← Chapters

အန္တိမမူလ နတ်ဘီလူး

Vol. 85 Ch. 900

အန္တိမမူလ နတ်ဘီလူး

Vol. 85 Ch. 900

ခရမ်းရောင် အလင်းရောင်ထဲမှာ...

ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ပြန်ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့ခန္ဓာကိုယ်ရဲ့ အသွင်ပြောင်းမှုကို ခံစားနိုင်ပါတယ်။ သူ့ခန္ဓာကိုယ်ဟာ သိမ်မွေ့နက်နဲလာပြီး အမျိုးအမည်မသိတဲ့ စွမ်းအားတစ်ခုက ကြွက်သားတွေနဲ့ အရိုးတွေကို ဆေးကြောသန့်စင်နေပါတယ်။ ဒါ့အပြင် ဟန်ကျွယ်ဝိညာဉ်နက်ထဲက လောကဦးကမ္ဘာဟာလည်း တားဆီးမရတဲ့ အရှိန်အဟုန်နဲ့ အရူးအမူး ကျယ်ပြန့်လာပါတယ်။

တဖြည်းဖြည်းနဲ့ ဟန်ကျွယ်ရဲ့ အသားအရေဟာ ခရမ်းရောင် ဖြစ်သွားပါတယ်။ ဟန်ကျွယ်ရဲ့ ဆံပင်နက်တွေကလည်း အရောင်ပျောက်သွားပြီး အဖြူရောင် တစ်စွန်းတစ်စသာ ကျန်နေခဲ့ပါတယ်။ ဟန်ကျွယ်ရဲ့ မျက်လုံးတွေကလုံး ကြယ်တွေပြည့်နေတဲ့ စကြဝဠာနှစ်ခုလိုမျိုး ဖြစ်သွားပါတယ်။

ဟန်ကျွယ်ဟာ သူ့ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုကို ခံစားနိုင်တဲ့အတွက် ဝမ်းသာပီတိ ဂွမ်းဆီထိ ဖြစ်သွားပါတယ်။ ဟန်ကျွယ်ဟာ ဘာနာကျင်မှုကိုမှ မခံစားရပါဘူး။ ဒါက တစ်ဖက်စွန်းဆီ ရောက်သွားတဲ့ အတွေ့အကြုံတစ်မျိုးပါ။ ဒီခံစားချက်က လောကမှာရှိတဲ့ ဝမ်းသာပျော်ရွှင်မှု အားလုံးထက် ကျော်လွန်ပါတယ်။

ဟန်ကျွယ်ရဲ့ စိတ်ဆန္ဒဟာ ပဋိပက္ခထက်ကို ခုန်ထွက်လိုက်ပြီး အရင်ထက် ပိုမြင့်တဲ့‌နေရာကနေ ပဋိပက္ခတစ်ခုလုံးကို ငုံ့ကြည့်လိုက်ပါတယ်။

ပဋိပက္ခက တော်တော်လေးကို သေးငယ်သွားပါတယ်။ တစ်ချက်ကြည့်လိုက်ရင် ပဋိပက္ခကို အဆုံးမဲ့ ဗလာနယ်မြေကို ဝန်းရံထားပါတယ်။ ပဋိပက္ခဟာ အဖြူရောင်စက္ကူပေါ်က မှင်စက်လေးတစ်စက်လိုပါပဲ။

ဒီအချိန်မှာပဲ ဒီအနက်ရောင် အစက်လေးဟာ စပြီးတော့ ပြောင်းလဲလာပါတယ်။ အဲဒီနောက် အချိန်ကို ကျော်လိုက်သလိုမျိုး လျင်မြန်စွာ ကျယ်ပြန့်သွားပါတယ်။

ပဋိပက္ခက အရွယ်အစားတစ်ခုကို ရောက်ရှိသွားတဲ့အခါ ရုတ်တရက် ကွဲကြေပြီး မရေမတွက်နိုင်တဲ့ ခရမ်းရောင် အပိုင်းအစတွေအဖြစ် အသွင်ပြောင်းလဲကာ ဗလာနယ်မြေတစ်လျှောက် ပြန့်ကျဲသွားပါတယ်။ ဒီခရမ်းရောင် အပိုင်းအစတွေဟာ ခရမ်းရောင်မြူခိုးကို ဖြန့်ကြက်ပြီး ဗလာနယ်မြေတစ်လျှောက် လျင်မြန်စွာ လောင်ကျွမ်းပါတယ်။

‘ဒါက လောကဦးပဋိပက္ခလား...’

‘အကုန်လုံးက အချိန်-အာကာသ ပြောင်းပြန်သွားတာရဲ့ သရုပ်သကန်လား’

ခရမ်းရောင်မြူခိုးတွေ ဗလာနယ်မြေကို ပြည့်သွားပြီးနောက် လောကဦးကမ္ဘာတစ်ခုလုံး စပြီးတော့ ကျုံ့ဝင်သွားပါတယ်။ ဗလာနယ်မြေတောင် ဆက်ပြီးတော့ မတည်ရှိတော့ပါဘူး။ မကြာခင်မှာပဲ လောကဦးကမ္ဘာဟာ ခရမ်းရောင် မှင်စက်သာသာပဲ ရှိတော့တဲ့အထိ ကျုံ့ဝင်သွားပြီး‌ ဘေးနားပတ်ဝန်းကျင်ကိုတော့ အကြွင်းမဲ့ အမှောင်ထုက ကြီးစိုးထားပါတယ်။

‘နတ္ထိ... ဒါ လောကဦးကမ္ဘာ မွေးဖွားလာပုံလား...’

ဒီအတွေးကြောင့် ဟန်ကျွယ်ဟာ ဘာဆက်ဖြစ်မလဲဆိုတာကို သိချင်သွားပါတယ်။

လောကဦးကမ္ဘာက ကျုံ့ဝင်နေတုန်းပါ။ အချိန်အတော်ကြာသွားတဲ့ အခါမှာတော့ လောကဦးကမ္ဘာဟာ ကျုံ့ဝင်တာ ရပ်သွားပါတယ်။ ဒီအခါ ဟန်ကျွယ်ဟာ လောကဦးကမ္ဘာကို ကြည့်ပြီး လန့်သွားပါတယ်။

‘လောကဦးကမ္ဘာက တကယ်ကြီး လူသားခေါင်းကနေ ဖြစ်တည်လာတာလား...’

ဒီလူခေါင်းက မျက်လုံးကိုးလုံးနဲ့ ခရမ်းရောင် ကတုံးခေါင်း ဖြစ်ပါတယ်။ မျက်လုံးတွေက ဗလာကျင်းနေပြီး နှာခေါင်းရော ပါးစပ်ရော မရှိပါဘူး။

‘ဒါ ဘာကြီးလဲဟ...’ ဟန်ကျွယ်ဟာ တော်တော်လေး သိချင်သွားပါတယ်။

ဒီအချိန်မှာပဲ ဟန်ကျွယ်ရှေ့က အရာအားလုံး ကွဲကြေသွားပြီး ဟန်ကျွယ်ရဲ့ သိစိတ်ဟာ လက်တွေ့ဘဝကို ပြန်ရောက်သွားပါတယ်။ ဟန်ကျွယ်ရဲ့ ရုပ်ခန္ဓာ အသွင်ပြောင်းလဲမှုလည်း ပြီးဆုံးသွားပါပြီ။

[သင်၏ လောကဦး ကြယ်တာရာ ခန္ဓာကိုယ်သည် မူလကနဦးတာအို အန္တိမမူလ ခန္ဓာကိုယ်အဖြစ်သို့ အဆင့်မြင့်တက်သွားပါပြီ။]

‘မူလကနဦးတာအို အန္တိမမူလ ခန္ဓာကိုယ်...’

ဟန်ကျွယ်ဟာ ကိုယ်ရေးအကျဉ်းကို ဖွင့်ကြည့်လိုက်တဲ့အခါ လောကဦး နတ်ဘီလူးဆိုတဲ့နေရာမှာ အန္တိမမူလ နတ်ဘီလူး ဖြစ်သွားတာကို တွေ့လိုက်ရပါတယ်။

လောကဦးပဋိပက္ခအထက်မှာ အန္တိမမူလ ရှိနေပါတယ်။

ဟန်ကျွယ်ဟာ စိတ်ထဲမှာ ပဟေဠိ ဖြစ်သွားပါတယ် ‘ဒါက ရုပ်ခန္ဓာအသစ် မဟုတ်ဘူးလား... ငါ့ဘာသာ ဘာဖြစ်လို့ နာမည်ပေးလို့ မရတာလဲ’

