← Chapters

လောကဦးကမ္ဘာ၏ ဖြစ်တည်မှု

Vol. 87 Ch. 920

လောကဦးကမ္ဘာ၏ ဖြစ်တည်မှု

Vol. 87 Ch. 920

တာအိုဘုံကျောင်းထဲက ဟန်ဟွမ်ဟာ မျက်လုံးဖွင့်ပြီး စိတ်လှုပ်ရှားစွာ ပြုံးလိုက်ပါတယ်။ ဟန်ဟွမ်ဟာ ချက်ချင်း တာအိုဘုံကျောင်းထဲက ထွက်ပြီး ဟန်ချင်းအာရှေ့ကို ရောက်သွားပါတယ်။

“ချင်းအာ... ငါအစ်ကိုကြီးနဲ့ မွေးစားအစ်ကိုကို တွေ့ခဲ့ရတယ်” ဟန်ဟွမ်က စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ်။ ဟန်ဟွမ်ဟာ ပြီးခဲ့တဲ့အဖြစ်အပျက်ကို ပြန်တွေးရင်း အခုထိ စိတ်လှုပ်ရှားနေပါသေးတယ်။

အံ့ဩမှင်တက်သွားတဲ့ ဟန်ချင်းအာဟာ ချက်ချင်း ပြန်မေးပါတယ် “အစ်ကိုနှစ်က သူတို့ကို ဘယ်မှာတွေ့တာလဲ”

ဟန်ဟွမ်ဟာ မဖုံးကွယ်ဘဲ ဟန်ချင်းအာကို အမှန်အတိုင်း ပြောပြလိုက်ပါတယ်။

ဟန်ချင်းအာဟာ ဘာပြောရမှန်းမသိ ဖြစ်သွားပါတယ် ‘ငါ အမြဲတမ်း လေးစားအားကျခဲ့ရတဲ့ အစ်ကိုကြီးက ငါ့အစ်ကိုနှစ်လောက် မမြန်ဘူးလား...’ ဟန်ချင်းအာ တွေးလေလေ စိတ်မသက်မသာ ဖြစ်လေလေပါပဲ ‘အစ်ကိုနှစ်က ဘာဖြစ်လို့ ဒီလောက်တောင် စွမ်းအားကြီးရတာလဲ’

ဟန်ဟွမ်ဟာ အပြုံးနဲ့ မေးလိုက်ပါတယ် “ချင်းအာ... ဘာလို့ ဘာမှမပြောတာလဲ၊ ညီမလေးက အစ်ကိုကြီးကို အတွေ့ချင်ဆုံး မဟုတ်ဘူးလား၊ အစ်ကိုကြီးက ဘယ်လောက် အထင်ကြီးဖို့ ကောင်းတယ်ဆိုတာ ညီမလေး မသိလို့၊ အစ်ကိုကြီး အဆင့်ထိုးဖောက်တော့ မဟာတာအိုပညာရှိ ဒါဇင်ကျော် ပေါ်လာပြီး သူ့ကို ကြိုဆိုကြတယ်၊ အကုန်လုံးက အစ်ကိုကြီးကို အရမ်းလေးစားကြတယ်”

ဟန်ချင်းအာဟာ စိတ်ဝင်စားသွားပါတယ် “ဘာြဖစ်လို့လဲ”

“အစ်ကိုကြီးက အခု ဒဏ်ခတ်သမားငါးဖော်ရဲ့ ခေါင်းဆောင်၊ သူက ပဋိပက္ခနယ်မြေတွေကို အုပ်ချုပ်တဲ့ မဟာတာအို နတ်စိတ်ဝိညာဉ်တွေ အကုန်လုံးကို ကြီးကြပ်ရတာ၊ အစ်ကိုနှစ်ရဲ့ စီနီယာတစ်ယောက်ကလည်း မဟာတာအို နတ်စိတ်ဝိညာဉ်ပဲ၊ ကောင်းကင်တာအိုက အဲဒီစီနီယာ မဟာတာအို နတ်စိတ်ဝိညာဉ်ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ပဋိပက္ခနယ်မြေထဲမှာ၊ အစ်ကိုကြီးရဲ့ အဆင့်အတန်းက ဘယ်လောက် မြင့်လဲဆိုတာကို စဉ်းစားကြည့်စမ်း... အဲဒီမွေးစားအစ်ကိုကလည်း ဒဏ်ခတ်သမားပဲ၊ ဒဏ်ခတ်သမားငါးဖော်ထဲမှာ နှစ်ယောက်က အစ်ကိုနှစ်တို့ဘက်ကလို့ ပြောလို့ရတယ်”

ဟန်ဟွမ်ဟာ ဒဏ်ခတ်သမားပဲ ချက်ချင်းကြီး ထဖြစ်သွားသလိုမျိုး ဂုဏ်ယူစွာ ပြုံးလိုက်ပါတယ်။

ဟန်ချင်းအာဟာ ပိုပြီးတော့ သိချင်လာပြီး ပဋိပက္ခနဲ့ ပတ်သက်တာတွေကို စမေးမြန်းပါတော့တယ်။

ဟန်ဟွမ်ဟာ သူ သိသမျှ အကုန်လုံး ပြောပြပါတယ်။ ဟန်ဟွမ်ဟာ ပဋိပက္ခကို တစ်ခါမှ မရောက်ဖူးပေမဲ့ သူ ထောက်လှမ်းလို့ရတဲ့ နေရာက ဟန်ချင်းအာထက် ပိုကျယ်ဝန်းပါတယ်။ ရှန်ပေါင် တာအိုကျင့်ကြံသူ၊ ဟန်ထော်နဲ့ ယီတျန်တို့ရဲ့ ဇာတ်လမ်းအပြင် ဟန်ဟွမ်ရဲ့ ပဋိပက္ခအပေါ် နားလည်မှုကလည်း တော်တော်လေး ကြွယ်ဝပါတယ်။ ကိုယ်တိုင် ပဋိပက္ခကို ခရီးသွားဖူးသလိုပါပဲ။

အချိန်အတန် ကြာသွားတဲ့အခါမှာတော့...

ဟန်ချင်းအာဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... ကျွန်မ အပြင်ကို တကယ် ထွက်ချင်တယ်၊ ဒါပေမဲ့ ဖေဖေ ပြောတာကလည်း မမှားဘူး၊ ကျွန်မတို့ အခုအချိန် အပြင်ထွက်ရင် ဖေဖေအတွက် အလွယ်လေး ပြဿနာ ဖြစ်စေလိမ့်မယ်”

ဟန်ဟွမ်ဟာ ဟန်ချင်းအာရဲ့ ပခုံးကို ပုတ်ပြီး အပြုံးနဲ့ “ဘာမှမဖြစ်ဘူး... အစ်ကို မဟာတာအို အထွတ်အထိပ် အဆင့်ကို ရောက်ရင် ဖေဖေ အစ်ကိုကို တားမှာ မဟုတ်တော့ဘူး၊ အဲဒီအချိန်ကျရင် ညီမလေး ဘယ်ကိုသွားချင်သွားချင် အစ်ကို လိုက်ပို့ပေးမယ်၊ ညီမလေး ပြဿနာရှာမှာကို အစ်ကို မကြောက်ဘူး”

ဟန်ချင်းအာဟာ မျက်လုံးပင့်တက်သွားပါတယ် ‘ဒီကောင်လေးက ငယ်တုန်းကတော့ မောင်လေးလုပ်ချင်တယ်၊ အခုတော့ အစ်ကိုနဲ့ ပိုတူလာပြီ’

ဟန်ချင်းအာဟာ ဟန်ဟွမ်ကို နည်းနည်း မနာလိုဖြစ်ပေမဲ့ ယုံလည်း ယုံကြည်ပါတယ်။ ဟန်ဟွမ်က သူမကို ကာကွယ်နိုင်မယ်ဆိုတာ လုံးဝ သေချာပါတယ်။ ဟန်ဟွမ်ဟာ ငယ်ငယ်လေးကတည်းက ဘယ်တုန်းကမှ သူမကို ထိခိုက်အောင် မလုပ်ခဲ့ပါဘူး။

မောင်နှမနှစ်ယောက်ဟာ နောက်ကျရင် ပဋိပက္ခမှာ လျှောက်သွားမဲ့အကြောင်းကို စပြီးတော့ စိတ်ကူးယဉ်ပါတော့တယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဂူအောင်းကျင့်ကြံတာ နောက်ထပ် နှစ်တစ်သိန်း ကုန်ဆုံးသွားပါပြီ။ ဟန်ကျွယ်ရဲ့ အန္တိမမူလ စွမ်းအားဟာ ဆက်ပြီးတော့ တိုးလာပါတယ်။ ဒီကျင့်ကြံမှု အတောအတွင်း ဟန်ကျွယ်ဟာ အန္တိမမူလ နတ်ဘီလူးရဲ့ စွမ်းအားကို အာရုံစိုက်ပါတယ်။

အထွတ်အထိပ် စွမ်းအားထက် စွမ်းအားပိုကြီးတာကလွဲရင် အန္တိမမူလ စွမ်းအားက တခြားထူးခြားတဲ့ အရည်အသွေးတွေ ရှိနေမှာ ကျိန်းသေပါတယ်။ ဟန်ကျွယ် လေ့လာဖို့ပဲ လိုပါတယ်။

ဒီလောကမှာ ဟန်ကျွယ်က ပထမဆုံး အန္တိမမူလ နတ်ဘီလူးပါ။ သူ့သွေးစည်းက အခုမှ ဖြစ်တည်ပြီးခါစမလို့ ဟန်ကျွယ်အနေနဲ့ သွေးစည်းရဲ့ သိမ်မွေ့နက်နဲမှု အကုန်လုံးကို ကျွမ်းကျင်ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။

အန္တိမမူလ နတ်ဘီလူးက ဟန်ကျွယ် ရှာတွေ့ဖို့ စောင့်ဆိုင်းနေတဲ့ လျှို့ဝှက်ရတနာသိုက်ကြီးလိုပါပဲ။

လွန်ခဲ့တဲ့နှစ်တစ်သိန်းအတွင်း ဟန်ကျွယ်ဟာ အန္တိမမူလစွမ်းအားရဲ့ အရည်အသွေးတစ်မျိုးကို ရှာတွေ့ခဲ့ပါတယ်။ အဲဒါက မဟာတာအိုသုံးထောင်ရဲ့ နိယာမစွမ်းအားကို အချည်းနှီး ဖြစ်စေတာပါ။ ဒါနဲ့တင် အန္တိမမူလ စွမ်းအားက တော်တော်လေး ဗိုလ်ကျနေပါပြီ။

ဟန်ကျွယ် ဖန်တီးထားတဲ့ တန်ခိုးကြီးမား မဟာလက်ဝါးနဲ့ အရမ်းအရမ်းကို လိုက်ဖက်ညီလှပါတယ်။ တန်ခိုးကြီးမား မဟာလက်ဝါးက အန္တိမမူလ နတ်ဘီလူးအတွက် ရည်ရွယ်ချက်ပြီး ဖန်တီးထားသလိုပါပဲ။ တန်ခိုးကြီးမား မဟာလက်ဝါးက အရာအားလုံးကို ဖျက်ဆီးနိုင်ပါတယ်။ ဒီအထဲမှာ နိယာမတွေလည်း ပါဝင်ပါတယ်။ လုံလောက်တဲ့ စွမ်းအားရှိဖို့ပဲ လိုတာပါ။

ဟန်ကျွယ်ရဲ့ ဝိညာဉ်နက်ထဲက လောကဦးကမ္ဘာဟာ အကြီးအကျယ် ပြောင်းလဲသွားပါတယ်။ မရေမတွက်နိုင်တဲ့ ကြယ်တွေဟာ ကြယ်ပင်လယ်အဖြစ် စပြီးတော့ အသွင်ပြောင်းလဲလာပါတယ်။ ကြယ်ပင်လယ်ရဲ့ တည်ရှိမှုက လောကဦးကမ္ဘာကို တလက်လက် တောက်ပပြီး ခမ်းနားကြီးကျယ် စေပါတယ်။

နတ်ဘီလူးချီအလုံး နှစ်‌ထောင်ကျော်ဟာ အဆုံးမဲ့ကြယ်ပင်လယ်အနှံ့ ပြန့်ကျဲနေပါတယ်။ ဘာဖြစ်လို့ ပြန့်ကျဲပြီး တည်ရှိနေတာလဲဆိုတော့ သူတို့တွေက စွမ်းအားကြီးလာလေလေ တစ်ယောက်ကို တစ်ယောက် ပိုပြီးတော့ ခုခံလေလေမလို့ပါပဲ။

ဟန်ကျွယ်ဟာ လောကဦးကမ္ဘာက နိယာမတွေ ဖြစ်တည်လာရင် လောကဦးပဋိပက္ခက အစစ်အမှန် ဖြစ်လာလိမ့်မယ်လို့ ခံစားချက် ရနေပါတယ်။ နတ်ဘီလူးသုံးထောင်က ပထမဆုံးသက်ရှိတွေ ဖြစ်လာပြီး ဒါမှမဟုတ် ဖန်တီးရှင် နတ်မင်းတွေတောင် ဖြစ်လာနိုင်ပါတယ်။

အဲဒီအချိန်ကျရင် ဟန်ကျွယ်က ပဋိပက္ခကို ဖန်တီးခဲ့တဲ့ နဝမပဋိပက္ခလိုမျိုး ဖြစ်သွားမှာပါ။ သူက အထွတ်အထိပ်ဖြစ်ပြီး သက်ရှိအားလုံးကို အပေါ်စီးကနေ ငုံ့ကြည့်နေမှာပါ။ တွေးကြည့်ရုံနဲ့တင် ဟန်ကျွယ်ဟာ တော်တော်လေး စိတ်လှုပ်ရှားသွားပါတယ်။

ဟန်ကျွယ်ဟာ စာအိတ်ကိုဖွင့်ပြီး သူ့မိတ်ဆွေတွေကို စပြီးတော့ စစ်ဆေးပါတယ်။ ဟန်ကျွယ်ဟာ ဟန်ထော်နဲ့ ယီတျန်က မဟာတာအို ရယူသွားတာကို သတိထားမိလိုက်ပါတယ်။

ဒါက အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။ ဟန်ထော်နဲ့ ယီတျန် နှစ်ယောက်စလုံးက ပဋိပက္ခ နတ်ဘီလူးတွေ ဖြစ်ပြီး ဒဏ်ခတ်သမား ကံတရား အထောက်အပံ့တွေ ရှိနေကြပါတယ်။ သူတို့မှ မဟာတာအို မရယူနိုင်ရင် ပဋိပက္ခမှာ မဟာတာအို ရယူနိုင်တဲ့လူ ရှိတော့မှာ မဟုတ်ပါဘူး။

ဒီအတောအတွင်း ကျိုးဖန်နဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ်က ပြန်ပြီးတော့ လှုပ်ရှားလာပါတယ်။ ဟန်ကျွယ်ဟာ ဒီလူနှစ်ယောက် ဘာလုပ်မလဲဆိုတာကို မျှော်ကြည့်မိလိုက်ပါတယ်။

စာစောင်တွေကို ဖတ်ရှုပြီး သူ့နဲ့ နီးစပ်တဲ့လူတွေ အဆင်ပြေနေတာကို အတည်ပြုပြီးတာနဲ့ ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ဂူအောင်းကျင့်ကြံပါတယ်။ အခုအချိန် ဟန်ကျွယ်မှာ ပန်းတိုင်တစ်ခုပဲ ရှိပါတယ်။ အဲဒါက မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့်ကို တတ်နိုင်သလောက် မြန်မြန် ထိုးဖောက်ဖို့ပါ။

ဟန်ကျွယ်ဟာ မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့်ကို ရောက်သွားရင် သူ့စွမ်းအားက အဆင့်ကြီးတစ်ဆင့်ကို ထိုးဖောက်လိုက်သလိုမျိုး ထိုးတက်သွားလိမ့်မယ်လို့ ခံစားချက် ရနေပါတယ်။

ကြယ်တစ်စင်းပေါ်က ကျန်းကျွယ်ရှီဟာ ရုတ်တရက် မျက်လုံးဖွင့်ပြီး မတ်တတ်ရပ်လိုက်ပါတယ်။

လျူပေ့ဟာ မနေနိုင်ဘဲ မေးလိုက်ပါတယ် “ဘာဖြစ်လို့လဲ”

“နောက်က လိုက်ခဲ့ချည်”

စကားဆုံးတာနဲ့ ကျန်းကျွယ်ရှီဟာ ပျောက်ကွယ်သွားပါတယ်။ လျူပေ့လည်း နောက်ကနေ ချက်ချင်း အမီလိုက်ပါတယ်။ သူတို့နှစ်ယောက်ဟာ ကြယ်စကြဝဠာရဲ့ ထောင့်တစ်နေရာက ကြယ်တစ်လုံးဆီ ရောက်ရှိသွားပါတယ်။ ဒီကြယ်က တောတောင်ရေမြေတွေ ဖြစ်ထွန်း‌ပြီး သစ်ပင်ပန်းမန်တွေ ပေါက်ရောက်နေပါတယ်။ လုံးဝ ပြီးပြည့်စုံတဲ့ ကမ္ဘာတစ်လုံးပါ။

ကျန်းကျွယ်ရှီဟာ ရေအိုင်ဘေးမှာ မတ်တတ်ရပ်ပြီး လှမ်းကြည့်လိုက်တဲ့အခါ ရေအိုင်အလယ်က ကြာပန်းဟာ ဖြည်းဖြည်းချင်း ပွင့်ဖူးလာတာကို တွေ့လိုက်ရပါတယ်။ ဒီကြာပန်းဟာ ပုံဆောင်ခဲ ဖြစ်နေပြီး ပေတစ်ရာပတ်လည်မှာ နှင်းကျနေပါတယ်။ ပတ်ဝန်းကျင်ကမ္ဘာနဲ့ မသက်ဆိုင်တဲ့ သီးသန့်နယ်မြေတစ်ခုလိုပါပဲ။

လျူပေ့ဟာ ကျန်းကျွယ်ရှီနားမှာ ပေါ်လာပြီး ကြာပန်းကို သတိထားမိလိုက်တဲ့အခါ မျက်မှောင်ကြုတ်သွားပါတယ်။

“အသက်ဓာတ်... ဒီကြာပန်းက စိတ်ဝိညာဉ်အဖြစ် အသွင်ပြောင်းလဲချင်တာလား” လျူပေ့က သူ့ဘာသာ ရေရွတ်လိုက်ပါတယ်။

ကျန်းကျွယ်ရှီဟာ ပြုံးလိုက်ပါတယ် “ဂုဏ်ယူပါတယ် အစ်ကိုလျူ... ဒီကမ္ဘာက အောင်မြင်တော့မယ်”

သက်ရှိတွေ မွေးဖွားလာမှ ကမ္ဘာတစ်ခု ဖြစ်တည်လာမှာပါ။ မိုးကောင်းကင် စိတ်ဝိညာဉ်နဲ့ မြေကြီးစိတ်ဝိညာဉ်က သက်ရှိအားလုံးကို မွေးဖွားပါတယ်။

လျူပေ့ဟာ ပြုံးလိုက်ပါတယ် “ဒါက အောင်ပွဲခံဖို့ တန်တယ်၊ ဒီကြာပန်းကို မင်း ဘာဖြစ်လို့ တပည့်အဖြစ် လက်မခံတာလဲ၊ အမွေအနှစ်လို့ သဘောထားလို့ရတာပေါ့၊ ဒါကို ငါ့သားလို့ သဘောထားလို့ ရတယ်”

ကျန်းကျွယ်ရှီဟာ တုံ့ဆိုင်းသွားပါတယ်။

ဒီအချိန်မှာပဲ ကောင်းကင်ပေါ်ကနေ အလင်းတိုင်တစ်တိုင် ထိုးဆင်းလာပြီး ကြာပန်းဖြူပေါ် ဆင်းသက်သွားပါတယ်။

“ဒါက...” ကျန်းကျွယ်ရှီဟာ နှလုံးလှုပ်သွားပါတယ်။

ဖန်တီးမှု ရောင်ဝါ။

ကျန်းကျွယ်ရှီဟာ သူဧရာမ အခွင့်အရေး ရခဲ့တဲ့ အခြေအနေကို ပြန်တွေးမိလိုက်ပါတယ် “ကောင်းပြီ... ကျွန်တော် သူ့ကို တပည့်အဖြစ် လက်ခံမယ်” ကျန်းကျွယ်ရှီက တောက်လောင်တဲ့အကြည့်နဲ့ ပြောလိုက်ပါတယ်။

လျူပေ့ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘ဒါကြောင့်မဟုတ်ရင် မင်းက ငါ့ကို ငြင်းချင်တာလား...’

.....

ပဋိပက္ခ၊ ရှေးပျက်သုန်းနယ်မြေ။

ဟင်းလင်းပြင်ထဲမှာ ပဋိပက္ခချီတွေ ဝန်းရံထားတဲ့ ရှေးပျက်သုန်းနယ်မြေကို သိသိသာသာ မြင်တွေ့နေရပါတယ်။ အပြောကျယ်ပြီး အတောမသတ်နိုင်လောက်အောင် ကျယ်ဝန်းတဲ့ ပဋိပက္ခထဲမှာတောင် ရှေးပျက်သုန်းနယ်မြေက အလွန်တရာမှ ကြီးမားလှပါတယ်။ ကမ္ဘာကြီးကို နှစ်ခြမ်းခြမ်းနိုင်တဲ့ ဧရာမ ပဋိပက္ခသားရဲကြီးလိုပါပဲ။

ဟန်ယွီ၊ ချင်လင်းနဲ့ လုံဟောင်တို့ဟာ ဥက္ကာခဲတစ်ခဲပေါ်ရပ်ပြီး ရှေးပျက်သုန်းနယ်မြေကို အဝေးကနေ ကြည့်နေပါတယ်။ မရေမတွက်နိုင်တဲ့ သရဲတွေဟာ ရှေးပျက်သုန်းနယ်မြေထက်မှာ စက်ဝိုင်းပုံစံ လှည့်ပတ်နေပြီး မြူခိုးတွေကြားထဲမှာ တိတ်တဆိတ် အော်ဟစ်နေကြပါတယ်။ ဒါကို ကြည့်မိတဲ့ ဘယ်လူမဆို ခေါင်းကျိန်းသွားမှာပါ။

“ရှေ့မှာ ရှေးပျက်သုန်းနယ်မြေပဲ၊ ငါတို့တွေ ဝင်ကြည့်ကြမလား” ချင်လင်းဟာ ရွှေရောင်နဂါး ပတ်ထားတဲ့ လှံတစ်ချောင်းကို ထုတ်ယူပြီး မေးလိုက်ပါတယ်။

လုံဟောင်က ခေါင်းခါလိုက်ပါတယ် “မလောနဲ့၊ ပတ်ဝန်းကျင်ကိုလည်း ကြည့်ဦး... အနီးအနားမှာ တခြားရောင်ဝါတွေ ရှိတယ်၊ ကြည့်ရတာ ‌ရှေးပျက်သုန်းနယ်မြေကို ကြောက်တာက ကောင်းကင်တာအို တစ်ခုတည်း မဟုတ်ဘူးထင်တယ်”

ဟန်ယွီက ပြောလိုက်ပါတယ် “ဟုတ်တယ်လေ... ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ အဓိကပန်းတိုင်က ပဋိပက္ခကို ထိန်းချုပ်ဖို့ပဲ၊ ကောင်းကင်တာအိုကို ဖျက်ဆီးချင်တာက ကလဲ့စားသက်သက်ပဲ၊ နှုတ်ခမ်းမရှိရင် သွားလည်း ကျိုးမှာပဲ၊ ကမ္ဘာတွေရဲ့ အရှင်သခင်တွေက ဒီလောက်တော့ နားလည်မှာပါ”

ချင်လင်းဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဒါဆို ကျွန်တော်တို့တွေ တခြားလူတွေနဲ့ ပူပေါင်းမှာလား”

ဒီအချိန်မှာပဲ...

“ဝှစ်...”

အနက်ရောင် မြားတစ်စင်းဟာ ရှေးပျက်သုန်းနယ်မြေနက်ထဲကနေ အလွန်လျင်မြန်တဲ့ အလျင်နဲ့ ထွက်လာပါတယ်။ ဒီမြားဟာ မိုင်ပေါင်းဘီလီယံချီ ခရီးနှင်ပြီး ချင်လင်းကို ပစ်မှတ်ထားပါတယ်။

ချင်လင်းဟာ လက်မြှောက်ပြီး လှံသွားနဲ့ မြားနက်ကို ကာလိုက်ပါတယ်။ မြားနက်ဟာ လွှင့်ပါးပျောက်ကွယ်ပြီး မြူခိုးနက်အသွင် ပြောင်းလဲကာ ချင်လင်းကို ဝန်းရံလိုက်ပါတယ်။

ချင်လင်းဟာ မျက်နှာအကြီးအကျယ် ပျက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လှုပ်ရှားလို့မရဘဲ မြူခိုးနက်ထဲ နစ်ဝင်သွားလို့ပါပဲ။

ဟန်ယွီနဲ့ လုံဟောင်ဟာ ချက်ချင်း မြူခိုးနက်ကို တိုက်ခိုက်လိုက်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters