိတ်လိုက်ပါတယ် “ဟုတ်တယ်၊ ရှေးပျက်သုန်းနယ်မြေက ကောင်းကင်တာအိုထက် သက်ရှိတွေ ပိုများနေသလိုပဲ၊ အဲဒီအစုတ်ပလုတ်ဟာတွေ ဘယ်နားကလာလဲ မသိဘူး”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters