နောက်ဆုံးအဆင့်သို့ ရောက်ရှိခြင်း၊ နတ်အာဏာရှင် စစ်သူကြီး သန်း ၃၀
Vol. 87 Ch. 913
အန္တိမဒဏ်ခတ်နတ်မင်းဟာ လျှို့ဝှက်ဆန်းကြယ်တည်ရှိမှုရဲ့ မေးခွန်းကြောင့် တိတ်ဆိတ်သွားပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းဟာ နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင်ဆိုပေမဲ့ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို လောကဦး ဘိုးဘေးနတ်ဘုရားလိုမျိုး မထိန်းချုပ်နိုင်တဲ့အတွက် နတ်အာဏာရှင် စစ်သူကြီးတွေကို အမိန့်ပေးနိုင်စွမ်း မရှိပါဘူး။
ဒီရှုထောင့်ကနေကြည့်ရင် အန္တိမဒဏ်ခတ်နတ်မင်းက နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင်အစစ်လို့ ပြောလို့မရပါဘူး။
အန္တိမဒဏ်ခတ်နတ်မင်းဟာ မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို ထိန်းချုပ်ဖို့ ကြိုးစားနေပေမဲ့ အခုထိ မအောင်မြင်သေးပါဘူး။ ဒါကြောင့် မဟာတာအို အထွတ်အထိပ် နတ်အခွင့်အာဏာတွေရဲ့ နောက်ကွယ်မှာ မြင့်မားတဲ့ တည်ရှိမှုတစ်ခု ရှိနေလိမ့်မယ်လို့ အန္တိမဒဏ်ခတ်နတ်မင်းက ကောက်ချက်ချလိုက်ပါတယ်။
“အန္တိမဒဏ်ခတ်နတ်မင်း... ငါနဲ့ ပူးပေါင်းစမ်းပါ၊ ငါ ပဋိပက္ခရဲ့ ကံတရား အထောက်အပံ့ကို စုပ်ယူပြီး ဘယ်တုန်းကမှ မရှိခဲ့တဲ့ အဆင့်တစ်ခုကို ရောက်သွားရင် မင်း နတ်စိတ်ဝိညာဉ်တွေရဲ့ ခေါင်းဆောင် တကယ်ဖြစ်လာအောင် ငါ အခွင့်အာဏာ ပေးအပ်မယ်၊ မင်းက မင်းရဲ့ အကန့်အသတ်ကို ရောက်နေပြီ၊ ထပ်ပြီးတော့ စွမ်းအားကြီးလာမှာ မဟုတ်တော့ဘူး”
အန္တိမဒဏ်ခတ်နတ်မင်းဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... ဒါပေမဲ့ ငါ မင်းကို ဘယ်လိုယုံကြည်ရမှာလဲ၊ မင်း ပဋိပက္ခရဲ့ ကံတရား အထောက်အပံ့ကို ရသွားရင် ပဋိပက္ခကို ကောင်းကောင်းမွန်မွန် ဆက်ဆံမှာလား”
ဒီလျှို့ဝှက်ဆန်းကြယ် တည်ရှိမှုက တခြားမဟုတ်ပါဘူး။ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ပါ။
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ ခပ်ယဲ့ယဲ့ ပြောလိုက်ပါတယ် “မင်း ငါ့ကို ယုံရင် ကူညီ၊ မယုံဘူးဆိုရင်လည်း ကူညီ၊ အန္တိမဒဏ်ခတ်နတ်မင်း... ငါ့မှာ မိတ်ဆွေကောင်းက များများစားစားရှိတာ မဟုတ်ဘူး၊ ရှင်ကျန်ရစ်ခဲ့တာကလည်း လက်ချိုးရေလို့ရတယ်၊ မင်းနဲ့ငါ နှစ်ယောက်တည်းလို့ ပြောလို့ရတယ်၊ ငါ မင်းကို ကျော်လွန်သွားတာ နှစ်ပေါင်းများစွာရှိပြီ၊ မင်း ငါ့ကို မယုံဘူးဆိုရင်လည်း ငါ ဘာမှ မတတ်နိုင်ဘူး”
အန္တိမဒဏ်ခတ်နတ်မင်းဟာ ပြုံးလိုက်ပါတယ် “တာအိုရောင်းရင်း... လာနောက်နေတာလား၊ ငါတို့ရဲ့ ဆက်ဆံရေးကြောင့်ပဲ ငါ မင်းကို လာတွေ့တာလေ၊ အခု ငါက ပဋိပက္ခမှာရှိတဲ့ သက်ရှိအားလုံးအတွက် တာဝန်ယူထားရတာ၊ မင်း အတိတ်က သဘောတူညီချက်ကို မမေ့သေးဘူးဆိုရင် ငါ မင်းကို ယုံပါတယ်”
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ဟာ သက်ပြင်းချလိုက်ပါတယ် “အတိတ်က သဘောတူညီချက်က တကယ်ကို ကြာညောင်းခဲ့ပြီ၊ တာအိုရောင်းရင်း... ကျေးဇူးပြုပြီး ငါ့ကို ယုံစမ်းပါ၊ ငါ မဟာတာအို နတ်စိတ်ဝိညာဉ်တွေ အထက်မှာရှိတဲ့ လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုကို အာရုံခံနိုင်တယ်၊ ငါတို့တွေ အတူပူးပေါင်းမှပဲ ပဋိပက္ခရဲ့ အခြေအနေဟောင်းကို ချိုးဖျက်နိုင်လိမ့်မယ်”
အန္တိမဒဏ်ခတ်နတ်မင်းဟာ ခေါင်းညိတ်လိုက်ပါတယ် “ငါလည်း ထောက်လှမ်းခံရတယ်လို့ မကြာခဏ ခံစားရတယ်၊ လောကဦး ဘိုးဘေးနတ်ဘုရားက တကယ် မသေသေးဘူးလို့တောင် ခံစားရတယ်၊ သူ့ရဲ့ မူလစိတ်ဆန္ဒက နတ်အခွင့်အာဏာထဲမှာ ပုန်းအောင်းပြီး ပြန်ပေါ်လာဖို့ အခွင့်ရေးချောင်းနေတာ ဖြစ်နိုင်တယ်”
ရေမျက်နှာပြင်ဟာ ဂယက်ထလာပြီး လှိုင်းတန်းကြီးနှစ်တန်း ဖြစ်ပေါ်ကာ အလယ်မှာ လမ်းတစ်ခု ပွင့်သွားပါတယ်။ အန္တိမဒဏ်ခတ်နတ်မင်းဟာ ဒီထဲ ဝင်လိုက်ပါတယ်။
.....
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။
နှစ်ပေါင်း ၇၀,၀၀၀ ကြာပြီးနောက်။
နောက်ဆုံးတော့ ဟန်ကျွယ်ဟာ မဟာတာအို အထွတ်အထိပ် နောက်ဆုံးအဆင့်ကို ရောက်ရှိသွားပါတယ်။ ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို ခိုင်ခံ့အောင်လုပ်ရင်း ကိုယ်ရေးအကျဉ်းကို ဖွင့်ကြည့်လိုက်ပါတယ်။
[အမည်: ဟန်ကျွယ်]
[သက်တမ်း: ၇,၃၈၁,၇၈၅/ ၁, ၀၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉, ၉၉၉]
[မျိုးနွယ်စု: အန္တိမမူလ နတ်ဘီလူး(အနန္တဧကရာဇ်)။]
[ကျင့်ကြံမှု: မဟာတာအို အထွတ်အထိပ် နောက်ဆုံးအဆင့် (ပြီးပြည့်စုံသော တာအိုပညာရှိ)။]
[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို (မဟာတာအို)၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]
[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို၊ ကံတရား မဟာတာအို၊ အန္တိမမူလ မဟာတာအို။]
ဟန်ကျွယ်ရဲ့ သက်တမ်းဟာ နှစ်ဆတိုးသွားပါတယ်။ ဒီတစ်ခါတော့ ဟန်ကျွယ်ဟာ သူ့သက်တမ်းကို အချိန်ကုန်ခံပြီး မရေတွက်တော့ပါဘူး။
ဟန်ကျွယ်ဟာ အန္တိမမူလ စွမ်းအားက အရူးအမူး အသွင်ပြောင်းလဲနေတာကို ခံစားမိပါတယ်။ ဒီစွမ်းအားက သိသာထင်ရှားလွန်းပါတယ်။ ပြီးခဲ့တဲ့တစ်ခေါက် အဆင့်တက်တုန်းက ခံစားခဲ့ရတဲ့ ခံစားချက်ထက် အများကြီးပိုပါတယ်။ အဆင့်ကြီးတစ်ဆင့်ကို ထိုးဖောက်လိုက်သလိုပါပဲ။
အစစ်အမှန် အသွင်ပြောင်းလဲတာပါ။
‘ဒါက အန္တိမမူလ နတ်ဘီလူးလား...’ ဟန်ကျွယ်ဟာ ဝမ်းသာအားရ ဖြစ်သွားပါတယ်။ ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိ ဘယ်နှယောက်ကို တိုက်နိုင်လဲဆိုတာ သိချင်သွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲ ချက်ချင်း မဝင်ပါဘူး။
နှစ်သုံးထောင် ကြာတဲ့အခါ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ ခိုင်ခံ့သွားပါတယ်။
နောက်ထပ် နှစ်ငါးရာ ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဆန်းကြယ်စွမ်းအားတွေ အကုန်လုံးကို လေ့ကျင့်လို့ ပြီးသွားပါတယ်။
ဟန်ကျွယ်ဟာ နောက်ထပ် နတ်ဘီလူးဓမ္မရုပ်တု ငါးရာကို သင်ယူ တတ်မြောက်သွားပါတယ်။ အကုန်လုံး ပေါင်းလိုက်ရင် နတ်ဘီလူးဓမ္မရုပ်တု အရေအတွက်က ၂,၉၄၉ ရုပ်တု ရှိသွားပြီမလို့ နတ်ဘီလူးဓမ္မရုပ်တု သုံးထောင်နဲ့ တော်တော်လေး နီးကပ်သွားပါပြီ။
ဟန်ကျွယ်သာ နောက်တစ်ဆင့် ထပ်တက်လိုက်ရင် နတ်ဘီလူးသုံးထောင်စလုံးကို သေချာပေါက် ထိန်းချုပ်နိုင်မှာပါ။ ဟန်ကျွယ်ကလည်း အဲဒီလိုနေ့မျိုးကို စောင့်နေတာ ကြာပါပြီ။ အနည်းဆုံး ပဋိပက္ခ အစည်းအဝေးမတိုင်ခင်ဆို ပိုကောင်းပါတယ်။ အဲဒါမှ သူ့တပည့်ရင်းတွေကို ပိုပြီးတော့ ကာကွယ်နိုင်မှာပါ။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး အသွင်တူ လက်ရည်စမ်းပွဲထဲ ဝင်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ တစ်ခါတည်း ဓားရူးတာအိုပညာရှိ နှစ်သိန်းကို စိန်ခေါ်လိုက်ပါတယ်။
မဟာတာအိုပညာရှိချုပ် ဓားရူးတာအိုပညာရှိက နတ်အာဏာရှင် စစ်သူကြီးတစ်ရာကို ယှဉ်တိုက်နိုင်တယ်လို့ ပြောထားပါတယ်။ ဒါကြောင့် ဟန်ကျွယ် ဓားရူးတာအိုပညာရှိ နှစ်သိန်းကို စိန်ခေါ် တိုက်ခိုက်တာက နတ်အာဏာရှင် စစ်သူကြီး သန်းနှစ်ဆယ်ကို ရင်ဆိုင် တိုက်ခိုက်တာနဲ့ အတူတူပါပဲ။
တကယ်ကိုပဲ အဆင့်လေးတစ်ဆင့် တက်ပြီးနောက် ဟန်ကျွယ်ရဲ့ စွမ်းအားဟာ ဒီရေအလား တိုးတက်လာခဲ့ပါတယ်။ အန္တိမမူလ နတ်ဘီလူးရဲ့ စွမ်းအား တိုးတက်လာတာက ကျင့်ကြံမှုနဲ့တင် မသိနိုင်ပါဘူး။
ဟန်ကျွယ်ဟာ တန်ခိုးကြီးမား မဟာလက်ဝါးနဲ့ အစွမ်းကုန် ထုတ်တိုက်တဲ့အခါ ဓားရူးတာအိုပညာရှိ နှစ်သိန်းကို တစ်ချက်တည်း သတ်နိုင်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိ အရေအတွက်ကို နောက်ထပ် တစ်သောင်း တိုးလိုက်ပါတယ်။ ဒါလည်း တစ်ချက်တည်း သတ်ပစ်လိုက်ပါတယ်။
ဓားရူးတာအိုပညာရှိ ၂၂၀,၀၀၀။
ဒီတစ်ခါတော့ ဟန်ကျွယ်ဟာ ရွေးချယ်စရာ မရှိတာကြောင့် ဓားရူးတာအိုပညာရှိ ၂၂၀,၀၀၀ ကို တစ်ချက်တည်း သတ်နိုင်ဖို့ ဟွမ်သွမ့်ဓားကို ထုတ်သုံးလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိ အရေအတွက်ကို ဆက်ပြီးတော့ တိုးပါတယ်။ ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိ နှစ်သိန်းခွဲကိုပဲ တစ်ချက်တည်း သတ်နိုင်ပါတယ်။ အဲဒီထက် ပိုသွားရင် တစ်ချက်တည်း မသတ်နိုင်တော့ပါဘူး။ ဒါပေမဲ့ ဓားရူးတာအိုပညာရှိ သုံးသိန်းကို ရင်ဆိုင်ရတာတောင် ဟန်ကျွယ်ဟာ ဓားရူးတာအိုပညာရှိ သုံးသိန်းကို ချေမှုန်းနိုင်တုန်းပါ။
ဒါပေမဲ့ ဟန်ကျွယ်ဟာ တစ်ချက်တည်း သတ်နိုင်တာကိုပဲ ဂရုစိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ အမြင်မှာ ရန်သူကို တစ်ချက်တည်း မသတ်နိုင်ရင် ရန်သူမှာ ထွက်ပြေးဖို့ အခွင့်အရေးရှိရုံသာမက ပြန်တောင် တိုက်နိုင်ပါတယ်။
လက်တွေ့ဘဝမှာ တိုက်ခိုက်တာက အသွင်တူ လက်ရည်စမ်းပွဲမှာ တိုက်ခိုက်တာထက် ပိုရှုပ်ထွေးပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ နတ်အာဏာရှင် စစ်သူကြီးတွေကို စပြီးတော့ စိန်ခေါ်ပါတယ်။ ဟန်ကျွယ်ဟာ စစချင်း နတ်အာဏာရှင် စစ်သူကြီး သန်းသုံးဆယ်ကို စိန်ခေါ်လိုက်ပါတယ်။ ဒါပေမဲ့ နတ်အာဏာရှင် စစ်သူကြီးအရေအတွက် များလာတာက ဟန်ကျွယ်အတွက် ဘာမှမဟုတ်တော့ပါဘူး။
နတ်အာဏာရှင် စစ်သူကြီးသန်းသုံးဆယ်က ဓားရူးတာအိုပညာရှိ သုံးသိန်းနဲ့ နှိုင်းယှဉ်လို့မရပါဘူး။ ဒါက ကျင့်ကြံမှုအဆင့် ကွာခြားမှုပါ။ မဟာတာအိုပညာရှိနဲ့ မဟာတာအိုပညာရှိချုပ်ကြားက ကွာခြားမှုဆိုရင်လည်း မမှားပါဘူး။
ဟန်ကျွယ်ဟာ နတ်အာဏာရှင် စစ်သူကြီးတွေနဲ့ ဆက်မတိုက်တော့ပါဘူး။ အဓိပ္ပာယ် မရှိတဲ့ တိုက်ပွဲကို မတိုက်တာက အကောင်းဆုံး မဟုတ်ပါလား။
“ငါ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို တစ်ချက်တည်း သတ်နိုင်လား” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။
[သက်တမ်း ၁၀၀ ထရီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လောလောဆယ် မသတ်နိုင်သေးပါ။]
ဟန်ကျွယ်ဟာ နည်းနည်း စိတ်ပျက်သွားပါတယ်။
ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က နတ်အာဏာရှင် စစ်သူကြီး နှစ်သိန်းကို သတ်နိုင်တယ်လို့ ပြောပေမဲ့ ဒါက သူ့စွမ်းအားအကုန်လို့ မဆိုလိုပါဘူး။ သူ့ဆီမှာက အသွင်တူ လက်ရည်စမ်းပွဲမရှိဘူး မဟုတ်ပါလား။
ဒါကြောင့် ဒီစကားက အဓိပ္ပာယ်တစ်ခုပဲ ရှိပါတယ်။ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က နတ်အာဏာရှင် စစ်သူကြီးတွေကို သောက်ဂရုမစိုက်ဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။
ဟန်ကျွယ်ဟာ တစ်ခဏ တုံ့ဆိုင်းသွားပြီးနောက် ထပ်မေးလိုက်ပါတယ် “ငါ လေးလေးနက်နက် တိုက်ခိုက်ရင် ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က ငါ့ကို သတ်နိုင်လား”
ဒီမေးခွန်းက ပြီးခဲ့တဲ့ မေးခွန်းနဲ့ ပတ်သက်ပါတယ်။ နှစ်ခုစလုံးက ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ ကျင့်ကြံမှုနဲ့ ပတ်သက်နေတာပါ။ ဒါကြောင့် စနစ်က ဟန်ကျွယ်ရဲ့ သက်တမ်းကို ထပ်မနှုတ်ပါဘူး။
[မသတ်နိုင်ပါ။]
‘ဒီလိုဆို ငါတို့နှစ်ယောက်က လက်ရည်မျှနေတာပေါ့’
ဟန်ကျွယ်ဟာ တစ်ခဏ တွေးတောပြီးနောက် ကျောက်ရွှမ်ယွမ်ကို အိပ်မက်ပေးလိုက်ပါတယ်။ အိပ်မက်နယ်မြေက တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ပါ။
ကျောက်ရွှမ်ယွမ်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် ချက်ချင်း စိတ်လှုပ်ရှားသွားပါတယ် “ဆရာသခင်... ကျွန်တော်တို့ကို လာကယ်တာလား”
“လောင်ဇီက လောင်တန်ကို လာမကယ်ဘူးလား”
ကျောက်ရွှမ်ယွမ်ဟာ ခေါင်းခါလိုက်ပါတယ်။
ဟန်ကျွယ်က ထပ်မေးပါတယ် “ဒီတစ်ခါ ဘယ်သူ ဦးဆောင်တာလဲ”
ကျောက်ရွှမ်ယွမ်ဟာ မှင်တက်သွားပါတယ် “ပဋိပက္ခ အောက်ခြေမှာ အခွင့်အရေး ရှိတယ်လို့က ကျွန်တော်ပြောခဲ့တာ၊ အတင်းလာတာက တာအိုအရှင်သခင်ပဲ”
ကျောက်ရွှမ်ယွမ်ဟာ ဟန်ကျွယ်မေးခွန်းကို ကြားရုံနဲ့ လောင်တန်ကို သံသယဝင်နေတယ်ဆိုတာ ဒက်ခနဲ သိလိုက်ပါတယ်။
“မင်းတို့ အခြေအနေ ဘယ်လိုရှိလဲ၊ ဆက်ပြီး စောင့်လို့ရသေးလား”
ကျောက်ရွှမ်ယွမ်က ခေါင်းညိတ်ပါတယ် “လောလောဆယ်တော့ ကျွန်တော်တို့တွေ အညံ့ခံချင်ယောင် ဆောင်ထားတယ်၊ ဒါပေမဲ့ တာအိုအရှင်သခင်က ခန္ဓာသိမ်းခံထားရတော့ သူ့အခြေအနေ ဘယ်လိုရှိလဲ ကျွန်တော်တို့ မသိဘူး... ဆရာသခင် ကျွန်တော်တို့ အဆင်ပြေပါတယ်၊ ဆရာ ယုံကြည်ချက်ရှိရင် ကျွန်တော်တို့ကို လာကယ်ပါ၊ ဒီတစ်ခါရန်သူက စွမ်းအားကြီးပြီး လျှို့ဝှက်ဆန်းကြယ်တယ်”
ဟန်ကျွယ်က အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ် “လောင်ဇီ လှုပ်ရှားရင် အနန္တကမ္ဘာမြင်ကွင်းကျယ်ထဲ သတင်းပို့လိုက်”
ကျောက်ရွှမ်ယွမ်ဟာ ချက်ချင်း သဘောတူလိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ အိပ်မက်ထဲကနေ ထွက်ခွာပြီး စကြဝဠာခန်းမထဲ လျှပ်တစ်ပြက် ရောက်သွားပါတယ်။ ဒီအချိန် စကြဝဠာခန်းမထဲမှာ ကောင်းကင်အရှင်ရွှမ်တုအပြင် နောက်တစ်ယောက် ရှိနေပါတယ်။ ဒီလူက ကောင်းကင်တာအို အစွမ်းကုန် ပြုစုပျိုးထောင်ထားတဲ့ ဝေ့လန်ရှန်မိပါ။
ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ကို တွေ့တာနဲ့ ချက်ချင်း မတ်တတ်ရပ်ပြီး ဦးညွှတ်လိုက်ပါတယ်။
ဝေ့လန်ရှန်မိဟာ လှည့်ကြည့်လိုက်တဲ့အခါ ဟန်ကျွယ်ကို တွေ့သွားပြီး ပဟေဠိ ဖြစ်သွားပါတယ် ‘ဒီလူက ဘယ်သူလဲ’
ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ် “ငါတို့တွေ စကားပြောလို့ရမလား”
“ရပါတယ်... ဒါက ကောင်းကင်တာအိုရဲ့ တာအိုပညာရှိအသစ် ဝေ့လန်ရှန်မိပဲ... ဒါက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိပဲ... မင်း ဦးမညွှတ်တော့ဘူးလား”
ကောင်းကင်အရှင်ရွှမ်တုရဲ့ စကားကို ကြားတာနဲ့ ဝေ့လန်ရှန်မိဟာ ချက်ချင်း မတ်တတ်ရပ်ပြီး ဟန်ကျွယ်ကို ဦးညွှတ်လိုက်ပါတယ်။ အဲဒီနောက် ဝေ့လန်ရှန်မိဟာ ပြင်းပြတဲ့အကြည့်နဲ့ ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။