ဟန်ဟွမ် Vs ကောင်းကင်နက္ခ နတ်ဘီလူး
Vol. 86 Ch. 906
“ကျွန်တော့်အစ်ကိုက စီနီယာရဲ့ နောက်ကို လိုက်ခဲ့တယ်” ဟန်ဟွမ်က သိချင်စိတ်နဲ့ စပ်စုလိုက်ပါတယ်။ ဟန်ဟွမ်ဟာ ဟန်ထော်အကြောင်းကို ကြားဖူးတာ ကြာပြီဆိုပေမဲ့ တစ်ခါမှ မတွေ့ဖူးသေးပါဘူး။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ်။
ဟန်ဟွမ်ဟာ ခေါင်းခါလိုက်ပါတယ် “ထားလိုက်ပါတော့... စီနီယာက ကျွန်တော့်ကို ကောင်းကောင်း ဆက်ဆံတယ်ဆိုပေမဲ့ စီနီယာက သိပ်အင်အားကြီးတာ မဟုတ်ဘူး၊ ကျွန်တော် စီနီယာနောက်ကို မလိုချင်ဘူး၊ ဒီလောကမှာ မိဘတွေကလွဲပြီး ကျန်တဲ့လူတွေနောက်လိုက်ဖို့ မတန်ဘူး”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မှင်တက်သွားပါတယ်။
ကောင်းကင်အရှင်ရွှမ်တုရဲ့ မျက်နှာလည်း နက်နဲသွားပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်က ပြောလိုက်ပါတယ် “အမြင်ကျယ်အောင် အပြင်ထွက်သင့်တယ်၊ မင်းအဖေက သူ့ဘာသာ ကျင့်ကြံအားထုတ်ရင်း အလုပ်များနေတာ မင်းကို ဂရုစိုက်ဖို့ အချိန်ရှိမှာ မဟုတ်ဘူး”
ဟန်ဟွမ်က ပြန်ပြောပါတယ် “ကျွန်တော်လည်း ဂူအောင်းကျင့်ကြံချင်တယ်၊ ကျင့်ကြံတာက အုတ်မြစ်ပဲ၊ ကျွန်တော် အစွမ်းအထက်ဆုံးဖြစ်အောင် ကျင့်ကြံပြီးမှ အပြင်ထွက်မယ်”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မနေနိုင်ဘဲ ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဒါက သူ့အကြံ၊ ကျွန်တော်နဲ့ မဆိုင်ဘူး၊ ကျွန်တော် သူ့ကို အင်မော်တယ်ကမ္ဘာဆီ ခေါ်သွားဖူးတယ်၊ သူက လေးငါးရက်ကြာတာနဲ့ အင်မော်တယ်ကမ္ဘာကို စိတ်မဝင်စားတော့ဘဲ တာအိုစက်ကွင်းဆီ ပြန်ချင်တာပဲ”
ဟန်ဟွမ်ဟာ ခေါင်းညိတ်လိုက်ပါတယ် “ကျွန်တော် တာအိုပညာရှိ အာရုံကို ကျွမ်းကျင်လို့ ပဋိပက္ခကို လေ့လာဖူးတယ်၊ ကျွန်တော် ပဋိပက္ခအကြောင်းကို အလုံးစုံ မသိပေမဲ့ ကျွန်တော် ပဋိပက္ခကို သိပ်ပြီးတော့ စိတ်မဝင်စားဘူး”
သားအဖနှစ်ယောက်က ညီအစ်ကိုတွေလိုပါပဲ။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပါတယ် “လူတိုင်းမှာ ရည်မှန်းချက်ကိုယ်စီ ရှိတယ်၊ ငါ မင်းကို တွန်းအား မပေးပါဘူး၊ ငါ ဟန်ထော်နဲ့ ထပ်တွေ့ဖြစ်ခဲ့ရင် သူ့ကို ကောင်းကင်တာအိုဆီ ပြန်လာပြီး မင်းကို လာကြည့်ဖို့ သေချာပေါက် ပြောလိုက်မယ်”
ဟန်ဟွမ်ဟာ ပြုံးလိုက်ပါတယ်။ ဟန်ဟွမ်ဟာ သူ့အစ်ကိုကို တွေ့ရဖို့ တကယ်မျှော်လင့်နေတာပါ။
အကွက်ချောင်းနေတဲ့ ကောင်းကင်အရှင်ရွှမ်တုက ဝင်ပြောလိုက်ပါတယ် “ကောင်းကင်တာအိုမှာ တာအိုပညာရှိအသစ် တစ်နေရာ ပေါ်လာတယ်၊ ကျွန်တော်တို့တွေ ဟန်ဟွမ်ကို...”
ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ် “မလိုဘူး၊ ငါ့သားရဲ့ စရိုက်နဲ့ ကောင်းကင်တာအိုကို စီမံဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ငါ့သားကို ငါ့နားမှာပဲ ခေါ်ထားလိုက်မယ်၊ တာအိုပညာရှိ နေရာအတွက်တော့ မင်းဘာသာ ကြည့်စီစဉ်လိုက်”
ဟန်ဟွမ်ဟာ သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “တာအိုပညာရှိနေရာက ဘာလဲ”
“အဲဒါ မင်းကိစ္စ မဟုတ်ဘူး” ဟန်ကျွယ်က သာမန်ကာလျှံကာ ပြန်ဖြေလိုက်ပါတယ်။
အဲဒီနောက် မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ဟွမ်ကို ဘေးခေါ်သွားပြီး ဟန်ကျွယ်အကြောင်း မေးမြန်းပါတယ်။ ဟန်ကျွယ်ကတော့ ကောင်းကင်အရှင်ရွှမ်တုနဲ့ ကောင်းကင်တာအိုအကြောင်း ပြောဆိုကြပါတယ်။
အခုအချိန်မှာ ပဋိပက္ခက အေးချမ်းနေတဲ့အတွက် ကောင်းကင်တာအိုဟာ လွတ်လွတ်လပ်လပ် တိုးတက် ပြောင်းလဲနိုင်ပါတယ်။ အင်မော်တယ်ကမ္ဘာက ကြီးမားလွန်းတဲ့အတွက် တာအိုပညာရှိတွေ ဝင်ပါလို့ရတဲ့ကိစ္စက နည်းပါးပါတယ်။ ဒါကြောင့် တာအိုပညာရှိ အသစ်တွေ ပေါ်လာတဲ့အခါ အကုန်လုံးက ပဋိပက္ခ ကောင်းကင်လမ်း ဖွင့်လှစ်တာကို တာဝန်ယူကြရပါတယ်။
ကောင်းကင်တာအိုမှာ ပဋိပက္ခရဲ့ ဘက်ပေါင်းစုံဆီ ဦးတည်နေတဲ့ ပဋိပက္ခ ကောင်းကင်လမ်း ၁၅ လမ်း ရှိသွားပါပြီ။ ပဋိပက္ခ ကောင်းကင်လမ်းက တာအိုပညာရှိအောက်မှာရှိတဲ့ သက်ရှိတွေကို ကာကွယ်ပေးနိုင်တဲ့အတွက် ပဋိပက္ခ သက်ရှိတွေဟာ ကောင်းကင်တာအိုထဲကို ပိုပိုပြီးတော့ ခိုဝင်လာကြပါတယ်။ ဒါက ကောင်းကင်တာအိုကို စန့်ချွမ်အဂ္ဂကမ္ဘာ ယှဉ်လို့မရတဲ့ အရာပါ။
စန့်ချွမ်အဂ္ဂကမ္ဘာကလည်း အရှင်သုံးပါး ကေင်းကင်လမ်းကို ဖွင့်လှစ်ထားပါတယ်။ ဒါပေမဲ့ ကံဆိုးစွာပဲ ဒီလမ်းက မတည်ငြိမ်ပါဘူး။ သန်မာလွန်းရင်လည်း ပဋိပက္ခရဲ့ ငြင်းပယ်တာကို ခံရပြီး အားပျော့လွန်းရင်လည်း အချိန်မရွေး ကွဲကြေသွားနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။ လက်ရှိ အခြေအနေက နှစ်ဖက် ထိပ်တိုက် မတွေ့ဘူးဆိုရင် ကောင်းကင်တာအိုက မကြာတော့တဲ့ အချိန်အတွင်းမှာ စန့်ချွမ်အဂ္ဂကမ္ဘာကို ကျော်တက်သွားမှာပါ။ ဒါက ပဋိပက္ခသားတွေ သဘောတူလက်ခံထားတဲ့ အရာတစ်ခုပါ။
ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုရဲ့ စီမံဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ကျေနပ်အားရတာကြောင့် ချီးကျူးလိုက်ပါတယ် “ကောင်းကင်အရှင် ရွှမ်တု ရှိနေတာက ကောင်းကင်တာအိုအတွက် တကယ့် ကံကောင်းမှုတစ်ခုပဲ၊ နောက်ကျလို့ အချိန်ရှိရင် ငါ့ တာအိုစက်ကွင်းဆီ လာခဲ့ချည်၊ မင်း မဟာတာအိုပေါ် တက်လှမ်းနိုင်အောင် ငါ တာအိုဟောကြားပြီး ကူညီပေးမယ်”
ကောင်းကင်အရှင်ရွှမ်တုဟာ ကျေနပ်အံ့အားသင့်သွားပြီး ချက်ချင်း ကျေးဇူးတင်စကား ဆိုပါတယ်။
ကောင်းကင်အရှင်ရွှမ်တုဟာ ကောင်းကင်တာအိုကို ရွေးချယ်လိုက်ကတည်းက လောင်ဇီနဲ့ တွေ့ဆုံတာ အတော်လေး နည်းပါးသွားခဲ့ပါတယ်။ ထပ်ပြီး ပညာသင်ပေးဖို့ကိုတော့ ကောင်းကင်အရှင်ရွှမ်တုဟာ အဲဒီလောက် မျက်နှာပြောင်တိုက်ပြီး မတောင်းဆိုရဲပါဘူး။
လေးငါးနာရီ အကြာမှာတော့ ဟန်ကျွယ်၊ ဟန်ဟွမ်နဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်တို့ဟာ စကြဝဠာခန်းမထဲက လမ်းလျှောက် ထွက်လိုက်ပါတယ်။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဟန်ဟွမ်ကို ချစ်မြတ်နိုးတဲ့အကြည့်နဲ့ ကြည့်ပြီး ပြောလိုက်ပါတယ် “ငါတို့ရဲ့ သဘောတူညီမှုကို မမေ့နဲ့”
ဟန်ဟွမ်ဟာ လက်ဝှေ့ယမ်းပြီး ပြောလိုက်ပါတယ် “မစိုးရိမ်ပါနဲ့၊ ကျွန်တော် ပဋိပက္ခကို သွားရင် စီနီယာကို အရင်ဆုံး လာရှာမယ်”
လူစွမ်းကောင်းလုပ်နေတဲ့ ဟန်ဟွမ်ကို ကြည့်ပြီး ဟန်ကျွယ်ဟာ ရယ်ချင်သွားပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ နှုတ်ဆက်စကား ပြောပြီးတာနဲ့ ထွက်ခွာသွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဟန်ဟွမ်ကို တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဆီ ပြန်ခေါ်သွားပါတယ်။
ဟန်ကျွယ်ဟာ တစ်ခဏ တွေးတောပြီးနောက် ဟန်ဟွမ်ကို ဒုတိယ တာအိုစက်ကွင်းဆီ ခေါ်သွားပါတယ်။ လီယောင်နဲ့ ဝူတောက်ကျန့်တို့က တာအိုဘုံကျောင်းထဲမှာ ကျင့်ကြံအားထုတ်နေတုန်းပါ။ ဟန်ဟွမ်ရဲ့ ရောင်ဝါကို အာရုံခံမိတဲ့အတွက် လီယောင်နဲ့ ဝူတောက်ကျန့်ဟာ ချက်ချင်း မျက်လုံး ဖွင့်ကြည့်လိုက်တဲ့အခါ မျက်လုံးတွေ အရောင်တောက်သွားပြီး ချက်ချင်း မတ်တတ်ရပ်လိုက်ကြပါတယ်။
“ဝိုး... ဒါက သခင်ရဲ့ ဒုတိယသားလား” ဝူတောက်ကျန့်ရဲ့ ချဉ်းကပ်မှုက ဟန်ဟွမ်ကို ကြောက်လန့်စေပြီး ဟန်ကျွယ်နောက် ပုန်းသွားစေပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဟုတ်တယ်၊ သူ့နာမည်က ဟန်ဟွမ်... ဟွမ်အာ... ဒါ မင်းရဲ့ တတိယအမေနဲ့ စတုတ္ထအမေပဲ”
‘စတုတ္ထအမေ’ ဝူတောက်ကျန့်ရဲ့ မျက်နှာဟာ ရုတ်ခြည်း နီရဲသွားပါတယ်။
ဟန်ဟွမ်ဟာ လီယောင်နဲ့ ဝူတောက်ကျန့်ကို ဦးညွှတ်လိုက်ပါတယ်။ ဟန်ဟွမ်ဟာ မိုးထိအောင် ဘဝင်မြင့်ပေမဲ့ သူ့မိသားစုကိုတော့ အလွန်ယဉ်ကျေးပါတယ်။
လီယောင်နဲ့ ဝူတောက်ကျန့်ဟာ ဟန်ဟွမ်ရဲ့ အရည်အချင်းကို အနန္တကမ္ဘာ မြင်ကွင်းကျယ်ကနေ သိရှိထားပြီးကြပါပြီ။ သူတို့တင် မဟုတ်ပါဘူး။ တပည့်ရင်းတွေ အကုန်လုံး သိသွားကြတာပါ။ သူတို့တွေဟာ ဟန်ဟွမ်ကို မြင်ချင်နေတာ ကြာပါပြီ။ ဒါကြောင့် ဒီနေ့ ဟန်ဟွမ်ကို မြင်လိုက်ရတဲ့အခါ ပျော်ရွှင်သွားကြပါတယ်။
စကားစမြည် ပြောဆိုပြီးတဲ့နောက် ဟန်ဟွမ်ဟာ လီယောင်နဲ့ ဝူတောက်ကျန့်ကို မေမေသုံးနဲ့ မေမေလေးလို့ စခေါ်လာပါတယ်။ အဲဒီနောက် သူတို့လေးယောက်ဟာ တာအိုဘုံကျောင်းထဲကနေ အပြင်ဘက်ကို အတူတူ လမ်းလျှောက် ထွက်လိုက်ကြပါတယ်။
ဟန်ကျွယ်ဟာ နတ်ဘီလူး အကုန်လုံးကို စုဝေးလိုက်ပါတယ်။ လောလောဆယ် ဒုတိယ တာအိုစက်ကွင်းထဲမှာ ပဋိပက္ခ နတ်ဘီလူး ၅၁ ပါး ရှိပါတယ်။ လောကဦးကမ္ဘာထဲမှာ ပျိုးထောင်တုန်း တန်းလန်း ရှိသေးတဲ့ ပဋိပက္ခ နတ်ဘီလူးတစ်ပါးလည်း ရှိနေပါသေးတယ်။
နတ်ဘီလူးတွေ စုစည်းတဲ့ မြင်ကွင်းက တကယ်ကို ခမ်းနားထည်ဝါလှပါတယ်။ ဟန်ဟွမ်ဟာ နတ်ဘီလူးတွေကို မျက်လုံးကျဉ်းပြီး ခေါင်းအစ ခြေအဆုံး လိုက်ကြည့်ပါတယ်။
‘ဒါက ဒုတိယ သခင်လေးလား၊ သခင်နဲ့လည်း မတူဘူး’
ငရဲကြက်နက်ဟာ ပထမဆုံး ပြုံးလိုက်ပါတယ်။ ဒါပေမဲ့ တခြားလူတွေကတော့ မသက်မသာ ဖြစ်သွားကြပါတယ်။ ဒီခံစားချက်က အရမ်း ထူးဆန်းပါတယ်။ သူတို့တွေ ဟန်ဟွမ်ရဲ့ အကြည့်ကို ရင်ဆိုင်ရတာက သဘာဝရန်သူကို ရင်ဆိုင်ရသလိုမျိုး ခံစားရစေပါတယ်။
