ညီအစ်ကိုနှစ်ယောက် တွေ့ဆုံခြင်း
Vol. 87 Ch. 919
ဘိုးဘေးထျန်ရွှီနဲ့ လောင်ဇီရဲ့ တိုက်ပွဲက ပဋိပက္ခကို ဂယက် မထစေပါဘူး။ မဟာတာအိုပညာရှိ အများစုက ဒီတိုက်ပွဲကို မကြည့်နိုင်တဲ့အတွက် တိုက်ပွဲသတင်းဟာ သက်ရှိအားလုံးဆီ မပျံ့နှံ့နိုင်ပါဘူး။
ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
အချိန်ဟာ ပုံမှန် ကုန်ဆုံးသွားပါတယ်။
နှစ်ပေါင်း တစ်သိန်း နှစ်သောင်း ကြာပြီးနောက်။
ကျင့်ကြံအားထုတ်နေတဲ့ ဟန်ဟွမ်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ဟွမ်ဟာ မျက်ခုံးပင့်တက်သွားပြီး ရေရွတ်လိုက်ပါတယ် “ဒီခံစားချက်... ဒါက သွေးစည်း ပဲ့တင်ထပ်တာပဲ၊ ငါ့ဆွေမျိုးတစ်ယောက်ယောက်က မဟာတာအိုရယူချင်တာ ဖြစ်ရမယ်”
ဟန်ဟွမ်ဟာ တစ်ခဏ ချီတုံချတုံ ဖြစ်သွားပြီးနောက် မျက်လုံးမှိတ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ဟွမ်ရဲ့ စိတ်ဆန္ဒဟာ မဟာတာအိုတံခါးဆီ ရောက်ရှိသွားပါတယ်။
မဟာတာအိုတံခါးဟာ အမှောင်ထုထဲမှာ အထီးတည်းရှိနေပြီး ခမ်းနားထည်ဝါလှပါတယ်။ ဒီအချိန်မှာ လူတစ်ယောက်က မဟာတာအိုတံခါးရှေ့ ရပ်စောင့်နေပါပြီ။ ဒီလူက ရှန်ပေါင် တာအိုကျင့်ကြံသူကလွဲပြီး ဘယ်သူများ ဖြစ်နိုင်ဦးမှာလဲ။
ဟန်ဟွမ်ဟာ ရှန်ပေါင် တာအိုကျင့်ကြံသူကို နှုတ်ဆက်ပြီး မေးမြန်းလိုက်ပါတယ် “စီနီယာ... ဘယ်သူကို စောင့်နေတာလဲ”
ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ဟန်ဟွမ်ကို တွေ့လိုက်ရတဲ့အခါ ချက်ချင်း ပြုံးသွားပါတယ် “ဒီအကြောင်းပြောရရင် ဒီလူက မင်းနဲ့ အမျိုးတော်တယ်”
ဟန်ဟွမ်ဟာ ရှန်ပေါင်တာအိုကျင့်ကြံသူရဲ့ စကားကြောင့် မျက်နှာပြောင်းသွားပါတယ် “ကျွန်တော်ရဲ့ အစ်ကိုများလား”
ရှန်ပေါင်တာအိုကျင့်ကြံသူဟာ ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက် ရှန်ပေါင် တာအိုကျင့်ကြံသူဟာ သက်ပြင်းတစ်ချက် ချလိုက်ပါတယ် ‘သခင်ရဲ့ သားနှစ်ယောက်စလုံးက တကယ်ကို အထင်ကြီးဖို့ကောင်းတာပဲ...’
ဟန်ထော်ဟာ ပဋိပက္ခ နတ်ဘီလူးဖြစ်သလို မဟာတာအို နတ်စိတ်ဝိညာဉ်လည်း ဖြစ်ပါတယ်။ သူ့အရည်အချင်းနဲ့ စွမ်းအားက သက်ရှိအားလုံးထက် ကျော်လွန်ပါတယ်။ ဟန်ဟွမ်ကျတော့ ပိုပြီးတော့တောင် ယုတ္တိမရှိပါဘူး။ နှစ်ငါးသိန်းတောင် မပြည့်ခင်မှာဘဲ မဟာတာအိုကို ရယူနိုင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်က ပဋိပက္ခရဲ့ သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့တဲ့ဖြစ်ရပ်ပါ။
“စီနီယာက ကျွန်တော်အစ်ကိုကို သိတာလား၊ ကျွန်တော်ကို အစ်ကိုအကြောင်း မြန်မြန် ပြောပြစမ်းပါ” ဟန်ဟွမ်က စိတ်လှုပ်တရှား မေးလိုက်ပါတယ်။ ဟန်ဟွမ်ဟာ သူ့အစ်ကိုအကြောင်းကို အရမ်းသိချင်ပါတယ်။ သူ့အစ်ကိုက သူတစ်ခါမှ မတွေ့ဖူးသေးတဲ့ သူနဲ့ အနီးစပ်ဆုံး မိသားစုဝင် မဟုတ်ပါလား။
ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ခေါင်းညိတ်ပြီး ပြုံးလိုက်ပါတယ်။ အဲဒီနောက် ဟန်ထော်အကြောင်းကို စပြီးတော့ ပြောပြပါတယ်။
ပဋိပက္ခနတ်ဘီလူး။
ဒဏ်ခတ်သမားငါးဖော်။
ပဋိပက္ခကို ကြီးကြပ်တယ်။
ဒီအကြောင်းတွေက ဟန်ဟွမ်ရဲ့ သွေးတွေကို ဆူပွက်သွားစေပါတယ်။ ဟန်ဟွမ်ဟာ သူတို့နှစ်ယောက်က တကယ့် ညီအစ်ကိုတွေလို တွေးမိလိုက်ပါတယ်။ ဟန်ဟွမ်ဟာ ဟန်ထော် လုပ်ချင်သလိုမျိုး လုပ်ချင်နေတာပါ။ ဒါပေမဲ့ သူ့အဖေက သူ့ကို အပြင်ထွက်ခွင့် မပြုပါဘူး။
ဒီအချိန်မှာပဲ မဟာတာအိုတံခါးဟာ ပြင်းထန်စွာ လှုပ်ခါလာပါတယ်။
ဟန်ထော်က အဆင့်ထိုးဖောက်ပါတော့မယ်။
ဟန်ဟွမ်ဟာ မျက်မှောင်ကြုတ်သွားပြီး မတိုးမကျယ် ပြောလိုက်ပါတယ် “အဆင့်ထိုးဖောက်နေတာ တစ်ယောက်မကဘူး”
“ဟားဟား... ညီအစ်ကို ငါတို့တွေ အောင်မြင်တော့မယ်”
ကျယ်လောင်တဲ့ ရယ်သံတစ်သံ ထွက်ပေါ်လာပါတယ်။ ယီတျန်ကလွဲပြီး ဘယ်သူဖြစ်နိုင်ဦမှာလဲ။
ဟန်ထော်ရဲ့ အသံလည်း ထွက်ပေါ်လာပါတယ် “ငါတို့နှစ်ယောက် ပူးပေါင်းမှတော့ ဘယ်လိုလုပ်ပြီး မအောင်မြင်ဘဲ နေမှာလဲ၊ တကယ်တော့ ငါ မင်းအကူအညီကို မလိုပါဘူး”
“စွမ်းအားကြီးပုဂ္ဂိုလ်တွေက အငယ်တွေ အဆင့်ထိုးဖောက်မှာကို တားဆီးတယ်လို့ ကြားထားတယ်၊ ငါက မင်းအတွက် စိုးရိမ်လို့ပါ”
“ဟီးဟီး... ငါ မင်းကို မသိတာ ကျနေတာပဲ၊ မင်းက မင်းအတွက်မင်း စိုးရိမ်တာမလား၊ တကယ်တော့ မင်း စိုးရိမ်စရာ မလိုပါဘူး၊ ငါတို့က ဒဏ်ခတ်သမားတွေပဲ၊ ဘယ်သူက ငါတို့ကို တားဆီးရဲမှာလဲ”
“တကယ်လို့ တားဆီးခဲ့ရင်ရော...”
မဟာတာအိုတံခါးဟာ ပွင့်သွားပြီး ဟန်ထော်နဲ့ ယီတျန်ဟာ တစ်လှမ်းချင်း လှမ်းဝင်လိုက်ပါတယ်။
ဟန်ဟွမ်က ရှေ့တိုးဖို့ ပြင်လိုက်စဉ်မှာပဲ အနီးအနားမှာ ရုပ်သွင်တွေ တစ်သွင်ပြီး တစ်သွင် ပေါ်လာပါတယ်။ ဟန်ဟွမ် ကြည့်နေတုန်းမှာပဲ ရုပ်သွင်တွေက တဖြည်းဖြည်းနဲ့ ပိုများလာပါတယ်။
“မဟာတာအို ရယူနိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်”
“တာအိုရောင်းရင်းက တကယ်ကို ပါရမီရှိတာပဲ၊ နှစ်ခုနစ်သန်းအတွင်း မဟာတာအိုရယူနိုင်တယ်”
“ပါရမီရှိရမှာပေါ့၊ မဟုတ်ရင် ဘယ်လိုလုပ်ပြီး နတ်စိတ်ဝိညာဉ် ခေါင်းဆောင်က သူတို့ကို ရွေးချယ်မှာလဲ”
“ဂုဏ်ပြုပါတယ်”
“မင်းတို့နှစ်ယောက်က ပဋိပက္ခအစည်းအဝေးမှာ အကြွင်းမဲ့ပါရမီရှင်ဘွဲ့ကို ရယူနိုင်မှာ ကျိန်းသေတယ်”
မဟာတာအိုပညာရှိ ဒါဇင်ကျော်ဟာ ဟန်ထော်နဲ့ ယီတျန်ကို ချီးကျူးကြပါတယ်။
ဒဏ်ခတ်သမားငါးဖော်ဟာ အရင်တုန်းက ပဋိပက္ခကို ခရီးနှင်ခဲ့ပါတယ်။ အပေါ်ယံမှာရှိတဲ့ မဟာတာအိုပညာရှိတိုင်း သူတို့ကို တွေ့မြင်ခဲ့ပါတယ်။ အခု အန္တိမဒဏ်ခတ်နတ်မင်းကြောင့် ပဋိပက္ခက ငြိမ်းချမ်းနေတဲ့အတွက် သူတို့တွေဟာ ဟန်ထော်နဲ့ ယီတျန်ကို မျက်နှာသာ ပေးတာပါ။
ဟန်ထော်ဟာ ရွေးချယ်စရာ မရှိဘဲ ပြန်ပြီးတော့ နှုတ်ဆက်ရပါတယ်။ ယီတျန်ကတော့ နှုတ်ခမ်းတွန့်ပြီး ဘာတစ်ခွန်းမှ ဝင်မပြောပါဘူး။
ဟန်ဟွမ်ဟာ လူအများကြီး ဝိုင်းနေတဲ့ သူ့အစ်ကိုကြည့်ကာ ပြုံးလိုက်ပါတယ်။ ဟန်ဟွမ်ရဲ့ မျက်လုံးထဲမှာတော့ မနာလိုဖြစ်တဲ့ အရိပ်အယောင်တွေ ရှိနေပါတယ်။ ဟန်ဟွမ်ဟာ ဒီလိုမျိုး ဂုဏ်ရှိန်ဝါကို လိုချင်ပါတယ်။
‘ငါက လွတ်လပ်တာအိုပညာရှိအဖြစ် မွေးဖွားလာတာ၊ ငါ့အရည်အချင်းက ပြိုင်ဘက်ကင်းပဲ... ဘာဖြစ်လို့ ငါ့ကို တစ်ယောက်မှ မသိရတာလဲ’
ရှန်ပေါင် တာအိုကျင့်ကြံသူဟာ ဟန်ဟွမ်ရဲ့ အမူအရာကို သတိထားမိတာကြောင့် အပြုံးနဲ့ ပြောလိုက်ပါတယ် “ဆက်ပြီးတော့ ကြိုးစားကျင့်ကြံချည်... မင်းအရည်အချင်းနဲ့ ပဋိပက္ခအစည်းအဝေးမှာ ဝင်ပြိုင်တဲ့အခါကျရင် မဟာတာအို နတ်စိတ်ဝိညာဉ် ဖြစ်လာဖို့က ခက်မှာ မဟုတ်ဘူး”
ဟန်ဟွမ်ဟာ စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြီး လက်သီးဆုပ်လိုက်ပါတယ်။
ရှန်ပေါင် တာအိုကျင့်ကြံသူရဲ့ အသံက ညင်သာပေမဲ့ လူတိုင်းက မဟာတာအိုပညာရှိတွေမလို့ ရှန်ပေါင် တာအိုကျင့်ကြံသူရဲ့အသံကို ရှင်းရှင်းလင်းလင်းကြီး ကြားလိုက်ကြရပါတယ်။ ချက်ချင်းဆိုသလို လူတိုင်းရဲ့အကြည့်ဟာ ဟန်ဟွမ်နဲ့ ရှန်ပေါင် တာအိုကျင့်ကြံသူဆီကို ရောက်လာပါတယ်။
ဟန်ထော်ရဲ့ အကြည့်ဟာ ဟန်ဟွမ်ဆီကို ရောက်လာပြီး မှင်မတက်ဘဲ မနေနိုင်အောင် ဖြစ်သွားပါတယ်။ ယီတျန်လည်း အတူတူပါပဲ။ ယီတျန်ဟာ ဟန်ထော်ကို တစ်လှည့် ဟန်ဟွမ်ကို တစ်လှည့် တအံ့တဩ ကြည့်လိုက်ပါတယ်။
“အို... ဒါက ငါ့ရဲ့ မွေးစားညီလေးလား” ယီတျန်ဟာ ဟန်ဟွမ်ရှေ့ကို ချက်ချင်း ရောက်သွားပြီး တအံ့တဩ မေးလိုက်ပါတယ်။
“မွေးစားညီလေး...” ဟန်ဟွမ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
ယီတျန်က ပြုံးဖြဲဖြဲနဲ့ “ငါက ကောင်းကင်တာအို ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ မွေးစားသားပဲ၊ အဲဒီတော့ မင်းရဲ့ မွေးစားအစ်ကို မဟုတ်ဘူးလား”
‘ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ သား’ တာအိုပညာရှိ ဒါဇင်ကျော်ဟာ နှလုံးလှုပ်သွားကြပါတယ်။
ဟန်ထော်ဟာ ဟန်ဟွမ်ဆီ လျှောက်သွားပြီး ခေါင်းအစ ခြေအဆုံး ကြည့်လိုက်ပါတယ် “မင်းနာမည် ဘယ်လိုခေါ်လဲ”
ဟန်ဟွမ်ဟာ ဟန်ထော်ကို ပြန်ကြည့်ပြီး ဖြေလိုက်ပါတယ် “ဟန်ဟွမ်... ရှင်းဟုန်ရွှမ်ရဲ့ သား”
ဟန်ထော်ဟာ ပြုံးသွားပြီး ဟန်ဟွမ်ရဲ့ ပခုံးကို ပုတ်ကာ ချီကျူးလိုက်ပါတယ် “ငါ့ညီလေးလို့ မပြောရဘူး၊ မင်းရဲ့ ဟန်ပန်အမူအရာက သာမန်မဟုတ်ဘူး၊ မင်းက ငါ့ထက် အဖေနဲ့ ပိုတူတယ်”
ဟန်ဟွမ်ဟာ ဆက်မနေနိုင်တော့ဘဲ စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ် “အစ်ကိုကြီး... ကျွန်တော် အစ်ကိုကြီးကို တွေ့ချင်နေတာ ကြာပြီ၊ ကျွန်တော်တင် မဟုတ်ဘူး၊ ညီမလေးချင်းအာရော အစ်ကိုကြီးကို တွေ့ချင်နေတာ”
“ဟားဟား... ငါလည်း သူ့ကို ကြွားချင်နေတာ၊ သူ့ကို မဟာတာအို မြန်မြန် ရယူခိုင်း၊ ဒါမှ ငါတို့တွေ ဒီနေမှာ တွေ့နိုင်မှာ”
ဟန်ဟွမ်ဟာ ဘယ်တုန်းကမှ ဒီလောက်ထိ စိတ်မလှုပ်ရှားခဲ့ပါဘူး။
“နေပါဦး... မင်း ဘယ်တုန်းက မဟာတာအို ရသွားတာလဲ” ယီတျန်က ရုတ်တရက် အော်မေးလိုက်ပါတယ်။ နောက်ဆုံးတော့ ယီတျန်ဟာ ဟန်ဟွမ်က လွန်ခဲ့တဲ့ နှစ်သိန်းချီကမှ မွေးဖွားခဲ့တယ်ဆိုတာကို သတိရသွားပါတယ်။
ဟန်ဟွမ်က ပြန်ဖြေလိုက်ပါတယ် “နည်းနည်း ကြာသွားပြီ”
ဟန်ထော်ဟာ နှလုံးလှုပ်သွားပါတယ်။
ရှန်ပေါင် တာအိုကျင့်ကြံသူက အပြုံးနဲ့ ဝင်ပြောလိုက်ပါတယ် “ဒီကောင်လေးက လွတ်လပ် တာအိုပညာရှိအဖြစ် မွေးဖွားလာတာ၊ သူက မဟာတာအိုကို နှစ်ငါးသိန်းအတွင်း ရယူနိုင်ခဲ့တယ်”
“ဝေါ...”
ဘေးနားက မဟာတာအိုပညာရှိတွေ အကုန်လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပါတယ်။ သူတို့တွေဟာ သူတို့နားကိုတောင် မယုံနိုင်အောင် ဖြစ်သွားကြပါတယ်။
‘နှစ်ငါးသိန်းအတွင်း မဟာတာအိုကို ရယူနိုင်တယ်... မဖြစ်နိုင်ဘူး... ပန်ကူးနဲ့ တာအိုဘိုးဘေးတောင် ဒီလောက်ထိ အရည်အချင်း မရှိဘူး’
မဟာတာအိုပညာရှိ တော်တော်များများဟာ ချက်ချင်းဆိုသလို အကြံဆိုးတွေ ထွက်လာပါတယ်။ ဒါပေမဲ့ ဟန်ဟွမ်က ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ သားဆိုတာကို တွေးမိလိုက်တဲ့အတွက် သူတို့အကြံတွေကို လက်လျှော့လိုက်ကြပါတယ်။
ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ပဋိပက္ခမှာ အစွမ်းအထက်ဆုံးပုဂ္ဂိုလ်ပါ။ သူက နတ်အာဏာရှင် စစ်သူကြီးနှစ်သောင်းကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တဲ့ ကြောက်မက်ဖွယ် စွမ်းအားကြီးပုဂ္ဂိုလ်ပါ။ ပန်ကူးနတ်ဘုရားကို ကျော်လွန်တဲ့ တည်ရှိမှုလို့ ပြောလို့ရပါတယ်။
ဟန်ထော်ဟာ ဘေးနားက လူတွေကိုကြည့်ပြီး မဆိုစလောက် မျက်မှောင်ကြုတ်သွားပါတယ်။
ဒါကို မြင်တဲ့ မဟာတာအိုပညာရှိတွေဟာ နှုတ်ဆက်ပြီး ထွက်ခွာသွားကြပါတယ်။ တချို့ကတော့ မထွက်ခွာခင် ဟန်ဟွမ်ရဲ့ စကားနည်းနည်းပါးပါး ပြောဖြစ်အောင် ပြောသွားကြပါသေးတယ်။ မကြာခင်မှာပဲ ဟန်ထော်၊ ယီတျန်၊ ဟန်ဟွမ်နဲ့ ရှန်ပေါင် တာအိုကျင့်ကြံသူတို့သာ ကျန်ရှိပါတော့တယ်။
ဟန်ထော်ဟာ ရှန်ပေါင်တာအိုကျင့်ကြံသူကိုကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။ ရှန်ပေါင် တာအိုကျင့်ကြံသူက မဟာတာအို နတ်စိတ်ဝိညာဉ်မလို့ ဟန်ထော်ရဲ့ နောက်လိုက်လို့ ပြောလို့ရပါတယ်။ ဒါကြောင့် ဟန်ထော်ဟာ ရှန်ပေါင် တာအိုကျင့်ကြံသူကို မျက်နှာသာပေးစရာ မလိုပါဘူး။
“ဘာမှမဖြစ်ဘူး... အစ်ကိုကြီး... ဒီစီနီယာက ကျွန်တော် တာအိုရယူတုန်းက ကျွန်တော်ကို ကြိုဆိုလက်ခံခဲ့တာ၊ သူက ဖေဖေနဲ့ ဆက်ဆံရေးကောင်းရှိတယ်၊ ကျွန်တော် ဖေဖေ့ကို မေးကြည့်ပြီးပြီ၊ သူ့ကို ယုံလို့ရတယ်တဲ့”
ဟန်ဟွမ်ရဲ့ စကားကြောင့် ဟန်ထော်ရဲ့ မျက်မှောင်ဟာ ပြေလျော့သွားပါတယ်။
ရှန်ပေါင် တာအိုကျင့်ကြံသူက ချီကျူးလိုက်ပါတယ် “မင်းတို့နှစ်ယောက်နဲ့ဆိုရင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ နာမည်က ပိုပြီးတော့ ကြီးလာဖို့ပဲ ရှိတယ်”
ယီတျန်က မျက်နှာအောက်ချပြီး ပြောလိုက်ပါတယ် “ငါ့ကို မွေးစားညီလေးက တကယ်ကြီး ကျော်တက်သွားတယ်... ဟင်း... ညီအစ်ကို... ငါတို့တွေ မင်းအဖေနဲ့ အတူတူကျင့်ကြံတာက ပိုကောင်းမယ် ထင်တယ်”
ဟန်ထော်ဟာ တိတ်ဆိတ်သွားပါတယ်။ သူ့အဖေနောက်လိုက်ရင် ကျင့်ကြံရတာ ပိုလွယ်ကူမယ်ဆိုတာကို ဟန်ထော် ဝန်မခံလို့ မရပါဘူး။ ဒါပေမဲ့ ဟန်ထော်ဟာ သူ့အဖေရဲ့ ကာကွယ်မှုအောက်မှာ တစ်သက်လုံး မနေချင်ပါဘူး။
ဟန်ထော်ဟာ ဟန်ဟွမ်ကို ကြည့်လိုက်ပါတယ် “နောက်ကျရင်လည်း မင်း ဒီလိုဆက်ပြီး ကျင့်ကြံအားထုတ်ချည်၊ အပျင်းမကြီးနဲ့၊ ငါ မင်းကို မမီစေနဲ့”
ဟန်ထော်ရဲ့ စကားတွေက စိတ်ရင်းကနေ လာတာကြောင့် ဟန်ဟွမ်ဟာ ရင်ထဲ ထိသွားပါတယ် “ဟုတ်ကဲ့ပါ... ကျွန်တော် အပြင်ထွက်ဖို့ အသင့်ဖြစ်ရင် ကျွန်တော် ပြိုင်ဘက်ကင်း ဖြစ်နေရမယ်၊ အဲဒီအချိန်ကျရင် အစ်ကိုကြီး မကြိုက်တဲ့လူကိုပြော၊ ကျွန်တော် အဲဒီလူကို သတ်ပေးမယ်”
စကားအဆုံးမှာ ဟန်ဟွမ်ရဲ့လေသံက သတ်ဖြတ်ငွေ့တွေ ပြည့်နေတဲ့အတွက် ဟန်ထော်နဲ့ ရှန်ပေါင် တာအိုကျင့်ကြံသူကို မှင်တက်သွားစေပါတယ်။
‘ဒီကောင်လေးရဲ့ သတ်ဖြတ်ငွေ့က ကြမ်းလှချည်လား...’
ယီတျန်ဟာ ဝမ်းသာသွားပြီး ဟန်ဟွမ်ရဲ့ လည်ပင်းကို ကောက်ဖက်လိုက်ပါတယ် “ငါ မင်းကို သဘောကျသွားပြီ၊ ငါ မင်းရဲ့ မွေးစားအစ်ကိုက တစ်ယောက်ယောက်နဲ့ မတည့်ရင်လည်း အဲဒီလူကို ကူသတ်ပေးမှာလား”
“ကိစ္စမရှိဘူး... ကျွန်တော် ပြိုင်ဘက်ကင်းတဲ့အထိ စောင့်”
“မင်းက ဘယ်တော့ ပြိုင်ဘက်ကင်းမှာလဲ”
“ဘယ်တော့ ပြိုင်ဘက်ကင်းမလဲတော့ ကျွန်တော်လည်း မသိဘူး၊ တစ်နေ့ကျရင် ပြိုင်ဘက်ကင်းမယ်ဆိုတာတော့ ကျိန်းသေပေါက် သိတယ်”
“သေစမ်း... ဒါဆို မင်းက ကြွားတာပေါ့”
မြန်မာပြည် ငြိမ်းချမ်းပါစေ။