“အတိတ်မှာတုန်းက အန္တိမမူလ နတ်ဘီလူး ရှိခဲ့ဖူးလား” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။

[မရှိပါ။ မည်သည့်အချိန်ကမှ ပေါ်မလာခဲ့ဖူးပါ။ တည်ရှိမှုတစ်ခုသည် ထိုအရာနှင့် ပတ်သက်၍ အဆိုမူကြမ်းတစ်ခု ထားရှိခဲ့သည်။ စနစ်က ထိုအဆိုမူကြမ်းအပေါ်တွင် အခြေပြု၍ ဆင့်ကဲပြောင်းလဲပြီး ဤရုပ်ခန္ဓာသစ်ကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် အန္တိမမူလ နတ်ဘီလူးဟု ခေါ်တွင်သည်။]

“အဲဒီအဆိုမူကြမ်းကို ဘယ်သူလုပ်ခဲ့တာလဲ”

[အရင် လောကဦး နတ်ဘီလူး။]

ဟန်ကျွယ်ဟာ သဘောပေါက်သွားပါတယ် ‘အရင် လောကဦး နတ်ဘီလူးက အကန့်အသတ်ကို ချိုးဖျက်ဖို့ ကြိုးစားခဲ့တာပဲ၊ ကံဆိုးချင်တော့ စွမ်းအား မလုံလောက်လို့ ကံကြမ္မာကို မယှဉ်နိုင်ဘဲ ကျရှုံးခဲ့ရတာပဲ... ဒီအတိုင်းဆို ကြည့်ရတာ ငါ့စနစ်က အရင် လောကဦး နတ်ဘီလူးနဲ့ ပတ်သက်နေပုံပဲ’

“စနစ်ကို အရင် လောကဦး နတ်ဘီလူးက ဖန်တီးခဲ့တာလား” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို ဆက်မေးလိုက်ပါတယ်။

[မဟုတ်ပါ]

‘မဟုတ်ဘူး... ဒီစနစ်ရဲ့ နောက်ခံက ဘယ်လောက်တောင် နက်ရှိုင်းတာလဲ’ ဟန်ကျွယ်ဟာ သိချင်စိတ်ကို ဖိနှိပ်ပြီး စနစ်ကို ထပ်မမေးတော့ပါဘူး။

အဲဒီနောက် ဟန်ကျွယ်ဟာ သူ့ခန္ဓာကိုယ်ထဲက ပြောင်းလဲမှုတွေကို စပြီးတော့ သုံးသပ်နားလည်ပါတယ်။ အထွတ်အထိပ် စွမ်းအားက ပိုပြီးတော့ စွမ်းအားကြီးတဲ့ စွမ်းအားအဖြစ် ပြောင်းလဲသွားပါတယ်။ ဟန်ကျွယ်ဟာ ဒီစွမ်းအားကို အန္တိမမူလ စွမ်းအားလို့ ယာယီ သတ်မှတ်လိုက်ပါတယ်။

ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ဟာ နောက်ဆုံး အဆီအနှစ်ကနေ ဖြစ်တည်လာတာမလို့ ခန္ဓာကိုယ်ဆိုတဲ့ ဘောင်ကို ကျော်လွန်သွားပါပြီ။ ဟန်ကျွယ်ရဲ့ ဝိညာဉ်ကလည်း ဧကဝုစ် မဟုတ်တော့ပါဘူး။ ဟန်ကျွယ်လိုချင်သလောက် ဖန်တီးလို့ရပြီး စိတ်ဆန္ဒနဲ့ ထိန်းချုပ်လို့ရပါတယ်။

ဟန်ကျွယ် ဝိညာဉ်နက်ထဲက လောကဦးကမ္ဘာဟာလည်း အရင်ကထက် အဆတစ်ရာလောက် ပိုကြီးသွားပါတယ်။ လောကဦးကမ္ဘာက ဟန်ကျွယ် စိတ်ဆန္ဒရဲ့ နက်ရှိုင်းတဲ့ တစ်နေရာမှာ ရှိနေတာဖြစ်ပြီး ဝိညာဉ်ထဲမှာ ရှိနေတာ မဟုတ်တော့ပါဘူး။

