← Chapters

ရှစ်သန်းပြည့်

Vol. 88 Ch. 921

ရှစ်သန်းပြည့်

Vol. 88 Ch. 921

လုံဟောင်နဲ့ ဟန်ယွီဟာ ဓမ္မစွမ်းအားတွေကို ဝှေ့ယမ်းပြီး မြူခိုးနက်ကို လွင့်ပါးပျောက်ကွယ်သွားအောင် ကြိုးစားပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဓမ္မစွမ်းအားဟာ မြူခိုးနက်နဲ့ ထိမိတာနဲ့ ချေဖျက်ခံလိုက်ရပါတယ်။ ဒါကြောင့် လုံဟောင်နဲ့ ဟန်ယွီဟာ ချင်လင်း ရောင်ဝါနက်ထဲ နစ်ဝင်သွားတာကို ထိုင်ကြည့်နေရပါတယ်။ အဲဒီနောက် ချက်ချင်းဆိုသလိုပဲ မြူခိုးနက်ဟာ ချင်လင်းနဲ့အတူ ပျောက်ကွယ်သွားပါတယ်။

‘ဘာတွေ ဖြစ်နေတာလဲ’

ဟန်ယွီဟာ မျက်မှောင်ကြုတ်ပြီး ထိတ်လန့်သွားပါတယ်။ ချင်လင်းဟာ သူ့ရဲ့ မြေးတပည့်ဖြစ်သလို ချင်လင်း ကြီးပြင်းလာတာကို ထိုင်ကြည့်ခဲ့ရတာမလို့ ဟန်ယွီဟာ ချင်လင်းကို အချစ်ဆုံးပါ။

လုံဟောင်ဟာ ရှေးပျက်သုန်းနယ်မြေကို လှမ်းကြည့်လိုက်ပါတယ် “ချင်လင်း အဖမ်းခံလိုက်ရတာ ဖြစ်မယ်၊ ငါတို့တွေ အတင်းကြည့်မှ ရမယ်ထင်တယ်”

ဟန်ယွီဟာ တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ ရှေးပျက်သုန်းနယ်မြေဆီ တစ်ဟုန်ထိုး ပျံသန်းသွားပါတယ်။ လုံဟောင်လည်း ဟန်ယွီနောက်ကနေ ထက်ကြပ်မကွာ လိုက်ပါတယ်။ ဒီလိုနဲ့ မကြာခင်မှာပဲ ဟန်ယွီနဲ့ လုံဟောင်ဟာ အတောမသတ်နိုင်တဲ့ မြူခိုးတွေကြား ပျောက်ကွယ်သွားပါတော့တယ်။

.....

အဆုံးမဲ့ ဟင်းလင်းပြင်မှာ မဟာတာအိုမျှော်စင်ဟာ ရှေ့ကို ဖြည်းဖြည်းချင်း သွားနေပါတယ်။ အရပ်ဆယ်မျက်နှာမှာရှိတဲ့ မြို့တွေ ကျွန်းတွေ အကုန်လုံးက မဟာတာအိုမျှော်စင်ကို ခမ်းနားထည်ဝါတဲ့ ရောင်ဝါနဲ့ ကာကွယ်ထားပါတယ်။

မျှော်စင်အတွင်း။

ကျိုးဖန်ဟာ ကြေးမုံမှန်တစ်ချပ်ရှေ့မှာ မတ်တတ်ရပ်နေပါတယ်။ မော့ဖူချိုလည်း ကျိုးဖန်ဘေးမှာ ရှိနေပါတယ်။ မှန်ထဲက မြင်ကွင်းဟာ ရှေးပျက်သုန်းနယ်မြေပါ။

မော့ဖူချိုက မေးလိုက်ပါတယ် “မင်းဘာလို့ ဒီရက်ထဲ ရှေးပျက်သုန်းနယ်မြေကို ကြည့်နေတာလဲ”

ကျိုးဖန်ဟာ သတိပြန်ဝင်လာပြီး ပြုံးလိုက်ပါတယ် “အပြင်ကကြည့်ရင် ‌ရှေးပျက်သုန်းနယ်မြေက ဘာမှ ထူးဆန်းတယ်လို့ မထင်ရဘူး၊ ဒါပေမဲ့ ဒီနှစ်သောင်းချီမှာ ပါရမီရှင်တွေ မကြာခဏဆိုသလို ရှေးပျက်သုန်းနယ်မြေနားမှာ ပျောက်ပျောက်သွားတယ်၊ ငါ့အရည်အချင်းနဲ့ဆိုရင် ငါလည်း ပျောက်သွားမှာကို ကြောက်နေတာ”

မော့ဖူချိုဟာ မျက်လုံးပင့်တက်သွားပါတယ် ‘ဒီကောင်က တော်တော် ဘဝင်မြင့်လာတာပဲ’

“ပါရမီရှင်လို့ ပြောရအောင် မင်းဆရာနဲ့ ယှဉ်လို့ရလို့လား” မော့ဖူချိုက စိတ်ဆိုးမာန်ဆိုး မေးလိုက်ပါတယ်။ မော့ဖူချိုဟာ ဆရာဆိုတဲ့ စကားလုံးကို တမင် အသံမြှင့်ပြီး ပြောလိုက်ပါတယ်။

ချက်ချင်းဆိုသလို ကျိုးဖန်ဟာ နေရထိုင်ရ ခက်သွားပါတယ်။ သူနဲ့ ဟန်ကျွယ်ရဲ့ ဆက်ဆံရေးကို ဖုံးကွယ်ထားခဲ့တာကြောင့် မော့ဖူချိုက တော်တော်လေး မပျော်မရွှင် ဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့် အခုအချိန်မှာ မော့ဖူချိုဟာ ဒီကိစ္စကို မကြာခဏ အသုံးချပြီး ကျိုးဖန်ကို သရော်ပါတယ်။

ကျိုးဖန်ဟာ ချောင်းဟန့်လိုက်ပါတယ် “အဟွတ်... ငါက ငါ့ဆရာသခင်နဲ့ နှိုင်းယှဉ်ရင် ဘာမှမဟုတ်ဘူး၊ ဒါပေမဲ့ ငါက ပဋိပက္ခသက်ရှိတွေနဲ့ နှိုင်းယှဉ်ရင် တကယ့် ပါရမီရှင်တစ်ပါး၊ ဒီတစ်ခါ မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ သွားမှာဆိုပေမဲ့ သတိထားတာ ပိုကောင်းတယ်၊ ကိစ္စကြီးကြီးတစ်ခု ဖြစ်ပျက်တော့မယ်လို့ ငါ ခံစားချက် ရနေတယ်”

မော့ဖူချိုက စပ်စုလိုက်ပါတယ် “မင်းဆရာသခင်က ဒီအကြောင်းကို သိလား”

“သိမှာပေါ့၊ ဒါပေမဲ့ ဆရာသခင်က ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ကိုပဲ ပစ်မှတ်ထားလိမ့်မယ်၊ အခုအချိန်က ငါတို့ စစ်သားလေးတွေ ကစားရမဲ့အချိန်ပဲ၊ ငါတို့တိုက်ပွဲ ပြီးသွားမှာ ဆရာသခင်တို့လို ပြိုင်ဘက်ကင်း စွမ်းအားကြီးပုဂ္ဂိုလ်တွေ လှုပ်ရှားပြီး အနိုင်အရှုံးကို ဆုံးဖြတ်ကြလိမ့်မယ်”

ကျိုးဖန်ဟာ ပြီးခဲ့တဲ့ ကောင်းကင်တာအို ကပ်ဘေးတွေမှာ ဟန်ကျွယ်ကို အခြေအနေကို ဘယ်လို ပြောင်းလဲခဲ့တယ်ဆိုတာ ပြောပြပါတယ်။

မော့ဖူချိုဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... သူက အရင်အတိုင်းပဲ ရှိသေးတယ်၊ အရင်တုန်းက ယွီဂျင်ဂိုဏ်းတော်ကြီး ချင်မင်မိစ္ဆာဂိုဏ်းနဲ့ တိုက်ခိုက်တုန်းကလည်း သူက အရင်မတိုက်ခိုက်ခဲ့ဘူး၊ ရန်သူက တံခါးဝရောက်လာမှပဲ ထွက်တိုက်ခဲ့တာ”

ကျိုးဖန်ဟာ ခေါင်းညိတ်လိုက်ပါတယ်။

“ငါ ဒီနည်းလမ်းကို သဘောမကျပေမဲ့ ဆရာသခင်က အေးအေးချမ်းချမ်း ကျင့်ကြံချင်တာဆိုတော့ ဒီနည်းလမ်းက မှားတယ်လို့ ပြောလို့မရဘူး၊ ဘာပဲဖြစ်ဖြစ် တခြားလူတွေကပဲ ဆရာသခင်ကို ပြဿနာရှာတာ၊ ဆရာသခင် လှုပ်ရှားပေးတာပဲ တော်လှပြီ” ကျိုးဖန်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။

မော့ဖူချိုက မေးလိုက်ပါတယ် “မင်း ပြောချင်တာက ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ် ကောင်းကင်တာအိုဆီ ရောက်မှ ဟန်ကျွယ်က တိုက်ခိုက်မှာလား”

ကျိုးဖန်ဟာ ခေါင်းညိတ်လိုက်ပါတယ် “ဟုတ်တယ်၊ အဲဒီမတိုင်ခင် ငါတို့ အစွမ်းပြရမဲ့အချိန်ပဲ၊ ကောင်းကင်တာအိုတင် ရှေးပျက်သုန်းနယ်မြေကို ရှင်းလင်းချင်တာ မဟုတ်ဘူး၊ ပဋိပက္ခထဲက စွမ်းအားကြီးပုဂ္ဂိုလ်တွေလည်း ဒီလိုမျိုး ရည်မှန်းချက် ရှိကြတယ်၊ အမှောင်သခင်ကြီးလည်း ဒီအထဲမှာ ပါတယ်၊ ငါ့အမြင်အရတော့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က ကောင်းကင်တာအိုဆီ ရောက်မှာ မဟုတ်ဘူး၊ ဆရာသခင်က ဒါကို ခန့်မှန်းမိလို့ ဂရုမစိုက်တာလည်း ဖြစ်နိုင်တယ်”

မော့ဖူချိုဟာ ကျိုးဖန်စကားက အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရပါတယ်။

.....

အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။

တာအိုဘုံကျောင်းထဲက တရားထိုင်နေတဲ့ ဟန်ကျွယ်ရှေ့မှာ စာကြောင်းသုံးကြောင်း ပေါ်လာပါတယ်။

[သင်သည် အသက်ရှစ်သန်း ပြည့်ပြီ ဖြစ်သောကြောင့် သင့်ဘဝတွင် နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]

[၁။ ဂူအောင်းကျင့်ကြံရာမှ ထွက်၍ အထွတ်အထိပ် နိယာမခုနစ်ပါးကို သိမ်းယူပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ရရှိမည်။]

[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံ၍ ပြဿနာများနှင့် ဝေးရာတွင် နေထိုင်ပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စနှင့် ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ရရှိမည်။]

‘အထွတ်အထိပ် နိယာမခုနစ်ပါးကို သိမ်းယူရမယ်...’ ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ် ‘ဒါ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ၊ ဘိုးဘေးထျန်ရွှီတောင် လောင်ဇီတားတာကို ခံလိုက်ရတယ်၊ ငါသာ အထွတ်အထိပ် နိယာမခုနစ်ပါးကို သိမ်းယူဖို့ ကြိုးစားရင် တာအိုဖန်တီးရှင်တွေ လှုပ်ရှားလောက်တယ်’

နဝမပဋိပက္ခက သူ ဖန်တီးထားတဲ့ ပဋိပက္ခကို တစ်ယောက်ယောက်က ဝါးမြိုတာကို ဘာကိစ္စနဲ့ ထိုင်ကြည့်နေမှာလဲ။

ဟန်ကျွယ်ဟာ ချက်ချင်း နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။

[သင်သည် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သောကြောင့် မဟာတာအို အပိုင်းအစ တစ်စ၊ လောကဦး အပိုင်းအစ တစ်စနှင့် ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးအား ရရှိပါသည်။]

ဟန်ကျွယ်ဟာ လောကဦးအပိုင်းအစတွေကို ထပ်ပြီးတော့ စုစည်းပါပြီ။ ဟန်ကျွယ်ဟာ ဒီတစ်ခါလည်း ရလဒ် ကြီးကြီးမားမား ထွက်လာဖို့ မျှော်လင့်နေပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးကို ထုတ်ယူပြီး နတ်ဘီလူးချီအလုံး တစ်လုံးနဲ့ ပေါင်းစပ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ လောကဦးကမ္ဘာကို အာရုံစိုက်လိုက်ပါတယ်။

နတ်ဘီလူးချီက ပဋိပက္ခနတ်ဘီလူးကို မွေးထုတ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ မျိုးပွားစက်ဝန်းက ရှည်ကြာလွန်းလှပါတယ်။ ဒီလိုဆိုပေမဲ့ ဟန်ကျွယ် အန္တိမမူလ နတ်ဘီလူး ဖြစ်လာပြီးနောက် နတ်ဘီလူးချီရဲ့ ပြုစုပျိုးထောင်တဲ့အလျင်က ပိုမြန်လာပါတယ်။ ဟန်ကျွယ်ဟာ ပဋိပက္ခ နတ်ဘီလူးတွေရဲ့ အသက်ဓာတ်ကို သိသိသာသာ ခံစားလာနိုင်ပါတယ်။

‘ကြည့်ရတာ နောက်ကျရင် ငါ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးတွေကို စုနိုင်တော့မယ် ထင်တယ်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။

အစီအစဉ်က ပြောင်းလဲမှုကို လိုက်မမီပါဘူး။ နတ်ဘီလူးစစ်တပ်က ဟန်ကျွယ်အတွက် အရေးမကြီးတော့ပါဘူး။ ဒါပေမဲ့ ဒါက အကောင်းဆုံး ရလဒ်ပါပဲ။ ဟန်ကျွယ်သာ နတ်ဘီလူးစစ်တပ်ရဲ့ အင်အားကို မှီခိုရပြီဆိုရင် ဟန်ကျွယ်က အားနည်းတာ ဒါမှမဟုတ် မရှူနိုင်မကယ်နိုင်တဲ့ အခြေအနေကို ရောက်နေပြီလို့ ပြောလို့ရပါတယ်။

ဘာပဲဖြစ်ဖြစ် နတ်ဘီလူးသုံးထောင်က အသုံးဝင်ပါသေးတယ်။ နောက်ကျရင် လောကဦးပဋိပက္ခကို ထိန်းချုပ်ဖို့နဲ့ ကောင်းကင်တာအိုကို ကာကွယ်ဖို့ နတ်ဘီလူးတွေက ဟန်ကျွယ်ကို ကူညီနိုင်မှာပါ။

လက်ရှိ လောကဦးကမ္ဘာက တော်တော်လေးကို ကျယ်ပြောနေပါပြီ။ မကြာတော့တဲ့ အချိန်အတွင်းမှာ ပဋိပက္ခကို လိုက်မီတော့မှာပါ။ ဒါပေမဲ့ လောကဦးကမ္ဘာက ဟန်ကျွယ်ရဲ့ ဝိညာဉ်ကို မှီခိုနေရတုန်း ဖြစ်ပြီး ပဋိပက္ခအပြင်ဘက်ကို ခုန်မထွက်နိုင်သေးပါဘူး။ ဟန်ကျွယ်သာ ပဋိပက္ခကို ဖိနှိပ်ချင်တယ်ဆိုရင် လောကဦးကမ္ဘာနဲ့ ပဋိပက္ခက မကြာခင်မှာ ထိပ်တိုက်တွေ့မှာပါ။

ဒါပေမဲ့ ဒါက အနာဂတ်မှပါ။ လောလောဆယ်တော့ ဟန်ကျွယ်အနေနဲ့ အရင်ဆုံး စွမ်းအားကြီးလာအောင် လုပ်ရပါမယ်။

ဟန်ကျွယ်ဟာ ဟွမ်အာရဲ့ တစ်သန်းပြည့် မွေးနေ့ကို ရုတ်တရက် သတိရသွားတာကြောင့် ချက်ချင်း အသံလွှင့်ပြီး ခေါ်လိုက်ပါတယ်။ မကြာခင်မှာပဲ ဟန်ဟွမ်ဟာ တာအိုဘုံကျောင်းထဲ ရောက်လာပြီး ဟန်ကျွယ်ကို ဦးညွှတ်လိုက်ပါတယ်။

“ဖေဖေ... ပဋိပက္ခက ရုတ်ရုတ်သဲသဲ ပိုဖြစ်လာပြီ၊ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က ကောင်းကင်တာအိုကို ဖျက်ဆီးချင်တယ်လို့ သား ကြားထားတယ်၊ ပဋိပက္ခက ဖေဖေနဲ့ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ် ဘယ်သူက စွမ်းအားပိုကြီးလဲဆိုတာကို ဆွေးနွေးနေကြတယ်၊ ဒီကိစ္စကို ဖေဖေ ဘယ်လိုထင်လဲ” ဟန်ဟွမ်က စိတ်လှုပ်ရှားစွာ မေးလိုက်ပါတယ်။ ဟန်ဟွမ်က ဒီကိစ္စကို မဟာတာအိုတံခါးကနေ သိလာတာဆိုတာ အသိသာကြီးပါ။

ရှန်ပေါင် တာအိုကျင့်ကြံသူက စကားများတဲ့အထဲ ပါပါတယ်။ ဒါကလည်း မကောင်းတာတော့ မဟုတ်ပါဘူး။ ဟန်ဟွမ်ကို ပဋိပက္ခအကြောင်း ကြိုပြီးတော့ နားလည်စေတယ် မဟုတ်ပါလား။

ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “ဖေဖေ ဂရုမစိုက်ဘူး၊ တိုက်ရင် သိမှာပဲ”

ဟန်ဟွမ်က ထပ်ပြောပါတယ် “ပဋိပက္ခထဲက ပါရမီရှင်တွေကို ရှေးပျက်သုန်းနယ်မြေက ဖမ်းထားတယ်လို့ ကြားတယ်၊ ဒီအထဲမှာ ကောင်းကင်တာအိုပညာရှိ တစ်ပါးလည်း ပါတယ်၊ ဒါနဲ့ ဖေဖေရဲ့ မျိုးဆက်တစ်ယောက်လည်း အဲဒီအထဲမှာပါတယ်၊ ရှန်ပေါင် တာအိုကျင့်ကြံသူက သားကို ပြောတာ၊ အဲဒီလူနာမည်က ဘာတဲ့... ဟန်ယွီ... ဟုတ်တယ်... ဟန်ယွီပဲ”

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

ဟန်ကျွယ်ဟာ ပုံမှန်ဆိုရင် ဟန်ယွီကို ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ ဟန်ယွီက သူ့မျိုးဆက်ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ ဟန်ယွီ ဒုက္ခရောက်တာကို ထိုင်ကြည့်မနေနိုင်ပါဘူး။

ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကနေ စစ်ဆေးကြည့်လိုက်တဲ့အခါ ဟန်ယွီရဲ့ ပုံရိပ်က ရှိနေသေးတာကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ စာစောင်တွေကို ထပ်ပြီးတော့ စစ်ဆေးလိုက်တဲ့အခါ ဟန်ယွီတင်မက ချင်လင်း၊ လုံဟောင်၊ ကျိုးဖန်နဲ့ မော့ဖူချိုတို့လည်း အဖမ်းခံထားရာတာကို ရှာတွေ့သွားပါတယ်။

[သင့်တပည့် လုံဟောင်သည် သင့်ရန်သူ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်၏ ခန္ဓာသိမ်းမှုကို ခံရပြီး စိတ်ဆန္ဒ ချိပ်ပိတ်ခံလိုက်ရ၏။]

အကုန်လုံးက ဒီလိုမျိုး စာစောင်တွေချည်းပါပဲ။ အကုန်လုံး တာအိုအရှင်သခင်နဲ့ တစ်ပုံစံတည်းပါ။

‘ဒီရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က ဘာလိုချင်တာလဲ... သူက ငါနဲ့ တိုက်ခိုက်ဖို့အတွက် ပဋိပက္ခ ပါရမီရှင်တွေကို တကယ်ကြီး အမိန့်ပေး အုပ်ချုပ်ချင်တာလား’

ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က အဲဒီပါရမီရှင်တွေကို ခန္ဓာသိမ်းပြီးရင် သူတို့ကို သတ်ပစ်မှာလား”

[သက်တမ်း ၁၀၀ ထရီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[မသတ်ပါ။]

‘ဒါဆို ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်က ပါရမီရှင်တွေကို ထိန်းချုပ်ပြီး ပဋိပက္ခရဲ့ အရှင်သခင် ဖြစ်ချင်တာပဲ... ဒါကြောင့် ပဋိပက္ခ ပါရမီရှင် အကုန်လုံးကို မသတ်တာ ဖြစ်ရမယ်’

ဟန်ကျွယ်ဟာ ဒီကိစ္စကို မကြောက်ပါဘူး။ စနစ်ရဲ့ အကြွင်းမဲ့ သန့်စင်ခြင်းနဲ့ ခန္ဓာသိမ်းခံရတဲ့ ပဋိပက္ခ ပါရမီရှင်တွေ အကုန်လုံးကို သန့်စင်နိုင်တယ် မဟုတ်ပါလား။

“ဖေဖေ... ဘာတွေးနေတာလဲ၊ ဖေဖေ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်နဲ့ ရင်ဆိုင်မှာလား၊ ဘယ်တော့ ရင်ဆိုင်မှာလဲ၊ ဘယ်နေရာမှာ ရင်ဆိုင်မှာလဲ၊ သား အဲဒီတိုက်ပွဲကို ကြည့်ချင်တယ်” ဟန်ဟွမ်က စိတ်လှုပ်တရှား မေးလိုက်ပါတယ်။ ဟန်ဟွမ်ဟာ ရှေးပျက်သုန်း နတ်စိတ်ဝိညာဉ်ရဲ့ တုန်လှုပ်ချောက်ချားတဲ့ မျက်နှာကို မြင်ရဖို့ မစောင့်နိုင်တော့ပါဘူး။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters