ကျန်းကျွယ်ရှီ Vs ဟန်ဟွမ်
Vol. 86 Ch. 904
“ဖေဖေဆီမှာ အဲဒီလောက် စွမ်းအားကြီးတဲ့ တပည့်ရှိတာလား” ဟန်ဟွမ်က တအံ့တဩ မေးလိုက်ပါတယ်။ ဟန်ဟွမ်ဟာ တိတ်ဆိတ်ဂိုဏ်း တပည့်တွေကို တစ်ခါမှ မမြင်ဖူးပါဘူး။
ဟန်ချင်းအာဟာ စိတ်မရှည်စွာ ခေါင်းညိတ်လိုက်ပါတယ်။ အခုအချိန်မှာ ဟန်ချင်းအာဟာ ဟန်ဟွမ်ကို မြင်တိုင်း စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ယှဉ်လိုက်ရင် စိတ်ဓာတ်ကျဖို့ကောင်းတယ် မဟုတ်ပါလား။
ဟန်ဟွမ်ဟာ ချက်ချင်း တာအိုဘုံကျောင်းဆီ ပြေးသွားပြီး ဟန်ကျွယ်ကို ရှာပါတယ်။
ဟန်ကျွယ်ဟာ ဒီအကြံက အလုပ်ဖြစ်နိုင်တယ်လို့ ခံစားလိုက်ရပါတယ်။ အခုအချိန်မှာ ဟန်ဟွမ်က ကျန်းကျွယ်ရှီကို မယှဉ်နိုင်သေးပါဘူး။ ဟန်ဟွမ်က အသက်ဆယ်နှစ်ပဲ ရှိသေးတာ မဟုတ်ပါလား။ ဒါပေမဲ့ ဒါက ကျန်းကျွယ်ရှီကို လန့်သွားစေဖို့ လုံလောက်မှာပါ။
ဟန်ကျွယ်ဟာ ခန္ဓာကိုယ်ကနေ နတ်အလင်းရောင်ကို ထုတ်လွှတ်လိုက်ပါတယ်။ ဒါကို မြင်လိုက်ရတဲ့ ဟန်ဟွမ်ဟာ မျက်လုံးပြူးသွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ်။
အဲဒီနောက် ဟန်ဟွမ်ဟာ ဟန်ကျွယ်ကို အတုယူပြီး အလင်းရောင်တွေ ထုတ်လွှတ်တဲ့အခါ ခရမ်းရောင်တွေ ထွက်လာပါတယ်။ အဲဒီနောက် ဟန်ဟွမ်ဟာ သူ့ကိုယ်သူ ပြန်ကြည့်ပြီး တော်တော်လေး ကျေနပ်သွားပါတယ်။
ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး ကျန်းကျွယ်ရှီကို တာအိုဘုံကျောင်းထဲ ခေါ်ယူလိုက်ပါတယ်။ တရားထိုင်ပြီး ကျင့်ကြံအားထုတ်နေတဲ့ ကျန်းကျွယ်ရှီဟာ ဟန်ဟွမ်ရဲ့ ရောင်ဝါကို ရုတ်တရက် ခံစားမိလိုက်တာကြောင့် မျက်လုံးဖွင့်ကြည့်လိုက်ပါတယ်။
ဟန်ဟွမ်ဟာ ကျန်းကျွယ်ရှီကို ပြင်းပြတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေပါတယ်။
ကျန်းကျွယ်ရှီဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတာကြောင့် ချက်ချင်း ဒူးထောက်လိုက်ပါတယ် “ဆရာသခင်ကို ဂါရဝ ပြုပါတယ်”
ဟန်ကျွယ်ဟာ သူ့ခန္ဓာမှန်ကို ဘယ်တော့မှ ထုတ်မပြောပေမဲ့ ဟန်ကျွယ်ရဲ့ ရုပ်သွင်က တစ်သက် မမေ့နိုင်စရာပါ။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ငါ ဒီနေ့ မင်းကို ခေါ်လိုက်ရတာက မင်းရဲ့ ဂျူနီယာနဲ့ လက်ရည်စမ်းစေချင်လို့ပဲ၊ ဒါက ငါ့သား ဟန်ဟွမ်ပဲ၊ သူက မကြာသေးခင်ကမှ ဆယ်နှစ်ပြည့်ထားတာ”
ကျန်းကျွယ်ရှီဟာ မှင်တက်သွားပါတယ် ‘ဆရာသခင်က ငါ့ကို ဆယ်နှစ်ကလေးနဲ့ တိုက်ခိုက်ခိုင်းနေတာလား...’
အဲဒီနောက် ကျန်းကျွယ်ရှီဟာ နှလုံးလှုပ်သွားပြီး ဟန်ဟွမ်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ အံကြိတ်ပြီး မေးလိုက်ပါတယ် “မင်းက လွတ်လပ် တာအိုပညာရှိလား”
ဟန်ဟွမ်က ဂုဏ်ယူစွာ ပြန်ဖြေပါတယ် “ဟုတ်တယ်၊ ကျွန်တော်က လွတ်လပ် တာအိုပညာရှိအဖြစ် မွေးဖွားလာတာ”
ဟန်ဟွမ်ဟာ အန္တိမမူလ မဟာတာအိုထဲ လျှောက်လှမ်းပြီးနောက် ကျင့်ကြံမှုအဆင့်တွေကို ယေဘုယျအားဖြင့် နားလည်လာပါတယ်။
ဟန်ဟွမ်ရဲ့ စကားကို ကြားလိုက်ရတဲ့ ကျန်းကျွယ်ရှီဟာ မျက်ဆံတွေ ပြူးကျယ်သွားပြီး ရင်ထဲမှာ လှိုင်းထန်သွားပါတယ်။ ကျန်းကျွယ်ရှီဟာ မနေနိုင်ဘဲ ဟန်ကျွယ်ကို ပြန်ကြည့်လိုက်ပါတယ်။
“ဒီကလေးက သူ့အမေဗိုက်ထဲမှာ နှစ်သန်းချီနေပြီးမှ မွေးဖွားလာတာ၊ သူက လွတ်လပ် တာအိုပညာရှိအဖြစ် မွေးဖွားလာတာ အမှန်ပဲ’
ကျန်းကျွယ်ရှီဟာ တိတ်ဆိတ်သွားပါတယ်။ ကျန်းကျွယ်ရှီဟာ အခုထိ လန့်နေတုန်းပါ။ ဟန်ဟွမ် သန္ဓေယူထားတဲ့အချိန်နဲ့ သူ ဘဝပေါင်းသိန်းချီ အရည်အချင်း စုဆောင်းခဲ့တဲ့ နှစ်တွေကို နှိုင်းယှဉ်လိုက်ရင် သူက ဟန်ဟွမ်ထက် နိမ့်ကျနေတုန်းပါ။
ကျန်းကျွယ်ရှီဟာ ရုတ်တရက်ဆိုသလို လျူပေ့ရဲ့ စကားကို နားလည်လိုက်ပါတယ် ‘ဆရာသခင်က ငါ့အရည်အချင်းကို တကယ် ဂရုမစိုက်ဘူးပဲ’
“လာ..လာ... လာ... တိုက်ကြရအောင်၊ ကျွန်တော်က မွေးဖွားလာကတည်းက တိုက်ခိုက်ချင်နေတာ၊ ဒါပေမဲ့ ဘယ်သူမှ ကျွန်တော်ကို မတိုက်ရဲဘူး” ဟန်ဟွမ်က စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ်။ ဟန်ဟွယ်ဟာ စကားဆုံးတာနဲ့ လက်သီးရွယ်ပြီး ကျန်းကျွယ်ရှီကို တိုက်ခိုက်ဖို့ ပြင်လိုက်ပါတယ်။ ဒါပေမဲ့ ဟန်ဟွမ် လက်သီးရွယ်လိုက်တာနဲ့ ဟန်ဟွမ်ရဲ့ တစ်ကိုယ်လုံး ခဲသွားပါတယ်။
ကျန်းကျွယ်ရှီဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီကောင်လေးက ဂုဏ်သိက္ခာကိုတောင် ဂရုမစိုက်ဘူးလား... မဟုတ်သေးဘူး... ဒီကောင်လေးက ဆယ်နှစ်ပဲ ရှိသေးတာ၊ ဘယ်လိုလုပ်ပြီး ဒီလောက်အများကြီး သိမှာလဲ’
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ငါ မင်းတို့ကို ဒီနေရာမှာ တိုက်ခိုင်းနေတာ မဟုတ်ဘူး၊ ငါ မင်းတို့ကို ပုံရိပ်ယောင်တစ်ခုထဲ ဆွဲသွင်းလိုက်မယ်၊ အဲဒီမှာ မင်းတို့တွေ အစွန်းကုန်သုံးပြီး တိုက်ခိုက်လို့ရတယ်၊ အဲဒီထဲမှာ ဘာဖြစ်ဖြစ် လက်တွေ့ဘဝကို သက်ရောက်မှု မရှိဘူး၊ နောက်ပြီး မင်းတို့တွေ ဒီပုံရိပ်ယောင်ထဲမှာ တခြား ပြိုင်ဘက်တွေကိုလည်း ရွေးချယ်လို့ရတယ်၊ သူတို့တွေက ငါ့ဘဝမှာ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ပြိုင်ဘက်တွေပဲ၊ သူတို့မှာ အဆင့်မျိုးစုံရှိတယ်”
အဲဒီနောက် ဟန်ကျွယ်ဟာ ဟန်ဟွမ်နဲ့ ကျန်းကျွယ်ရှီကို အသွင်တူ လက်ရည်စမ်းပွဲထ ဝင်ခွင့် ပေးအပ်ပြီး တိုက်ပွဲထဲ ဆွဲသွင်းလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကျန်းကျွယ်ရှီကို အသံလွှင့်ပြီး ပြောလိုက်ပါတယ် “ဒီကောင်လေးက မရင့်ကျက်သေးဘူး၊ အကုန်ထုတ်တိုက်ချည်၊ အလျှော့မပေးနဲ့”
တုံ့ဆိုင်းနေတဲ့ ကျန်းကျွယ်ရှီဟာ ဟန်ကျွယ်ရဲ့ စကားကို ကြားတာနဲ့ ချက်ချင်း သဘောပေါက်သွားပါတယ် ‘ဆရာသခင်က ဆရာတူညီလေးကို လေ့ကျင့်ပေးချင်တာပဲ’
သေချာတွေးကြည့်ရင် ဒါက အဓိပ္ပာယ်မရှိတာတော့ မဟုတ်ပါဘူး။ လွတ်လပ် တာအိုပညာရှိအဖြစ် မွေးဖွားလာတဲ့လူက ဘယ်လိုလုပ်ပြီး မာနမကြီးဘဲ နေမှာလဲ။ ငယ်တဲ့အချိန်မှာ ကောင်းကောင်း မသွန်သင်ထားရင် ကြီးလာတဲ့အခါ ပြဿနာအကြီးကြီး ရှာမှာ ကျိန်းသေပါတယ်။
ကျန်းကျွယ်ရှီဟာ ဂုဏ်ရှိတယ်လို့ ခံစားလိုက်ရပါတယ်။ ကျန်းကျွယ်ရှီဟာ အဆင့်တူရင် သူ့ကို ယှဉ်နိုင်တဲ့လူ ရှားတယ်လို့ ခံယူထားသူပါ။
ဒီလိုနဲ့ တိုက်ပွဲဟာ ခပ်မြန်မြန် စတင်ပါတယ်။
ပထမဆုံး စတိုက်တဲ့လူက ဟန်ဟွမ်ပါ။ ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ ဖိနှိပ်ခံလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ ဟန်ဟွမ်နဲ့ ကျန်းကျွယ်ရှီရဲ့ တိုက်ပွဲကို ထိုင်ကြည့်ရင်း ဟန်ဟွမ်ရဲ့ ခန္ဓာကိုယ်က တော်တော်လေး သန်မာတာကို မတော်တဆ ရှာတွေ့သွားပါတယ်။ ကျန်းကျွယ်ရှီဟာ အစွမ်းကုန် တိုက်ခိုက်တာတောင် ဟန်ဟွမ်ကို တစ်ချက်တည်း မသတ်နိုင်ပါဘူး။
အသက်ရှူကြိမ် ဆယ်ကြိမ် ကြာတဲ့အခါမှာတော့ ဟန်ဟွမ် ရှုံးနိမ့်သွားပါတယ်။
အဲဒီနောက် နှစ်ယောက်စလုံး မျက်လုံးဖွင့်လိုက်ကြပါတယ်။ ကျန်းကျွယ်ရှီရဲ့ မျက်နှာဟာ ထူးဆန်းသွားပါတယ် ‘ဒီကောင်လေးက မရိုးဘူးပဲ... ဒီအတိုင်းဆို ငါ့ကို မကြာခင် လိုက်မီမှာပဲ’
ဟန်ဟွမ်ဟာ ကျန်းကျွယ်ရှီကို စိုက်ကြည့်ပြီး အံကြိတ် ပြောလိုက်ပါတယ် “ထပ်တိုက်မယ်”
ကျန်းကျွယ်ရှီဟာ ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်က သဘောတူမှ ဟန်ဟွမ်နဲ့ ထပ်တိုက်ပါတယ်။
လေးငါးနာရီ ကြာတဲ့အခါမှာတော့ ဟန်ဟွမ်ဟာ အကြိမ်ငါးဆယ် ရှုံးနိမ့်ပြီး သွားပါပြီ။ ဒါပေမဲ့ အကြိမ်တိုင်းမှာ ဟန်ဟွမ်ဟာ ပိုကြာကြာ ခံလာပါတယ်။ ကျန်းကျွယ်ရှီဟာ ဟန်ဟွမ်ကို မွန်းစတားလို သတ်မှတ်လိုက်ပါတယ်။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “တော်ပြီ... ကျန်းကျွယ်ရှီ မင်း ဒီမှာ ကျင့်ကြံအားထုတ်ပြီး အသွင်တူ လက်ရည်စမ်းပွဲထဲမှာ ဆက်လေ့ကျင့်ချည်၊ မင်း တိုက်ရည်ခိုက်ရည်ကို ဆက်ပြီးတော့ မလေ့ကျင့်ချင်ရင် ငါ မင်းကို ပြန်သွားခွင့်ပြုမယ်”
“ကျေးဇူးပါပဲ ဆရာသခင်”
ကျန်းကျွယ်ရှီဟာ လက်သီးဆုပ်ပြီး ဦးညွှတ်လိုက်ပါတယ်။ အဲဒီနောက် ထောင့်တစ်နေရာဆီ လျှောက်သွားပြီး တင်ပျဉ်ခွေထိုင်ကာ တရားထိုင်ပါတယ်။
ဟန်ဟွမ်ဟာ ကျန်းကျွယ်ရှီကို စိုက်ကြည့်နေတုန်းပါ။ ဟန်ဟွမ်ရဲ့ မျက်လုံးတွေက ကြမ်းတမ်းခြင်းမရှိသလို ကြောက်လန့်ခြင်းလည်း မရှိပါဘူး။ ဒါပေမဲ့ အလွန်တရာ လေးနက်ပြီး အေးစက်နေပါတယ်။
ကျန်းကျွယ်ရှီဟာ သားကောင် ဖြစ်သွားသလိုမျိုး ခံစားလိုက်ရပြီး နည်းနည်း ကျောချမ်းသွားပါတယ် ‘ငါ ကြိုးစားကျင့်ကြံမှပဲ၊ ဒီကောင်လေးကို အမီလိုက်ခိုင်းလို့ မဖြစ်ဘူး’
ဟန်ကျွယ်ဟာ ဟန်ဟွမ်ကိုကြည့်ပြီး မေးလိုက်ပါတယ် “ဘာလဲ... ရှုံးဖို့ မတတ်နိုင်ဘူးလား”
ဒီတော့မှ ဟန်ဟွမ်ဟာ သတိပြန်ဝင်လာပြီး ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ် “သား မရှုံးဘူး၊ သားကို အချိန်သာပေး၊ သူ့ကို ကျိန်းသေပေါက် အနိုင်ယူပြမယ်”
“ပဋိပက္ခထဲမှာ မင်း တစ်ယောက်ယောက်ကို ရန်စမိခဲ့ရင် အဲဒီရန်သူက မင်းစွမ်းအားကြီးလာအောင် အချိန်ပေးမယ်လို့ ထင်နေတာလား”
ဟန်ကျွယ်ရဲ့ အေးစက်တဲ့ မေးခွန်းကြောင့် ဟန်ဟွမ်ဟာ တိတ်ဆိတ်သွားပါတယ်။ တစ်ခဏ တိတ်ဆိတ်သွားပြီးနောက် ဟန်ဟွမ်က ပြောလိုက်ပါတယ် “ဖေဖေ... သားကို ဆန်းကြယ်စွမ်းအား တစ်မျိုး သင်ပေးစမ်းပါ၊ သား သူ့ကို ငါးနှစ်အတွင်း အနိုင်ယူချင်တယ်”
ကံကောင်းထောက်မစွာပဲ ကျန်းကျွယ်ရှီက အသွင်တူ လက်ရည်စမ်းပွဲ ဝင်နေလို့ပါ။ မဟုတ်ရင် ဟန်ဟွမ်ရဲ့ စကားကိုကြားပြီး မျက်နှာ ဘယ်လိုဖြစ်သွားမလဲ မသိနိုင်ပါဘူး။
ဟန်ကျွယ်ဟာ ဟန်ဟွမ်ကို စိုက်ကြည့်ပြီး မေးလိုက်ပါတယ် “မင်း မလုပ်နိုင်ခဲ့ရင်ရော...”
ဟန်ဟွမ်က မတိုးမကျယ် ပြန်ဖြေပါတယ် “သား သေချာပေါက် လုပ်နိုင်တယ်”
“သူက သားထက် လောလောဆယ်မှာပဲ စွမ်းအားကြီးနေတာ၊ ဒါပေမဲ့ သူက သားထက်နိမ့်ကျတယ်လို့ ခံစားနေရတုန်းပဲ၊ သူက နည်းနည်း စွမ်းအားကြီးတဲ့ ပိုးကောင်တစ်ကောင်သာသာပါ”
“ဆရာတူတပည့်ဆိုတာ သားရဲ့ မိသားစုနဲ့ အတူတူပဲ၊ ဘာဖြစ်လို့ ပိုးကောင်းနဲ့ ခိုင်းနှိုင်းရတာလဲ”
“သား သိပါတယ်၊ ဒါပေမဲ့ အဲဒါက သားတို့ကြားက ကွာခြားမှုလေ... ဟင်း... ဖေဖေ သားကို ဆန်းကြယ်စွမ်းအား မြန်မြန် သင်ပေးပါတော့”
လုံးစေ့ပတ်စေ့ မရှင်းပြတတ်တဲ့အတွက် ဟန်ဟွမ်ဟာ ဟန်ကျွယ် လက်မောင်းထဲ တိုးဝင်ပြီး ချစ်စရာ ကလေးလေး လုပ်ပါတော့တယ်။ ဟန်ကျွယ်လည်း ပြုံးလိုက်ပြီး ဆန်းကြယ်စွမ်းအားကို စတင် ဟောကြားပါတယ်။ ဟန်ဟွမ်ရဲ့ ဟန်ကျွယ်ရဲ့ ဟောကြားမှုကို သေချာ ဂရုတစိုက် နားထောင်ပါတယ်။
လောကဦး နတ်ဘီလူးရဲ့ သုံးသပ်နားလည်နိုင်စွမ်းက တော်တော်လေး မြင့်ပါတယ်။ ဟန်ချင်းအာ နှစ်တစ်ရာကျော် သင်ယူခဲ့ရတဲ့ တန်ခိုးကြီးမား မဟာလက်ဝါးကို လေးငါးလလောက်နဲ့ တတ်မြောက်သွားခဲ့ပါတယ်။ တခြား ဆန်းကြယ်စွမ်းအားတွေဆိုရင်တော့ ထည့်ပြောစရာတောင် မလိုပါဘူး။
သုံးနှစ် ကြာပြီးနောက်...
ဆန်းကြယ်စွမ်းအား ဟောကြားနေတဲ့ ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။
[မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]
လက်ခံမယ်။
ဟန်ကျွယ်ဟာ တစ်ပြိုင်နက်တည်း အလုပ်နှစ်ခု လုပ်လိုက်ပါတယ်။ ဟန်ဟွမ်ကို ဆန်းကြယ်စွမ်းအား ဟောကြားရင်း အိပ်မက်ထဲ ဝင်လိုက်ပါတယ်။ အိပ်မက်နယ်မြေက အရင်အတိုင်း ယွီဂျင်ဂိုဏ်းတော်ကြီး အပြင်ဘက်က တောအုပ်ပါပဲ။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ကို တွေ့တဲ့အခါ ရယ်မောလိုက်ပါတယ် “ဟားဟား... ဟန်ကျွယ်... မင်းမှာ နောက်ထပ် သားကောင်းတစ်ယောက် မွေးလာတယ်ဆို”
ဟန်ကျွယ်ဟာ စွမ်းအားကြီးပုဂ္ဂိုလ် တော်တော်များများက ဟန်ဟွမ်ရဲ့ ငိုသံကို အာရုံခံမိမယ်ဆိုတာ သိတဲ့အတွက် ဘာမှမဖုံးကွယ်တော့ပါဘူး “ကလေးလေးပါ”
“မင်းက ကျင့်ကြံအားထုတ်ရင်း အလုပ်များနေတာမလား၊ အဲဒီကောင်လေးကို ဂရုစိုက်ဖို့အချိန်မရှိရင် ငါ့လက်ထဲ အပ်ထားလို့ရတယ်”
“အဲဒါက...”
“ဘာပြဿနာမှ မရှိဘူးလေ...” မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ရှေ့တစ်လှမ်း တိုးလိုက်ပါတယ်။ မျက်လုံးတွေကလည်း တလက်လက် တောက်လာပါတယ်။
ဟန်ကျွယ်ဟာ ဆွံ့အသွားပါတယ် ‘အရှင်မင်းကြီး... ကျွန်တော်သားတွေကိုပဲ ဘာလို့ လိုချင်နေရတာလဲ... ဟုတ်ပါတယ်လေ... ငါ့သားတွေရဲ့ အရည်အချင်းက ထက်မြက်ပြီး အထင်ကြီးဖို့ ကောင်းနေတာကိုး’
ဟန်ကျွယ်ဟာ မတတ်နိုင်တဲ့ လေသံနဲ့ ပြောလိုက်ပါတယ် “အရှင်မင်းကြီး အဲဒီကောင်လေးကို လက်ခံနိုင်မှာ မဟုတ်ဘူး”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ တအံ့တဩ ဖြစ်သွားပါတယ် “ဘာဖြစ်လို့လဲ... သူ့မှာ ဆရာရှိသွားလို့လား”
ဟန်ကျွယ်ဟာ ဟန်ဟွမ်ရဲ့ စရိုက်နဲ့ အတွေးအခေါ်တွေကို ရှင်းပြလိုက်ပါတယ်။ ရှင်းအောင်ပြောရရင် မိစ္ဆာ ကောင်းကင်ဧကရာဇ်က ဟန်ဟွမ်ကို စည်းရုံးနိုင်မှာ မဟုတ်ပါဘူး။ ဟန်ထော်နဲ့ မတူတာက ဟန်ဟွမ်ဟာ အစမြင့်မားပြီး ဘယ်သူကိုမှ လက်မခံတာပါ။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ တိတ်ဆိတ်သွားပါတယ်။ ဟန်ကျွယ်ရဲ့ စကားက မမှားပါဘူး။ လွတ်လပ် တာအိုပညာရှိအဖြစ် မွေးဖွားလာတဲ့လူက သူလိုချင်တိုင်း ရနိုင်တဲ့အရာ မဟုတ်ပါဘူး။
“အဲဒါဆို ငါ သူ့ကို လာကြည့်လို့ရမလား” မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ လက်မလျှော့ချင်သေးပါဘူး။
“ရပါတယ်”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ရဲ့ ရှားရှားပါးပါး မိတ်ဆွေကောင်း တစ်ယောက်ပါ။ ဟန်ကျွယ် ကြီးပြင်းလာဖို့လည်း အကောင်းဆုံး ကူညီပေးခဲ့ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ စွမ်းအားကြီးလာပြီ ဆိုပြီး မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို လျစ်လျူမရှုပါဘူး။
“ငါ ကောင်းကင်တာအိုကို မကြာခင် လာခဲ့မယ်”
ဒီလိုနဲ့ အိပ်မက်လည်း အဆုံးသတ်သွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။