← Chapters

လောကဦး နတ်ဘီလူး၏ သုံးသပ်နားလည်နိုင်စွမ်း

Vol. 87 Ch. 918

လောကဦး နတ်ဘီလူး၏ သုံးသပ်နားလည်နိုင်စွမ်း

Vol. 87 Ch. 918

‘ဒီကောင်က ဘာလိုချင်တာလဲ’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ဘိုးဘေးထျန်ရွှီကို စိုက်ကြည့်လိုက်ပါတယ်။

ဘိုးဘေးထျန်ရွှီဟာ ညာလက်မြှောက်ပြီး အထွတ်အထိပ် နိယာမတစ်ပါးနဲ့ ချိတ်ဆက်ကာ အဲဒီအထွတ်အထိပ် နိယာမရဲ့ စွမ်းအားကို စုပ်ယူပါတယ်။

ဘိုးဘေးထျန်ရွှီဟာ မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့်ပါ။ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ တာအိုမိစ္ဆာတွေထဲမှာ အစွမ်းအထက်ဆုံး တာအိုမိစ္ဆာလည်း ဖြစ်ပါတယ်။ ပဋိပက္ခထဲမှာ သူ့ကို ယှဉ်နိုင်တဲ့လူက လက်ချိုးရေလို့ ရပါတယ်။ အခု ဘယ်မဟာတာအိုပညာရှိချုပ်မှ ဘိုးဘေးထျန်ရွှီကို မတားဆီးရဲပါဘူး။

အန္တိမဒဏ်ခတ်နတ်မင်းကတော့ ဒီကိစ္စကို နားလည်မှုနဲ့ မျက်စိမှိတ်ထားပါတယ်။

အကြောင်းအရင်းကို စဉ်းစားမရတဲ့အတွက် ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ဘိုးဘေးထျန်ရွှီက ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ”

[သက်တမ်း ၁ ထရီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

ဟန်ကျွယ်ရဲ့ စိတ်ဆန္ဒဟာ ပုံရိပ်ယောင်ထဲ ဝင်ရောက်သွားပါတယ်။

ဟန်ကျွယ် မျက်လုံးဖွင့်လိုက်တဲ့အခါ မြူခိုးတွေ ပြည့်နေတဲ့ ခြောက်သွေ့နယ်မြေတစ်ခုဆီ ရောက်နေတာကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ရဲ့ ရှေ့မှာတော့ ဘိုးဘေးထျန်ရွှီ ရှိနေပါတယ်။

ဘိုးဘေးထျန်ရွှီဟာ ဒူးထောက်နေပြီး ဘိုးဘေးထျန်ရွှီရဲ့ ရှေ့မှာ အရိပ်တစ်ရိပ် ပေါလောမျောနေပါတယ်။ ဒီအရိပ်က ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကလွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ။

“နတ်စိတ်ဝိညာဉ်... ကျွန်တော် အရှင့်အတွက် ဘာများ ထမ်းဆောင်ပေးရပါမလဲ” ဘိုးဘေးထျန်ရွှီက မျက်နှာသေနဲ့ မေးလိုက်ပါတယ်။

ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က အေးစက်တဲ့အသံနဲ့ “ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ငါ ထင်ထားတာထက် စွမ်းအားပိုကြီးတယ်၊ ငါတို့တွေ အစီအစဉ် ပြန်ဆွဲရလိမ့်မယ်၊ မင်း အထွတ်အထိပ် နိယာမတစ်ပါးကို ထိန်းချုပ်ပြီး ပဋိပက္ခထဲက မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေကို ဆွဲဆောင်ဖို့ လိုအပ်တယ်၊ အချိန်ကျရင် မင်းက အဲဒီပါရမီရှင်တွေကို ဦးဆောင် ငါက တာအိုမိစ္ဆာတွေကို ဦးဆောင်ပြီး ကောင်းကင်တာအိုကို ချေမှုန်း ပဋိပက္ခကို အုပ်စိုးကြမယ်”

ရှေးပျက်သုဉ်း နတ်စိတ်ဝိညာဉ်ရဲ့ စကားကြောင့် ဘိုးဘေးထျန်ရွှီဟာ မှင်တက်သွားပြီး တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ ပြန်မေးလိုက်ပါတယ် “ကျွန်တော်က အထွတ်အထိပ် နိယာမကို ဘယ်လို ဖမ်းဆုပ်ရမှာလဲ”

“ငါ့မှာ နည်းလမ်းရှိတယ်၊ ဘာပဲဖြစ်ဖြစ် မင်း တာအိုမိစ္ဆာပဲ၊ သေမှာ ကြောက်စရာမလိုဘူး”

“ဟုတ်တယ်လေ” ဘိုးဘေးထျန်ရွှီဟာ နားမလည်သေးပေမဲ့ သဘောတူလိုက်ပါတယ်။ အဲဒီနောက် ဘိုးဘေးထျန်ရွှီဟာ ခဏရပ်ပြီး ထပ်မေးလိုက်ပါတယ် “အမှောင်သခင်ကြီးက ဒီအတောအတွင်း နာမည်ကြီးလာတယ်၊ ကျွန်တော် သူနဲ့ တွေ့ဖူးပေမဲ့ သူ့ကို ထိုးဖောက်မမြင်နိုင်ဘူး၊ သူက ကျွန်တော်ကို အရမ်းအန္တရာယ်များတဲ့ ခံစားချက် ပေးနေတယ်၊ ကျွန်တော်တို့တွေ သူ့ကိုလည်း သတိထားရလိမ့်မယ်၊ သူတင် မဟုတ်ဘူး၊ စန့်ချွမ်အဂ္ဂကမ္ဘာက လောင်ဇီ၊ ကပ်ဘေးထိန်းချုပ်သူတွေရဲ့ ရှုံဟွာအရှင်နဲ့ ပဋိပက္ခအစွန်းမှာရှိတဲ့ ရှေးဟောင်းနတ်မင်းတွေက ကျွန်တော်တို့ကို တားဆီးကောင်း တားဆီးနိုင်တယ်”

ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က ခပ်တည်တည်ပဲ ပြန်ဖြေပါတယ် “ပဋိပက္ခက အရမ်းကျယ်တယ်ဆိုပေမဲ့ အရမ်းလည်း ကျဉ်းတယ်၊ မင်း အထွတ်အထိပ် နိယာမကို ရသွားရင် ပဋိပက္ခက မင်းလက်ထဲမှာ ရှိတယ်ဆိုတာကို နားလည်လာပါလိမ့်မယ်”

ဘိုးဘေးထျန်ရွှီဟာ တိတ်ဆိတ်သွားပါတယ်။

ပုံရိပ်ယောင်ဟာ ကွဲကြေသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်သွားပါတယ် ‘အထွတ်အထိပ် နိယာမတွေကို ထိန်းချုပ်နိုင်ရင် ပဋိပက္ခ ပါရမီရှင်တွေကို အမှုထမ်းလာအောင် လုပ်နိုင်တာလား... ဒါက ဘာအဓိပ္ပာယ်လဲ’

ဟန်ကျွယ်ဟာ နားမလည်နိုင်ဖြစ်နေတုန်းမှာပဲ ပဋိပက္ခအထက်မှာ မသိကိန်းတစ်ခု ပေါ်လာပါတယ်။

ဘိုးဘေးထျန်ရွှီလည်း ဒါကို ခံစားမိတာကြောင့် မျက်လုံးကျဉ်းပြီး လှည့်ကြည့်လိုက်ပါတယ်။

ဓားအလင်းတန်းတစ်ခုဟာ ပဋိပက္ခကနေ ဘိုးဘေးထျန်ရွှီကို တိုက်ခိုက်လိုက်ပါတယ်။ ဒီဓားအလင်းတန်းပေါ်မှာ ရုပ်သွင်တစ်သွင် မတ်တတ်ရပ်နေပါတယ်။ ဒီရုပ်သွင်ကာ အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ တာအိုရသေ့တစ်ဦးဖြစ်ပြီး မြင်းမြီးယပ်ကို ကိုင်စွဲထားပါတယ်။ သူ့မှာ အင်မော်တယ်ရောင်ဝါနဲ့ စူးရှထက်မြက်လွန်းတဲ့ မျက်ခုံးတွေ ရှိပါတယ်။

လောင်ဇီ။

ဘိုးဘေးထျန်ရွှီက အေးစက်စွာ ပြောလိုက်ပါတယ် “ငါက ဘယ်သူများလဲလို့... လက်စသတ်တော့ တာအိုဘိုးဘေးရဲ့ ပထမဆုံး တပည့်ကြီးကို”

လောင်ဇီက ခံစားချက်မရှိတဲ့ မျက်နှာနဲ့ ပြန်ပြောပါတယ် “တာအိုရောင်းရင်းထျန်ရွှီ... ဒါက ပဋိပက္ခအာဏာကို ထိခိုက်တာပဲ၊ ဒီလိုမလုပ်ဖို့ အကြံပေးပါရစေ”

“ဟီးဟီး... တာအိုရောင်းရင်း... မင်းက မင်းဆရာအတိုင်းပါလား”

“အထွတ်အထိပ် နိယာမက အရေးကြီးတယ်၊ မင်း ဒီလို ဆက်လုပ်နေမယ်ဆိုရင် ငါ အတိတ်က ဆက်ဆံရေးကို ထောက်ထားနေမှာ မဟုတ်ဘူး”

လောင်ဇီဟာ ဘိုးဘေးထျန်ရွှီကို စိုက်ကြည့်လိုက်ပါတယ်။ လောင်ဇီရဲ့ လေသံဟာ ခံစားချက် တစ်စက်မှ မပါဝင်ပေမဲ့ စကားလုံးတွေကတော့ ဗိုလ်ကျလွန်းပါတယ်။

ဘိုးဘေးထျန်ရွှီဟာ ပြုံးလိုက်ပါတယ် “အဲဒါဆိုလည်း တိုက်လေ၊ ငါ မင်းကို အရင်ဆုံးသတ်ပစ်ပြီး တာအိုဘိုးဘေးနဲ့ မတွေ့ခင် တာအိုဘိုးဘေးကို လက်ဆောင်ကောင်းကောင်း ပေးရမယ်”

“ဟမ်”

လောင်ဇီဟာ အင်္ကျီလက်စကို မြှောက်ပြီး ဝှေ့ယမ်းလိုက်တဲ့အခါ အထွတ်အထိပ် နိယာမ ခုနစ်ပါးအောက်က ဟင်းလင်းပြင်ဟာ နေ့ခင်းဘက်လိုမျိုး တောက်ပသွားပါတယ်။

ဒီလိုနဲ့ ဧရာမတိုက်ပွဲကြီး ဖြစ်ပေါ်လာပါတော့တယ်။

ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲမှာ ထိုင်ပြီး ဒီတိုက်ပွဲကို စိတ်ဝင်တစား ထိုင်ကြည့်ပါတယ်။ ဒီတိုက်ပွဲက မဟာတာအိုပညာရှိချုပ်တွေ ကြားထဲမှာတောင် ထိပ်တန်းတိုက်ပွဲ တစ်ပွဲပါ။

အာကာသ ပြိုကျသွားပေမဲ့ အထွတ်အထိပ် နိယာမ ခုနစ်ပါးကတော့ ရွှေ့လျားခြင်း မရှိသလို ထိခိုက်ခြင်းလည်း မရှိပါဘူး။

ဒီတိုက်ပွဲက အရမ်းကြောက်ဖို့ကောင်းပေမဲ့ ပဋိပက္ခကို မလန့်စေပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မဟာတာအိုပညာရှိချုပ်တွေပဲ ဒီတိုက်ပွဲကို အာရုံခံနိုင်တာကြောင့်ပါ။ သာမန် မဟာတာအိုပညာရှိတွေက အများဆုံး တိုက်ပွဲဖိအားကိုပဲ ခံစားနိုင်ပြီး အထွတ်အထိပ် နိယာမတွေ တည်ရှိတဲ့ အမြင့်ဆုံးပြင်ညီကို မတွေ့မြင်နိုင်ပါဘူး။

ဒီအချိန်မှာပဲ...

ဟန်ဟွမ်ဟာ ဟန်ကျွယ်ရဲ့ တာအိုဘုံကျောင်းဆီ ရုတ်တရက်ကြီး ရောက်လာပါတယ်။ ဟန်ကျွယ်လည်း ဟန်ဟွမ်ကို တာအိုဘုံကျောင်းထဲ ဝင်ခွင့်ပြုလိုက်ပါတယ်။

ဟန်ဟွမ်ဟာ ဟန်ကျွယ်ရှေ့ လျှောက်လာပြီး ဦးညွှတ်လိုက်ပါတယ်။ အဲဒီနောက် ခေါင်းမော့ပြီး သူသိချင်တာကို မေးမြန်းပါတော့တယ် “ဖေဖေ... တစ်ယောက်ယောက် တိုက်ခိုက်နေတာကို ခံစားမိလား”

“ဘယ်မှာလဲ”

“သား သေချာမသိဘူး၊ အပေါ်မှာ တိုက်ခိုက်နေတာပဲ သိတယ်၊ ဘယ်လောက်မြင့်မှန်းလည်း မသိဘူး” ဟန်ဟွမ်ဟာ ခေါင်းကုတ်ပြီး ပြန်ဖြေပါတယ်။ အဲဒီနောက် ဟန်ကျွယ်ကို စိုက်ကြည့်ပြီး ဆက်ပြောပါတယ် “ကျွန်တော် ခံစားချက်က မမှားနိုင်ဘူး”

“မင်းရဲ့ အလိုလိုသိစိတ်က တကယ် စူးရှတာပဲ၊ ငါ မင်းကို ပြပေးမယ်”

ဟန်ကျွယ် လက်ဝှေ့ယမ်းလိုက်တဲ့အခါ ဟန်ဟွမ်ရဲ့ သိစိတ်ဟာ ပဋိပက္ခအထက်ကို ရောက်ရှိသွားပြီး လောင်ဇီနဲ့ ဘိုးဘေးထျန်ရွှီကြားက တိုက်ပွဲတစ်ပွဲကို အိပ်မက်မြင်မက်နေသလိုမျိုးပုံစံနဲ့ တွေ့မြင်ခွင့် ရသွားပါတယ်။

ဟန်ကျွယ်ဟာ တိုက်ပွဲကို ဆက်ပြီးတော့ ကြည့်ပါတယ်။

ဒီတိုက်ပွဲက နေ့တစ်ဝက် ကြာပါတယ်။

နောက်ဆုံးမှာ လောင်ဇီရော ဘိုးဘေးထျန်ရွှီရော နှစ်ယောက်စလုံး ဒဏ်ရာရပြီး နောက်ဆုတ်သွားကြပါတယ်။ ဗျူဟာရှုထောင့်ကနေကြည့်ရင် ဒီတိုက်ပွဲကို လောင်ဇီ နိုင်ပါတယ်။ အနည်းဆုံး ဘိုးဘေးထျန်ရွှီကို တားဆီးနိုင်လိုက်တယ် မဟုတ်ပါလား။

သူတို့နှစ်ယောက်က လက်ရည်မျှပါတယ်။ ဘိုးဘေးထျန်ရွှီရဲ့ တာအိုမိစ္ဆာ ခန္ဓာကိုယ်က အရမ်းထူးဆန်းပြီး မသေနိုင်ပါဘူး။ လောင်ဇီရဲ့ ဓားတာအိုကလည်း မဟာတာအိုကို ဖြတ်တောက်နိုင်လောက်တဲ့အထိ ထက်လွန်းပါတယ်။

ဟန်ဟွမ်ဟာ မျက်လုံးပွင့်လာပြီး စိတ်လှုပ်ရှားသွားပါတယ်။

“ဖေဖေ... အဲဒါ ဘယ်အဆင့်လဲ၊ မဟာတာအို အထွတ်အထိပ် အဆင့်လား...” ဟန်ဟွမ်ဟာ လက်သီးဆုပ်ပြီး ပြင်းပြတဲ့အကြည့်နဲ့ မေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ်။

ဟန်ဟွမ်ဟာ စိတ်လှုပ်ရှားစွာ “သူတို့ရဲ့ ဆန်းကြယ်စွမ်းအားတွေက အရမ်းကို အထင်ကြီးဖို့ကောင်းတယ်၊ သား ၃၀ ရာခိုင်နှုန်းလောက်ပဲ မှတ်မိတယ်၊ ဒါနဲ့ ကျင့်ကြံလို့ မရဘူး”

ဟန်ကျွယ်ဟာ ဟန်ဟွမ်ရဲ့ စကားကြောင့် မှင်တက်သွားပါတယ် “သားက သူတို့ရဲ့ တိုက်ပွဲကို ကြည့်ရုံနဲ့ သူတို့ရဲ့ ဆန်းကြယ်စွမ်းအားတွေကို လေ့လာနိုင်တာလား”

“တချို့ ဆန်းကြယ်စွမ်းအားတွေကိုတောင် သား မမြင်နိုင်ဘူး၊ ကျန်တာကိုတော့ သားဘာသာ ပြန်သင်လို့ရတယ်”

ဟန်ကျွယ်ဟာ တတ်ကြွနေတဲ့ သူ့သားကို ကြည့်ပြီး အံ့ဩ မှင်တက်သွားပါတယ်။ ဟန်ကျွယ်ဟာ သူ့သားကို လျှော့တွက်မိပြီလို့ ရုတ်တရက် ခံစားလိုက်ရပါတယ်။ လောကဦး နတ်ဘီလူးအဖြစ် ရှိစဉ်က ဟန်ကျွယ်ရဲ့ သုံးသပ်နားလည်နိုင်စွမ်းဟာ ဟန်ဟွမ်ကို မမီပါဘူး။ ကြည့်ရတာ ဟန်ဟွမ်က လောကဦး နတ်ဘီလူးအဖြစ် မွေးဖွားလာလို့နဲ့ တူပါတယ်။

“ဖေဖေ... ဖေဖေကလည်း မဟာတာအိုပညာရှိချုပ်ပဲလား”

“အင်း...”

“သူတို့နဲ့ နှိုင်းယှဉ်ကြည့်ရင်ရော...”

“တူတူလောက်ပဲ”

“မဖြစ်နိုင်ဘူး... ကျွန်တော် ဖေဖေကို အသွင်တူ လက်ရည်စမ်းပွဲထဲမှာ စိန်ခေါ်ဖူးတယ်၊ ကျွန်တော် ဖေဖေရဲ့ ဓမ္မရုပ်တု ဆန်းကြယ်စွမ်းအားကို မမြင်နိုင်ဘူး”

“ဟီးဟီး... သား မမြင်နိုင်တာနဲ့ပဲ စွမ်းအားကြီးတယ်လို့ မဆိုလိုဘူးလေ”

ဟန်ဟွမ်ဟာ နှုတ်ခမ်းမဲ့သွားပါတယ်။ သူ့အဖေက လျှိုပြန်ပြီဆိုတာ သိလိုက်ပါတယ်။

ဟန်ဟွမ်ရဲ့ စိတ်ထဲမှာ ဟန်ကျွယ်က အမြဲတမ်း စွမ်းအားအကြီးဆုံးပါ။ လောင်ဇီနဲ့ ဘိုးဘေးထျန်ရွှီရဲ့ တိုက်ပွဲက အရမ်းအံ့ဩဖို့ ကောင်းတာတောင် ဟန်ဟွမ်ရဲ့ အတွေးကို ပြောင်းမသွားစေပါဘူး။