ဟန်ကျွယ်ရဲ့ ခန္ဓာကိုယ်ပေါ်က ခရမ်းရောင်တွေဟာ စပြောင်းလဲလာပြီး‌ နောက်ဆုံးမှာ အနီရောင် အလင်းရောင် ဖြစ်သွားပါတယ်။ အဲဒီနောက် အနီရောင် အလင်းရောင်တွေဟာ ကျုံ့ဝင်သွားပြီး ဟန်ကျွယ်ဟာ မူလပုံစံ ပြန်ဖြစ်သွားပါတယ်။ ဒါပေမဲ့ ထူးဆန်းတဲ့ အနီရောင် သင်္ကေတတွေက ဟန်ကျွယ်ရဲ့ နဖူးမှာ ပေါ်လာပါတယ်။ ဟန်ကျွယ်ရဲ့ မျက်ဆံတွေဟာ နီရဲတောက်ပနေပြီး ဆံပင်ဖြူတွေကလည်း ကျွတ်ကျသွားပါတယ်။ စကေးကျုံ့ထားတဲ့ ကြယ်ပင်လယ်တစ်စင်းဟာ ဟန်ကျွယ်ရဲ့ ခေါင်းထက်မှာ ပေါ်လာပါတယ်။ ဒါက လောကဦးကမ္ဘာရဲ့ ကိုယ်ထင်ပြမှု ဗားရှင်းအသေးစားပါ။

‘ဟင်... ကတုံး... ငါ ဗုဒ္ဓ ဖြစ်သွားတာလား...’

ဟန်ကျွယ်ဟာ ရယ်ရခက် ငိုရခက် ဖြစ်သွားပါတယ်။ အဲဒီနောက် အတွေးတစ်ချက်နဲ့ ဟန်ကျွယ်ရဲ့ ခေါင်းမှာ ဆံပင်နက်တွေ ပြန်ရှည်လာပြီး နဖူးပေါ်က အနီရောင် သင်္ကေတတွေလည်း ပျောက်ကွယ်သွားပါတယ်။ မျက်ဆံရဲ့ အရောင်ကတော့ မပြောင်းပါဘူး။ ဟန်ကျွယ်ရဲ့ မျက်လုံးတွေက အန္တိမမူလ စွမ်းအားကို ထုတ်လွှတ်နိုင်ပါတယ်။

ဟန်ကျွယ်ဟာ သူ့မျက်ဆံရဲ့ အရောင်ကို ဖုံးကွယ်လို့ မရတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုလုပ်လိုက်ရင် သူ့စွမ်းအားက လျော့ကျသွားပါတယ်။ ဟန်ကျွယ်ဟာ အမြဲတမ်း ထိပ်ဆုံးအခြေအနေမှာ ရှိနေချင်တာကြောင့် သူ့မျက်ဆံရဲ့ အရောင်ကို မဖုံးကွယ်တော့ပါဘူး။

ဒါကြောင့် ဟန်ကျွယ်ဟာ အပေါ်ယံမှာ အရင်ကနဲ့ ဘာမှမခြားနားပေမဲ့ မျက်ဆံတွေကတော့ အနီရောင် ဖြစ်သွားပါတယ်။

စိတ်လှုပ်ရှားသွားတဲ့ ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲ ဝင်ပြီး ဓားရူးတာအိုပညာရှိတွေကို စိန်ခေါ်တိုက်ခိုက်ပါတယ်။

မဟာတာအိုပညာရှိချုပ် ဓားရူးတာအိုပညာရှိ နှစ်သောင်းခွဲ။

တစ်ချက်တည်း အသေသတ်။

ဓားရူးတာအိုပညာရှိ သုံးသောင်း။

တစ်ချက်တည်း အသေသတ်။

လေးသောင်း၊ တစ်ချက်တည်း အသေသတ်။

ငါးသောင်း၊ တစ်ချက်တည်း အသေသတ်။

ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိ အရေအတွက်ကို ဆက်ပြီး တိုးပါတယ်။ ဟန်ကျွယ်ဟာ တန်ခိုးကြီးမား မဟာလက်ဝါးနဲ့ အန္တိမမူလစွမ်းအားကို ပေါင်းသုံးတဲ့အတွက် ဘယ်ရန်သူလာလာ တစ်ချက်တည်း အပြတ်ရှင်းခံရတာချည်းပါပဲ။

အန္တိမမူလစွမ်းအားက ကြမ်းလွန်းပါတယ်။ တန်ခိုးကြီးမား မဟာလက်ဝါးနဲ့ လုံးဝ အံကိုက်ပါပဲ။

ဓားရူးတာအိုပညာရှိ ရှစ်သောင်း၊ တစ်ချက်တည်း အသေသတ်။

ဓားရူးတာအိုပညာရှိ တစ်သိန်း၊ တစ်ချက်တည်း အသေသတ်။

‘ကောင်းလိုက်တာ...’

ဟန်ကျွယ်ဟာ တန်ခိုးကြီးမား မဟာလက်ဝါးကို ဝှေ့ယမ်းတိုင်း အစွမ်းကုန် ထုတ်သုံးပါတယ်။ ဒီဟာက ဟန်ကျွယ်ကို တော်တော်လေး ကျေနပ်အားရစေပါတယ်။ အန္တိမမူလရဲ့ အဆုံးမဲ့ စွမ်းအားက အရာအားလုံးကို ချေမှုန်းဖျက်ဆီးနိုင်ပါတယ်။

ဓားရူးတာအိုပညာရှိ တစ်သိန်းက ဟန်ကျွယ်ရဲ့ အကန့်အသတ် မဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ ဆက်ပြီးတော့ စမ်းသပ်ကြည့်ချင်ပေမဲ့ တစ်စုံတစ်ခုကို ခံစားမိတာကြောင့် ရုတ်တရက် မတ်တတ်ရပ်ပြီး ပင်မ တာအိုစက်ကွင်းဆီ ရွှေ့ပြောင်းသွားလာလိုက်ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရဲ့ တာအိုဘုံကျောင်းထဲကို ဝင်လိုက်ပါတယ်။

ဒီအချိန်မှာ...

ရှင်းဟုန်ရွှမ်ဟာ သူမရဲ့ ဝမ်းဗိုက်ကို ကိုင်ထားပါတယ်။ ရှင်းဟုန်ရွှမ်ရဲ့ ဗိုက်က တဖြည်းဖြည်း ကြီးလာပါတယ်။ အထဲက ကလေးက ရုန်းကန်နေတယ်ဆိုတာ သိသာလှပါတယ်။

ဟန်ကျွယ်ဟာ အားကောင်းလွန်းတဲ့ အသက်ဓာတ်ကို ခံစားလိုက်ရတာကြောင့် သူ့အငယ်ဆုံးသား မွေးဖွားတော့မယ်မှန်း တန်းသိလိုက်ပါတယ်။ ဟန်ကျွယ်က လောကဦး နတ်ဘီလူး မဟုတ်တော့တဲ့အတွက် ဟန်ကျွယ်ရဲ့ အငယ်ဆုံးသားက အပြင်ကို ထွက်လာနိုင်တာပါ။

ယောက်ယက်ခတ်နေတဲ့ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် ငြိမ်ကျသွားပါတယ် “ယောက်ျား... မိန်းမ မွေးတော့မယ်...” ရှင်းဟုန်ရွှမ်ဟာ ပျော့ပျောင်းလှတဲ့အသံနဲ့ တုန်တုန်ယင်ယင် ပြောလိုက်ပါတယ်။

ရှင်းဟုန်ရွှမ်ဟာ တာအိုပညာရှိတစ်ပါးမလို့ မီးဖွားရတာကို မကြောက်လန့်သင့်ပါဘူး။ ဒါပေမဲ့ သူ့သားရဲ့ အသက်ဓာတ်က အလွန်အားကောင်းပြီး အခုထိ အားယူနေတုန်းပါ။ ဒီအားက ရှင်းဟုန်ရွှမ်ကို တစ်စစီ စုတ်ပြဲသွားစေဖို့ လုံလောက်ပါတယ်။ ဒါကြောင့် ရှင်းဟုန်ရွှမ်ဟာ စိတ်ငြိမ်ငြိမ် မထားနိုင်တာပါ။

ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရှေ့ လျှောက်သွားပြီး သူ့လက်ကို ဗိုက်ပေါ်တင်လိုက်ပါတယ်။ အဲဒီနောက် အန္တိမမူလစွမ်းအားနဲ့ သန္ဓေသားလောင်းကို ရစ်ပတ်ပြီး ရှင်းဟုန်ရွှမ် မထိခိုက်အောင် ကာကွယ်လိုက်ပါတယ်။

‘ဒီကောင်လေး...’

ဟန်ကျွယ်ဟာ နှလုံးလှုပ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အငယ်ဆုံးသားက အရူးအမူး စွမ်းအားကြီးလာပြီး သူ့ရဲ့ အန္တိမမူလ စွမ်းအားကို စုပ်ယူဖို့ ကြိုးစားလာလို့ပါပဲ။ ဒါပေမဲ့ လောကဦး နတ်ဘီလူးက ဘယ်လိုလုပ်ပြီး အန္တိမမူလစွမ်းအားကို စုပ်ယူနိုင်မှာလဲ။

ဟန်ကျွယ်ဟာ ရွေးချယ်စရာမရှိတာကြောင့် သူ့စွမ်းအားကို လျှော့ချပြီး အန္တိမမူလစွမ်းအားရဲ့ တစ်စိတ်တစ်ပိုင်းကို သာမန် အထွတ်အထိပ် စွမ်းအားအဖြစ် ပြောင်းလဲကာ သူ့သားစုပ်ယူဖို့ ပေးလိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ...

တတိယ တာအိုစက်ကွင်း သစ်ပင်အိုကြီးအောက်။

ဟန်ချင်းအာဟာ ရုတ်တရက် ရင်ဘက်ကို ဖိပြီး မျက်မှောင်ကြုတ်သွားပါတယ်။

ချင်းလွမ်အာဟာ ဟန်ချင်းအာရဲ့ မူမမှန်မှုကို သတိထားမိသွားပါတယ် “ချင်းအာ... ဘာဖြစ်လို့ သမီး”

“မေမေ သမီး အကြောင်းရင်း မရှိဘဲ ရင်ထဲကျပ်လာတယ်၊ ကပ်ဘေးတစ်ခု လာနေသလိုမျိုး ခံစားရတယ်” ဟန်ချင်းအာရဲ့ မျက်နှာဟာ ဖျော့တော့သွားပါတယ်။

ဟန်ချင်းအာ တစ်ယောက်တည်း မဟုတ်ပါဘူး။ ပဋိပက္ခနက်ထဲမှာ ကျင့်ကြံအားထုတ်နေတဲ့ ဟန်ထော်လည်း မျက်လုံးပွင့်လာပြီး မျက်နှာတစ်ခုလုံး သွေးဆုတ်သွားပါတယ်။ ဟန်ချင်းအာနဲ့ မတူတာက ဟန်ထော်ဟာ သူ့ညီလေးရဲ့ တည်ရှိမှုကို သိထားပြီးပါပြီ။ ဒါကြောင့် ဖြစ်ဖြစ်ချင်းပဲ ဟန်ထော်ဟာ ဘယ်တုန်းကမှ မတွေ့ဖူးသေးတဲ့ သူ့ညီလေးကို တွေးမိလိုက်ပါတယ်။

“ဒီကောင်လေး ဘာလုပ်နေတာလဲ” ဟန်ထော်ဟာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ်။ ယီတျန် အနားမှာ ရှိမနေလို့ပါ။ မဟုတ်ရင် ယီတျန်က ပွစိပွစိ ပြောဦးမှာပါ။

ကောင်းကင်တာအို ပုကျိုးနန်းတော်။

ဟန်ယွီဟာ မျက်လုံးဖွင့်ပြီး ရင်ဘက်ကို ဖိလိုက်ပါတယ်။ ဟန်ယွီဘေးမှာ ဝတ်ရုံစိမ်း အမျိုးသမီးက တရားထိုင်နေပါတယ်။ ဟန်ယွီရဲ့ လေးလံတဲ့ အသက်ရှူသံကို အာရုံခံမိတာကြောင့် ဝတ်ရုံစိမ်း အမျိုးသမီးဟာ မျက်လုံးဖွင့်ပြီး ဟန်ယွီကို ကြည့်လိုက်ပါတယ်။

“စီနီယာ... ဘာဖြစ်လို့လဲ” ဝတ်ရုံစိမ်း အမျိုးသမီးက နားမလည်နိုင်စွာ မေးလိုက်ပါတယ်။ ဟန်ယွီဟာ တာအိုပညာရှိ ဖြစ်တဲ့အတွက် နေမကောင်းဖြစ်လိမ့်မယ်လို့ ဝတ်ရုံစိမ်း အမျိုးသမီးက တစ်ခါမှ မျှော်လင့်မထားခဲ့ပါဘူး။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters