လောကရှေ့ဆောင်၊ လွတ်လပ်တာအိုပညာရှိအဖြစ် မွေးဖွားခြင်း
Vol. 86 Ch. 901
“ဘာမှမဟုတ်ဘူး၊ စိတ်လေးရုံပါ” ဟန်ယွီဟာ သာမန်ကာလျှံကာ ပြန်ဖြေလိုက်ပြီး လက်ကို အောက်ချလိုက်ပါတယ်။ ဟန်ယွီဟာ မသက်မသာဖြစ်မှုကို ဖိနှိပ်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဟန်ယွီဟာ ပဟေဠိ ဖြစ်သွားပါတယ် ‘ဘာလို့ ဒီလိုဖြစ်ရတာလဲ’
ဟန်ယွီဟာ ဒီအတိုင်း မသက်မသာနဲ့ ထိုင်စောင့်ရပါတယ်။ ဒီအချိန်မှာ ဟန်ယွီဟာ ဘယ်သူ့ကို အကူအညီတောင်းရမလဲ မသိပါဘူး။ နောက်ပြီး ဒီခံစားချက်က မသက်မသာ ဖြစ်ရုံပါ။ အန္တရာယ် ရှိတယ်လို့ မခံစားရပါဘူး။
တစ်ချိန်တည်းမှာပဲ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ် မီးဖွားဖို့ ကူညီပေးနေပါတယ်။
ရှင်းဟုန်ရွှမ်ရဲ့ ဗိုက်ဟာ သာမန်အမျိုးသမီးတစ်ဦး ဆယ်လ ကိုယ်ဝန်ဆောင်ထားသလိုမျိုး ကြီးနေပါပြီ။ ဗိုက်ထဲက သန္ဓေသားလောင်းဟာ တော်တော်ကဲပါတယ်။ တစ်ချက် ကန်ရင် မိုးကြိုးတစ်ထောင် ပစ်ချလိုက်သလို မြည်ဟိန်းသွားပါတယ်။ ဒီအသံက ဒီအတိုင်း ထွက်ပေါ်လာတာ ဖြစ်ပြီး နားကွဲမတတ်ပါပဲ။
ရှင်းဟုန်ရွှမ်ဟာ အံ့အားသင့်သွားပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ် “မိန်းမတို့ရဲ့ သားက တကယ်ကို အထင်ကြီးဖို့ကောင်းတာပဲ၊ တစ်ချက်တစ်ချက် ကန်လိုက်ရင် မိန်းမရဲ့ဗိုက် ပေါက်ထွက်သွားမဲ့ အတိုင်းပဲ”
ဟန်ကျွယ်ဟာ ဆွံ့အသွားပါတယ်။
ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ရဲ့ ကူညီမှုကြောင့် ဘာမှမခံစားရတော့တဲ့အတွက် သူ့သားရဲ့ အရည်အချင်း ထက်မြက်ဖို့ကို ပိုပိုမျှော်လင့်လာပါတယ်။
ဟန်ကျွယ်ဟာ သူ့သား စုပ်ယူနိုင်ဖို့ အန္တိမမူလ စွမ်းအားကို အထွတ်အထိပ် စွမ်းအားအဖြစ် ပြောင်းလဲပေးပါတယ်။ ဒါက စွမ်းအား ထည့်ပေးတာနဲ့ အတူတူပါပဲ။
ဒီကလေးရဲ့ လောကဦး ရုပ်ခန္ဓာက တကယ်ကို အထင်ကြီးဖို့ ကောင်းတာပါ။ ဟန်ကျွယ်ရဲ့ လောကဦး ကြယ်တာရာ ခန္ဓာကိုယ်က ဒီလောက်ထိ မကြမ်းပါဘူး။ လောကဦး ကြယ်တာရာခန္ဓာကိုယ်က လောကဦးကမ္ဘာ ဖန်တီးဖို့ အဓိကထားတာပါ။
‘ငါ့သားရဲ့ ရုပ်ခန္ဓာက စုပ်ယူတဲ့အစွမ်းကို ပိုင်ဆိုင်တာလား...’ ဟန်ကျွယ်ဟာ ရလဒ်ကို မခန့်မှန်းနိုင်တဲ့အတွက် ဒီအတိုင်းပဲ ထိုင်စောင့်ရပါတယ်။
“ယောက်ျား... မိန်းမတို့ သားလေးကို နာမည် ဘယ်လိုပေးမလဲ”
“အင်း... သူ့ကို ဟန်ဟွမ်လို့ ခေါ်ရအောင်၊ ရှေ့ဆာင်သူလို့ အဓိပ္ပာယ်ရတယ်”
“ရှေ့ဆောင်တယ်... ဘာကို ရှေ့ဆောင်တာလဲ” ရှင်းဟုန်ရွှမ်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ်။
ဟန်ဟွမ်ဆိုတဲ့ နာမည်က လောကဦးပဋိပက္ခကို ရှေ့ဆောင်လမ်းပြပြီး ဖွင့်လှစ်မဲ့လူလို့ ဆိုလိုချင်တာပါ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ တိုက်ရိုက်ပြောလို့ မရတဲ့အတွက် သွယ်ဝိုက် ပြောလိုက်ပါတယ် “လောကကြီးကို စူးစမ်းရှာဖွေမယ်လို့ ဆိုလိုတာ”
“ဒီနာမည်က နားထောင်ရ သိပ်မကောင်းဘူး၊ ဒါပေမဲ့ အဓိပ္ပာယ်က ကောင်းတော့ ယောက်ျား သဘောအတိုင်းပါပဲ”
ရှင်းဟုန်ရွှမ် သဘောတူလိုက်ပြီ ဖြစ်တာကြောင့် ဟန်ကျွယ် အငယ်ဆုံးသားက ဟန်ဟွမ်ဆိုတဲ့ နာမည်ကို ရလိုက်ပါတယ်။
ဟန်ဟွမ်ဟာ အထွတ်အထိပ် စွမ်းအားကို ဆက်ပြီးတော့ စုပ်ယူပါတယ်။ ကောင်းကင်တာအိုထိပ်က ကံတရား အထောက်အပံ့ တိမ်တိုက်ဟာ ကပ်ဘေးတစ်ခု ရောက်လာသလိုမျိုး ပြင်းထန်စွာ လိမ့်တက်လာပါတယ်။
စကြဝဠာခန်းမမှာ စုဝေးနေကြတဲ့ တာအိုပညာရှိတွေဟာ လန့်ဖျပ်သွားကြပါတယ်။ နိမိတ်တစ်ခု ပြီးရုံရှိသေး။ နောက်ထပ် နိမိတ်တစ်ခု ထပ်ပေါ်လာတယ် မဟုတ်ပါလား။
ကောင်းကင်အရှင်ရွှမ်တုလည်း ရွေးချယ်စရာမရှိဘဲ ဟန်ကျွယ်ကို အသံလွှင့်ပြီး မေးလိုက်ပါတယ် “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ... တာအိုပညာရှိကို နှောင်ယှက်ရလို့ တောင်းပန်ပါတယ်၊ ကောင်းကင်တာအိုက မူမမှန်ဖြစ်နေလို့ပါ၊ ဘာဖြစ်တာလဲဆိုတာ ကြည့်ပေးပါဦး”
“ကြောက်စရာ မလိုဘူး၊ ငါ ဆန်းကြယ်စွမ်းအား တစ်မျိုးကို ဖန်တီးနေတာ၊ ကောင်းကင်တာအိုကို အန္တရာယ် မဖြစ်စေပါဘူး”
ဟန်ကျွယ်ရဲ့ စကားကြောင့် ကောင်းကင်အရှင်ရွှမ်တုဟာ ရင်ထဲက အလုံးကြီး ကျသွားပြီး တခြား တာအိုပညာရှိတွေကို အကျိုးအကြောင်း ရှင်းပြလိုက်ပါတယ်။ ဒီတော့မှ တာအိုပညာရှိတွေလည်း စိတ်သက်သာရာ ရသွားကြပါတယ်။
ဓားရူးတာအိုပညာရှိကတော့ မျက်မှောင်ကြုတ်သွားပါတယ် ‘သူက တကယ်ကြီး ဆန်းကြယ်စွမ်းအား ဖန်တီးနေတာလား... မဖြစ်ဘူး... ငါ သူ့နောက်မှာ အဝေးကြီး ကျန်နေခဲ့လို့ မဖြစ်ဘူး’
ဓားရူးတာအိုပညာရှိဟာ စကြဝဠာခန်းမကနေ ချက်ချင်း ကွယ်ပျောက်ပြီး သူ့တာအိုစက်ကွင်းကို ပြန်ကာ ကျင့်ကြံအားထုတ်ပါတယ်။ ဓားရူးတာအိုပညာရှိဟာ ဟန်ကျွယ်ကို ရှုံးနိမ့်ခဲ့ပေမဲ့ ဟန်ကျွယ်ကို အမြဲတမ်း ကျော်လွန်ဖို့ ရည်မှန်းချက် ရှိပါတယ်။
တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားပါတယ်။ ကောင်းကင်တာအိုထိပ်က ကံတရား အထောက်အပံ့ဟာ ဆက်ပြီးတော့ လိမ့်တက်နေတုန်းပါ။ ကံကောင်းထောက်မစွာပဲ ဒီနိမိတ်က အနန္တကမ္ဘာကို မသက်ရောက်စေပါဘူး။
ရှင်းဟုန်ရွှမ်ဟာ ဆယ်လကြာတဲ့အခါမှာတော့ ဟန်ဟွမ်ကို ဖွားမြင်ပါတယ်။
လက်သည်ကတော့ ဟန်ကျွယ်ပါ။ ဒီဖြစ်စဉ်က သိပ်တော့ မခက်ခဲပါဘူး။ မကြာခင်မှာပဲ ဟန်ဟွမ်ဟာ လောကကြီးထဲကို ရောက်ရှိလာပါတယ်။
ဟန်ကျွယ်ရဲ့ လက်ထဲမှာ ရွှေအလင်းရောင် လက်သွားပါတယ်။ ဒီရွှေအလင်းရောင်က ဟန်ဟွမ်ပါ။ ဟန်ဟွမ်ရဲ့ ခန္ဓာကိုယ်က ရွှေရောင်ရှိပြီး မျက်လုံးတွေ ခရမ်းရောင် သလင်းကျောက်လို ရှိပါတယ်။ မျက်နှာသွင်ပြင်က အနုစိတ်ထုထားတဲ့ ပန်းပုရုပ်လို ရှိပေမဲ့ ယေဘုယျအားဖြင့် တော်တော် သန်မာပါတယ်။
“ဝါး...”
ငိုသံဟာ မိုးခြိမ်းသံလိုပါပဲ။ ကောင်းကင်တာအိုတစ်ခုလုံးနဲ့ ရှန်ပေါင် တာအိုကျင့်ကြံသူ ထိန်းချုပ်တဲ့ ပဋိပက္ခနယ်မြေထဲက သက်ရှိအားလုံးတောင် ကလေးငိုသံကို ကြားလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ လန့်သွားပါတယ် ‘ဒီကောင်လေးရဲ့ ငိုသံက ဘာဖြစ်လို့ ဒီလောက်တောင် ကျယ်ရတာလဲ’
ဟန်ကျွယ်ဟာ ချက်ချင်း အန္တိမမူလ စွမ်းအားကို သုံးပြီး တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို သီးခြားခွဲထုတ်လိုက်ပါတယ်။
ရွှေအလင်းရောင်ဟာ တာအိုဘုံကျောင်းကိုသာမက တာအိုစက်ကွင်းရဲ့ အစီအမံ အရံအတားကိုပါ ထိုးဖောက်ပြီး ကောင်းကင်ပေါ် ထိုးတက်သွားပါတယ်။ အဲဒီနောက် ကောင်းကင်ဘုံ ၃၃ ဘုံနဲ့ ကောင်းကင်တာအိုထိပ်ကို ထိုးဖောက်ပြီး ပဋိပက္ခထိပ်ကို ထိုးဖောက်မဲ့အလား ရှေ့ဆက်သွားပါတယ်။
ဟန်ကျွယ်ဟာ ဆွံ့အသွားပါတယ် ‘ငါ ဒီကောင်လေးကို မတားနိုင်ဘူးပဲ’
စန့်ချွမ်အဂ္ဂကမ္ဘာ။
တာအိုဆွေးနွေးနေတဲ့ အရှင်သုံးပါးဟာ ဟန်ဟွမ်ရဲ့ ငိုသံကို ကြားလိုက်ရတဲ့အတွက် တာအိုဆွေးနွေးနေတာ ရပ်လိုက်ပါတယ်။ သူတို့ရပ်လိုက်တယ်ဆိုရင်ပဲ ငိုသံကလည်း တိတ်သွားပါတယ်။
“ခုက ငိုသံက...”
ကောင်းကင်ဂိုဏ်းချုပ်ဟာ မျက်လုံးကျဉ်းသွားပါတယ်။
လောင်ဇီဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်လိုက်ပါတယ် “ကောင်းကင်တာအိုမှာ ပါရမီရှင်တစ်ပါး ပေါ်လာပြီ”
လောကဦး ကောင်းကင်အရှင်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ဘာပါရမီရှင်လဲ၊ သူ့ငိုသံက ဘယ်လိုလုပ်ပြီး ဒီအထိရောက်နိုင်တာလဲ၊ ခုကအသံက မွေးကင်းစကလေးရဲ့ ငိုသံလားလို့...”
“ဟုတ်တယ်၊ သူက မွေးပြီးရုံပဲ ရှိသေးတာ၊ သူ့ကျင့်ကြံမှုအဆင့်က...” လောင်ဇီဟာ မျက်မှောင်ကြုတ်သွားပြီး ခဏရပ်လိုက်ပါတယ်။ ပြီးမှ ဆက်ပြောပါတယ် “သူက လွတ်လပ် တာအိုပညာရှိအဖြစ် မွေးဖွားလာတာ၊ ဘယ်တုန်းကမှ မရှိခဲ့တဲ့ အရာပါ”
‘လွတ်လပ် တာအိုပညာရှိအဖြစ် မွေးဖွားလာတယ်’
ကောင်းကင်ဂိုဏ်းချုပ်နဲ့ လောကဦး ကောင်းကင်အရှင်ဟာ နှလုံးလှုပ်သွားကြပါတယ်။
လျှို့ဝှက်ဆန်းကြယ်တဲ့ နန်းတော်တစ်ဆောင်။
ကျင့်ကြံအားထုတ်နေတဲ့ ရှန်ပေါင် တာအိုကျင့်ကြံသူဟာ မျက်လုံးဖွင့်ပြီး ကောင်းကင်တာအိုကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပါတယ်။
“လွတ်လပ် တာအိုပညာရှိအဖြစ် မွေးဖွားလာတယ်.... ကောင်းကင်တာအိုမှာ ဒီလိုမျိုး ပါရမီရှင် ရှိသေးတာလား၊ သခင်ရဲ့ လက်ချက်များလား...”
ရှန်ပေါင်တာအိုကျင့်ကြံသူဟာ ပထမ လန့်သွားပြီး အဲဒီနောက် ကျေနပ်အံ့အားသင့်သွားပါတယ်။ ဒီလိုမျိုး ပါရမီရှင်က ပဋိပက္ခ အစည်းအဝေးမှာ သေချာပေါက် ရလဒ်ကောင်းတွေ ရမှာပါ။ အဲဒီအချိန်ကျရင် ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ဂုဏ်ယူဝင့်ကြွားနိုင်ပါပြီ။ ကောင်းကင်တာအိုက သူအုပ်ချုပ်တဲ့ ပဋိပက္ခ နယ်မြေထဲမှာ ရှိနေတာ မဟုတ်ပါလား။
ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ဟန်ကျွယ်ကို လေးစားမှုတွေကို ပြည့်နေပါတယ်။ ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ဒီပါရမီရှင်နဲ့ ကြိုပြီးတော့ ဆက်ဆံရေးကောင်း တည်ဆောက်ဖို့ စိတ်ပိုင်းဖြတ်လိုက်ပါတယ်။
.....
မှောင်မိုက်တဲ့ နယ်မြေတစ်ခု။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ တရားထိုင်နေပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့ ရှေ့မှာတော့ တောက်ပတဲ့ အလင်းရောင်နဲ့ သဏ္ဍာန်မဲ့နတ်မင်း ရှိနေပါတယ်။
“ကောင်းကင်တာအို ပြောင်းလဲသွားတယ်၊ တစ်ယောက်ယောက်က လွတ်လပ်တာအိုပညာရှိကို မွေးဖွားလာခဲ့တယ်၊ အထင်ကြီးဖို့ကောင်းတဲ့ တည်ရှိမှုတစ်ခုတော့ ပေါ်လာတော့မယ်” သဏ္ဍာန်မဲ့နတ်မင်းရဲ့ ရုတ်တရက် စကားသံက မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို လန့်သွားစေပါတယ်။
ဒီနေရာက ကောင်းကင်တာအိုရဲ့ အလှမ်းဝေးတဲ့အတွက် မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ဟွမ်ရဲ့ ငိုသံကို မကြားရပါဘူး။
“စီနီဘာ ဆိုလိုတာက...” မိစ္ဆာ ကောင်းကင်ဧကရာဇ်က ဂရုတစိုက် မေးလိုက်ပါတယ်။
“မွေးကင်းစ ကလေးငယ်၊ သူက လွတ်လပ် တာအိုပညာရှိ မွေးဖွားလာတာ၊ ဒါက ရှေးခေတ်ကစလို့ ဘယ်တုန်းကမှ မရှိခဲ့တဲ့ အရာတစ်ခုပဲ၊ သူက ဟန်ကျွယ်ရဲ့ သား”
‘လွတ်လပ် တာအိုပညာရှိ မွေးဖွားလာတယ်... ဟန်ကျွယ်ရဲ့ သား’
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ လန့်သွားပါတယ်။ ဟန်ထော်ရဲ့ အရည်အချင်းကတောင် မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို အံ့ဩမှင်တက်စေပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ဆီမှာ ဒီထက်ပိုပြီးတော့ စွမ်းလွန်းတဲ့ ပါရမီရှင်တစ်ပါး မွေးဖွားလာလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
‘လွတ်လပ် တာအိုပညာရှိ မွေးဖွားလာတယ်ဆိုပဲ၊ ဘယ်အထိတောင် လျှောက်လှမ်းနိုင်မှာလဲ...’ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ နှလုံးခုန်မြန်သွားပြီး မျက်လုံးထဲမှာလည်း ပြင်းပြတဲ့ လိုအင်ဆန္ဒတွေ တောက်လောင်သွားပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ကို ကူညီပြီး ကလေးကို ပျိုးထောင်ချင်နေတာပါ။
သဏ္ဍာန်မဲ့နတ်မင်းက ထပ်ပြောလိုက်ပါတယ် “ဒီကလေးက ပဋိပက္ခကို ပြောင်းလဲလိမ့်မယ်၊ ဘယ်လို ပြောင်းလဲသွားမလဲဆိုတာကို ငါ ကြည့်ချင်သေးတယ်”
“ကျွန်တော် သူ့ကို ကိုယ်တိုင် သင်ပေးမယ်”
“ဟီးဟီး... မင်းက သူ့ကို ပညာသင်ပေးချင်တာလား၊ အဲဒီလိုဖြစ်မှာ မဟုတ်ဘူး”
“ဘာဖြစ်လို့လဲ စီနီယာ”
“သူက လွတ်လပ်တာအိုပညာရှိအဖြစ် မွေးဖွားလာတာ၊ အရာအားလုံးကို သူ ရှုမြင်ပုံက သက်ရှိအားလုံးနဲ့ တူမှာ မဟုတ်ဘူး၊ သူ့မွေးဖွားမှုကိုက သူနဲ့ သက်ရှိအားလုံးရဲ့ ကွဲပြားခြားနားမှုကို သတ်မှတ်ပေးလိုက်တယ်၊ သဘာဝအတိုင်း မွေးဖွားလာတဲ့ နတ်ဘုရားရှိရင် အဲဒါ သူပဲ ဖြစ်လိမ့်မယ်၊ ရှေးခေတ်ကစလို့ ဘယ်တည်ရှိမှုမှ လွတ်လပ်တာအိုပညာရှိအဖြစ် မွေးဖွားလာခဲ့တာ မဟုတ်ဘူး”
သဏ္ဍာန်မဲ့နတ်မင်းရဲ့ စကားက မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို အတွေးနက်သွားစေပါတယ်။
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်။
ရွှေအလင်းရောင်ဟာ လွင့်ပါး ပျောက်ကွယ်သွားပါတယ်။ တပည့်ဆယ်သန်းကျော်ဟာ ထိတ်လန့် အံ့ဩမှု မပြေသေးဘဲ ဒီအကြောင်းကို စိတ်ဝင်တစား ဆွေးနွေးကြပါတယ်။
ရွှမ်ချင်းကျွင်း၊ နတ်မိမယ် ရှီရွှမ်နဲ့ ချန်ယွီအာတို့လည်း အပြေးရောက်လာကြပါတယ်။ ဟန်ကျွယ်ဟာ သူတို့ကို လျစ်လျူမရှုဘဲ အထဲဝင်ခွင့်ပြုလိုက်ပါတယ်။
အမျိုးသမီးသုံးယောက်ဟာ ဟန်ကျွယ်လက်ထဲက ကလေးငယ်ကို တွေ့လိုက်ရတဲ့အတွက် အံ့အားသင့်သွားကြပါတယ် ‘ဒီအုတ်အော်သောင်းနင်းဖြစ်မှုက ဒီကလေးလေးကြောင့်လား...’
“ကျွန်မ သူ့ကို ချီပါရစေ” ချန်ယွီအာက စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ် “မရဘူး၊ ဒီကောင်လေးက လွတ်လပ် တာအိုပညာရှိ၊ မင်းကို အလွယ်လေးနဲ့ ထိခိုက်အောင် လုပ်နိုင်တယ်”
‘လွတ်လပ် တာအိုပညာရှိ’ အမျိုးသမီး သုံးဦးဟာ မှင်တက်သွားကြပါတယ် ‘ဒီကလေးက မွေးလားကတည်းက ငါတို့ထက် စွမ်းအားကြီးနေတာလား...’ အမျိုးသမီး သုံးဦးဟာ ကြက်သေသေသွားကြပါတယ်။
ဒီအချိန်မှာ ရှင်းဟုန်ရွှမ်ဟာ အဝတ်အစားတွေ ဝတ်ဆင်ပြီး လျှောက်လာပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ဟန်ဟွမ်ကို စိုက်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်ပါတယ် “သားလေးရဲ့ မျက်လုံးတွေက ဘာဖြစ်လို့ ဒီလောက် ကြည့်ရဆိုးတာလဲ”
ခရမ်းရောင် မျက်လုံးတွေက ကြည့်ရတာ တကယ်ကို ထူးဆန်းပါတယ်။ အမေရဲ့ မနှစ်သက်မှုကို ခံစားမိလို့နဲ့ တူပါတယ်။ ဟန်ဟွမ်ရဲ့ မျက်လုံးတွေဟာ ချက်ချင်း အဖြူရောင် မျက်ဆံနက် ပြန်ဖြစ်သွားပြီး အသားအရောင်ကလည်း သာမန်ကလေးအတိုင်း ပြန်ဖြစ်သွားပါတယ်။ ဒါပေမဲ့ နည်းနည်းဖျော့တော့ပြီး ပန်းရောင်သမ်းနေတာကြောင့် တော်တော်လေး ချစ်စရာ ကောင်းပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။