ဟန်ကျွယ်ဟာ သူတို့တွေ ဘာတွေးနေလဲဆိုတာကို သိတာကြောင့် “ဟုတ်တယ်၊ ဒါက ငါ့ရဲ့ ဒုတိယသား ဟန်ဟွမ်ပဲ၊ ဟွမ်အာက လွတ်လပ်တာအိုပညာရှိအဖြစ် မွေးဖွားလာပြီး တစ်မူထူးခြားတဲ့ သွေးစည်း ရှိတယ်၊ မင်းတို့တွေရဲ့ သွေးစည်းက ပဋိပက္ခရဲ့ ထိပ်ဆုံးနေရာမှာ ရှိနေတာဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် မတည့်တာ ပုံမှန်ပဲ၊ ဒါက သွေးစည်း အရှုပ်အရှင်းပဲ၊ အဲဒါကြောင့် ငါ ဟွမ်အာကို မင်းတို့နဲ့ ကြိုပြီး မိတ်ဆက်ပေးတာ၊ နောက်ကျရင် ကျင့်ကြံမှုလမ်းစဉ်မှာ မင်းတို့တွေ တစ်ယောက်ကို တစ်ယောက် ပံ့ပိုးကူညီရမယ်”
ဟန်ကျွယ်ရဲ့ စကားကြောင့် ပဋိပက္ခ နတ်ဘီလူးတွေဟာ သက်သာရာ ရသွားပြီး ခေါင်းညိတ်လိုက်ကြပါတယ်။ ဒီကိစ္စက သူတို့အတွက် ထူးဆန်းတာတော့ မဟုတ်ပါဘူး။ ဟန်ဟွမ်မပြောနဲ့။ သူတို့အချင်းချင်းတောင် တစ်ယောက်ကို တစ်ယောက် မကြိုက်ကြပါဘူး။ ကံကောင်းထောက်မစွာပဲ သူတို့တွေဟာ အချိန်အကြာကြီး အတူတူနေပြီး ဒီမတည့်မှုကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ ပဋိပက္ခ နတ်ဘီလူးသုံးထောင်ကို အချင်းချင်း တိုက်ခိုက်စေခဲ့တာက သွေးစည်းအရှုပ်အရှင်းလို့ ပြောမယ်ဆိုရင် မမှားပါဘူး။
မုရုံချီဟာ ရှေ့တစ်လှမ်း တက်လိုက်ပါတယ် “ဆရာဘိုးဘိုး... သူ့ကို ကျွန်တော်တို့နဲ့ ခဏလောက် နေခိုင်းပါလား”
တခြားနတ်ဘီလူးတွေကလည်း မုရုံချီရဲ့ စကားကို ထောက်ခံကြပါတယ်။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “အင်း... ငါလည်း အဲဒီလို ရည်ရွယ်ထားတယ်”
အဲဒီနောက် ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲ ပြန်ဝင်သွားပါတယ်။ ဟန်ဟွမ်ကတော့ ပဋိပက္ခ နတ်ဘီလူးတွေ ဝန်းရံပြီး ကျန်နေခဲ့ပါတယ်။
ကွမ်းပုပိုင်ဟာ ဟန်ဟွမ်ကို စိုက်ကြည့်လိုက်ပါတယ် “ဆရာတူညီလေး... မင်းက တော်တော် စွမ်းအားကြီးတာပဲ၊ ငါတို့တွေ လက်ရည်စမ်းကြရအောင်”
ဟန်ဟွမ်ဟာ ကွမ်းပုပိုင်ကို တစ်ချက်ကြည့်ပြီးနောက် ခေါင်းခါလိုက်ပါတယ်။ အဲဒီနောက် ကောင်းကင်နက္ခ နတ်ဘီလူးရှေ့ကို လျှောက်သွားပြီး “ခင်ဗျားက အစွမ်းအထက်ဆုံးပဲ... လက်ရည်စမ်းကြရအောင်”
ဒီမြင်ကွင်းက လူတိုင်းကို အံ့အားသင့်သွားစေပါတယ်။ လောလောဆယ် ဒုတိယ တာအိုစက်ကွင်းထဲမှာ ကောင်းကင်နက္ခ နတ်ဘီလူးက အစွမ်းအထက်ဆုံးပါ။ အရင်တုန်းက မုရုံချီဟာ ကောင်းကင်နက္ခ နတ်ဘီလူးထက် ကျော်လွန်နေခဲ့ပါတယ်။ ဒါပေမဲ့ မကြာသေးခင်ကမှ ကောင်းကင်နက္ခ နတ်ဘီလူးဟာ မုရုံချီကို ပြန်ပြီးတော့ ကျော်သွားခဲ့ပါတယ်။
ကွမ်းပုပိုင်ဟာ နှုတ်ခမ်းမဲ့ပြီး မပျော်မရွှင် ဖြစ်သွားပေမဲ့ မငြင်းရဲပါဘူး။ ကွမ်းပုပိုင်ဟာ ကောင်းကင်နက္ခ နတ်ဘီလူးရဲ့ လက်ထဲမှာ ခံရပေါင်းများပြီး ကောင်းကင်နက္ခ နတ်ဘီလူးရဲ့ ညီလေး ဖြစ်သွားပါပြီ။ ဒုတိယ တာအိုစက်ကွင်းထဲမှာ ကွမ်းပုပိုင်တစ်ယောက်ပဲ ခေါင်းမာမာနဲ့ ကောင်းကင်နက္ခ နတ်ဘီလူးကို ဆက်တိုက်ရဲပါတယ်။ တိုက်ခိုက်တာ ကြာလာတော့ ခံစားချက်တွေ ဖြစ်ပေါ်လာတာက အဆန်းတော့ မဟုတ်ပါဘူး။
“ကောင်းပြီလေ”
ကောင်းကင်နက္ခ နတ်ဘီလူးဟာ တစ်ခါတည်း သဘောတူလိုက်ပါတယ်။ အဲဒီနောက် သူတို့နှစ်ယောက်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး စပြီးတော့ တိုက်ခိုက်ကြပါတယ်။
လက်ရှိ ဟန်ဟွမ်ဟာ ကျန်းကျွယ်ရှီ နှိပ်စက်တာကို ခံခဲ့ရခဲ့တဲ့ လူငယ်လေး မဟုတ်တော့ပါဘူး။ ဒီနှစ်ထောင်ချီမှာ ကျင့်ကြံအားထုတ်တာကလွဲရင် အသွင်တူ လက်ရည်စမ်းပွဲရဲ့ အကူအညီကြောင့် ဟန်ဟွမ်ရဲ့ တိုက်ခိုက်နိုင်စွမ်းဟာ လုံးဝကို နိုးထလာခဲ့ပါတယ်။
အသက်ရှူကြိမ် ဒါဇင်ကျော် ကြာတဲ့အခါမှာတော့...
အသွင်တူ လက်ရည်စမ်းပွဲ ပြီးဆုံးသွားပါတယ်။
နှစ်ယောက်စလုံး မျက်လုံး ပြိုင်တူဖွင့်ပြီး မျက်မှောင်ကြုတ်သွားကြပါတယ်။
ကွမ်းပုပိုင်ဟာ ပြုံးလိုက်ပါတယ် “ဘယ်လိုလဲ... ဆရာတူညီလေး... ငါနဲ့ လက်ရည်စမ်း,စမ်းပါ”
ဟန်ဟွမ်ဟာ ကွမ်းပုပိုင်ကို လျစ်လျူရှုပြီး ကောင်းကင်နက္ခ နတ်ဘီလူးကို စိုက်ကြည့်လိုက်ပါတယ် “ခင်ဗျားက အရမ်းစွမ်းအားကြီးတယ်၊ ကျန်းကျွယ်ရှီထက် ပိုပြီးတော့ စွမ်းအားကြီးတယ်”
ကောင်းကင်နက္ခ နတ်ဘီလူးဟာ အသက်အရှည်ကြီး ရှူသွင်းလိုက်ပါတယ် “ငါ မင်းကို မယှဉ်နိုင်ပါဘူး”
ဘေးနားက ကြည့်နေတဲ့လူတိုင်း လန့်သွားကြပါတယ် ‘ကောင်းကင်နက္ခ နတ်ဘီလူးက ရှုံးသွားတာလား...’
“အို ဘုရား..ဘုရား... သခင်က ဘယ်လို မွန်းစတားကို မွေးထုတ်လိုက်တာလဲ၊ သူက အသက်တစ်သောင်းတောင် ပြည့်သေးတာ မဟုတ်ဘူး” ငရဲကြက်နက်က လူတိုင်းရဲ့ အတွေးကို အော်ပြောလိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။