“ဒါနဲ့ ဖေဖေ... သူတို့နှစ်ယောက် အထက်မှာရှိနေတဲ့ အလင်းရောင်ခုနစ်ပါးက ဘာတွေလဲ၊ သား အဲဒါတွေကို တွေ့တာနဲ့ ဘာဖြစ်လို့လဲ မသိဘူး၊ အဲဒါတွေကို ယူချင်တဲ့စိတ် ဖြစ်လာတယ်” ဟန်ဟွမ်ရဲ့ မျက်လုံးတွေဟာ အရောင် တောက်သွားပါတယ်။

ဟန်ကျွယ်ကတော့ မျက်မှောင်ကြုတ်သွားပါတယ် ‘အထွတ်အထိပ် နိယာမခုနစ်ပါးကို ကိုယ့်အတွက်ကိုယ် ယူချင်တယ်’

ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို အမှန်ကို ပြောသင့်လားဆိုတာ မသိတော့ပါဘူး။ ဟန်ဟွမ်ရဲ့ စွမ်းအားကြီးချင်တဲ့ ဆန္ဒအရ အထွတ်အထိပ် နိယာမခုနစ်ပါးကို တကယ်ကြီး ပစ်မှတ်ထားလာနိုင်ပါတယ်။

ဟန်ဟွမ်ဟာ ပြုံးလိုက်ပါတယ် “ဖေဖေ မပြောချင်လည်း ရတယ်၊ သားရဲ့ ကျင့်ကြံမှုက နိမ့်နေသေးလို့ အဲဒီလောက် ရည်မှန်းချက်ကြီးကြီး ထားလို့မရဘူးပဲ ထားပါတော့၊ အဲဒါဆို သားပြန်ပြီး ကျင့်ကြံအားထုတ်တော့မယ်၊ အဲဒီကောင်နှစ်ကောင်ရဲ့ ဆန်းကြယ်စွမ်းအားတွေကို သား လေ့လာပြီး ချင်းအာနဲ့ တခြားတပည့်တွေကို ပြန်သင်ပေးတာ ကြည့်နေချည်”

စကားဆုံးတာနဲ့ ဟန်ဟွမ်ဟာ တာအိုဘုံကျောင်းထဲကနေ ထွက်ခွာသွားပါတယ်။ ဟန်ဟွမ်ရဲ့ စရိုက်က ဟန်ကျွယ် ငယ်ငယ်တုန်းကနဲ့ တခြားစီပါပဲ။

ဟန်ကျွယ်ဟာ ထွက်ခွာသွားတဲ့ ဟန်ဟွမ်ရဲ့ ကျောပြင်ကို ကြည့်ရင်း မှင်တက် ကျန်နေခဲ့ပါတယ် ‘ငါ စနစ်ကပေးတဲ့ ရွေးချယ်မှုတွေကို အမြဲတမ်း နံပါတ်တစ်ပဲ ရွေးချယ်ရင် ငါ့သားလိုမျိုး ဖြစ်လာမှာလား’

ဟန်ကျွယ်ဟာ‌ ခေါင်းခါပြီး ရယ်မောကာ ဒီကိစ္စကို ဆက်မတွေးတော့ပါဘူး။

လောင်ဇီ ပေါ်လာတာကို ကြည့်ခြင်းအားဖြင့် ပဋိပက္ခထဲမှာ ထိပ်သီး ကျင့်ကြံသူတွေ ရှိနေသေးတာကို သိနိုင်ပါတယ်။ ဟန်ကျွယ်အနေနဲ့ မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့်ကို တတ်နိုင်သလောက် မြန်မြန်ရောက်အောင် ကြိုးစားကျင့်ကြံရပါမယ်။ ဒါမှ အဲဒီအချိန်ရောက်ရင် ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကို တစ်ချက်တည်းနဲ့ လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်မှာပါ။

ဟန်ကျွယ်ဟာ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ် မတိုက်ခိုက်ခင် အဆင့်တက်နိုင်မယ်ဆိုရင် ရှေးပျက်သုန်း နယ်မြေတစ်ခုလုံးကို ထုံးလိုမွှေ ရေလိုနှောက်ပစ်လို့ ရပါတယ်။ ရန်သူလာမဲ့အချိန်ကို ထိုင်စောင့်နေစရာ မလိုတော့ပါဘူး။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters